CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄

ရခိုင်ပြည်နယ်က မိုခါမုန်းတိုင်းဒုက္ခသည်တွေကို ကူညီမှုနှောင့်နှေးနေပါက အငတ်ဘေးဆိုက်ရောက် နိုင်တယ်လို့ မုန်တိုင်းဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် မေလ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှ လူနေအိမ် အဆောက်အုံ အများအပြားပျက်စီး ဆုံးရှုံးခဲ့ရပြီး ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအနေဖြင့် ကူညီလုပ်ဆောင်ပေးမှုများ ရှိနေသော်လည်း လွပ်လပ်စွာ သွားလာခွင့်မရခြင်းတို့ကြောင့် ဒေသခံပြည်သူများ ၏ စားနပ်ရိက္ခာ ပြတ်လတ်နိုင်ကြောင်း ရခိုင်အမျိူးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက CNI သို့ ပြောသည်။

“ကျမတို့ ဒီမှာရှိနေကြတဲ့ တခြားသော အဖွဲ့အစည်းတွေရှိနေကြတယ်ပေါ့လေ။ အဲဒီအဖွဲ့အစည်းတွေက တစ်ဖက်နဲ့တစ်ဖက် အားပြိုင်သလားလို့ အဲ့လိုမျိူးပဲမြင်တယ်။ ပြည်သူတွေဆီကို စားနပ်ရိက္ခာတွေ ရောက်သွားခြင်းအားဖြင့်  အဲဒီစားနပ်ရိက္ခာက ကျမတို့ဆီမှာ အခြေချနေတဲ့ ရခိုင်တပ်တော်ဆီကိုလည်း ရောက်သွားမှာစိုးလို့လည်း ထင်တယ်။ ကျမအမြင်ပေါ့နော်။ အကြောင်းအမျိူးမျိုးတွေကြောင့်ဆိုလည်း နစ်နာတာက ကျမတို့ပြည်သူတွေပဲဖြစ်နေတယ်။ဒီအချိန်မှာ ပြည်သူတွေက အကုန်လုံးလိုအပ်ချက်တွေနဲ့ ရှိနေကြတဲ့အချိန် တချို့တွေဆိုရင် အမိုးလုံးဝ မရောက်သေးတာမျိုးရှိတယ်။ စားနပ်ရိက္ခာတွေကလည်း အကုန်လုံး ဈေးတွေလည်းတက်နေတော့ ပြည်သူတွေလက်ထဲကို ရောက်ဖို့အရေးကြီးတယ်ပေါ့နော်။ အမှန် တကယ် မိုခါက ကျမတို့အတွက် ထိခိုက်မှုကြီးပေါ့နော်။ ဒီထိခိုက်မှုတွေထဲက ပြည်သူတွေကို တကယ် ထိခိုက် မနစ်နာစေချင်ရင် ပြည်သူတွေဆီကို လွတ်လွတ်လပ်လပ်နဲ့ စားနပ်ရိက္ခာရောက်ဖို့ လိုတယ်။ ပြီးရင် ပြည်သူ တွေ အားလုံးကလည်း အမိုးအကာအောက်ကို ရောက်ဖို့ လိုအပ်တယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ သွားပြီးတော့ အလှူပေးတဲ့အဖွဲ့တွေကိုလည်း လွတ်လွတ်လပ်လပ် သွားစေချင်။ သိပ်တားတာ ဆီးတာတွေ မလုပ်ဘူးဆိုလို့ရှိရင်တော့ အသင့်တော်ဆုံးပဲလို့ထင်တယ်။ ပြည်သူတွေက တစ်ချို့ငတ်နေကြပြီ။ ဒီကြားထဲမှာ ကြားထဲကနေ လက်လုပ်လက်စားတွေ အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေရှိတယ်။အဲ့တော့ တကယ်ကို ပြည်သူ တွေကိုစေတနာထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ အလုပ်လုပ်ပေးချင်တယ် ဆိုလို့ရှိရင် အဲ့ပြည်သူတွေကို ကျမ တို့က နေရာချထားပေးဖို့ လိုသလို ကယ်ဆယ်ရေးအနေနဲ့လည်း စားနပ်ရိက္ခာတွေကို အနည်းဆုံး ခြောက်လ လောက်ကို ကျမတို့မပံ့ပိုးပေးနိုင်ရင် ပြည်သူတွေရဲ့အနေအထာားကအကုန်လုံးငတ်ကုန်လိမ့်မယ်။” ဟု ပြောသည်။

မုန်တိုင်းဒုက္ခသည်များအား ကူညီထောက်ပံ့မှုများ ရှိနေသော်လည်း မိသားစုအရေအတွက်များသူများအနေဖြင့် စားဝတ်နေရေးမလုံလောက်ဟု ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ဦးသာထွန်းစိန်က CNI သို့ ပြောသည်။

“မရတဲ့ဟာက အများကြီးပဲပေါ့ဗျာ။ ကျနော်တို့ရွာမှာဆိုရင်။ အိမ်မိုးမယ့် တာလပတ်တွေ နည်းနေတယ်။ အိုးခွက်ပန်းကန်တွေ၊ နောက်ပြီး ကျောင်းသူကျောင်းသားတွေ ကျောင်းမှာလည်း တာလပတ် မိုးနေကြ တာတွေ မပြီးသေးဘူး။ ကလေးတွေ ကျောင်းမတက်ရတာ အများကြီးပဲ။ကလေးမိဘတွေက ဆင်းရဲ သွားကြတော့ အဝတ်အစားတွေလည်း မရှိကြတော့ဘူး။ ကျောင်းဝတ်စုံဆိုလည်း မူကြိုကျောင်းဝတ်စုံ ဆယ်စုံလောက်ပဲပါတယ်။ဆန်စပါးတွေကအစ အကုန်မိုးစိုသွားတော့ လွှင့်ပစ်လိုက်ရတယ်။ ကယ်ဆယ်ရေး တွေကလည်း ဆန်လာပေးတော့ တစ်ခါလာရင် တစ်အိမ်ကို ဆန်ရှစ်ပြည် နှစ်ခါဆိုတော့ တစ်ဆယ့် ခြောက်ပြည်။ မိသားစုများရင် မလုံလောက်ပါဘူး” ဟု ပြောသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာကူညီရေးအဖွဲ့များကို ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် ရခိုင်ပြည်နယ် အတွင်းရှိ အကူအညီ လိုအပ်နေသည့် မုန်တိုင်းသင့်ပြည်သူတစ်သန်းကျော်အတွက် မရှိမဖြစ်လိုအပ်သည့် ရိက္ခာထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတို့တွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂမှ ဇွန်လ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး ပျက်စီးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။