CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃
မိုဘိုင်းဖုန်းဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်ခံရမှုများတွင် လုံခြုံရေးစနစ်သည် ဘဏ်၌ တာဝန်ရှိသဖြင့် ဖြစ်လာ သော ပြဿနာများအား ဘဏ်မှရှင်းပေးရမည်ဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
ထိုလိမ်လည်ခံရမှုများတွင် သုံးစွဲသူများ၏ မှားယွင်းလုပ်ဆောင်ချက်ကြောင့် မဟုတ်ဘဲ သုံးစွဲသူ၏ အချက် အလက်ကို ရရှိနိုင်ရန် ဘဏ်မှတဆင့်သာ ဖောက်ဝင်နိုင်မည်ဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၃ ချက်ရှိတာပေါ့။ data transition မှာသွားတဲ့ password လမ်းကြောင်းရှိတာပေါ့။ ၂ ခုက customer နဲ့ ဆိုင်တာပေါ့။ တစ်ခုက ဘဏ်နဲ့ဆိုင်တာပေါ့။ customer နဲ့ဆိုင်တာကို IT သဘောအရ ဖောက်ဝင်ရင် ဘဏ်နဲ့ ဆိုင်တာကို မရောက်နိုင်ဘူး။ ဘဏ်နဲ့ဆိုင်ရာကို ဖောက်နိုင်ရင် customer ရဲ့ password နဲ့ information ဆိုင်ရာ ရနိုင်တာကို။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဘယ်ဘဏ်ပဲမဆိုပေါ့ မိုဘိုင်း banking လုပ်တယ်ဆိုရင် အဲဒါရဲ့ security က ဘဏ်က တာဝန်ရှိတာကို။ security ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို IT ပညာနဲ့ MIS နဲ့ သေချာချရမှာပေါ့။ ဖြစ်လာရင် နံပါတ်တစ်အချက်က တာဝန်ခံမှုလည်း မတွေ့ဘူးပေါ့။ ဘယ်လိုစီမံရမလဲဆိုတာ စဉ်းစားရင် ပေါ်သွား ပြီပေါ့။ သူဋ္ဌေးတွေနဲ့မဆိုင်ပါဘူး။ ကိုယ့်ဝန်ထမ်းထဲမှာလည်း ရှိနိုင်တာပဲလေ ကျနော့်အမြင်က။ ကိုယ့်ဝန်ထမ်း တွေကို သေချာစိစစ်မယ် password အဆင့်ဆင့်၊ security system အဆင့်ဆင့်နဲ့ သေချာ လုပ်မှရမှာပေါ့။ အဓိက ကတော့ security system သည် ဘဏ်ကပဲ တာဝန်ရှိတာလေ။ တာဝန်ရှိတော့ ဖြစ်လာတဲ့ ပြဿနာကို သူက ရှင်းပေးရမှာပေါ့။ ဘယ်လိုလုပ်မလဲ ပါသွားတဲ့သူအတွက်က” ဟု ပြောသည်။
ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုပေးသည့်ဆိုင်ကိုတွေ့ရစဉ်
ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးဖြစ်သည့် KBZ Pay အသုံးပြုသူများကို ယခင်က ဖုန်းဖြင့် ဆက်သွယ်ကာ အဆင့်မြှင့်တင်ရန်ဆိုပြီး လိမ်လည်ခြင်း လုပ်ခဲ့သော်လည်း ယခုအခါတွင် နည်းပညာအသုံးပြုကာ ငွေကြေးလိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေသည်။
မိုဘိုင်းဖုန်းမှတဆင့် ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှုများအား ပြုလုပ်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ကိုလည်း ဖော်ထုတ်နေပြီး ထိထိရောက်ရောက် အရေးယူမည်ဟု ဗဟိုဘဏ်က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန် ထားသည်။
သုံးစွဲသူများ၏ မှားယွင်း လုပ်ဆောင်ချက်ကြောင့် မဟုတ်ဘဲ တစ်ခါသုံး လုံခြုံရေးကုဒ် (OTP) နံပါတ်များ၊ password များနှင့် လုံခြုံရေး အချက်အလက်များကို အခြားနည်းလမ်းဖြင့် ရယူပြီး လိမ်လည်မှုဖြစ်စဉ်များကို စိစစ်ဖော်ထုတ်နေကြောင်းလည်း ပါရှိသည်။
ပြည်သူလူထုသည် ဘဏ်အပေါ် ယုံကြည်မှုမရှိသဖြင့် ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးများကို သုံးစွဲနေကြခြင်း ဖြစ်ကာ ယခုကဲ့သို့ ဖြစ်စဉ်များအပေါ်တွင် ဘဏ်ဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက် ယုံကြည်မှု ပိုမိုကျဆင်းကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
KBZ Pay ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
၎င်းက “အဓိကကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုက အော်ပရေတာတစ်ခုခုပေါ့။ Banking ပဲဖြစ်ဖြစ် Mobile အော်ပရေတာ တစ်ခုခုပဲဖြစ်ဖြစ် ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အဖြေတစ်ခုကို ရအောင်ထုတ်ဖို့လိုပြီးတော့ ဒီဖြစ်ပေါ်လာတဲ့ အဖြေပေါ်မှာ ကျိန်းသေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပေးရပါမယ်။ မရှိလို့တော့ မရပါဘူး။ မရှိဘူးဆိုရင်တော့ ပြည်သူတွေအနေနဲ့ မသုံးကြဖို့ပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုလုပ်တာ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်တာဖြစ်ဖြစ် မိမိပိုင်ငွေကြေး ပိုတောင်ဆိုးသေးတယ်။ လုံခြုံစိတ်ချရမယ်ထင်လို့၊ အသုံးပြု ရ လွယ်သူမယ်ထင်လို့ထည့်ထားတဲ့ ငွေကြေးက ပျက်စီးသွားတယ်၊ ပျောက်ဆုံးသွားတယ်ဆိုရင် ဘယ်ကနေပြီး တော့ တာဝန်ယူပြီး ဆောင်ရွက်ပေးမလဲဆိုတဲ့ မေးခွန်းတွေရှိတယ်။ ဒီမေးခွန်းတွေအတွက်ကို သက်ဆိုင်ရာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းပေးရမှာဖြစ်တယ်” ဟု ပြောသည်။
ထိုဖြစ်စဉ်များကို KBZ Pay မှ စုံစမ်းစစ်ဆေးရာတွင် ဖုန်းဟန်းဆက် ပြောင်းလဲသည့် (Device Change) လုပ်ငန်း စဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် ၃၁ ခုကို တွေ့ရှိခဲ့ကြောင်း KBZ Pay မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် တွင် ထုတ်ပြန်ထားသည်။
ယခုအခါတွင် အချို့ Operator များ၏ ဖုန်းဟန်းဆက် ပြောင်းလဲမှုများ (Device Change) ကို ခေတ္တရပ်တန့်၍ system maintenance ပြုလုပ်နေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ဖုန်းဟန်းဆက် ပြောင်းလဲမှုလုပ်ငန်းစဉ် (Device Change) ကို ပြန်လည်စတင် အသုံးပြုနိုင်မည် ဖြစ်သည်။
စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း အသုံးပြုသူ ၃၁ ဦး၏ ငွေကြေးဆုံးရှုံးမှု မရှိစေရန် KBZ Pay မှ ကြိုတင် အစားထိုး စိုက်ထုတ်ပေးမှုများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။