- By CNI
- Category: ဆောင်းပါး
- Hits: 517
CNI Sport Article
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်ဟာ ၉ ရာသီကြာ ကစားခဲ့တဲ့ အသင်းကနေ ဒီရာသီကုန်ရင် ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်လာခဲ့တဲ့ ဆာလက်ဟာ လီဗာပူးလ်အသင်း ဆုဖလား အောင်မြင်မှုတွေ ပြန်ပြီး ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရရှိအောင် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ အများအပြား ပြုလုပ်ပေးနိုင်ခဲ့တဲ့သူပါ။
ပရီးမီးယားလိဂ်မှာ စံချိန် အများအပြားကို တင်နိုင်ခဲ့တဲ့ ဆာလက်ဟာ ဒီရာသီမှာတော့ ခြေစွမ်းပိုင်း ကျဆင်းမှု၊ နည်းပြ အာနီဆလော့တို့နဲ့ အဆင်မပြေမှုတွေက သူ့ရဲ့ လီဗာပူးလ်အသင်း ကစားသမားဘဝကို အဆုံးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့ လာမယ့် ရာသီကုန်အထိ စာချုပ် ရှိနေပေမယ့် ဒီရာသီအကုန်မှာ ထွက်ခွာဖို့ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ကစားခဲ့တဲ့ ၉ ရာသီအတွင်းမှာ ၄၃၅ ပွဲ ကစားထားပြီး ၂၅၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၂၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း သမိုင်းမှာ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
ဒါ့အပြင် ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉၁ ဂိုး သွင်းယူထားပြီး သူ့ရဲ့အထက်မှာ ယူနိုက်တက်အသင်း ဂန္ထဝင် ဝိန်းရွန်နီ၊ စပါးအသင်း တိုက်စစ်မှူးဟောင်း ဟာရီကိန်းနဲ့ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားတို့ သာ ရှိတော့တာပါ။
ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန် အများအပြားကိုလည်း တင်ရှိထားပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ဒါမှမဟုတ် ၁၀၀ အထက် သွင်းယူနိုင်တဲ့ ကစားသမား ၄ ဦးထဲက တစ်ဦးဖြစ်သလို ပရီးမီးယားလိဂ်မှာ လာရောက်ကစားတဲ့ အာဖရိက ကစားသမားတွေထဲမှာ သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့သူလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ ရွှေဖိနပ်ဆုကို အများဆုံး ရယူနိုင် တဲ့သူအဖြစ် ၄ ကြိမ် ရရှိထားပြီး အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီနဲ့ တူညီနေတာပါ။
အီဂျစ်ဘုရင်လို့ တင်စားခြင်း ခံထားရတဲ့ ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကလပ်အသင်း တစ်သင်းအတွက် ဂိုး ပါဝင်ပတ်သက်မှု အများဆုံးသူအဖြစ် စံချိန်တင်ထားပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တိုက်ရိုက် ဂိုး ပါဝင်ပတ်သက်မှု ၂၈၁ ဂိုး ရှိထားတာပါ။ ဒါ့အပြင် ဆာလက်ဟာ ၃၈ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ် တစ်ရာသီမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ ၂၀၂၄-၂၅ ရာသီမှာ ၂၉ ဂိုးသွင်းယူကာ ၁၈ ဂိုးဖန်တီးပြီး ဂိုးပါဝင်ပတ်သက်မှု ၄၇ ဂိုးရှိခဲ့တာပါ။

ဆာလက်ကို တွေ့ရစဉ်
အသက် ၃၃ နှစ်အရွယ်ရှိ ဆာလက်ဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆု၊ ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးဆု ၃ ခုစလုံးကို ရရှိတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဆာလက်ဟာ ဒီဆုကို လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ရယူနိုင်ခဲ့တာပါ။
ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတင် မဟုတ်ဘဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း လီဗာပူးလ်အသင်းအတွက် စံချိန်တွေ တင်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းက ရိန်းဂျားစ်အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ က ပွဲစဉ်မှာ ၆ မိနစ် ၁၂ စက္ကန့်အတွင်း ဟက်ထရစ်သွင်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြန်ဆုံး ဟက်ထရစ် သွင်းယူ နိုင်တဲ့ သူအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
ဆာလက်ဟာ ချန်ပီယံလိဂ် သွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး အာဖရိက ကစားသမား အဖြစ်လည်း စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းက ဂါလာတာစာရေးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဆာလက်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း ကစားသမားတွေကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်နဲ့ အကြိမ် အရေအတွက် အများဆုံး ရရှိထားပါတယ်။
ဆာလက်ဟာ သူ့ရဲ့စံချိန်တွေကို ချိုးဖျက်နိုင်မယ့်သူ မရှိမီ အချိန်အထိ စံချိန်ရှင်အဖြစ် ဆက်ပြီး ရပ်တည် နေဦးမှာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်အဖြစ် FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရှိနေတဲ့ အတွက် ဆာလက်ဟာ ဒီဆုဖလားတွေ ရယူပြီး သူ့ရဲ့အန်ဖီးလ် ကစားသမားဘဝကို အဆုံးသတ် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 746
CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁
အီရန်၏ အမြင့်ဆုံး ခေါင်းဆောင်ကြီး အလီ ခါမေနီ (Ali Khamenei) သေဆုံးသွားခြင်းကြောင့် အီရန်အစိုးရအဖွဲ့ ချက်ချင်း ပြိုလဲသွားလိမ့်မည်ဆိုသည့် ယူဆချက်သည် လက်တွေ့တွင် မှန်ကန်ခဲ့ခြင်းမရှိပေ။
ထိုသို့ ယူဆခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသည့် လေ့လာသုံးသပ်မှုများထက် လိုရာကို ဆွဲတွေးသည့် ကောက်ချက်ချမှုသာ ဖြစ်သည်။
လက်ရှိတွင် အီရန်သည် ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက အန္တရာယ်အရှိဆုံးနှင့် အပြင်းထန်ဆုံး ရိုက်ခတ်မှုတစ်ခုကို ရင်ဆိုင်နေရသည်။
သို့သော် ပို၍အရေးကြီးသော နိုင်ငံရေးမေးခွန်းမှာ ယခုရိုက်ခတ်မှုသည် ဆိုးရွားခြင်း ရှိ၊မရှိ ဆိုသည်ထက် အီရန်၏ စနစ်သည် ယခုကဲ့သို့ ပြင်းထန်သည့် ရိုက်ခတ်မှုမျိုးကို ခံနိုင်ရည် ရှိ၊မရှိ ဆိုသည့် မေးခွန်းသာဖြစ်သည်။
လက်ရှိ အခြေအနေများအရ အီရန်၏ နိုင်ငံရေးစနစ်သည် ခေါင်းဆောင် တစ်ဦးတည်း အပေါ်တွင်သာ မှီခို အားထားသည့် စနစ်မျိုး မဖြစ်စေရန် စနစ်တကျ တည်ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
အီရန်သည် ခေါင်းဆောင်တစ်ဦး ပျောက်ကွယ်သွားသည်နှင့် နိုင်ငံတစ်ခုလုံး ပြိုလဲသွားတတ်သော အိမ်နီးချင်း အာရပ်နိုင်ငံများကဲ့သို့ အာဏာရှင်စနစ်မျိုး မဟုတ်ပေ။

အီရန်သမ္မတကို တွေ့ရစဉ်
အီရန်၏ စနစ်သည် ဘာသာရေး ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် အခြေခံဥပဒေဆိုင်ရာ၊ လုံခြုံရေး ဆိုင်ရာ၊ ဗျူရိုကရေစီနှင့် စီးပွားရေးဆိုင်ရာ ခိုင်မာသော အင်စတီးကျူးရှင်း ကွန်ရက်များဖြင့် ဖွဲ့စည်းထားသည့် ရှုပ်ထွေးနက်နဲသော ဝါဒရေးရာနှင့် လုံခြုံရေးအခြေပြု စနစ်တစ်ခု ဖြစ်သည်။
ထိုအင်စတီကျူးရှင်း အားလုံးသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းကို အလုပ်အကျွေး ပြုရန်ထက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန်အတွက်သာ အဓိက လုပ်ဆောင်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ခါမေနီ လုပ်ကြံခံရခြင်းသည် အီရန်နိုင်ငံကို အလိုအလျောက် ပျောက်ကွယ်သွားစေခြင်း သို့မဟုတ် အစိုးရအဖွဲ့ကို ချက်ချင်း ပြိုလဲသွားစေခြင်းမျိုး မဖြစ်ခဲ့ပေ။
လက်ရှိ အကျပ်အတည်းသည် ခေါင်းဆောင် အသက်ရှင်သန်ရေးထက် ပြည်တွင်း စည်းလုံးညီညွတ်မှုဆီသို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့ စည်းလုံးမှုကို ထိန်းသိမ်းရန် ရုန်းကန်ရခြင်းသည်သာ အမှန်တကယ် အန္တရာယ်ရှိသော အချက်ဖြစ်သည်။
အီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာဏာလေဟာနယ် မဖြစ်စေရန် ကြိုတင်တွေးဆပြီး ရေးဆွဲထားခြင်း ဖြစ်သည်။
အခြေခံဥပဒေ အပိုဒ်ခွဲ ၁၁၁ အရ အမြင့်ဆုံး ခေါင်းဆောင်နေရာ လစ်လပ်သွားပါက ကျွမ်းကျင်ပညာရှင်များအဖွဲ့က ခေါင်းဆောင်အသစ်ကို အမြန်ဆုံး ရွေးချယ်နိုင်ခြင်း မရှိခင်အထိ ယာယီကောင်စီတစ်ခုက ခေါင်းဆောင်မှု အာဏာ ကို လွှဲပြောင်း ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။
ခါမေနီ လုပ်ကြံခံရကြောင်း ကြေညာပြီးနောက်တွင် သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian)၊ တရားစီရင်ရေးဌာန အကြီးအကဲ ဂိုလမ် ဟိုစိန် မိုဆန်နီ အီဂျေအီ (Gholam-Hossein Mohseni-Eje’i) နှင့် အုပ်ချုပ် ရေးကောင်စီဝင် အလီရီဇာ အာရာဖီ (Alireza Arafi) တို့ ပါဝင်သော ကောင်စီသည် အာဏာကို ယာယီရယူခဲ့သည်။
တစ်ချိန်တည်းမှာပင် အဖွဲ့ဝင် ၈၈ ဦးဖြင့် ဖွဲ့စည်းထားသော ကျွမ်းကျင်ပညာရှင်များအဖွဲ့က ခေါင်းဆောင်သစ်ကို ရွေးချယ်ရမည်ဖြစ်သည်။
အမြင့်ဆုံးခေါင်းဆောင် သို့မဟုတ် အဓိပတိ၏ ရာထူးနေရာ လစ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် စနစ်တစ်ခု လုံး ဆက်လက် လည်ပတ်နိုင်စွမ်း ရှိစေရန် အခြေခံဥပဒေ၌ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
သို့သော် အခြေခံဥပဒေဆိုင်ရာ အခင်းအကျင်း တစ်ခုတည်းကိုသာ ကြည့်ပြီး အီရန်၏ စနစ်ကို ကောက်ချက် ချမည်ဆိုပါက တက်တက်စင်အောင် လွဲမှားလိမ့်မည်ဖြစ်သည်။
အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် အရေးကြီးသော်လည်း အာဏာချိန်ခွင်လျှာ ထိန်းညှိမှုက ပိုပြီး အရေးကြီး သည်။
အီရန်စနစ်တွင် အာဏာရယူထားသည့် အလွှာ ၃ ခုကို ခွဲခြားသိရှိရန် လိုအပ်သည်။

အီရန် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများကို တွေ့ရစဉ်
ပထမအလွှာမှာ ဘာသာရေးဆိုင်ရာ တရားဝင်မှု (Religious legitimacy) ဖြစ်ပြီး အဓိပတိရုံး (Office of the Supreme Leader)၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (Assembly of Experts) နှင့် အုပ်ချုပ်ရေးကောင်စီ (Guardian Council) တို့က ထိုအလွှာကို ကိုယ်စားပြုသည်။
ထိုအလွှာသည် စနစ်တစ်ခုလုံးကို ဝါဒရေးရာအရ တရားဝင်မှု ပေးအပ်ထားပြီး မည်သူက တရားဝင် အာဏာ၏ တံဆိပ်ခတ်နှိပ်သူ ဖြစ်သည်ကို ဆုံးဖြတ်ပေးသည်။
ထို့ကြောင့် အမြင့်ဆုံးခေါင်းဆောင် သို့မဟုတ် အဓိပတိ နေရာအတွက် ဆက်ခံမည့်သူအတွက် စိန်ခေါ်မှုမှာ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်သက်သက် မဟုတ်ဘဲ ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်နေသော ကိစ္စရပ် ဖြစ်သည်။
ဒုတိယအလွှာမှာ လုံခြုံရေးနှင့် စစ်ရေးကဏ္ဍဖြစ်ပြီး ထိုအလွှာကို အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)က ဦးဆောင်သည်။
စင်စစ်တွင် IRGC သည် အစိုးရ အဖွဲ့အစည်း တစ်ခုမျှသာ မဟုတ်ဘဲ စနစ်တစ်ခုလုံး၏ ကျောရိုး ဖြစ်သည်။
တတိယအလွှာမှာ နိုင်ငံရေး ဗျူရိုကရေစီယန္တရားဖြစ်သည်။
ထိုအလွှာတွင် အစိုးရအဖွဲ့၊ သမ္မတရုံး၊ တရားစီရင်ရေးဌာနနှင့် နိုင်ငံတော်၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို လည်ပတ်စေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြိုလဲမသွားအောင် ထိန်းကျောင်းပေးနေသည့် စီမံခန့်ခွဲမှုနှင့် စီးပွားရေး ယန္တရားများ ပါဝင်သည်။

အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)ကို တွေ့ရစဉ်
ထိုအလွှာများ အားလုံးထဲတွင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သည့် အလွှာသည် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် IRGC သည် သမ္မတ၏ လက်အောက်ခံ မဟုတ်သလို နိုင်ငံတစ်နိုင်ငံ၏ သမားရိုးကျ စစ်တပ်ပုံစံလည်း မဟုတ်ခြင်းကြောင့်ဖြစ်သည်။
IRGC သည် ပြည်တွင်းလုံခြုံရေး၊ ဒေသတွင်း ဆုံးဖြတ်ချက် ချမှတ်မှု၊ စီးပွားရေးနှင့် သြဇာလွှမ်းမိုးမှု ကွန်ရက်များ တွင် အသာစီး ရယူထားသည့် အဖွဲ့အစည်း ဖြစ်သည်။
စစ်ပွဲ အခြေအနေနှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ လုပ်ကြံခံရမှုများကြောင့် IRGC သည် နိုင်ငံ၏ ဆုံးဖြတ်ချက် ချမှတ်မှုကဏ္ဍများတွင် ၎င်းတို့၏ ချုပ်ကိုင်မှုကို ပိုမိုတင်းကျပ်ထားသည်။
ထို့ပြင် အလယ်အလတ်အဆင့် ခေါင်းဆောင်ပိုင်းများ အနေဖြင့်လည်း လုပ်ငန်းဆောင်တာများကို လျင်မြန်စွာ ဆက်လက် လုပ်ဆောင်နိုင်စေရန် ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် စနစ်အပေါ်တွင်လည်း အတိုင်းအတာ တစ်ခုအထိ မှီခိုအားထားလာခဲ့ကြသည်။
ရှင်းအောင် ပြောရမည်ဆိုပါက ဦးခေါင်းကို အထိုးခံရသော်လည်း ခြေလက်အင်္ဂါများက ဆက်လက် လှုပ်ရှားနိုင်ရန် လေ့ကျင့်ထားသည့် ပုံစံမျိုးဖြစ်သည်။
ထို့ကြောင့် ဦးခေါင်းနှင့် တူသည့် အီရန် အမြင့်ဆုံး ခေါင်းဆောင် ခါမေနီ လုပ်ကြံခံရသည့်တိုင် ခြေလက်အင်္ဂါများ နှင့်တူသည့် အစိုးရယန္တရားကြီး တစ်ခုလုံးက ဆက်လက် လှုပ်ရှားလည်ပတ်နေခြင်း ဖြစ်ပေသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: ဆောင်းပါး
- Hits: 592
CNI Sport Article
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ နက်ရှ်ဗေးလ်အသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ဂိုးသွင်းယူပြီးနောက် တရားဝင်ပွဲတွေမှာ သွင်းဂိုး ၉၀၀ ပြည့်တဲ့ အမျိုးသား ဘောလုံးသမိုင်းမှာ ဒုတိယမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာပြီးကတည်းက ၉၂ ပွဲ ကစားထားပြီး ၈၁ ဂိုးသွင်းယူကာ လိဂ်ဖလားနဲ့ မေဂျာလိဂ်ဖလား ရရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။
မက်ဆီဟာ အချိန်တိုင်းရဲ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဘာစီလိုနာ၊ PSG နဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတွေမှာ သွင်းဂိုး အများအပြား သွင်းယူကာ ကစားသမား ဘဝတစ်လျှောက်မှာ Ballon d'Or ဆုကိုစံချိန်တင် ၈ ကြိမ် ရရှိထားတာပါ။
ကစားသမားဘဝ စတင်ကတည်းက စံချိန်တွေကို ချိုးနေခဲ့တဲ့ မက်ဆီဟာ ဒီသွင်းဂိုး ၉၀၀ ကို ၁၇ နှစ်ကြာရှိခဲ့တဲ့ ဘာစီလိုနာအသင်းမှာ ၆၇၂ ဂိုးသွင်းယူခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့တဲ့ PSG အသင်းမှာ ၃၂ ဂိုး သွင်းယူခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းမှာ ၈၁ ဂိုးနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၁၁၅ ဂိုးသွင်းယူပြီး မက်ဆီဟာ ကစားသမားဘဝ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာပါ။
အချက်အလက်တွေကို တွက်ချက်ဖော်ပြတဲ့ Opta က မက်ဆီဟာ သွင်းဂိုး ၉၀၀ ထဲက ၇၅၅ ဂိုးကို ဘယ် ခြေထောက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ညာခြေထောက်နဲ့ ၁၁၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ခေါင်းတိုက်ပြီး ဂိုး ၃၀ သွင်းယူကာ ကျန် ၄ ဂိုးကို အခြားပုံစံတွေနဲ့ သွင်းယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မက်ဆီဟာ ဂိုးဧရိယာအတွင်းကနေ ၇၂၄ ဂိုး သွင်းယူခဲ့ပြီး ၁၇၆ ဂိုးကို ဂိုးဧရိယာ အပြင်ကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီသွင်းဂိုး ၉၀၀ ထဲမှာ ပယ်နယ်တီကနေ ၁၁၂ ဂိုး သွင်းယူခဲ့ပြီး ဖရီးကစ်ကနေ ၇၀ ဂိုး သွင်းယူခဲ့တာပါ။
အာဂျင်တီးနား ကစားသမားဟာ ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာ ကြာရှိခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘဝတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ အသင်းတွေကလည်း စပိန်ကလပ်တွေပဲ ဖြစ်နေပါတယ်။
မက်ဆီဟာ ဆီဗီလာအသင်းကို ၂၅ ဂိုး၊ ဘီလ်ဘာအိုအသင်းကို ၂၄ ဂိုး၊ အက်သလက်တီကိုအသင်းကို ၂၃ ဂိုး၊ ဗလင်စီယာအသင်းကို ၁၈ ဂိုး၊ ရီးရယ်လ်အသင်းကို ၁၇ ဂိုးနဲ့ လီဗန်တေးအသင်းကို ၁၆ ဂိုးသွင်းယူခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်
မက်ဆီဟာ ကာလရှည်ပြိုင်ဘက် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒို ပြီးရင် သွင်းဂိုး ၉၀၀ ပြည့်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်ခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ခရိုအေးရှားအသင်းနဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်း ယူပြီးနောက် သွင်းဂိုး ၉၀၀ ပြည့်ခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၉၆၅ ဂိုး သွင်းယူထားပြီး သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်အောင် သွင်းယူနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဘရာဇီးလ်၊ ဆန်းတို့စ်၊ နယူးယော့ခ်ကော့စ်မိုစ်အသင်းတို့မှာ ကစားခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင် ပီလီဟာ ကစားသမား ဘဝမှာ သွင်းဂိုး ၁,၀၀၀ ကျော် သွင်းယူထားတယ်ဆိုပြီး ပြောထားပေမယ့် RSSSF စာရင်းအင်း ပညာရှင်တွေက ဒါကို ငြင်းဆန်ထားပါတယ်။
ဒီအဖွဲ့အစည်းက ပီလီဟာ တရားဝင် သွင်းဂိုး ၇၇၈ ဂိုးသာ သွင်းယူထားတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ရာသီကုန်အထိ စာချုပ် သက်တမ်း တိုးထားတာကြောင့် သူ့ရဲ့သွင်းဂိုးတွေကို ထပ်ပြီး မြင်တွေ့ရဦးမှာပါ။
အဲ့ဒါကြောင့် မက်ဆီအနေနဲ့ သူ့ရဲ့ လက်ကျန် ကစားသမားဘဝမှာ သွင်းဂိုး ၉၀၀+ ဘယ်လောက်အထိ သွင်းယူ နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 631
CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ပြီးခဲ့သည့် ၄ နှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းကို အချိန်တို အတွင်းမှာပင် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် စီစဉ်ခဲ့သည်။
ယူကရိန်း အောင်ပွဲမှတဆင့် ရုရှားနိုင်ငံရဲ့ အဆင့်အတန်းကို ပြန်လည်မြှင့်တင်ပြီး ကမ္ဘာကြီးကို တစ်နိုင်ငံတည်းက လွှမ်းမိုးထားသည့် Unipolar အခင်းအကျင်းမှ အင်အားကြီးနိုင်ငံ အများအပြားရှိသည့် Multipolar ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို အရှိန်အဟုန်ဖြင့် ပြောင်းလဲရန် ပူတင်က ရည်မှန်းခဲ့ခြင်းဖြစ်သည်။
ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းတွင် ပါဝင်သည့် အင်အားကြီးနိုင်ငံများအနက် ရုရှားလည်း ပါဝင်လာမည်ဖြစ်သည်။
သို့သော် ထိုအစီအစဉ်က အကောင်အထည် ပေါ်ခဲ့ပါသလား၊ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး ၄ နှစ်ကြာသည်အထိ ရုရှား သည် ကမ္ဘာကြီးကို ခွဲဝေရယူရန် ကြိုးပမ်းနေကြသည့် အင်အားကြီးနိုင်ငံများထဲတွင် ပါဝင်လာတော့ခြင်း မရှိသည် ကို မြင်တွေ့ခဲ့ရသည်။
ရုရှားသည် အင်အားကြီးနိုင်ငံ ဖြစ်လိုသည့် ရည်မှန်းချက် ပြင်းပြခဲ့သော်လည်း လက်တွေ့တွင် အလယ်အလတ် တန်းစား အင်အားကြီးနိုင်ငံ တစ်ခုသာ ဖြစ်နေသဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရသလို ၎င်း၏ ရည်မှန်းချက်များကို နှောင့်ယှက်နေသည့် ရန်လိုသော အလယ်အလတ် တန်းစားနိုင်ငံ အများအပြားကိုလည်း ရင်ဆိုင်နေရသည်။
မဟာမိတ်နိုင်ငံ တိုက်ခိုက်ခံနေရချိန်တွင် လက်ပိုက်ကြည့်နေရခြင်း
********************************************************
မကြာသေးမီ ရက်ပိုင်းအတွင်း ရုရှားသည် ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အလားတူ ဖြစ်စဉ်မျိုးကို ကြုံတွေ့ခဲ့ရသည်။
ထိုဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေး၏ ၎င်း၏ မဟာမိတ် အီရန်ကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ရုရှားသည် ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားထံမှ အကူအညီ တောင်းခံချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) ၏ တုန့်ပြန်ပုံသည် အားရစရာ မကောင်းခဲ့ပေ။
လာဗရော့ဗ်၏ တုန့်ပြန်ချက်အရ ရုရှားသည် ကမ္ဘာ့အခင်းအကျင်းသစ်ကို ရှေ့တန်းက ဦးဆောင်နေသူနှင့်မတူဘဲ ဥရောပနိုင်ငံရေးသမား တစ်ယောက်၏ လေသံမျိုးနှင့် ဆင်တူနေသည်။
လာဗရော့ဗ်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှု၊ အကြောင်းမဲ့ စော်ကားမှု လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။
ထို့ပြင် နိုင်ငံတကာဥပဒေ၊ အပြန်အလှန် လေးစားမှုနှင့် သက်ဆိုင်ရာ အကျိုးစီးပွားများကို မျှတစွာ ထည့်သွင်း စဉ်းစားပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့သည်။
ထိုပြောကြားချက်များအရ အီရန်စစ်ပွဲတွင် ရုရှား၏ ပါဝါသည် ကျဆင်းနေသည့် အချက်ကို ဖော်ပြရာ ရောက်နေ ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သေဆုံးသွားတဲ့ အီရန် အဓိပတိ အလီခါမေနီကို တွေ့ရစဉ်
လက်တွေ့အခြေအနေကို ရင်ဆိုင်နေရခြင်း
************************************
ရုရှားသည် ကိယက်ဗ် (Kyiv) တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပြီး ယူကရိန်းမြောက်ပိုင်းရှိ သိမ်းပိုက်ထားသော နယ်မြေ အများအပြားမှ ဆုတ်ခွာခဲ့ရသည်။
ထို့ပြင် ယူကရိန်းအရှေ့ပိုင်းတွင်လည်း အချိန်ကြာလာသည်နှင့်အမျှ အင်အားပြုန်းတီးစေသည့် ရေရှည်တိုက်ပွဲ အဖြစ် ပြောင်းလဲသွားခဲသည်။
ယူကရိန်းဘက်တွင် တောင်ပိုင်းနယ်မြေ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။
ထိုအချက်က ရုရှားအတွက် ဒွန်ဘတ်စ် (Donbas) ဒေသနှင့် ၂၀၁၄ ခုနှစ်က တရားမဝင် သိမ်းပိုက်ထားသည့် ခရိုင်းမီးယား (Crimea) ဒေသတို့ကြား ကုန်းလမ်းဆက်သွယ်ရေးတံတားတစ်ခု တည်ဆောက်နိုင်ရန် အခွင့်အရေး ရရှိသွားခဲ့သည်။
သို့သော် ယူကရိန်းအစိုးရသည် ယူကရိန်း၏ ပိုင်နက်နက်မြေ ၈၀ ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွက် အရေးပါသည့် ပင်လယ်နက်လမ်းကြောင်းကိုလည်း ဆက်လက် အသုံးပြုနိုင်စွမ်း ရှိနေ သည်။
ယူကရိန်းစစ်မြေပြင်တွင် ရှေ့ဆက်မတိုးနိုင်တော့သည့် အချိန်တွင် ရုရှားသည် အရပ်ဘက် အခြေခံ အဆောက် အအုံများ၊ စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ဆောင်းရာသီ ကာလအတွင်း ယူကရိန်းပြည်သူများကို အေးခဲနေသည့် ဒုက္ခများပေးပြီး အရှုံးပေးလာအောင် ရုရှား က မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
ထိုနည်းဗျူဟာမျိုးသည် အောင်မြင်လေ့ မရှိသော်လည်း ယူကရိန်း ပြည်သူများအတွက်မူ အလွန်ဆိုးရွားသည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။
တစ်ဖက်တွင်လည်း ယူကရိန်းကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင် အလျှော့ပေးလာအောင် ရုရှားက ဖိအားပေးနေ သော်လည်း ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နေဆဲဖြစ်သည်။
လွယ်လွယ်နှင့် အင်အားကြီးနိုင်ငံမဖြစ်
********************************
ရုရှား၏ အားထုတ် ကြိုးပမ်းမှုများသည် အင်အားကြီးနိုင်ငံ အများအပြားရှိသည့် ကမ္ဘာ့အခင်းအကျင်းသစ်ကို ဖန်တီးလိုသည့် ရည်မှန်းချက်ကြောင့် ရှု့ပ်ထွေးလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယူကရိန်းကို အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများ အစုအဖွဲ့က ဝိုင်းဝန်း ကူညီထောက်ပံ့ ပေးလာကြခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ရုရှားသည် ဝင်ရိုးစုံကမ္ဘာတွင် အင်အားကြီး နိုင်ငံအဖြစ် ပါဝင်လိုသည့် ပထဝီနိုင်ငံရေး စိတ်ကူးယဉ် အိပ်မက်သည် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်ဆိုသည့် အချက်ကို နားလည်လာခဲ့သည်။
ရုရှား၏ လူဦးရေသည် လျော့နည်းလာပြီး သက်ကြီးပိုင်း အရေအတွက် များပြားလာသည်။
ထို့ပြင် ရုရှား၏ ဂျီဒီပီသည် ဂျပန် သို့မဟုတ် ဂျာမနီတို့နှင့် တစ်တန်းတည်းတွင် ရှိနေသော်လည်း အိန္ဒိယထက် နည်းပါးနေကာ အမေရိကန် သို့မဟုတ် တရုတ်တို့နှင့် နှိုင်းယှဉ်စရာ မလိုလောက်အောင်ပင် နိမ့်ကျနေသည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
ထို့ပြင် ရုရှား၏ စီးပွားရေးသည် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအပေါ်တွင်သာ အဓိက မှီခိုနေရသည်။
သို့သော် ရုရှားသည် ဥရောပ-အာရှ ကုန်းမြေပေါ်တွင် ဩဇာကြီးမားနေဆဲဖြစ်သည့် အလယ်အလတ်တန်းစား အင်အားကြီး နိုင်ငံဖြစ်ပြီး၊ ကုလသမဂ္ဂ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ကာ နျူကလီးယား လက်နက်လည်း ပိုင်ဆိုင် ထားသဖြင့် အင်အားကြီးနိုင်ငံအဆင့်ကို ပုံဖော်ရန် ကြိုးပမ်းနိုင်ဆဲဖြစ်သည်ဟု ယူဆခံထားရသည်။
သို့သော် လက်ရှိ ရလဒ်များက ရုရှား၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်သာ ဖြစ်နေခဲ့သည်။
တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခြင်း
********************************
ယူကရိန်းစစ်ပွဲတွင် အောင်ပွဲ မရယူနိုင်သည့် အချိန်တွင် အခြားနေရာများတွင် ရုရှား၏ ဩဇာဖြန့်ကြက် နိုင်စွမ်းလည်း ထိခိုက်လာခဲ့သည်။
တစ်ချိန်က အစ္စရေးနှင့် ရင်းနှီးခဲ့သည့် ဆက်ဆံရေးသည် ယခုအခါတွင် ပြိုလဲလုနီးပါး ဖြစ်နေကာ ဆီးရီးယားတွင် လည်း ခြေကုပ်ယူ အသားစီးရမှုကို ဆုံးရှုံးခဲ့သလို မဟာမိတ်များဖြစ်သည့် အီရန်နှင့် ဗင်နီဇွဲလားတို့ကိုလည်း အကူအညီ မပေးနိုင်တော့သည်ကို မျက်မြင်တွေ့နေရပြီဖြစ်သည်။
တစ်ချိန်က အကန့်အသတ်မရှိသည့် မိတ်ဖက် ဆက်ဆံရေးအဖြစ် ကြေညာခဲ့သည့် တရုတ်ကလည်း ယူကရိန်း စစ်ပွဲတွင် ရုရှားဘက်မှ သိသိသာသာ ရပ်တည်ပေးခဲ့ခြင်း မရှိသလို လက်နက်များလည်း ထောက်ပံ့ပေးခဲ့ခြင်း မရှိပေ။
အိန္ဒိယကမူ ရုရှားထံမှ ရေနံများကို လျှော့စျေးဖြင့် ဝယ်ယူနေသလို လက်နက်များကိုလည်း ဆက်လက် ဝယ်ယူ နေဆဲ ဖြစ်သည်။
သို့သော် ထိုအခြေအနေသည် အိန္ဒိယ၏ ဘက်ပေါင်းစုံ ချဉ်းကပ်သည့် ပထဝီနိုင်ငံရေး မဟာဗျူဟာ အစိတ်အပိုင်း သာ ဖြစ်သည်။

အီရန်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
စိတ်ကူးနှင့် လက်တွေ့
*******************
တစ်ဖက်တွင်လည်း ယူကရိန်းသည် စစ်ပွဲအစောပိုင်းက ရရှိခဲ့သည့် အမေရိကန်၏ အကူအညီများကို ဆုံးရှုံးခဲ့ရ သည်။
သို့သော် ယူကရိန်းသည် အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အကူအညီတွေကို ဆက်လက် ရရှိနေဆဲဖြစ်သည်။
နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ စစ်ပွဲစတင်ခဲ့ချိန်ကတည်းက အမေရိကန်က ထောက်ပံ့ပေးခဲ့ သည့် ဒေါ်လာ ၇၅ ဘီလျံနီးပါးရှိ စစ်ရေးအကူအညီသည် ယူကရိန်းအတွက် ပြည်ပနိုင်ငံများ၏ စုစုပေါင်း အကူအညီ၏ ၃၀ ရာခိုင်နှုန်းသာရှိခဲ့သည်။
ကျန်သည့် အကူအညီ ၇၀ ရာခိုင်နှုန်းနှင့် လွန်ခဲ့သည့် ၁၂ လအတွင်း ရရှိခဲ့သည့် စစ်ရေးအကူအညီများ အားလုံး သည် ဂျာမနီထံမှ ၂၀ ရာခိုင်နှုန်း၊ ဗြိတိန်ထံမှ ၉ ရာခိုင်နှုန်း၊ နော်ဝေထံမှ ၈ ရာခိုင်နှုန်းနှင့် ဆွီဒင်ထံမှ ၇ ရာခိုင်နှုန်း နှင့် အခြား အလယ်အလတ်တန်းစား အင်အားကြီးနိုင်ငံများထံမှ ကူညီပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရုရှား၏ ယူကရိန်းအပေါ် ဆင်နွှဲသည့် စစ်ပွဲသည် အင်အားကြီးနိုင်ငံ အများအပြား ပါဝင်သည့် ဝင်ရိုးစုံ ကမ္ဘာ ပေါ်ပေါက်ရေးအတွက် အရှိန်အဟုန် ကောင်းလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ထိုဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းသည် ရုရှားမျှော်မှန်းထားခဲ့သည့် ပုံစံမျိုးတော့ မဟုတ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 743
CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၇
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့က ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei) သည် တိုက်ပွဲစတင်ခဲ့သည့် ပထမဆုံးနေ့မှာပင် သေဆုံးခဲ့သည်။
ထို့ပြင် နောက်ထပ်ရက်များတွင် ပြုလုပ်သည့် တိုက်ခိုက်မှုများအတွင်း အီရန်စစ်ဘက် ခေါင်းဆောင်ပိုင်းမှ အဓိက ကျသူ အများအပြားလည်း သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း အစ္စရေး၏ စစ်ဆင်ရေးများသည် အီရန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိအချို့ကို သတ်ဖြတ်နိုင်ခဲ့ပြီးဖြစ်သလို တစ်ချိန်က အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ကြောက်ရွံ့ခဲ့ရသော အီရန်၏ လက်အောက်ခံ အဖွဲ့အစည်းများကိုလည်း အင်အားချည့်နဲ့သွားစေခဲ့သည်။

အီရန် ဟော်မုဇ်ရေလက်ကြား တိုက်ပွဲကို ပြသထားစဉ်
အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ ၎င်းနှင့် တရားစီရင်ရေးဌာန အကြီးအကဲ၊ သြဇာ ကြီးမားသော အုပ်ထိန်းသူကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်သည့် ဦးဆောင်မှု ကောင်စီ (Leadership Council) သည် အမြင့်ဆုံးခေါင်းဆောင် ခါမေနီ၏ တာဝန်များကို ယာယီလွှဲပြောင်း ရယူထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအား ဖျက်ဆီးရန်နှင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေရန် ကြိုးပမ်း နေကြောင်း လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) က စွပ်စွဲပြောဆိုခဲ့သည်။
ထို့ပြင် ခွဲထွက်ရေးအင်အားစုများ အနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ရန် ကြိုးပမ်းလာပါက ပြင်းထန်သော တုန့်ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း လာရီဂျာနီက သတိပေးခဲ့သည်။
ခါမေနီ အသတ်ခံရပြီးနောက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက် မှုများသည် မကြာမီ ကာလအတွင်း အီရန်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာစေလိမ့်မည်ဟူသော ယူဆချက် အပေါ် အမေရိကန် အဆင့်မြင့်အရာရှိ အများအပြားက သံသယရှိနေဆဲဖြစ်သည်။
ခါမေနီ ချေမှုန်းခံရပြီးနောက် နောက်ဆက်တွဲ သက်ရောက်မှုများအပေါ် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ ဆွေးနွေးချက်များသည် အစိုးရခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်၊ မဖြစ် ဆိုသည့် အချက်အတစ်ခုတည်းကိုသာ အာရုံစိုက် ဆွေးနွေးနေခြင်း မဟုတ်ပေ။

အီရန် ခေါင်းဆောင်မှုကို ပြသထားစဉ်
ခါမေနီ သေဆုံးသွားခြင်းသည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ရာတွင် အီရန်ဘက်မှ မည်မျှအတိုင်းအတာအထိ လိုက်လျောမည်နည်း ဆိုသည့် အချက်နှင့် ပတ်သက်၍ ဇန်နဝါရီလကတည်းက အမေရိကန်၏ ဌာနပေါင်းစုံမှ အရာရှိများအကြား အကျေအလည် ဆွေးနွေး ငြင်းခုံမှုများ ရှိခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ အများသဘောတူညီချက် မရရှိသေးကြောင်း အမေရိကန်အရာရှိ နှစ်ဦးက ပြောကြား ခဲ့သည်။
ထို့ပြင် ခါမေနီ သေဆုံးခြင်းသည် အီရန်နိုင်ငံကို ဒုံးကျည်၊ နျူကလီးယား အဆောက်အအုံများနှင့် စွမ်းဆောင် ရည်များကို ပြန်လည် တည်ဆောက်ခြင်းမှ မည်မျှ အတိုင်းအတာအထိ ဟန့်တားနိုင်မည်နည်း ဆိုသည့် အချက် ကိုလည်း အမေရိကန်အရာရှိများက ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ဆောင်းပါး
- Hits: 588
CNI Sport Article
၂၀၂၆ ခုနှစ်၊ မတ်လ ၆
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၂၉ အထိ ယှဉ်ပြိုင်ခဲ့ပြီးပြီဖြစ်လို့ လက်ကျန်ပွဲစဉ်တွေ ကစားဖို့ ၉ ပွဲသာ ကျန်ရှိတော့ပါတယ်။
ရာသီကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် အသင်းတွေ အားလုံးဟာ သူတို့ရဲ့မျှော်လင့်ချက်တွေအတွက် အစွမ်းကုန်ကြိုးစားနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်ထိ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှု၊ ချန်ပီယံလိဂ်ဝင်ခွင့်၊ ဥရောပဝင်ခွင့်ရဖို့ အားပြိုင်မှုနဲ့ တန်းဆင်း ဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေဟာ အဖြေပေါ်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ချန်ပီယံဆု အတွက်ကတော့ အာဆင်နယ်နဲ့မန်စီးတီးအသင်း ၂ သင်း ယှဉ်ပြိုင်နေရတာဖြစ်ပြီး အာဆင်နယ်အသင်း က အားသာချက် အနည်းငယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၇ မှတ် အသာရရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၈ ပွဲမှာ အဲဗာတန်၊ ဘုန်းမောက်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ကစားရမယ့်ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ် အသင်း ရယူနိုင်ပြီလို့ ပြောရမှာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းကတော့ လက်ကျန် ၉ ပွဲမှာ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘန်လေ၊ အဲဗာတန်၊ ဘရန်ဖို့ဒ်၊ ဘုန်းမောက်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပွဲကြပ်တွေ ယှဉ်ပြိုင်ရမှာဖြစ်လို့ ခက်ခဲနိုင်ပေမယ့် ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် လက်ကျန်ပွဲတိုင်းကို အမှားအယွင်း မလုပ်ဘဲ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။
ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ၅ နေရာအထိ ရရှိမယ်ဆိုရင် ဒီ ၄ သင်းထဲက ၁ သင်းသာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ကျန် ၉ ပွဲကို ကြည့်ရမယ်ဆိုရင် အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ လိဒ်စ်၊ ချယ်လ်ဆီး၊ ဘရန်ဖို့ဒ်၊ လီဗာပူးလ်၊ ဆန်းဒါးလန်း၊ နော်တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန်အသင်းနဲ့ ကစားရမှာပါ။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ အသင်းတွေနဲ့ ကစားရမှာဖြစ်လို့ အနည်း ငယ် ခက်ခဲမှုရှိနိုင်ပြီး နယူးကာဆယ်အသင်းနဲ့ပွဲက စွမ်းဆောင်ရည်ထက် ပိုပြီးကောင်းတဲ့ အရာကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။
အက်စတွန်ဗီလာအသင်းကတော့ လက်ကျန် ၉ ပွဲမှာ ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်ဖောရက်စ်၊ ဆန်းဒါးလန်း၊ ဖူလ်ဟမ်၊ စပါး၊ ဘန်လေ၊ လီဗာပူးလ်၊ မန်စီးတီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲတွေမှာ ရလဒ်တွေ မကောင်းဖြစ်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲကို ပိုအာရုံစိုက် သွားနိုင်ပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူကာ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ပြင်ဆင်လာ နိုင်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် နယူးကာဆယ်၊ အဲဗာတန်၊ မန်စီးတီး၊ ယူနိုက်တက်၊ ဘရိုက်တန်၊ နော်တင်ဟမ်ဖောရက်စ်၊ လီဗာပူးလ်၊ စပါး၊ ဆန်းဒါးလန်းသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းလည်း လက်ကျန်ပွဲတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရနိုင်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ လက်ကျန် ၉ ပွဲမှာတော့ စပါး၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ ယူနိုက်တက်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ၊ ဘရန်ဖို့ဒ်အသင်းတို့ ပါဝင်နေပါတယ်။
ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ လက်ကျန်ပွဲတွေ အားလုံးဟာ ခက်ခဲ နေတာဖြစ်လို့ ဘယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် ခြေချော်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တန်းဆင်းဇုန် အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် ဘန်လေနဲ့ဝုလ်ဗ်စ်အသင်းတို့ဟာ သင်္ချာနည်းအရ မျှော်လင့်ချက် ရှိတယ်ဆိုပေမယ့် လာမယ့်ရာသီ ချန်ပီယံရှစ်ထံ တန်းဆင်းနိုင်ဖို့ များနေပါတယ်။
အဲ့ဒါကြောင့် တန်းဆင်းဇုန် လက်ကျန် ၁ နေရာအတွက် စပါး၊ လိဒ်စ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်း အသင်းတို့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ဒီ ၄ သင်းအကြားမှာ ရမှတ်ကွာဟမှုက နည်းတဲ့အတွက် နောက်ဆုံး ပွဲစဉ်ရောက်မှ အဖြေပေါ်ဖို့ ရှိနေတာပါ။
အဲ့ဒါကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေမှာ ချန်ပီယံဖြစ်လာမယ့် အသင်း၊ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ရယူနိုင်မယ့် အသင်းတွေနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းရမယ့် အသင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
