CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁
ပြည်တွင်းမှ အရည်အသွေးပြ့ ဆိုလာပြားထုတ်၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းလုပ်ငန်းများမှတဆင့် မိမိတို့နိုင်ငံမှာ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးရရှိနိုင်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေကသာကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံသို့ သွားရောက် စစ်ဆေးခဲ့စဉ် ၎င်းက ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက “ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများမှတဆင့် အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာပြားထုတ်လုပ်ခြင်း အတွက် လိုအပ်သည့် ကုန်ကြမ်းများအား ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာ အားဖြင့် ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများလိုအပ်သဖြင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်သွာကြရန်လိုကြောင်း၊ ပြည်တွင်း၌ ဆိုလာပြားများကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်”ဟု ပြောသည်။
ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်သောကြောင့် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်ထားသည့် ဆိုလာပြားများအား ပြည်ပမှတင်သွင်းသည့် ဆိုလာပြားများနှင့် တန်းတူအရည်အသွေး ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဆိုလာ ထုတ်လုပ်ခြင်း နည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာ၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လို ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်း ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် လျှပ်စစ်တာဝါတိုင်များ ပျက်စီးခြင်း၊ ရေအားလျှပ်စစ်စီမံကိန်းများရပ်တန့်သွားခြင်း၊ နိုင်ငံခြားငွေ လိုအပ် ချက်များပြားလာခြင်း တို့ကြောင့် မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်ဖြန့်ဖြူးနိုင်မှု အလွန်ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် တစ်နေ့ကို ၄ နာရီလာ ၄ နာရီပျက် စနစ်ကိုလည်းကောင်း၊ တစ်နေ့လျှင် ၄ နာရီလာ ၈ နာရီပျက် စနစ်ကိုလည်းကောင်း စသဖြင့် အချိန်ဇယားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှင့်ပေးခဲ့ရသည်။
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် အင်ဗာတာသုံးစွဲခြင်းနှင့် ဆိုလာပြားများ တပ်ဆင်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြရသည်။