CNI news

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပြန်လည် ကုစားရေးအတွက် ပြည်တွင်း/ပြည်ပမှ အလှူငွေများ ပေးအပ်လှူဒါန်းလာသည့်အတွက် မည်သည့် နေရာကို ဦးစားပေးသုံးနိုင်လဲဆိုကာ မေးခွန်းထုတ်နေကြသည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်က ငလျင်ဘေး အလှူငွေ ပေးအပ်ပွဲတွင် ငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံ၊ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော် (၂,၃၁၄,၉၀၀)ရရှိခဲ့သလို အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် အဆောက်အဦ တစ်လုံးလျင် ငွေကျပ်သိန်း ၂၀၀၀၀ နှုန်းဖြင့် အလုံးပေါင်း ၅၁ လုံးတို့ ရရှိခဲ့ကြောင်း နစက,က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည် ဧပြီ ၁ ရက် (၂၀၂၅ ခုနှစ်)က ပထမအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ပြည်တွင်း/ပြည်မမှ အလှူရှင်များထံမှ ကျပ်ငွေ ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

အစိုးရဌာနများက ယခုအများပြည်သူသုံးနှင့်ပက်သတ်သည့်ဟာများ ဥပမာ စာသင်ကျောင်းလိုဟာမျိုးများ၊ လမ်း ပျက်သွားတယ်ဆိုလျှင် ပြည်သူက လောလောဆယ်မပြင်နိုင်ခြင်းကြောင့် အစိုးရပဲပြင်နိုင်တာဖြစ်သည်။ ငလျင်ဘေးသင့်ပြည်သူများအတွက်လှူထားတာက ဒေါ်လာမီလီယံ သန်း ၃၀၀ ကျော်လောက်ရှိပြီး ဘယ်လိုလျှုရ မည်ကို  Facebook ကနေအကြံပြုကြတာမျိုး၊ ဘယ်ဟာတွေလှူဒါန်းသင့်တယ်ဆိုတာမျိုးများလည်းရှိတယ်ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ကြောင့် တိုက်ပြိုကျနေစဉ်

အစိုးရသည် ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု ထက် အစိုးရဌာနများ ပြန်လည်လည်ပတ်နိုင်ရေးကို ဦးစားပေး လုပ်ဆောင်လာနိုင်သည်ဟု စီးပွားရေးလေ့လာသုံး သပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျန်နော်တို့က အစိုးရမှာ ပျက်ဆီးသွားတဲ့ ဟာတွေရှိတာပေါ့ ရုံးဌာနတွေ၊ လမ်းတံတားတွေ၊ စာသင် ကျောင်းတွေ၊ မီးသတ်ရုံးတွေ အများကြီးဘဲ ကျနော်တို့ ဒီစစ်ကိုင်းတို့ ဘာတို့က သာသနိက အဆောက်အအုံတွေ ကလည်း အစိုးရအောက်ထဲမှာပဲရှိတာပေါ့။ ဒီသာသနာရေးဝန်ကြီးဌာန အောက်မှာဆိုတော့ သူတို့ရတဲ့ budget ကို သူတို့က အဲဒါတွေပဲပြင်မှာ ပြည်သူကိုတော့ မပေးဘူး။ ပြည်သူကတော့ ပြည်သူအချင်းချင်း ကူရမှာပေါ့လေ။ ဒါပေမယ့် တချို့ တကယ်ဒုက္ခရောက်သွားတဲ့ ပြည်သူတွေဆိုရင်လည်း သူတို့က ကူမှာပေါ့။ ပြောချင်တာကတော့ သံဃာက သံဃာအချင်းချင်း၊ ပြည်သူက ပြည်သူအချင်းချင်း၊ အစိုးရက အစိုးရအချင်းချင်းကို အရင်ကူရတာက ထုံးစံပဲပေါ့။ အရင် ဟေတီငလျင်တို့ ဘာတို့တုန်းကဆိုရင် သူက ဘီလီယံနဲ့ချီပြီး နိုင်ငံက အလှူငွေရတော့ သူတို့က ဘာလုပ် လဲဆိုတော့ ဒီလောက် ရတဲ့ပေါ်မှာ မူတည်ပြီးတော့ ပြည်သူအိုးအိမ်တွေကို ပြန်ဆောက်ပေးတာတွေ ရှိတယ်။ အဲလိုတော့ ရှိတယ်ဆိုတော့ သူတို့အနေနဲ့လည်း ပထမဦးစားပေးနေနဲ့တော့ အစိုးရဌာနတွေနဲ့ ဒီပျက်စီး သွားတဲ့ အစိုးရယန္တရား လည်ပတ်ဖို့အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ ပြန်ဆောက်မယ်လို့ ကျနော် ယုံကြည် တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က အင်အားပြင်း ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှာ ထိခိုက်ခဲ့ပြီး ၆ ခုတွင် ငလျင်ဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည်။

ပြည်သူများဆီကို တိုက်ရိုက်သွားချင်လျှင် ပြည်သူများကြားထဲတွင် သွားနေသည့် လူမှုအဖွဲ့အစည်းများကနေ သွားလျှင်ရသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်နေကြစဉ်

၎င်းက “အစိုးရကနေ တဆင့် သွားလည်းပဲရပါတယ်။ ထွေ/အုပ်တို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဒါကတွေကနေ သွားရင် လည်းပဲ သွားလို့ရတာပေါ့နော်။ သိတဲ့အတိုင်းပဲ ပြည်သူနဲ့ ရပ်ကွပ်အုပ်ချုပ်ရေးမှူးတွေရဲ့ ကြားထဲမှာ ယုံကြည်မှုနဲ့ ဆက်ဆံရေးအရ ‌နေရာတိုင်းမှာ အမြဲကောင်းနေတာ မဟုတ်ဘူးလေ။ ဆိုလိုတာက ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေက တဆင့်ဆိုလို့ရှိရင် သူတို့နဲ့ရင်းနှီးရာ ရင်းနှီးရာ ဆွေမျိုးတွေတို့ နီးတဲ့ဆီ ရောက်တာတို့ ပိုပေးတာတို့ ဖြစ် တက်ရှိတက်ကြတယ်ပေါ့နော်။ ပြည်သူတွေကြားထဲမှာ တကယ် လှုပ်ရှားပြီးကူညီတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်လေ။ အဲဒါတွေကနေတဆင့် သွားရင်တော့ ပိုပြီးတော့ နည်းမှန်လမ်းမှန် ရောက်နိုင်တယ်ပေါ့နော် ဘယ်လို ပြည်သူတွေကို ဦးစားပေးမလဲဆိုတော့ မြေပြင်မှာ သိနေတာပဲပေါ့။ ဘေးသင့်တာခြင်း အတူတူ ဘယ်သူကပိုပြီး တော့ ထိခိုက်တယ် ဘယ်သူကတော့ ပိုပြီး ပြန်လည်ထူထောင်ရေးမှာ အရာရှိကြီး မဟုတ်တဲ့ အစိုးရဝန်ထမ်းငယ် တွေဆိုရင် သူတို့ပြန်လည် ထူထောင်ရေးကို သူတို့ဘာသူတို့ မလုပ်နိုင်ဘူးပေါ့။ ဒါမျိုးတွေ အရင်ဦးစားပေးပြီး လုပ် သင့်တယ်ပေါ့ စသဖြင့် အဲလိုမျိုး သေသေချာချာ မြေပြင်မှာ စာရင်းကောက်ပြီးတော့မှ လုပ်ပေးသင့်ပါတယ်”ဟု ပြောသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် လက်ရှိ ကြုံတွေ့နေရသော ဘေးအန္တရာယ်များ အပြင် နောင်ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ထည့်သွင်းစဉ်းစားပြီး သတ်မှတ်စံညွှန်း များဖြင့်အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုတွင်ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့သည်။

ထို့နောက် သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅,၁၀၄ ဦးရှိကြောင်း နစက,က သတင်းထုတ် ပြန်ခဲ့သည်။

ထို့ပြင် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်း ပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အား လိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်း အဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့် ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိက စာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း- သီလရှင်ကျောင်းနှင့် အခြား ဘာသာရေး အဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇ ဒသမ ၅ ဧက၊ တိရိစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၃,၈၀၄ ဒသမ ၅၄၉ ဘီလီယံ ဖြစ်ကြောင်း နစက,က သတင်းထုတ်ပြန်ခဲ့သည်။