
- By CNI
- Category: ဆောင်းပါး
- Hits: 342
CNI Article
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ကြားနေအဖြစ် ရပ်တည်ခဲ့ သည်။
ယူကရိန်းသည် စစ်မြေပြင်တွင် ဒီမိုကရေစီ စံတန်ဖိုးများနှင့် နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်နေရပြီး ရုရှားကမူ ယူကရိန်းကို သိမ်းပိုက်လွှမ်းမိုးရန် ကြိုးပမ်းနေသည်။
နိုင်ငံအများစုက ယူကရိန်းဘက်မှ ရပ်တည်ပြီး အကူအညီများ ပေးနေသည့်တိုင် အိန္ဒိယသည် ရုရှားနှင့် နီးကပ် သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ပြီးခဲ့သည့်လက ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယဝန်ကြီး ချုပ် မိုဒီ (Narendra Modi) နှင့် ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ် ဆင်း (Rajnath Singh) တို့သည် မေလ ၉ ရက်၌ ပြုလုပ်သော ရုရှား၏အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည့် အစီအစဉ်အား ပယ်ဖျက်ခဲ့ပြီး ရာထူးနိမ့်အရာရှိများကိုသာ စေလွှတ်ခဲ့သည်။
မိုဒီသည် ပါကစ္စတန်နှင့် တင်းမာမှုများ မြင့်တက်နေသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင် သူအချို့က သုံးသပ်ထားကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယသည် ပါကစ္စတန်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နယ်စပ်ဒေသ တစ်လျှောက် အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထား ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ပဋိပက္ခပြင်းထန်လာမည့် အခြေအနေကို စိုးရိမ်ခဲ့ကြသည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပနေသည့် ရင်ပြင်နီချီတက်ပွဲကိုတွေ့ရစဉ်
ထိုအချိန်အတောအတွင်း မော်စကိုသို့ ဖိတ်ကြားခံရသည့် ကမ္ဘာ့ခေါင်းဆောင်များကလည်း ယူကရိန်း၏ တိုက်ခိုက် လာမည့် အရေးကို စိုးရိမ်နေကြသည်။
ရုရှားကမူ စစ်ရေးပြ အခမ်းအနားကို ဘေးကင်းလုံခြုံစေရန်အတွက် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) ကမူ စစ်ရေးပြ အခမ်းအနားကို တက်ရောက်သည့် ပြည်ပခေါင်းဆောင်များ၏ ဘေးကင်းလုံခြုံရေးကို တာဝန်မယူကြောင်း သတိပေးခဲ့သည်။
ထို့ကြောင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က ဇာလန်းစကီးသည် ကမ္ဘာ့ ခေါင်းဆောင်များကို အရိုအသေကင်းမဲ့သူဟု ဝေဖန်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇာလန်းစကီးသည် ရုရှား၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ငြင်းဆိုခဲ့သဖြင့် အခြေအနေကို အဆိုးရွားဆုံးဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။
ယူကရိန်း၏ စီဗက်စတိုပိုးလ် (Sevastopol) မြို့တွင်မူ ဘေးကင်းလုံခြုံရေး အခြေအနေအရ အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ယူကရိန်းသည် မော်စကိုမြို့တော် အပါအဝင် ရုရှားအတွင်းပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်ခဲ့သည်။
ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ အိန္ဒိယရဲ့ ဆင်ဒူစစ်ဆင်ရေးကို ရှင်းပြနေစဉ်
၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းသည် ကာကွယ်ရေးပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် ဒရုန်းများနှင့် တာဝေးပစ် ဒုံးကျည်များကို ထုတ်လုပ်လာနိုင်ခဲ့သည်။
ယူကရိန်းသည် ရုရှား၏ စစ်ပွဲစတင်ခဲ့ပြီး မကြာမီ အချိန်အတွင်းမှာပင် စစ်ရှုံးနိုင်ကြောင်း အများစုက ထင်ကြေး ပေးခဲ့သော်လည်း ယူကရိန်းစစ်တပ်သည် ထိုထင်ကြေး ပေးမှုများကို တက်တက်စင် လွဲမှားအောင် စွမ်းဆောင်ပြ နိုင်ခဲ့ကာ လက်ရှိအချိန်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲနေသည်။
ထိုအချိန်အတောအတွင်း အိန္ဒိယသည် ယူကရိန်းအရေးကို သတိကြီးစွာထားပြီး ကြားနေပြည်ပအင်အားစု တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေသည်။
အိန္ဒိယသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ မဟာဗျူဟာမြောက် အစဉ်အလာကို ထိန်းသိမ်းရန်အတွက် ကြားနေအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အိန္ဒိယသည် အတိတ်ကာလက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင်လည်း ဘက်ရွေးခြင်း မပြုလုပ်ခဲ့ဘဲ ကြားနေ အဖြစ်သာ ရပ်တည်ခဲ့ကြောင်း အမေရိကန်၏ UC San Diego တက္ကသိုလ်မှ ပါမောက္ခ ဘရန်နီဆလက် စတန်ချက်ဗ် (Branislav Slantchev) က ပြောကြားခဲ့သည်။
Georgetown တက္ကသိုလ်မှ ပထဝီနိုင်ငံရေး ပါမောက္ခတစ်ဦးဖြစ်သူ ထရက်စ်တန် ဝိ (Treston Wheat) ကလည်း အိန္ဒိယသည် စစ်အေးကာလကတည်းက ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့ကြောင်း ရှင်းပြခဲ့သည်။
အိန္ဒိယသည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သူ့၏ လွှမ်းမိုးမှုကိုမှ မခံဘဲ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းခဲ့သည်။
ထို့ကြောင့် အိန္ဒိယသည် ယူကရိန်းကို ပွင့်ပွင့်လင်းလင်း ထောက်ခံမည်ဆိုပါက ကာလကြာရှည် ကျင့်သုံးခဲ့သည့် ၎င်း၏ မူဝါဒကို ပြောင်းလဲရမည်ဖြစ်သည်။
ထို့ပြင် အိန္ဒိယသည် ရုရှားထံမှ စစ်လက်နက် ပစ္စည်းများကိုလည်း ဆက်လက် ဝယ်ယူနေသဖြင့် ယူကရိန်းဘက်မှ ရပ်တည်မည်ဆိုပါက ရုရှားနှင့် ဆက်ဆံရေး ပျက်သွားမည်ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
တစ်ဖက်တွင်လည်း ယူကရိန်းသည် အိန္ဒိယအတွက် ကာကွယ်ရေးကဏ္ဍ ဗဟုသုတများ၊ ကာကွယ်ရေးပစ္စည်းများ ဆန်းသစ်တီထွင်မှုတို့တွင် အကူအညီပေးနိုင်သည်။
ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်သည့် မဟာဗျူဟာသည် အိန္ဒိယအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
ထိုအခြေအနေများသည် မိုဒီ၏ “အိန္ဒိယတွင် လုပ်သည်” ("Make in India") ဟူသည့် အစီအစဉ်အရ ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍကို အဆင့်မြှင့်တင်ရေးကို အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲမှ ရရှိသည့် သင်ခန်းစာများအရ အိန္ဒိယသည် တရုတ်နှင့် ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအတွက် ပြင်ဆင်ရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
ယူကရိန်းသည် စစ်ပွဲအတွင်း အမျိုးသားကာကွယ်ရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ အရေးကြီးပုံကို ပြသနိုင်ခဲ့သည်။
ထို့ကြောင့် အိန္ဒိယသည် ယူကရိန်း၏ လုပ်ဆောင်မှုများကို လေ့လာသင်ယူရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ပိုပြီး မှီခိုရန်နှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်ခြေရှိသည့် ပဋိပက္ခများအတွက် ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင် ထားရမည်ဖြစ်သည်။
Source: Asia Times

- By CNI
- Category: ဆောင်းပါး
- Hits: 449
CNI Articel
၂၀၂၅ ခုနှစ်၊ မေလ ၁၀
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီး မြန်မာ့တပ်မတော်က နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထိုသို့ အရေးပေါ် အခြေအနေ ကြေညာရခြင်းက NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ အကြောင်းပြခဲ့သည်။
အဆိုပါ အာဏာလွန်ဆွဲမှုကြားမှာ မြန်မာလူငယ်များ ဝင်ပါလာခဲ့ရပြီး နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ အကြီးအကျယ် ဖြစ်ပွားလာခဲ့သည်။
ထိုလက်နက်ကိုင် ပဋိပက္ခများနှင့်အတူ နိုင်ငံတစ်ဝန်း မတည်ငြိမ်ခြင်း၊ လုံခြုံရေးစိုးရိမ်ရခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းသွားခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သွားလာခွင့်များ အကန့်အသတ်များရှိလာခြင်း၊ စီးပွားရေး-လူမှုရေး-ပညာရေး - ကျန်းမာရေးများ နိမ့်ပါးကျဆင်းလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါး လာခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ငွေကြေးဖောင်းပွလာခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။
အဆိုးဆုံးမှာ နိုင်ငံသားများကြား အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲလာခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်နိုင်မှု ကျဆင်းလာခြင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ တဖြေးဖြေး ထိခိုက်ခံလာရခြင်းများဖြစ်သည်။
ထိုအခြေအနေများကို ပြန်လည်တည်ဆောက်နိုင်ဖို့ဆိုလျှင် (၁) နိုင်ငံတည်ငြိမ်ဖို့လိုသည်၊ (၂) လက်နက်ကိုင် ပဋိပက္ခများ အရှိန်လျှော့ချနိုင်ဖို့လိုသည်၊ (၃) တည်ငြိမ်သည် အစိုးရတစ်ရပ်ရှိရန်လိုသည်၊ (၄) အရပ်သား အစိုးရ တစ်ရပ်ဖြစ်ဖို့လိုသည်၊ (၅) ပြည်တွင်း ညီညွတ်ရေး အားကောင်းဖို့လိုသည်၊ (၆) ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံ ရေးကောင်းတစ်ရပ် ရှိဖို့လိုသည်၊ (၇) အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ရန်လိုအပ်သည် စသည့် အချက်များကို ပုံဖော်ဖန်တီးနိုင်ရန် လိုအပ်သည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံသည် အရပ်သားအစိုးရ တနည်းအားဖြင့် ရွေးကောက်ခံ အစိုးရမဟုတ်ဘဲ စစ်တပ် ဦးဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် မြန်မာနိုင်ငံကို မောင်းနှင်နေခြင်းကြောင့် ဘယ်လို တည်ဆောက်မလဲဟု မေးခွန်းများရှိနိုင်ပါသည်။
အဆိုပါ မေးခွန်းအပေါ် အခြေခံပြီး စဉ်းစားရမည်ဆိုလျှင် (၁) တွေ့ဆုံ ဆွေးနွေးခြင်းကနေ အားလုံး လက်ခံသည့် အသွင်ကူးပြောင်းရေးအစိုးရ သို့မဟုတ် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်း၍ ကျော်ဖြတ်နိုင်သည်၊ (၂) လက်ရှိ စစ်မက်ဖြစ်ပွားနေသော ဘက် ၂ ဘက်ကြား တစ်ဖက်ဖက်က အနိုင်ရအောင်လုပ်၍ အစိုးရဖွဲ့စည်းပြီး ကျော်ဖြတ် နိုင်သည်၊ (၃) ရွေးကောက်ပွဲကျင်းပ၍ ညွှန့်ပေါင်းအစိုးရ သို့မဟုတ် ရွေးကောက်ခံအစိုးရ တစ်ရပ်ဖွဲ့စည်း၍ ကျော်ဖြတ်နိုင်သည်။
ထိုအချက် ၃ ချက်အနက် ပထမနှင့်ဒုတိယသည် ရှုပ်ထွေးပြီး အခက်အခဲများရှိကာ မအောင်မြင်သည့် အတွက် ကြောင့် လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရသော ဘေးဒုက္ခများစွာကို ရင်ဆိုင်နေရခြင်းဖြစ်၍ တတိယအချက်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းကို ရွေးကောက်ပွဲကျင်းပ၍ ကျော် ဖြတ်လျှင်ရော အားလုံး အဆင်ပြေသွားမှာလား မေးပါက ရွေးကောက်ပွဲသည် အသွင်ကူးပြောင်းရေးအတွက် အဆင့် တစ်ဆင့်သာဖြစ်ပြီ အားလုံးအဆင်ပြေ ချောမွေ့သွားမည်တော့ မဟုတ်ကြောင်း နားလည်ထားရမည်ဖြစ် သည်။
ဤသို့ဆိုလျှင် ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဘာဖြစ်မလဲ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် ဘာဖြစ်မလဲဆိုသည့် အခြေခံ အချက် ၂ ချက်အပေါ်မှာ စဉ်းစားရမည်ဟု ထင်သည်။
ပထမဆုံး အနေဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဘာဖြစ်မလဲဆိုသည်ကို စဉ်းစားကြည့်ရအောင်ပါ။
ရွေးကောက်ပွဲ မကျင်းပနိုင်လျှင် (၁) လက်ရှိ အခြေအနေတိုင်း မြန်မာနိုင်ငံက ဆက်သွားနေမည်၊ (၂) လက်ရှိ အခြေအနေထက်လည်း ဆိုးသွားသည့် အခြေအနေကို မြန်မာနိုင်ငံ ရင်ဆိုင်ရနိုင်သည်၊ (၃) မြန်မာ့တပ်မတော် လက်ထဲမှာရှိသည့် အာဏာ ၃ ရပ်သည် အကန့်အသတ်မရှိ တည်မြဲနေမည်၊ (၄) မဆုံးနိုင်သော စစ်ပွဲများကို ဖြတ်သန်းနေရမည် စသည့် အခြေအနေများကို ဆက်လက် ရင်ဆိုင်နေရနိုင်ပါသည်။
အကယ်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါက (၁) တည်ငြိမ်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမည်၊ (၂) မြန်မာ့တပ်မတော် လက်ထဲမှာရှိနေသည့် အာဏာ ၃ ရပ်ကို ရွေးကောက်ခံ အစိုးရလက်ထဲ ပြန်ထည့်နိုင်မည်၊ (၃) တရား ဥပဒေစိုးမိုးရေး အားကောင်းလာမည်၊ (၄) စစ်ပွဲများ အရှိန်လျှော့ချလာနိုင်မည်၊ (၅) အလုပ်အကိုင် အခွင့်အလမ်း များ ပြန်လည် များပြားလာပြီ အလုပ်လက်မဲ့နှုန်း တဖြေးဖြေး လျှော့ချလာနိုင်မည်၊ (၆) ပညာသင်ကြားရေး အတွက် လုံခြုံလာမည်၊ (၇) ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပြန်လည်တည်ငြိမ်လာမည်၊ (၈) စီးပွားရေး ကျဆင်းမှု တဖြေးဖြေးခြင်း ပြန်လည် အားကောင်းအောင် တည်ဆောက်နိုင်မည့် အခွင့်အလမ်းများ ရရှိလာမည်၊ (၉) ခရီး သွားလာမှု လုံခြုံစိတ်ချလာမည်၊ (၁၀) ပြည်သူ့စစ်မှုထမ်းဥပဒေ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ လုပ် လာနိုင်မည် စသဖြင့် အခြေအနေများ ပေါ်ပေါက်လာနိုင်သည်။
ထို့ပြင် (၁၂) ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းရာမှာ တားဆီးပိတ်ဆို့ခံနေရမှုများ ပြေလည်သွားမည်၊ (၁၃) ခိုးဆိုးလုယက်မှုများ လျော့နည်းသွားမည်၊ (၁၄) ကျန်းမာရေး စောင့်ရှောက်မှုများ ပြန်လည် အားကောင်းလာမည်၊ (၁၅) ကုန်ဈေးနှုန်း ကြီးမြင့်မှု လျှော့ချလာနိုင်မည်၊ (၁၆) ကုန်စည် စီးဆင်းမှုများ ပြန်လည်အားကောင်းလာမည်၊ (၁၇) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အားကောင်းလာမည်၊ (၁၈) ကျားဖြန့်လုပ်ငန်းနှင့် မှောင်ခိုလုပ်ငန်း များ တိုက်ဖျက်မှု ပိုမို အားကောင်းလာမည်၊ (၁၉) ငွေကြေးဖောင်းပွမှု ကျဆင်းအောင် တဖြေးဖြေးလုပ်လာနိုင်မည်၊ (၂၀) ပါးစပ်ဈေး ပေါက်နေသည့် အိမ်/ခြံ/မြေ ဈေးကွက် တဖြေးဖြေး ကျဆင်းလာနိုင်မည်၊ (၂၁) ကားဈေးနှုန်းများ တဖြေးဖြေး ကျဆင်းလာနိုင်မည်၊ (၂၂) ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ ပြန်လည်အား ကောင်းလာမည်၊ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ တဖြေးဖြေး ပြန်လည်အားကောင်းလာမည်၊ (၂၃) တရားဥပဒေမဲ့ သတ်ဖြတ်မှုများ လျော့ချလာနိုင်သလို နေရာတိုင်းမှာ ကြုံတွေ့ရနိုင်သော ပေါက်ကွဲမှုများ လည်း လျော့ချလာမည် စသဖြင့် အခြေအနေများ ပြန်လည်ခံစားရနိုင်ပါသည်။
သို့သော် ငလျင်ဘေးဒဏ်ကြောင့် လွှတ်တော်အဆောက်အအုံ ပျက်စီးသွားခြင်းကြောင့် လွှတ်တော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှု အားကောင်းရန် လိုအပ်သလို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကို မည်ကဲ့သို့ ကျင်းပ မလဲဆိုသော စိန်ခေါ်မှုများလည်း ရှိနေသည်။
အလားတူ မတည်ငြိမ်မှုများအတွင်းက ပေါများလှသော လက်နက်ခဲယမ်းများနှင့် ဗုံးသီးများသည် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ပေါ်ပေါက်လာသော အစိုးရလက်ထက်တွင် စည်းမဲ့ကမ်းမဲ့ ပစ်လာနိုင်ခြင်းကြောင့် ပြည်သူလူထု များ ထိခိုက်မှုများ ရှိလာနိုင်သည်။
ထို့ပြင် ရွေးကောက်ပွဲ ကျင်းပသည့်တိုင် မြန်မာ့တပ်မတော်က မနှစ်သက်သော ရလဒ်မျိုး ရွေးကောက်ပွဲမှာ ထွက် ပေါ်လာခဲ့ပါက ၁၉၉၀ ရွေးကောက်ပွဲသမိုင်း ပုံရိပ်မျိုးမဖြစ်ရန်လည်း အလွန်အရေးကြီးလှသည်။
ထို့ကြောင့် ရွေးကောက်ပွဲ မကျင်းပခင်မှာ မြန်မာနိုင်ငံကို မည်ကဲ့သို့ ပြန်လည်တည်ဆောက်မလဲဆိုသော နိုင်ငံရေး သဘောတူညီချက် တစ်ခုကို ရယူပြီးမှသာလျှင် ရွေးကောက်ပွဲကျင်းပရန် တချို့က တိုက်တွန်းလျက်ရှိကြသည်။
တခြားတစ်ဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တချို့က ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်စီးမည်ဟု ထုတ်ပြန်ထားသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပနိုင်လျှင် ဘာဖြစ်မလဲ၊ ရွေးကောက်ပွဲ မကျင်းပနိုင် လျှင် ဘာဖြစ်မလဲဆိုသည်ကို နိုင်ငံသူ/သား တစ်ဦးချင်းစီက စဉ်းစား၍ မည်သည့် အခြေအနေက နိုင်ငံအတွက် ကောင်းမွန်မလဲ ဆိုတာကို ဆုံးဖြတ်ကြရမည်ဖြစ်သည်။
ထို့ကြောင့် မိမိရွေးချယ်သည် အခြေအနေကို မိမိပိုင်ဆိုင်ရမည်ဖြစ်သည့်အတွက် မိမိ၏ ရွေးချယ်မှုသည် မှန်ကန် ရန် အလွန်အရေးကြီးလှ၍ မည်ကဲ့သို့သော ရွေးချယ်မှုကို မြန်မာနိုင်ငံသူ/သားများ ရွေးချယ်ကြမလဲဆိုတာကို တော့ စောင့်ကြည့်ရပေမည်။
- By CNI
- Category: ဆောင်းပါး
- Hits: 197
CNI Sport Article
၂၀၂၅ ခုနှစ်၊ မေလ ၉
၂၀၂၄-၂၅ ရာသီ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကြီးကတော့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ပြင်သစ် လီဂူး-၁ ကလပ် PSG အသင်းနဲ့ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်၊ ဘွန်ဒက်လီဂါနဲ့ လာလီဂါကလပ်တွေ မပါဝင်တာကြောင့် သူတို့တွေ မပါဝင်တဲ့ ၂၁ နှစ်အတွင်း ပထမဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုရဲ့ ပေါ်တိုအသင်းက မိုနာကိုအသင်းကို အနိုင်ရခဲ့တဲ့ ၂၀၀၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတိုင်းမှာ အင်္ဂလန်၊ ဂျာမနီနဲ့ စပိန်ကလပ် အသင်းတွေဟာ အနည်းဆုံး တစ်သင်းစီ ပါဝင်ခဲ့ကြတာပါ။
ဘာစီလိုနာနဲ့ အင်တာမီလန် ယှဉ်ပြိုင်စဉ်
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၄ ကြိမ်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်းတွေကလည်း ဒီ ၃ နိုင်ငံထဲက အသင်းတွေ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီကလပ်တွေဟာ ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရ တာပါ။
PSG အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်နိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန် အသင်းကတော့ ၃ နှစ်အတွင်း ဒုတိယအကြိမ်နဲ့ စုစုပေါင်း ၇ ကြိမ်မြောက် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
PSG အသင်းဟာ ကမ္ဘာကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ ၃ ဦးစလုံးရှိခဲ့တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ဖို့ဆိုတာ အိပ်မက်သာရှိခဲ့တာပါ။
အခုတော့ PSG အသင်းဟာ နည်းပြလူးဝစ်အင်းနရစ်ရဲ့ အသင်းလိုက် တည်ဆောက်တဲ့ ပုံစံတွေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ခွင့်ရှိလာခဲ့ပါတယ်။
အာဆင်နယ်နဲ့ ပီအက်လ်ဂျီ ယှဉ်ပြိုင်စဉ်
PSG အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပေမယ့် အုပ်စုအဆင့်ကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့သေးတာပါ။
ဒါပေမယ့် PSG အသင်းဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတွေမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့တာကြောင့် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
PSG အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့သလို ရှံးထွက်အဆင့်တွေမှာ လီဗာပူးလ်၊ အက်စတွန်ဗီလာနဲ့ အာဆင်နယ်အသင်းတွေကို အနိုင်ရရှိပြီး အင်္ဂလန်ကလပ် ၄ သင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းကြောင်းရှိပြီး ချန်ပီယံဆုကို ၃ ကြိမ်အထိ ရရှိထားတာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို အပြန်အလှန် သွင်းဂိုးတွေနဲ့ အနိုင်ရပြီး နှစ်ကျော့ကစားရတဲ့ အဆင့်မှာ အကောင်းဆုံးပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့တာပါ။
ပီအက်လ်ဂျီအသင်း အောင်ပွဲခံနေစဉ်
အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ အသက် ၂၅ နှစ်အထက် ကစားသမား ၁၀ ဦးကို အသုံးပြုပြီး အတွေ့အကြုံရင့် ကစားသမားတွေနဲ့ ပွဲကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ နောက်ခံလူ အဆာဘီက အင်တာမီလန်အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူ ခဲ့သလို အသက် ၃၆ နှစ်အရွယ်ရှိ ဂိုးသမား ဆွန်းမားက ဂိုးပေးရနိုင်မယ့် အခွင့်အရေး အများအပြားကို ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာပါ။
ကွင်းလယ်လူတွေဖြစ်တဲ့ မစ်ခီတာရန်နဲ့ ချာဟာနိုဂလူးတို့၂ ဦးပေါင်း အသက်ဟာ ၆၇ နှစ်ရှိတာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဖြုတ်ချခဲ့တဲ့ အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ဆီမီးဖိုင်နယ်အထိ ကစားခဲ့တဲ့ ၁၄ ပွဲမှာ လေဗာကူဆင်အသင်း တစ်သင်းတည်းကိုသာ အရေး နိမ့်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် ချန်ပီယံဆု ရယူနိုင်ခဲ့တာက ၂၀၁၀ ခုနှစ်က နည်းပြမော်ရင်ဟိုရဲ့ လက်ထက်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ၁၅ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ဒီရာသီမှာရယူနိုင်ဖို့ လက်တစ်ကမ်းအကွာမှာသာ ရှိတော့တာပါ။
တစ်ဖက်မှာလည်း PSG အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ ဆန္ဒပြင်းထန်နေပါတယ်။
အဲဒါကြောင့် ချန်ပီယံလိဂ်ဖလားဟာ ပြင်သစ်မြေကို သွားမလား၊ အီတလီမြေကို သွားမလားဆိုတာ စောင့်ကြည့်ရ မှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: ဆောင်းပါး
- Hits: 285
CNI International Article
၂၀၂၅ ခုနှစ်၊ မေလ ၈
အကြမ်းဖက်ဝါဒကို ထောက်ပံ့မှု၊ ခိုလှုံခွင့်ပေးမှုနှင့် ဖြန့်ဖြူးမှုတို့တွင် ပါကစ္စတန်၏ နောက်ကြောင်း ရာဇဝင်သည် ကမ္ဘာပေါ်၌ အန္တရာယ်အရှိဆုံးနှင့် တည်ငြိမ်မှုကို ပျက်ယွင်းစေသည့် အကြောင်းရင်းခံများထဲမှ တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ပါကစ္စတန်သည် ဆယ်စုနှစ်များစွာကြာ ၎င်း၏မြေကို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု၊ သောင်းကျန်းမှုနှင့် အစွန်းရောက် အယူအဆများ ဖြန့်သည့် ဒုံးပစ်စင်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။
၂၀၁၈ ခုနှစ်က ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှရစ်ဖ် (Nawaz Sharif) ကလည်း ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ဖြစ်သည့် Lashkar-e-Taiba အဖွဲ့က ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှုများတွင် ပါကစ္စတန်အစိုးရ၏ အခန်းကဏ္ဍ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ဖ် (Pervez Musharraf) ကလည်း ၎င်း၏တပ်ဖွဲ့များသည် ကက်ရှ်မီးယားတွင် အိန္ဒိယကို တိုက်ခိုက်ရန်အတွက် စစ်သွေးကြွအုပ်စုများအား လေ့ကျင့်ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။
ပါကစ္စတန်အစိုးရသည် စေ့စပ်ညှိနှိုင်းမှုများအတွက် အိန္ဒိယကို ဖိအားပေးလိုသဖြင့် စစ်သွေးကြွအုပ်စုများကို မျက်ကွယ်ပြုခဲ့ကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အဆစ်ဖ် (Khawaja Muhammad Asif) ကလည်း ပါကစ္စတန်သည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုကျော်အတွင်း အကြမ်းဖက်အဖွဲ့များ ကို ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံခဲ့ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အိန္ဒိယက ပါကစ္စတန်အတွင်းက နေရာ ၉ နေရာကို တိုက်ခိုက်ခဲ့စဉ်
အကြမ်းဖက်ဝါဒကို ကမ္ဘာအနှံ့ဖြန့်ခြင်း
အာဖဂန်နစ္စတန် တာလီဘန်နှင့် ဟက်ကာနီ ကွန်ရက် တိုက်ခိုက်မှုများ -
ပါကစ္စတန်၏ ISI ထောက်လှမ်းရေးအဖွဲ့သည် အာဖဂန် တာလီဘန်အဖွဲ့နှင့် ဟက်ကာနီကွန်ရက် (Afghan Taliban and the Haqqani Network) ကို ရန်ပုံငွေများ၊ စစ်သင်တန်းများနှင့် ခိုလှုံစရာနေရာများ ထောက်ပံ့ပေးခဲ့ သည့် မှတ်တမ်းများစွာ ရှိခဲ့သည်။
ထိုအဖွဲ့များသည် ကလ်ဘူးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ် အိန္ဒိယသံရုံးဗုံးခွဲမှု၊ ၂၀၁၁ ခုနှစ်က အမေရိကန်သံရုံးဗုံးခွဲမှုတို့ အပါအဝင် အာဖဂန်အရပ်သားများ၊ အစိုးရပစ်မှတ်များနှင့် နိုင်ငံတကာတပ်ဖွဲ့များကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည်။
သံရုံးဗုံးခွဲမှုသည် ISI အေးဂျင့်များက ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးမဟုတ်ကြောင်း၊ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်ထောက်လှမ်းရေး၏ ထိပ်သီးအရာရှိများက ခွင့်ပြုပေးခဲ့ပြီး အနီးကပ်စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း ဝါရင့်ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ကာလော့တာ ဂေါလ် (Carlotta Gall) က ၎င်း၏ စာအုပ်ထဲတွင် ရေးသားခဲ့ သည်။
ရုရှား
မော်စကိုကပွဲခန်းမ တိုက်ခိုက်မှု (၂၀၂၄ ခုနှစ်) –
မော်စကို ကပွဲခန်းမတွင် အကြမ်းဖက်တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် ဆက်နွှယ်မှုရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ က စုံစမ်းစစ်ဆေးမှုတစ်ခုတွင် တွေ့ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်သူသည် တာဂျစ်ကစ္စတန် နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ရုရှားအာဏာ ပိုင်များက ဖော်ထုတ်ခဲ့ပြီး တိုက်ခိုက်သူများသည် ပါကစ္စတန်ကွန်ရက်များထံမှ ထောက်ပို့ သို့မဟုတ် အယူဝါဒ ရေးရာ ထောက်ပံ့မှုများ ရရှိခဲ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်မှုသမိုင်းကို ပြသထားစဉ်
အီရန်
Jaish ul-Adl အဖွဲ့၏ တိုက်ခိုက်မှုများ -
ပါကစ္စတန်အခြေစိုက် ဆွန်နီအစွန်းရောက် Jaish ul-Adl အဖွဲ့သည် စစ္စတန်နှင့် ဘာလူချီစတန် (Sistan and Baluchestan) ပြည်နယ်တွင် အီရန်လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်ခဲ့သည။
ထိုတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အီရန်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ပါကစ္စတန်၏ ဘာလိုချီစတန် (Balochistan) ပြည်နယ်ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး Jaish ul-Adl အဖွဲ့၏ စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု -
ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဆွန်နီစစ်သွေးကြွများကို ခိုလှုံခွင့် ပေးထား ပြီး ထိုအဖွဲ့များကို အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း အီရန်က မကြာခဏ စွပ်စွဲခဲ့သည်။
ဗြိတိန်
၂၀၀၅ လန်ဒန် ဗုံးပေါက်ကွဲမှုများ -
၂၀၀၅ ခုနှစ်၊ ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည့် လန်ဒန်ဗုံးပေါက်ကွဲမှုများကို ပါကစ္စတန်နှင့် ဆက်နွှယ်မှုရှိသည့် ဗြိတိန် အစ္စလာမ်မစ် အကြမ်းဖက်သမား ၄ ဦးက ပြုလုပ်ခဲ့သည်။
ဗုံးခွဲသမားလေးဦးအနက် ၃ ဦးဖြစ်သည့် မိုဟာမက် ဆစ်ဒစ် ခန်း (Mohammad Sidique Khan) ၊ ရှားဇက် တန်ဝီယာ (Shehzad Tanweer) နှင့် ဂျာမိန်း လင်ဆေး (Germaine Lindsay) တို့သည် ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ပါကစ္စတန်တွင် နေထိုင်ခဲ့ကြသည်။
ပါကစ္စတန်တွင် အိုစမာဘင်လာဒင် (Osama bin Laden) ခိုလှုံခဲ့ခြင်း
၂၀၁၁ ခုနှစ်က အမေရိကန်တပ်ဖွဲ့များသည် ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့ရှိ အယ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ချေမှုန်းခဲ့သည့် ဖြစ်စဉ်က ပါကစ္စတန်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပျက်ကွက်မှုများ ရှိနေသည့်အချက်ကို သိသာထင်ရှားစေ ခဲ့သည်။
ဘင်လာဒင်သည် ပါကစ္စတန် စစ်အကယ်ဒမီအနီးရှိ ခြံဝန်းတစ်ခုထဲတွင် နှစ်နှင့်ချီ နေထိုင်ခဲ့သဖြင့် ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့နှင့် ပူးပေါင်းမှုများ ရှိခဲ့နိုင်သည်ဆိုသည့် သံသယများကို ကြီးထွားစေခဲ့သည်။
JMB အဖွဲ့၏ စစ်ဆင်ရေးများ
ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့သည် Jamaat-ul-Mujahideen Bangladesh (JMB) အမည်ရှိ စစ်သွေးကြွ အဖွဲ့ကို ရန်ပုံငွေနှင့် စစ်သင်တန်းများ ထောက်ပံ့ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ထိုအဖွဲ့သည် ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ကော်ဖီဆိုင်ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့် တားမြစ်ပိတ်ပင်ခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။
၂၀၁၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် JMB အဖွဲ့အား ရန်ပုံငွေများ လွှဲပြောင်းမှုနှင့်ပတ်သက်ပြီး ပါကစ္စတန်သံတမန်များကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ထောက်လှမ်းရေးသတင်း တစ်ခုတွင်လည်း ISI သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ဒုက္ခသည် စခန်းများရှိ ရိုဟင်ဂျာ ၄၀ ကို JMB အဖွဲ့မှတဆင့် သင်တန်းများပေးခဲ့ကာ အိန္ဒိယကို စိမ့်ဝင် ထိုးဖောက်ရန် ရည်ရွယ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ပင်လယ်ကွေ့အခြေစိုက် NGO အဖွဲ့များနှင့် ပါကစ္စတန် ကြားပွဲစားများက ရန်ပုံငွေထောက်ပံ့ပေးခဲ့သည့် JMB ကွန်ရက် ၁၂ ခုသည် ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယအထိ ပျံ့နှံ့နေပြီး အနောက်ဘန်ဂေါ (West Bengal) နှင့် ကီရာလာ (Kerala) ကဲ့သို့ အိန္ဒိယ၏ ပြည်နယ်များတွင် လျှို့ဝှက်စွာလှုပ်ရှားခဲ့ကြသည်။
ထိုအဖွဲ့နှင့် ပါကစ္စတန်ထောက်လှမ်းရေးတို့၏ ဆက်ဆံရေးသည် ဒေသတွင်း ပြိုင်ဘက်များကို တည်ငြိမ်မှု ပျက်ယွင်းစေရန် proxies များကို အသုံးချနေသည်ဟု စွပ်စွဲခံခဲ့ရသည့် ပါကစ္စတန်၏ အနေအထားကို ထင်ဟပ်စေခဲ့သည်။
အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်မှုသမိုင်းကို ပြသထားစဉ်
လေ့ကျင့်ရေးစခန်းများကို စပွန်ဆာပေးထားခြင်း
ပါကစ္စတန် စစ်သားများသည် ဂျီဟတ် နည်းပြများအဖြစ် ပြောင်းလဲသွားသည်ဆိုသည့် တောင်အာရှတစ်ဝန်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများကို ပေါ်ပေါက်စေခဲ့သည်။
ပါကစ္စတန်သည် ပန်ဂျပ် (Punjab)၊ ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ၊ ဝါဇီရစ္စတန် (Waziristan) နှင့် ပါကစ္စတန်တို့ သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) ကဲ့သို့ နေရာဒေသများတွင် အကြမ်းဖက် လေ့ကျင့်ရေး စခန်းများကို လက်ခံပေးထားသည်။
ထိုစခန်းများကို Lashkar-e-Taiba (LeT) ၊ Jaish-e-Mohammed (JeM) ၊ Hizbul Mujahideen (HM) နှင့် ISIS-Khorasan ကဲ့သို့ အဖွဲ့များက ကိုင်တွယ်ခဲ့ပြီး အစွန်းရောက်ဝါဒ၊ လက်နက်သင်တန်းနှင့် အသေခံမစ်ရှင်များ အတွက် ပြင်ဆင်မှုများ ပြုလုပ်သည့် နေရာများဖြစ်သည်။
ပါကစ္စတန်စစ်တပ်မှ အရာရှိဟောင်းများသည် လေ့ကျင့်ရေးတွင် မကြာခဏ ကူညီပေးကြပြီး စစ်ဆင်ရေး စွမ်းဆောင်ရည်များကို ပိုမိုတိုးတက်စေရန် စစ်ရေးကျွမ်းကျင်မှုများရှိစေရန် လုပ်ဆောင်ခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံ့ ကြေညာချက်တွင် ပါကစ္စတန် နိုင်ငံကို "ဒေသတွင်း အာရုံစိုက်လုပ်ဆောင်သည့် အကြမ်းဖက်အဖွဲ့များအတွက် ခိုလှုံခွင့် ဆက်လက်ပေးထားသည့် နိုင်ငံ" အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
Pakistan Army and Terrorism: An Unholy Alliance ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြသည့် အစီရင်ခံစာထဲ တွင်လည်း ပါကစ္စတန်စစ်တပ်၊ ထောက်လှမ်းရေးအေဂျင်စီ (ISI) နှင့် အစွန်းရောက်ဘာသာရေး ခေါင်းဆောင် များကြား နက်ရှိုင်းသည့် ဆက်ဆံရေးကို တောင်အာရှ လေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်းက အလေးထား ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကလည်း ပါကစ္စတန် ဗိုလ်မှူးချုပ် ရှား (Shah) သည် ပါကစ္စတန် ပုဂ္ဂလိက သတင်း ချန်နယ် Hum News က ထုတ်လွှင့်ခဲ့သည့် နိုင်ငံပိုင် ရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် အံ့အားသင့်ဖွယ် ဝန်ခံ ထွက်ဆိုမှုကို ပြုလုပ်ခဲ့သည်။
ရှားသည် ထိုအင်တာဗျူးတွင် ဂျာနယ်လစ် နာဒင်းမ် မာလစ် (Nadeem Malik) နှင့် စကားပြောဆိုချိန်တွင် ပါကစ္စတန်သည် Jamaat-ud-Dawa (JuD) အကြမ်းဖက်အဖွဲ့အတွက် ရူပီး သန်းချီ သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။
အင်တာဗျူးတစ်ခုတွင်လည်း မူရှာရက်ဖ်က ကက်ရှ်မီးယား ဒေသခံများသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်တပ်ကို တိုက်ခိုက်ရန် မူဂျာဟစ်ဒင်များအဖြစ် ပါကစ္စတန်တွင် လေ့ကျင့်ခဲ့ကြကြောင်း ဝန်ခံခဲ့သည်။
ထိုဂျီဟတ်များသည် ပါကစ္စတန်၏ သူရဲကောင်းများဖြစ်သည်ဟု မူရှာရက်ဖ်က ပြောကြားခဲ့ပြီး အိုစမာဘင်လာဒင်၊ အိုင်မန် အယ်ဇဝါဟီရီ (Ayman al-Zawahiri) နှင့် ဂျာလာလူဒင် ဟက်ကာနီ (Jalaluddin Haqqani) တို့သည် ပါကစ္စတန်က သူရဲကောင်းများအဖြစ် သတ်မှတ်ထားသူများထဲတွင်ပါဝင်သည်ဟုပင် အမည်များကို ထုတ်ဖော် ပြောဆိုခဲ့သည်။

- By CNI
- Category: ဆောင်းပါး
- Hits: 460
CNI International News
၂၀၂၄ ခုနှစ်၊ မေလ ၃
အီရန်တွင် ဆီးရီးယားနိုင်ငံအတွက် ကြီးမားသည့် အစီအစဉ် တစ်ခုရှိသည်။
ထိုအစီအစဉ်မှာ ဒုတိယကမ္ဘာစစ် အပြီးတွင် ဥရောပကို ပြန်လည်ထူထောင်သည့် အမေရိကန်၏ Marshall Plan အမည်ရှိ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပုံတူကူးချရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
အီရန်သည် ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသော ဆီးရီးယားကို ပြန်လည်တည်ဆောက်ရန်နှင့် ရင်းနှီးသော စီးပွားမိတ်ဖက် ဖြစ်လာရန် မျှော်လင့်ထားသည်။
အီရန်သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း သမ္မတအာဆက် (Bashar al-Assad) အသက်ရှင် လွတ်မြောက်စေ ရန် ဒေါ်လာဘီလီယံ ပေါင်းများစွာ အသုံးပြုပြီး ကူညီပေးခဲ့သည်။
ဆီးရီးယားရှိ အီရန်အထူးတာဝန်အဖွဲ့၏ စာမျက်နှာ ၃၃ မျက်နှာပါသည့် လေ့လာချက် အစီရင်ခံစာထဲတွင် ဆီးရီးယားနှင့်ပတ်သက်ပြီး အီရန်၏အစီအစဉ်များကို ရေးဆွဲခဲ့သည်။
ထိုလေ့လာချက်ထဲတွင် အမေရိကန်၏ Marshall Plan မဟာဗျူဟာကို ချီးကျူးခဲ့ပြီး ထိုမဟာဗျူဟာကြောင့် ဥရောပသည် အမေရိကန်ကို မှီခိုအားထားနေရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ဖော်ပြထားသည်။
အီရန်ကလည်း အလားတူ ရလဒ်များကို လိုလားနေပြီး ဆီးရီးယားက အီရန်ကို မှီခိုရသည့် အခြေအနေသို့ ရောက်ရှိ စေရန် အီရန်က ဆန္ဒရှိနေသည်။ ထို့ပြင် ဆီးရီးယားကို ဒေါ်လာ ၄၀၀ ဘီလျံ အခွင့်အလမ်းကြီး တစ်ခုဟုပင် ခေါ်ဆိုခဲ့သည်။
သို့သော် ထိုအစီအစဉ်များသည် ခဲလေသမျှ သဲရေကျခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အီရန်ကို ဆန့်ကျင် သည့် သူပုန်များက အာဆတ်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။
အီရန်က ဆီးရီးယားမှာ ဖော်နေတဲ့ ပရောဂျက်တန်ဖိုးကို ပြသထားစဉ်
ထို့ကြောင့် အာဆတ်သည် ရုရှားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆီးရီးယားရှိ အီရန်နိုင်ငံသားများသည်လည်း ဆီးရီးယားမှ အလျင်အမြန် ထွက်ခွာခဲ့ရသည်။
ထို့ပြင် ဆီးရီးယားနိုင်ငံသားများသည် ဒမတ်စကတ် (Damascus) မြို့တော်ရှိ အီရန်သံရုံးကို ဝင်ရောက်လုယက်ပြီး ပစ္စည်းများကို ယူခဲ့ကြသည်။
အီရန်သံရုံးသို့ ရိုက်တာသတင်းဌာနမှ ဂျာနယ်လစ်များ ရောက်ရှိသွားချိန်တွင် စာရွက်စာတမ်း အများအပြားကို တွေ့ရှိခဲ့ရသည်။
ထိုစာရွက်စာတမ်းများအရ အီရန်သည် ဆီးရီးယားအတွက် ကုန်ကျထားသည့် ငွေကြေးများကို ပြန်လည်ရရှိရန် ကြိုးပမ်းနေပြီး ဆီးရီးယားတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်။
သို့သော် လက်ရှိအခြေအနေအရ အီရန်၏ ထိုအစီအစဉ်များ အားလုံးသည် ကျရှုံးလုနီးပါး အခြေအနေသို့ ရောက်ရှိ သွားခဲ့သည်။
အီရန်၏ စီးပွားရေးအင်ပါယာ ပြိုကွဲမှု
**********************************
အီရန်သည် ဆီးရီးယားတွင် အဓိက ပရောဂျက် ၄၀ နီးပါးကို ထောက်ပံ့ပေးထားသည်။ ထိုပရောဂျက်များထဲတွင် စွမ်းအင်စက်ရုံများ၊ ရေနံသိုက်များ၊ စက်ရုံများနှင့် ဘာသာရေး အဆောက်အအုံများပင် ပါဝင်နေသည်။
လက်ရှိတွင် ထိုပရောဂျက်များအားလုံး စွန့်ပစ်ခံခဲ့ရသည်။
လက်တာကီယာ (Latakia) မြို့ရှိ ယူရို ၄၁၁ သန်း တန်ကြေးရှိသည့် စွမ်းအင်စက်ရုံတည်ဆောက်ရေး ပရောဂျက် သည် အပြီးမသတ်နိုင်ဘဲ ရပ်တန့်သွားခဲ့သည်။
ထို့ပြင် ဒေါ်လာ ၂၆ သန်း တန်ကြေးရှိသည့် ရထားလမ်းပါဝင်သည့် တံတားတစ်စင်းသည်လည်း အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့သည်။
ရေနံပရောဂျက်များသည်လည်း လက်ရှိအချိန်တွင် ဆီးရီးယား၏ သဲကန္တရထဲတွင် ဆက်လက် လုပ်ကိုင်မည့်သူ မရှိတော့ဘဲ ခြောက်ကပ်သွားခဲ့သည်။
အီရန်ကုမ္ပဏီများကမူ ၎င်းတို့သည် ဒေါ်လာသန်းချီ အကြွေးတင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ကုန်သည်တစ်ဦးဖြစ်သည့် ဟက်ဆန် ရှာခီစီ (Hassan Shakhesi) ကမူ ဆီးရီးယား၏ ၎င်း၏ ကုန်စည်များ ပျောက်ကွယ်သွားချိန်တွင် ယူရို ၁၆ သန်း အရှုံးပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“အကုန် ကုန်သွားပြီ။ အလုပ်ကတော့ ဆက်လုပ်ရမှာပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ငွေကြေး စုစုပေါင်းအဖြစ် အီရန်သည် ဆီးရီးယားနိုင်ငံနှင့် ပတ်သက်ပြီး ဒေါ်လာ ဘီလျံ ၃၀ ကျော် သုံးစွဲခဲ့သည်ဟု ယူဆရသည်။ ထိုငွေကြေးများထဲမှ အများစုမှာ ပြန်မရဘဲ ဆုံးရှုံးသွားခဲ့သည်။
ပြည်ပြေး ဆီးရီးယားသမ္မတ အာဆတ်နဲ့ အီရန်ခေါင်းဆောင်ပုံကို တွေ့ရစဉ်
မျက်နှာလွှဲနေသည့် ဆီးရီးယား အစိုးရသစ်
*************************************
အာဆတ်အစိုးရကို ဖြုတ်ချခဲ့ပြီး ဆီးရီးယားနိုင်ငံကို အုပ်ချုပ်နေသည့် ခေါင်းဆောင်များကမူ အီရန်ကို ငွေကြေးများ ပြန်ပေးမည် ဟုတ်၊ မဟုတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။
“အီရန်ကတော့ တော်တော် အထိနာသွားပါတယ်” ဟု ဆီးရီးယားသမ္မတသစ် အာမက် အယ်ရှာရား (Ahmed al-Sharaa) က ပြောကြားခဲ့သည်။
အယ်ရှာရားသည် တစ်ချိန်က အယ်ကေဒါအဖွဲ့နှင့် အဆက်အသွယ်ရှိခဲ့ပြီး ဆီးရီးယား၏ Hayat Tahrir al-Sham (HTS) လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်ပြီး အာဆတ်အစိုးရကို ဖြုတ်ချခဲ့သူဖြစ်သည်။
ဆီးရီးယားမှ အီရန်တပ်များ ထွက်ခွာသွားသည့်အတွက် ဆီးရီးယားနိုင်ငံသားအများစုက ဝမ်းသာနေကြသည်။
သို့သော် အီရန်၏ ပရောဂျက်များ၌ ဝင်ရောက် လုပ်ကိုင်ခဲ့သူများသည် လက်ရှိတွင် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ ကြသည်။
“အီရန်ကတော့ ဆီးရီးယားကို ကူညီခဲ့တာပါပဲ။ ဒါပေမယ့် ငွေကြေးပြဿနာတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး” ဟု လက်တာကီယာမြို့ရှိ စွမ်းအင်စက်ရုံမှ ဆီးရီးယားအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံအတွင်းက လက်နက်ကိုင်အင်အားစုများကို တွေ့ရစဉ်
ဆီးရီးယားရှိ အီရန်၏ အဓိကလူပုဂ္ဂိုလ်
***********************************
အီရန်၏ စီးပွားရေး အစီအစဉ်များကို ဦးဆောင် လုပ်ကိုင်နေသူမှာ အာဘက်စ် အက်ခ်ဘာရီ (Abbas Akbari) အမည်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အီရန်၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့အတွက် အလုပ်လုပ်ပေး ခဲ့သည်။
သူ့တာဝန်မှာ ဆီးရီးယားရှိ အီရန်၏ ငွေကြေးများ ပြန်ရရေးနှင့် ကုန်သွယ်မှုကို မြှင်တင်ရေးဖြစ်သည်။
အက်ခ်ဘာရီနှင့် ၎င်း၏ အဖွဲ့သည် အမေရိကန်၏ Marshall Plan နှင့် အီရန်၏ အစီအစဉ်တို့ကို နှိုင်းယှဉ်ထားသည့် လေ့လာချက် အစီရင်ခံစာကို ရေးသားခဲ့သူများဖြစ်သည်။
သို့သော် ၎င်း၏ အားထုတ် ကြိုးပမ်းမှုများလည်း အရာမထင်ခဲ့ဘဲ သဘောတူညီချက် အများစုသည် ပိတ်ဆို့မှုများ၊ စစ်ပွဲများနှင့် အဂတိလိုက်စားမှုများကြောင့် ရပ်တန့်သွားခဲ့သည်။
အီရန်၏ ထိပ်တန်း စွမ်းအင်ကုမ္ပဏီ Mapna သည် ဆီးရီးယားနှင့် ကြီးမားသော သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့သည်။
သို့သော် နှောင့်နှေးကြန့်ကြာမှုများ၊ စာချုပ်များ ပြောင်းလဲမှုနှင့် ဆီးရီးယား၏ တောင်းဆိုမှုများကြောင့် ငွေကြေးများကို ဆုံးရှုံးခဲ့သည်။
ထိခိုက်နစ်နာခဲ့သည့် အီရန်ကုမ္ပဏီများ
***********************************
အီရန်၏ လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သည့် Copper World သည် ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။
ပစ္စည်းများ ခိုးယူခံရခြင်း၊ ငွေပေးချေမှု လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပွားခြင်းတို့ ကြောင်း ငွေကြေးပိုင်းတွင် ဆုံးရှုံးနစ်နာမှု အခြေအနေ ဆိုးရွားခဲ့သည်။
အီရန်အစိုးရ ထိုကုမ္ပဏီများကို ကူညီရန် ကြိုးပမ်းခဲ့သည်။ အက်ခ်ဘာရီကလည်း အီရန်ကုမ္ပဏီများကို ပေးစရာ ရှိသည့် အကြွေးများကို ပြန်လည်ပေးဆပ်ရန် ဆီးရီးယားအရာရှိများကို ပေးစာများပေးပို့ပြီး တောင်းဆိုခဲ့သည်။
သို့သော် အကြွေးအနည်းငယ်ကိုသာ ပြန်လည်ရရှိခဲ့သည်။
အီရန်၏ ပရဟိတ ပရောဂျက်များသည်လည်း အခြေအနေ မကောင်းလှပေ။ အီရန် ဘာသာရေး အဖွဲ့တစ်ဖွဲ့က တည်ဆောက်ပေးခဲ့သည့် ရထားလမ်းပါသည့် တံတားတစ်စင်းသည် ဗုံးကြဲခံခဲ့ရသဖြင့် ပျက်စီးသွားခဲ့သည်။
ဆီးရီးယားနယ်မြေအခြေအနေကို ပြသထားစဉ်
ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံနေသည့် အီရန်
****************************************
အထက်ဖော်ပြပါ ပြဿနာများ တန်းစီရှိနေသည့်တိုင် အီရန်သည် သဘောတူညီချက်များကို ဆက်ပြီး လက်မှတ် ရေးထိုးခဲ့သည်။
အီရန်သည် ဆီးရီးယားတွင် စိုက်ပျိုးရေး၊ ရေနံ၊ သတ္တုတွင်းနှင့် မိုဘိုင်းဖုန်း ကွန်ယက်များအတွက် ကန်ထရိုက်များ ရယူခြင်း၊ ချေးငွေများ ထုတ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
သို့သော်လည်း ထိုပရောဂျက်များသည် အောင်မြင်ခြင်းမရှိဘဲ ရပ်တန့်သွားခဲ့သည်။
ထို့ပြင် အီရန်သည် လက်တာကီယာမြို့ရှိ ဆိပ်ကမ်းတစ်ခုအား ထိန်းချုပ်ထားမှုကိုလည်း ပြင်သစ်ကုမ္ပဏီတစ်ခု အား လွှဲပြောင်းပေးလိုက်ရသည်။
နိဂုံးတွင် ဆီးရီးယားကို ဆုံးရှုံးသွားခဲ့သည့် အီရန်
*****************************************
ဆီးရီးယားတွင် အာဆတ်အစိုးရပြုတ်ကျမှုသည် အီရန်၏ မျှော်လင့်ချက်များအားလုံး ပြိုလဲသွားခြင်းဖြစ်သည်။
အီရန်သံရုံးသည်လည်း ဖျက်ဆီးခံခဲ့ရသည်။ အီရန် အင်ဂျင်နီယားများလည်း ဆီးရီးယားမှ ထွက်ပြေးသွားခဲ့သည်။
အီရန်၏ စာရွက်စာတမ်းများနှင့် စစ်သုံးပစ္စည်းများလည်း ဆီးရီးယားတွင် ကျန်ရစ်ခဲ့သည်။
အီရန်သည် ဆီးရီးယားကို အီရန်အတွက် အောင်မြင်မှု အကြောင်းရင်းခံတစ်ခုအဖြစ် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းစစ်ဖြစ်ပွားမှု၊ ပိတ်ဆို့မှုများ၊ အဂတိလိုက်စားမှုများနှင့် အာဆတ် အစိုးရအဖွဲ့ ပြုတ်ကျမှုများ သည် အီရန်၏ မျှော်လင့်ချက်များကို ဆုံးရှုံးသွားစေခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: ဆောင်းပါး
- Hits: 482
CNI Article
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆
ဧပြီ ၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် "လွတ်မြောက်ရေးနေ့" ဆိုသည့် စကားလုံးကို သုံးနှုန်းပြီး ကမ္ဘာ့နိုင်ငံအသီးသီးအား ကုန်သွယ်ခွန်များ တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။
ထိုနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးအတွက် "စည်းလုံး ညီညွတ်ရေးနေ့" ဟု ပြောင်းလဲခေါ်ဆိုရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ထရမ့်၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကြောင်း ကြေညာချက် ထုတ်ပြန်အပြီး ၇၂ နာရီအတွင်းမှာပင် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim) သည် အာဆီယံမိတ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုကို မည်ကဲ့သို့ တုန့်ပြန်ရမည်ဆိုသည့် အကြောင်း အရာများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
လွန်ခဲ့သည့် သီတင်း ၃ ပတ်အတွင်း အမေရိကန်၏ အခွန်စည်းကြပ်မှုများကို တုန့်ပြန်ရန်အတွက် အာဆီယံ အဖွဲ့ဝင်များနှင့် အခြားနိုင်ငံများအကြား ဆွေးနွေးပွဲများ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာကို ကောက်မည့် အခွန်ကောက်စာရင်း ကြေညာစဉ်
ဧပြီလ ၁၀ ရက်က အာဆီယံ စီးပွားရေးဝန်ကြီးများသည် ဗွီဒီယိုဆက်သွယ်မှုမှတဆင့် အစည်းအဝေး ပြုလုပ်ခဲ့ ပြီးနောက် အာဆီယံ၏ သဘောထား ကြီးမားမှုနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို ပြသခဲ့သည်။
လက်ရှိ အာဆီယံနှင့် အမေရိကန်ကြား အပြန်အလှန် ကုန်သွယ်မှုပမာဏ မြင့်မားလာခြင်းကြောင့် အာဆီယံ အနေဖြင့် ထရမ့်၏ တစ်ဖက်သတ်ဆန်သည့် အခွန်တိုးမြှင့်မှုကို လက်တုန့်ပြန်ခြင်းမပြုရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။
အစည်းအဝေးအတွင်း အာဆီယံဝန်ကြီးများသည် အမေရိကန်နှင့် ဟန်ချက်ညီမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေး ဆက်ဆံမှုရရှိစေရန် ပွင့်လင်းသော ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံသည် အမေရိကန်နှင့် ပွင့်လင်းပြီး အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုကိုလည်း ပြုလုပ်လိုကြောင်း ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အာဆီယံသည် ကုန်သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကြားခံအဖွဲ့အစည်း တစ်ခုအဖြစ် ထပ်မံအတည်ပြုခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုများအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တစ်နိုင်ငံချင်းစီအလိုက် ကုန်သွယ်မှု အပေါ် မူတည်ပြီး ၁၀ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သဖြင့် အာဆီယံ၏ စီးပွားရေးကို ပြင်းထန်စွာ သက်ရောက်ဖွယ်ရှိနေသည်။
အာဆီယံစီးပွားရေးဝန်ကြီးများကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က အာဆီယံ-အမေရိကန် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၃၂၆ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး အာဆီယံ ဘက်မှ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၇၁ ဘီလီယံရှိခဲ့သည်။
ထို့ကြောင့် အာဆီယံအနေဖြင့် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရာတွင် ဆန်းသစ်တီထွင်မှုရှိသည့် မဟာဗျူဟာကို ကျင့်သုံးရမည်ဖြစ်ပြီး အနှောင့်အယှက် တစ်စုံတစ်ရာ ရှိခဲ့မည်ဆိုပါက အာဆီယံ၏ စီးပွားရေးကို ထိခိုက်စေလိမ့် မည်ဖြစ်သည်။
၂၀၂၃ ခုနှစ်က အာဆီယံတွင် အမေရိကန်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇၅ ဘီလီယံအထိရှိပြီး အဓိကအားဖြင့်ဘဏ္ဍာရေး၊ ရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများနှင့် နည်းပညာမြင့် ကုန်ထုတ်လုပ်မှုများတွင် ဖြစ်သည်။
ထို့ပြင် အမေရိကန်သည် အာဆီယံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။
ဖေဖော်ဝါရီလမှစပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစီးပွားရေးပေါင်းစည်းမှု အဆင့်မြင့် လုပ်ငန်းအဖွဲ့ တို့သည် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများနှင့် နည်းပညာမြင့် ကဏ္ဍများကဲ့သို့ အရေးကြီးသည့် နယ်ပယ်များတွင် အဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အဖြေရှာရန်နှင့် အကောင်အထည် ဖော် လုပ်ဆောင်ရန် အစီအစဉ်များကို ရှာဖွေဖော်ထုတ်ခဲ့ကြသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါကိုတွေ့ရစဉ်
အာဆီယံ၏ ရည်ရွယ်ချက်မှာ ထောက်ပံ့ရေး ကွင်းဆက်ကို ခံနိုင်ရည်ရှိစေရန်နှင့် အမေရိကန် အပါအဝင် ကုန်သွယ်ရေး မိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံရန်ဖြစ်သည်။
ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် အာဆီယံ-အမေရိကန် မဟာဗျူဟာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေး (STIP) ဟု လူသိများသော မူဘောင်တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
အခြားမဟာဗျူဟာတစ်ခုမှာ လမ်းကြောင်း ၂ ကြောင်း ပါဝင်သည့် ထောက်ပံ့ရေး ကွင်းဆက်ဖြစ်သည်။
ပထမလမ်းကြောင်းသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် အကောက်ခွန် အဆင့်မြှင့်တင်ရေး၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများနှင့် ဆေးဝါးများကဲ့သို့သော တန်ဖိုးမြင့်ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်သည်။
ဒုတိယလမ်းကြောင်းမှာ အာဆီယံကို လက်ရှိ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များမှ တဆင့် အကောက်ခွန်မဲ့ ဇုန်တစ်ခုအဖြစ် ဖော်ဆောင်ပြီး အမေရိကန်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံခွင့်ပြုရန် ဖြစ်သည်။
လာမည့် မေလနှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံနှင့် ပတ်သက်သည့် ထိပ်သီးအစည်းအဝေးများတွင် အာဆီယံ ခေါင်းဆောင်များက ထိုအကြံပြုချက်များကို စိစစ်သွားကြမည်ဖြစ်သည်။
လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီသည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
နိုင်ငံတိုင်းတွင် အမေရိကန်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်ရွေးချယ်ခွင့်များရှိသော်လည်း အမေရိကန်၏ အခွန် တိုးမြှင့်ကောက်ခံသည့် စိန်ခေါ်မှုများအပေါ် ၎င်းတို့၏ တုန့်ပြန်မှုများသည် လက်တွေ့ကျပြီး ပြေငြိမ်းလိုသည့် တူညီသော စရိုက်လက္ခဏာများရှိနေကြသည်။
စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် အပါအဝင် နိုင်ငံအများအပြားသည် ထရမ့်အစိုးရနှင့် ညှိနှိုင်းမှုများ ထပ်မံပြုလုပ်ရန် စီစဉ်ထားကြသည်။
ထိုင်းနိုင်ငံကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာရီရ (Pichai Chunhavajira) နှင့် ကုန်သွယ်ရေးဝန်ကြီး ပီချိုင်း နာရစ်သာဖန် (Pichai Naripthaphan) တို့ ဦးဆောင်သော Team Thailand အဖွဲ့ကို ဝါရှင်တန်သို့ စေလွှတ်ထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံသည် အမေရိကန်က ကောက်ခံသည့် ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်းကို လျှော့ချရန် ရည်ရွယ်ပြီး လုပ်စရာ ရှိသော အချက်အလက်များကို Team Thailand အဖွဲ့အား ပေးပို့ထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်မှုတွင် ပိုငွေ ဒေါ်လာ ၄၆ ဘီလျံရှိခဲ့သည်။
ထရမ့်၏ ပထမသက်တမ်း ကာလကတည်းက အမေရိကန်နှင့် ထိုင်းကြား ကုန်သွယ်ရေး ပိုငွေပြမှုသည် အဓိက ပြဿနာတစ်ခုဖြစ်ခဲ့သည်။
ပေတုန်တန် အစိုးရသည် အမေရိကန်ထံမှ မော်တော်ယာဥ်များ၊ လက်နက်များ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ အီလက်ထရောနစ်နှင့် စွမ်းအင်များကို ပိုမိုတိုးမြှင့်ဝယ်ယူမည်ဟု ကတိပြုခဲ့ပြီး ၁၀ နှစ်အတွင်း ထိုင်းဘက်မှ ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချပေးမည်ဟု ကတိပေးခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံသည် ပုဂ္ဂလိကကုမ္ပဏီများကို အမေရိကန် ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တွန်းအားပေးမည်ဖြစ်ပြီး အလုပ်အကိုင်များ ပိုမိုဖန်တီးပေးမည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် ၁၈၁၈ ခုနှစ်တွင် အမေရိကန်နှင့် ဆက်ဆံရေးထူထောင်သည့် ပထမဆုံးအာရှနိုင်ငံဖြစ်သည်။
အခြားအာရှနိုင်ငံများသည် အမေရိကန်နှင့် ၎င်းတို့၏ ပထမဆုံး ကုန်သွယ်မှု သဘောတူစာချုပ်ကို ၁၈၃၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်