CNI International News
နယူးဒေလီ၊ ဇွန်လ ၁၄
ဇွန်လ ၁၂ ရက်က အိန္ဒိယနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းသည့် Air India လေကြောင်းလိုင်းမှ လေကြောင်းပျံသန်းမှု အမှတ်စဉ် AI171 လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာတွင် ရာမက်ရှ် ဗစ်ရှ်ဝက်စ်ကူမာ (Ramesh Vishwaskumar) အမည်ရှိ အမျိုးသားတစ်ဦးသည် အသက်ရှင်လျက် လွတ်မြောက်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အဆိုပါ Boeing 787 Dreamliner ခရီးသည်တင် လေယာဉ်သည် အိန္ဒိယနိုင်ငံ အာမက်ဒါဘက် (Ahmedabad) မြို့ရှိ လူနေရပ်ကွက်ပေါ်သို့ ပျက်ကျခဲ့ပြီးနောက် ရာမက်ရှ်သည် လေယာဉ်ထဲမှ ထွက်နိုင်ခဲ့ပြီး လေယာဉ်ပေါ်ရှိ အခြားလူ ၂၄၁ ဦးစလုံး သေဆုံးခဲ့သည်။
လူမှုမီဒီယာများပေါ်တွင် ထွက်ပေါ်နေသည့် ဗွီဒီယိုတစ်ခုအရ လေယာဉ်ပျက်ကျသည့် နေရာအနီး၌ သွေးစွန်းသော အဝတ်အစားများဖြင့် ဖြေးညှင်းစွာ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို မြင်တွေ့ရသည်။
“လေယာဉ်ကပျံတက်ပြီး စက္ကန့် ၃၀ လောက်အကြာမှာပဲ ကျယ်လောင်တဲ့အသံကြီးကို ကြားလိုက်ရပါတယ်။ ကျနော် သတိရလာတော့ ကျနော့် အနားမှာ အလောင်းတွေ အများကြီးပဲ။ ကျနော် အရမ်းကြောက်လန့်သွားတယ်။ ကျနော် မတ်တပ်ထရပ်ပြီး ပြေးခဲ့တယ်။ ကျနော့် နားမှာလည်း လေယာဉ် အပိုင်းအစတွေ အများကြီးပဲ။ အဲဒီအချိန် တစ်ယောက်ယောက်က ကျနော့်ကို လှမ်းဆွဲပြီး လူနာတင်ကားထဲကို ထည့်ခဲ့တယ်။ ပြီးတော့ ဆေးရုံကို ခေါ်လာခဲ့ တယ်”ဟု ဗစ်ရှ်ဝက်စ်ကူမာက Hindustan Times သတင်းစာကို ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျသွားလို့ စိတ်မကောင်းဖြစ်နေကြသူတွေကို တွေ့ရစဉ်
သူသည် အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး ဗြိတိန်နိုင်ငံ၊ လက်စတာ (Leicester) မြို့တွင် နေထိုင်သူဖြစ်သည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားက သူသည် ဗစ်ရှ်ဝက်စ်ကူမာနှင့် တွေ့ဆုံခဲ့ကြောင်း၊ အိန္ဒိယလေကြောင်းလိုင်း ကလည်း ဗစ်ရှ်ဝက်စ်ကူမာသည် အိန္ဒိယနိုင်ငံဖွား ဗြိတိန်နိုင်ငံသားဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗစ်ရှ်ဝက်စ်ကူမာသည် ဆေးရုံခုတင်ပေါ်တွင် မီဒီယာများကို စကားပြောရာ၌ သူသည် ဗြိတိန်နိုင်ငံသား တစ်ဦး ဖြစ်ကြောင်း သူနှင့် သူ့အစ်ကိုသည် အိန္ဒိယရှိ မိသားစုထံ လာရောက် လည်ပတ်ပြီးနောက် ဗြိတိန်သို့ ပြန်ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဗစ်ရှ်ဝက်စ်ကူမာသည် လေယာဉ်ပေါက်ကွဲမှု မဖြစ်မီ အရေးပေါ် ထွက်ပေါက်မှ မည်သို့ ခုန်ထွက်ခဲ့သည် ဆိုခြင်းကို မူ ရှင်းရှင်းလင်းလင်း မသိရပေ။
လေယာဉ်ပျက်ကျပြီးနောက် ပေါက်ကွဲမှု မဖြစ်ပွားမီ လေယာဉ်ကိုယ်ထည် နှစ်ပိုင်းကွဲသွားချိန်တွင် သူသည် လေယာဉ်အပြင်သို့ လွှင့်စင်သွားခဲ့သည်ဟု ဗစ်ရှ်ဝက်စ်ကူမာက ပြောကြားခဲ့ကြောင်း အခြားကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
“သူ (ဗစ်ရှ်ဝက်စ်ကူမာ) က အရေးပေါ် ထွက်ပေါက်နားကခုံမှာ ထိုင်ခဲ့တာပါ။ အဲဒါကြောင့် အရေးပေါ်ထွက်ပေါ် ကနေ အပြင်ကို ခုန်ထွက်နိုင်ခဲ့ပါတယ်” ဟု အာမက်ဒါဘက်မြို့၏ ရဲတပ်ဖွဲ့ထိပ်သီးအရာရှိ ဗစ်ဒီ ချောင်ဒရီ (Vidhi Chaudhary) က ပြောကြားခဲ့သည်။
Source: South China Morning Post