CNI International News
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၁
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် (Los Angeles) မြို့တွင် လောင်ကျွမ်းနေသည့် ဆိုးရွားပြင်းထန်သော တောမီးများကြောင့် ထိုမြို့ရှိ လူကုံတန် ရပ်ကွက်များတွင် နေထိုင်သည့် နာမည်ကြီး အနုပညာရှင်များ၏ တန်ဖိုးကြီးနေအိမ်များ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် ရုပ်ရှင်သရုပ်ဆောင် ဘီလီ ခရစ္စတယ်လ် (Billy Crystal)၏ ၁၉၇၉ ခုနှစ် ကတည်းက နေထိုင်ခဲ့သည့် Pacific Palisades ရပ်ကွက်မှ နေအိမ်ကြီး မီးထဲပါသွားခဲ့သလို အမေရိကန်အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ပဲရစ်ဟီလ်တန် (Paris Hilton)၏ မာလီဘူး ကမ်းခြေ (Malibu beach ) ရှိ စံအိမ်ကြီး မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို ရုပ်သံမှတဆင့် ကြည့်ရှုခဲ့ရသည်။
၎င်းတို့ ၂ ဦးကဲ့သို့ လော့အိန်ဂျလိစ်မြို့ရှိ လူကုံတန် ရပ်ကွက်များတွင် နေထိုင်ကြသည့် အခြားအနုပညာရှင်များနှင့် ထင်ရှားကျော်ကြားသူများသည် ၎င်းတို့၏ နေအိမ်များကို ဆုံးရှုံးခဲ့ကြသည်။
ထိုအနုပညာရှင်များအနက် ဂျေမီလီ ကာတစ် (Jamie Lee Curtis) ၊ ဂျိမ်းစ် ဝုဒ်စ် (James Woods) ၊ မန်ဒီ မိုရေး ( Mandy Moore) ၊ မာ့ခ် ဟာမီလ် (Mark Hamill) နှင့် မာရီယာ ရှရီဗာ (Maria Shriver) တို့သည်လည်း ၎င်းတို့၏ နေအိမ်များ မီးထဲပါသွားမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုခဲ့သည့် ဆယ်လီများထဲတွင် ပါဝင်ခဲ့သည်။
တောမီးကြောင့် လော့စ်အိန်ဂျလိစ် ပျက်စီးသွားတာကို တွေ့ရစဉ်
ရုပ်ရှင်၊ ရုပ်သံနှင့်ဂီတ အနုပညာရှင်များ နေထိုင်သည့် Pacific Palisades ရပ်ကွက်တွင် တောမီးလောင်ကျွမ်းမှု ကြောင့် ဟက်တာ ၅၀၀၀ (ဧက ၁၂၀၀၀) ခန့် ပျက်စီးသွားခဲ့သည်။
ထို Pacific Palisades ရပ်ကွက်တွင် အလယ်အလတ်တန်းစား နေအိမ်တစ်လုံး၏ တန်ဖိုးမှာ ဒေါ်လာ ၄ သန်းခွဲခန့် ရှိသည်။
တောမီးကြောင့် တန်ဖိုးကြီး နေအိမ်များ ဆုံးရှုံးခဲ့ရသည့် အကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုမီဒီယာများပေါ်တွင် ရေးသားဖော်ပြခဲ့သည့် အနုပညာရှင် အချို့လည်း ရှိခဲ့သည်။
၎င်းတို့အနက် Gossip Girl ဇတ်လမ်းတွဲထဲမှ သရုပ်ဆောင်မင်းသမီး လိုက်တန် မီစတား (Leighton Meester) နှင့် ၎င်း၏ခင်ပွန်း အဒမ် ဘရော့ဒလေ (Adam Brody) ၊ ၂ ထပ်ကွမ်း အော်စကာဆုရှင် အန်သိုနီ ဟော့ပ်ကင်းစ် (Anthony Hopkins) ၊ Roseanne ရုပ်ရှင်သရုပ်ဆောင် ဂျွန်ဂွတ်မန်း (John Goodman) ၊ Top Gun: Maverick ရုပ်ရှင်သရုပ်ဆောင် မိုင်းလ်စ် တယ်လာ ( Miles Teller) ၊ Scary Movie ရုပ်ရှင်သရုပ်ဆောင် အန်နာ ဖားရစ် (Anna Faris) တို့ ပါဝင်ခဲ့သည်။
ယခုလောင်ကျွမ်းနေသည့် တောမီးသည် လော့စ်အိန်ဂျလိစ် သမိုင်းတွင် အဆိုးရွားဆုံး တောမီးဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုး ဒေါ်လာ ၅၀ ဘီလျံရှိနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။
Source: ရိုက်တာ