CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၇


လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကို အသုံးပြု ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွါးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)တွင် ၎င်းက အထက်ပါအတိုင်း ပြောသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိသွားရောက်ခဲ့သည့် ဒေသများမှ လျှပ်စစ်လိုအပ်ချက်များကို တင်ပြခြင်းများရှိပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိ ပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်းများကြောင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုများ နှောင့်နှေးမှုများ များစွာကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက် ၃ မျိုးဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ ဆောင်ရွက် သွားနိုင်ရန် လိုအပ်သည်ကို တွေ့ရှိရပါသည်”ဟု ပြောသည်။

လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုဖတစ်ခုဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကို အသုံးပြု ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိချိန် နည်းပါးလျက်ရှိပြီး တစ်ရက်လျှင် ၄ နာရီလာ ၄ နာရီပျက် စနစ်ဖြင့် လျှပ်စစ်ဓာတ်ဖြန့်ဖြူးပေးလျက်ရှိသည်။


တချို့သော ဒေသများမှာတော့ တစ်ရက် ၄ နာရီလာ ၄ နာရီပျက်စနစ်ထက် ပိုမိုဓာတ်အား ပြတ်တောက်ချိိန်ပိုများကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လူမှုစီးပွါး အခက်အခဲများ ကြုံတွေ့လာရသလို ကုန်ကျစရိတ်များလည်း ပိုမိုများပြားလာကြောင်း သိရသည်။