CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၄

မိုခါမုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သောက်သုံးရေ ပြဿနာအား တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကြုံတွေ့နေကြကြောင်း အကူအညီ ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က ဒေသခံများသည် သဘာဝရေကန်များမှ ရေကိုသာ သောက်သုံးရေအဖြစ် အသုံးပြုနေကြခြင်း ဖြစ်ပြီး မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိုရေကန်များသို့ ဆားငန်ရေများ ဝင်ရောက်သွားသဖြင့် သောက်သုံး၍ မရသည့် အခြေအနေဖြင့် ကြုံတွေ့နေကြကြောင်း အကူအညီပေးနေသူများ က CNI သတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာ ပရဟိတအဖွဲ့မှ ကိုအောင်မင်းစိုးက “နဂိုကတည်းက ကျနော်တို့ဆီမှာ ရေက ခမ်းခြောက်နေတာ မလုံမလောက်တဲ့ အနေအထားမှာ ဖြစ်နေတာ။ မိုးက မုန်တိုင်းပြီးတော့ ဆက်မရွာတော့ဘူး ဆိုတော့ အခုက ရေရှားပါးမှု ပြဿနာတွေ ဖြစ်လာတယ်။ နောက် မြေနိမ့်ပိုင်းတွေမှာ ဒီရေတွေ ကန်ထဲကို ရောက် သွားတော့ ရေတွေကို စုပ်ထုတ်နေရတဲ့ အနေအထားဖြစ်နေတယ်။ အကုန်လုံးရွာက အဲဒီအခက်အခဲတွေ ရှိနေ တယ် အခုက။ မိုးမရွာခင် စုပ်ထုတ်မှရမှာ။ အခုက စုပ်ထုတ်တဲ့ ရွာတွေလည်း စုပ်ထုတ်နေကြပြီ ဒီကန်ထဲက ရေတွေကို။ ရေက ဆားဝင်သွားတော့ လုံးဝဆားဝင်ပြီး သုံးလို့မရတဲ့ ကန်တွေဆိုရင်တော့ စုပ်ထုတ်ပစ်တယ်။ ရေများများရှိတဲ့ ကန်တွေမှာ ဆားဝင်သွားရင်တော့ သုံးရေအဖြစ် ထားတဲ့ ရွာတွေလည်း ရှိကြတယ်။ လက်ရှိ ကျနော်တို့ အမိုးအကာအောက်ကို ရောက်ဖို့က နံပါတ်တစ် ဦးစားပေးလိုနေတယ်။ မိုးရာသီကလည်း နီးလာပြီ ဆိုတော့ အမိုးအကာအောက်ကို ကျနော်တို့ အချိန်နဲ့အမီ ရောက်နိုင်ဖို့ အစိုးရ ရော INGO, NGO တွေရော CSO တွေအနေနဲ့ ကြိုးစားပေးစေချင်တယ်။ နောက်ပြီး စားနပ်ရိက္ခာပိုင်းပေါ့။ ဆန်ဈေးတွေက တစ်ဟုန်ထိုး တိုးတက် လာတယ် အခုက။ ဆန်တစ်အိတ်ဆိုရင် တစ်သိန်းခွဲ နီးပါးလောက်ရှိတယ် ကျနော်တို့ဆီမှာ။ နဂို ကတည်းကပင် အခက်အခဲရှိတဲ့ မိသားစုတွေဆိုရင် အခုစားဝတ်နေရေးတောင် တော်တော်လေး အခက်အခဲ ဖြစ်နေတာတွေ ရှိတယ်” ဟု ပြောသည်။

နစက-က ရခိုင်ပြည်နယ်အတွင်း ရေသန့်စက်ဖြင့် သောက်သုံးရေ ဖြန့်ဖြူးပေးနေစဉ်

လက်ရှိတွင် အချို့ ဒေသခံများသည် ဆားငန်ရေ မဝင်ရောက်သည့် ကျေးရွာများသို့ လှေများဖြင့် သွားရောက်၍ သောက်သုံးရေရှိရန်အတွက် ရေများ သွားရောက် သယ်ယူကြရကြောင်း သိရသည်။

ဆားငန်ရေ ဝင်ရောက်သွားသည့် ရေကန်များအား ယခုမိုးမကျခင် ကာလတွင် အလျင်အမြန် စုပ်ထုတ်နိုင်မှသာ မိုးကျပြီးနောက်တွင် ရခိုင်ပြည်သူများအတွက် သောက်သုံးရေ ရရှိမည်ဖြစ်သဖြင့် ရေစုပ်စက် လှူဒါန်းမှုများ လိုအပ် ကြောင်း၊ ထိုရေများအား စုပ်ထုတ်ရာတွင် စက်သုံးဆီအား အသုံးပြုရသည့်အတွက် လိုသလောက် ဝယ်ယူ၍ မရသည့် အနေအထားများရှိကြောင်း အကူအညီပေးနေသူများထံက သိရသည်။

ရေကန်များထဲသို့ ဆားငန်ရေ ဝင်ရောက်သွားမှုမှာ ကျေးရွာတစ်ရွာ၌ သောက်သုံးရေကန် သုံးကန်ခန့်ရှိပါက နှစ်ကန်မှာ ဆားငန်ရေ ဝင်ရောက်သွားသည့် အနေအထားမျိုးဖြစ်ကြောင်း၊ လက်တလောတွင် ရေများအား ချွေတာ အသုံးပြုနေရပြီး ကျန်းမာရေးအရ ကြိုချက်၍ သောက်နေကြရသည်။

မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေး နေသလို သောက်သုံးရေအတွက် ရေသန့်စက်များ အသုံးပြုကာ သောက်သုံးရေများ ဖြန့်ဖြူးပေး နေကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် မုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် သစ်ပင် အများအပြားလည်း ပြိုလဲကုန်သည့် အတွက် လာမည့် နေ့ရက်များ၌ ရာသီဥတုဒဏ်အား ရခိုင်ပြည်နယ်အနေဖြင့် ထပ်မံ ခံစားရနိုင်ဖွယ်ရှိကြောင်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသည့် Roma Time Organization မှ Founder ကိုကျော်လင်းက CNI သတင်းဌာနသို့ ပြောသည်။

မြစ်ကြောင်းများအတွင်း ကျွဲ-နွားများ သေဆုံးနေသည်ကိုတွေ့ရစဉ်

၎င်းက “ဒီမုန်တိုင်းက အပင်တွေကို အတော်လေး ကျိုးပဲ့အောင် ပြိုလဲအောင် လုပ်သွားတဲ့အခါကျတော့ ရွာတိုင်း ရွာတိုင်းက လွင်တီးခေါင်လို ဖြစ်ကျန်ခဲ့ပြီးတော့ မီးလောင်တဲ့ ဒေသလိုဖြစ်နေတယ်။ အပင်တွေဆိုရင်လည်း အဲဒီ လောက်ထိ ပြိုလဲသွားတဲ့ဟာကို ဘယ်သူမှ မထင်ခဲ့ဘူးလေ။ အရင်တုန်းကဆိုရင် ရခိုင်ရွာ တော်တော် များများက သစ်ပင်တွေ ဘာတွေရှိပါတယ်။ အခု သစ်ပင်တွေ အကုန်လုံးက ပြိုလဲတဲ့အခါကျတော့ အဲဒီ သစ်ပင်ကို တစ်ခါ အမှိုက်တွေဘာတွေ မီးရှို့၊ အိမ်ရှေ့မှာလည်း မီးရှို့ဆိုတော့ အောက်ဆီဂျင်တွေ နည်းလာတဲ့ အပြင် ကာဗွန်ဒိုင် အောက်ဆိုဒ်တွေပါ ရှူနေရတော့ ကျန်းမာရေးပါ ထိခိုက်နိုင်တဲ့ ဥစ္စာတွေ အများကြီး ရှိလာတယ်။ နောက် အပူဒဏ် တွေက မတရား ပူလာတယ်လေ။ အပင်တွေနဲ့ ပတ်သက်ပြီးတော့ activides အဖွဲ့တွေ အများကြီး လိုလာလိမ့် မယ်။ ဥပမာ ရွာတွေကိုယ်စီမှာ လူငယ် Team တွေဖွဲ့ပြီးတော့ နိုင်ငံတကာက ဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ ကမကထ ပြုနေတဲ့ သူတွေက အကူအညီပေးပြီးတော့ ဒီသစ်ပင်စိုက်တဲ့ အဖွဲ့တွေ သီးသန့် Team Work System နဲ့ ရွာတိုင်း ရွာတိုင်းမှာ လုပ်လာဖို့လိုတယ်။ အဲဒီကျမှပဲ ဒါကို နလန်ထူနိုင်အောင် လုပ်လာနိုင်မှာလေ” ဟု ပြောသည်။

မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသော အခြေအနေများ ပြန်လည် ထူထောင် နိုင်ရေးအတွက် နစကမှ ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ ပေးအပ်ထားသည်။

သို့သော် အစိုးရဌာနဆိုင်ရာများသည် မြို့ပေါ်နေ ရပ်ကွက်များတွင်သာ သောက်သုံးရေ ပြဿနာကို ကူညီဆောင် ရွက် ပေးနေခြင်းဖြစ်ပြီး ကျေးလက်ဒေသများတွင်မူ ပရဟိတအသင်းအဖွဲ့များ၊ အလှူရှင်များ၏ ကူညီဆောင်ရွက် မှုဖြင့်သာ ဖြေရှင်းနေကြရကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်တစ်ပြည်လုံး အတိုင်းအတာအရ နေအိမ်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သော်လည်း ငွေကြေး တတ်နိုင်သူများအနေဖြင့် ပျက်စီးသွားသည့် မိမိနေအိမ်များအား သွပ်ကာခြင်း ပြုလုပ်ကြသကဲ့သို့ ငွေကြေး မတတ်နိုင်သူများအနေဖြင့် တာလပတ်များ ကာထားကြကြောင်း သိရသည်။