- By CNI
- Category: ဆောင်းပါး
- Hits: 2321
CNI International Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
တရုတ်နိုင်ငံ၏ ရှုပ်ထွေးလှသည့် လူမှုရေးနှင့် စီးပွားရေး အခင်းအကျင်းကြောင့် တရုတ်တွင် ဝင်ငွေနှင့် ချမ်းသာ ကြွယ်ဝမှု အခြေအနေကို သိရှိရန် ခက်ခဲလှသည်။
သို့သော် နိုင်ငံတစ်ဝန်း လုပ်ခလစာငွေများ တိုးတက်ခြင်းမရှိဘဲ တန့်နေသည့် လက္ခဏာများ မြင့်တက်လာခြင်း သို့မဟုတ် လုပ်ငန်းကဏ္ဍ အသီးသီးတွင် အကျဘက်သို့ရောက်သည့် အခြေအနေများက စားသုံးသူများ၏ ငွေကြေး သုံးစွဲမှုများ၊ တစ်နည်းအားဖြင့် စားသုံးသူများ၏ ဝယ်လိုအားကို မြှင့်တင်လိုသော တရုတ်အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို ခြိမ်းခြောက်နေသည်။
တရုတ်အစိုးရက ထုတ်ပြန်သည့် ဝင်ငွေကိန်းဂဏန်းများ၏ အချက်အလက်များတွင်မူ အားတက်စရာကောင်းသည့် ကိန်းဂဏန်းများကို တွေ့ရမည်ဖြစ်သည်။
တရုတ်အမျိုးသား စာရင်းဇယားဗျူရို၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်၏ လူတစ်ဦးချင်းစီ သုံးစွဲနိုင်သည့် ဝင်ငွေသည် ပြီးခဲ့သည့် ပထမနှစ်ဝက်ထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၂၀၇၇၃ ယွမ် (အမေရိကန်ဒေါ်လာ ၃၀၀၀၀) ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဝင်ငွေတိုးတက်မှုနှုန်းသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် တန်းတူဖြစ်ပြီး စားသုံးသူ ငွေကြေး ဖောက်ပွမှုထက် မြင့်မားနေသဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ငွေကြေးသုံးစွဲနိုင်သည့် အခြေအနေသည် မြင့်တက်လာသည့်သဘော ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြေပြင်တွင် ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခြား တရားဝင် ထုတ်ပြန်ချက်များတွင်မူ ထိုသို့ မဟုတ်ဘဲ ကွဲလွဲချက်များရှိနေသည်။
ဥပမာအားဖြင့် တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ယခုနှစ် ပထမနှစ်ဝက်အတွင်း လူတစ်ဦး ချင်းစီ၏ ဝင်ငွေခွန်ဆောင်သည့် နှုန်းထားသည် ပြီးခဲ့သည့် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျနေကြောင်း ဖော်ပြခဲ့သည်။
တရုတ်သည် ဝင်ငွေခွန်ကို လျှော့ချဖြတ်တောက်ခဲ့ခြင်း မရှိခဲ့သည့် အချိန်မှစပြီး ဝင်ငွေခွန်များ လျော့ကျမှုသည် နိုင်ငံအတွင်းရှိ လုပ်ခလစာများ လျော့နည်းလာမှုနှင့် တိုက်ရိုက်အချိုးကျနေသည်။
တရုတ်၏ လူမှုမီဒီယာများ ပေါ်တွင်လည်း လစာငွေလျော့ကျခြင်း၊ အလုပ်များ ရှားပါးခြင်း အစရှိသည့် အကြောင်းအရာဖြင့် ပြည့်နှက်နေသည်။
ကုန်တိုက်တစ်ခုမှာ ဈေး၀ယ်နေကြသူများကို တွေ့ရစဉ်
မကြာသေးမီက တရုတ်နိုင်ငံရှိ IBM ကုမ္ပဏီမှ ဝန်ထမ်း ၁၀၀၀ ကျော် အလုပ်ပြုတ်ခဲ့သည့် ဖြစ်စဉ်သည် ပြည်ပ စီးပွားရေးလုပ်ငန်းများအကြား အလုပ်အကိုင်များ ရှားပါးလာသည့် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများမှအစ ဆေးဝါးထုတ်လုပ်သော ကုမ္ပဏီများအထိ နိုင်ငံတကာကုမ္ပဏီကြီးများ ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ထိုကုမ္ပဏီများသည် တရုတ်ပြည်တွင်း လည်ပတ်နေသည့် ၎င်းတို့၏ လုပ်ငန်းများကို အရှိန်လျှော့ချနေသည်။
တစ်ချိန်က ခိုင်မာအားကောင်းခဲ့သည့် တရုတ်၏ အင်တာနက်ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးလုပ်ငန်းသည်လည်း လက်ရှိတွင် ပြန်လည်ခိုင်မာ အားကောင်းအောင် တည်ဆောက်နေရသော အဆင့်မှာပင် ရှိနေဆဲဖြစ်သည်။
လစာငွေနည်းပါးမှုများ သို့မဟုတ် လစာငွေလျှော့ချ ဖြတ်တောက်မှုများသည် မထူးဆန်းသည့် အနေအထားတစ်ခု ဖြစ်လာခဲ့ပြီး တစ်ချိန်က "ရွှေပန်းကန်များ" ဟု တင်စားခံရသည့် တရုတ်၏ အလုပ်အကိုင်များသည် လက်ရှိအချိန် တွင် အရောင်အသွေး မှေးမှိန်လာခဲ့သည်။
မြေရောင်းချမှုများမှ ဝင်ငွေများ လျော့ကျလာသဖြင့် ဒေသန္တရအစိုးရများသည် ငွေကြေးချွတ်ချုံ့ကျမည့် အခြေအနေမှ ရုန်းထွက်ရန် ရုန်းကန်နေရသည်။
ဒေသခံအာဏာပိုင်များသည် ဝန်ထမ်း အများအပြားကို ရာထူးမှ မဖြုတ်သေးသော်လည်း ဆေးရုံများနှင့် ဘတ်စ် ကား ကုမ္ပဏီများကဲ့သို့ ပြည့်သူ့ဝန်ဆောင်မှု အစိုးရဌာနများရှိ ပြည်သူ့ဝန်ထမ်းများအတွက် ခံစားခွင့်ပေးထားသည့် အပိုဆုကြေးငွေများ၊ ထောက်ပံ့ကြေးများကို လျှော့ချနေသော သတင်းများ ထွက်ပေါ်နေသည်။
ရွှေ့ပြောင်းလုပ်သားများနှင့် အချိန်ပိုင်း လုပ်သားများကဲ့သို့ အခြား လူမှုဝန်ထမ်းအဖွဲ့အစည်းများ၏ ဝင်ငွေ အခြေအနေသည်လည်း စိတ်ဓာတ်ကျစရာဖြစ်နေသည်။
ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများသည် တရုတ်တွင်ရှိသည့် ရွှေ့ပြောင်းလုပ်သား သန်း ၃၀၀ ၏ ထက်ဝက်နီးပါးကို အလုပ်ပေးထားနိုင်သော်လည်း မြေနေရာ အခက်အခဲများနှင့် လူအစား စက်များကို အစားထိုး ပြီး လုပ်ငန်းလည်ပတ်နေမှုများကြောင့် ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်အကိုင်များ ပျောက်ကွယ်သွားခဲ့သည်။
တရုတ်နိုင်ငံအတွင်းက လူစည်ကားရာနေရာတစ်ခုကိုတွေ့ရစဉ်
အငှားကား မောင်းနှင်မှုနှင့် အစားအစာ ပို့ဆောင်မှုကဲ့သို့ အချိန်ပိုင်း အလုပ်အကိုင် စျေးကွက်တွင်လည်း အလုပ်အကိုင်များ ရရှိရေးအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိသည်။
လုပ်ခလစာငွေများ တုံ့ဆိုင်းနေမှုသည် တရုတ်၏ အိမ်ထောင်စုလိုက် ချမ်းသာကြွယ်ဝမှုနှုန်း ကျဆင်းလာချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဝင်ငွေဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမှုနှင့် ချမ်းသာကြွယ်ဝမှုရလဒ် ကွယ်ပျောက်နေသည့် အခြေအနေ နှစ်ခု ပေါင်းစည်းမှုသည် တရုတ်၏ စားသုံးသူများ၏ ယုံကြည်ချက်ကို အနိမ့်ဆုံး အခြေအနေအထိ ဆွဲချရာရောက်ခဲ့ သည်။
ထိုအခြေအနေက စားသုံးသူများ၏ အသုံးစရိတ်များ လျော့ကျမှုကို ဖြစ်စေခဲ့သည်။
ဥပမာအားဖြင့် ဘေကျင်းမြို့တော်တွင် ယခုနှစ် ပထမ ၆ လအတွင်း အကြီးစား စားသောက်ဆိုင်များ၏ စုပေါင်း အမြတ်ငွေသည် ပြီးခဲ့သည့်နှစ် ပထမ ၆ လတာ ကာလနှင့် နှိုင်းယှဉ်ပါက ၈၈ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
တရုတ်အစိုးရသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် အားထုတ် ကြိုးပမ်း မှုများ ပြုလုပ်ခဲ့သည်။
တရုတ်ဘုံကျောင်းကိုတွေ့ရစဉ်
ထိုအားထုတ် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း စျေးကွက်အတွင်းရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများသည် မျှော်မှန်းထားသလောက် ကောင်းမွန်ခဲ့ခြင်းမရှိသဖြင့် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်နိုင်ခဲ့ခြင်း မရှိ ကြောင်း ယေဘုယျအားဖြင့် မှတ်ယူနိုင်သည်။
ညစျေးများ ဖွင့်လှစ်ခြင်းကဲ့သို့ စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများသည် အသုံးမဝင်ပေ။
အဘယ်ကြောင့်ဆိုသော် အိမ်ထောင်စုလိုက် ဝင်ငွေလျော့ကျနေမှုက စားသုံးသူကဏ္ဍတွင် ငွေကြေးသုံးစွဲမှုကို ဟန့်တားရာ ရောက်နေခြင်းကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် လစာဝင်ငွေ နည်းလာသူများသည် ၎င်းတို့၏ အသုံးစရိတ်ကို တတ်နိုင်သမျှ ချုံ့လာခြင်းကြောင့် ဖြစ်သည်။
တရုတ်တွင် ဆယ်စုနှစ် ၄ စုကျော် စီးပွားရေး ထွန်းကားလာပြီးနောက် လက်ရှိ၌ စီးပွားရေးကို အဆင့်မြှင့်တင်ရန် အိမ်ထောင်စုများအတွက် ဝင်ငွေများကို ပြန်လည်သတ်မှတ်ဖို့ လိုအပ်သည်။
စီးပွားရေး လှုပ်ရှားမှု အစီအစဉ်များကို ပြန်လည် စဉ်းစားသုံးသပ်ရန်အတွက် ဖြစ်နိုင်ခြေအရှိဆုံး ချဉ်းကပ်မှုမှာ ရှုပ်ထွေးပြီး အလုပ်မတွင်သည့် ဗျူရိုကရေစီယန္တရားကို လျှော့ချရန်နှင့် အိမ်ထောင်စုများအတွက် သတ်မှတ်ထား သည့် အခွန်များကို သိသိသာသာ လျှော့ချရန်ဖြစ်သည်။
Source: SCMP
- By CNI
- Category: ဆောင်းပါး
- Hits: 685
CNI Sport Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆
ဘောလုံးလောကရဲ့ခေတ်ပြိုင် ဂန္ထဝင်နှစ်ဦးဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့ရဲ့ခေတ်တစ်ခုဟာ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွေကို ထုတ်ပြန် ခဲ့တာမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးစလုံး ပါဝင်ခဲ့ခြင်းမရှိတာပါ။
ဒါဟာ ၂၀၀၃ ခုနှစ် နောက်ပိုင်း ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် သူတို့နှစ်ဦးစလုံး မပါဝင်တဲ့ ဘောလွန်းဒီအောဆု ဆန်ခါတင်စာရင်း ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်းမှာ ဘောလုံးလောကကို ကြီးစိုးထားပြီး ဘောလွန်းဒီအောဆုကို နှစ်ဦးပေါင်း ၁၃ ခု (မက်ဆီ ၈ ခု၊ရော်နယ်ဒို ၅ ခု)အထိ ရယူထားတဲ့ သူတို့နှစ်ဦး ဒီစာရင်းထဲမှာ မပါဝင်တော့တာဟာ ဘောလုံး ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းခဲ့တာ အမှန်ပါပဲ။
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်
သူတို့နှစ်ဦးစလုံးဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများကြီး ရယူပြီးနောက် ဥရောပကနေ ထွက်ခွာကာ အာရှနဲ့ အမေရိကမှာ သွားရောက်ပြီး ကစားသမားဘဝကို ဆက်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ အခုအချိန်ထိလည်း အောင်မြင်မှုတွေရရှိဖို့ ဆာလောင်နေပေမယ့် သူတို့ရဲ့ ကစားသမားဘဝဟာ မဝေးတော့တဲ့ အနာဂတ်မှာ အဆုံးသတ်ဖို့ ရှိလာပြီဖြစ်တာပါ။
ပရိသတ်တွေကတော့ သူတို့ရဲ့ပြိုင်ဆိုင်မှု အဆုံးသတ်သွားခဲ့ပြီဖြစ်သလို ခေတ်တစ်ခုကိုပါ အဆုံးသတ်သွားခဲ့ပြီလို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရော်နယ်ဒိုက အသက် ၃၉ နှစ်၊ မက်ဆီက အသက် ၃၇ နှစ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် သူတို့ နှစ်ဦးကစားတဲ့ ပွဲတွေကို အများကြီးကြည့်ရဖို့ မရှိတော့တာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်
နှစ်ဦးစလုံးကတော့ အခုအချိန်ထိ ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး သူတို့ အကောင်းဆုံး မလုပ်နိုင်တော့ဘူးလို့ ခံစားရရင် အနားယူမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီလိုတွေ ပြောနေပေမယ့် သူတို့နှစ်ဦးရဲ့ ခေတ်တစ်ခုဟာ အဆုံးသတ်လာခဲ့ပြီဆိုတာ လက်ခံရတော့မှာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ အားပြိုင်မှုတွေ၊ သူတို့ရဲ့အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် ကြည့်ခဲ့ရပြီး ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ သူတွေအတွက်တော့ သူတို့နှစ်ဦးရဲ့ ခေတ်တစ်ခု အဆုံးသတ်ပြီး မကြာခင်မှာ ကစားသမားဘဝက အနားယူလာမယ့်အပေါ် ဝမ်းနည်းနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။
သူတို့နှစ်ဦးဆိုရင် ဒီဘက်ခေတ်မှာရှိနေတဲ့ အသက်အရွယ်ကြီးတဲ့ သူတွေ၊ လူလတ်ပိုင်းနဲ့ လူငယ်တွေ အားလုံး သိရှိကြတာဟာ သူတို့နှစ်ဦးရဲ့ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်
မက်ဆီ ပရိသတ်ပဲဖြစ်ဖြစ်၊ ရော်နယ်ဒို ပရိသတ်ပဲဖြစ်ဖြစ် ဘောလုံးကို ချစ်တဲ့လူတိုင်းက သူတို့နှစ်ဦး ပါဝင်တဲ့ ပွဲတွေကို အနည်းနဲ့ အများတော့ ကြည့်ဖူးကြမှာပါ။
ဘောလုံးလောကကြီးရဲ့ စင်မြင့်ထက်ကို နှစ်ပေါင်း ၂၀ ကြာ မျှဝေသုံးစွဲခဲ့ရတဲ့ သူတို့နှစ်ဦးဟာ အခုအချိန်မှာတော့ နောက်မျိုးဆက်သစ်တွေကို နေရာပေးဖို့ အချိန်တန်လာခဲ့ပြီ ဖြစ်ပါတယ်။
သူတို့နှစ်ဦးနောက်ပိုင်း ဘယ်ကစားသမားတွေက သူတို့တွေလို ဘောလုံးလောကကြီးကို နှစ်ပေါင်းများစွာကြာ ကြီးစိုးထားပြီး အောင်မြင်မှု အများအပြား ရယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 3821
CNI Article
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁
ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ နိုင်ငံရေး ဇာတာသည် ထိုင်းနိုင်ငံသမိုင်းတွင် ထင်မှတ်မထားရသည့် အခြေဖြစ်ပြီး ထိုင်း၏ နိုင်ငံရေးအနာဂတ် အတွက် ဆင်ခြင်သုံးသပ်ရမည့် အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့သည်။
သမီးဖြစ်သူ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ရက်ပိုင်းအတွင်းမှာပင် ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် သူ့ကိုယ်သူ အရာရာကို သိရှိနားလည်သူတစ်ဦးအဖြစ် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သည်။
သက်ဆင်၏ မှတ်ချက်စကားများသည် နိုင်ငံရေးမျိုးဆက် လက်ဆင့်ကမ်းမှု၏ အန္တရာယ်ကို ထိုင်းပြည်သူများအား သတိပေးရာရောက်ခဲ့သည်။
ထို့နောက် နိုင်ငံကို အမှီအခိုကင်းစွာနှင့် ထိရောက်မှုရှိစွာ အုပ်ချုပ်နိုင်မှုနှင့်ပတ်သက်ပြီး ပေတုန်တန်၏ စွမ်းဆောင် ရည်အပေါ် သက်ရောက်မှု ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
သက်ဆင်သည် သမီးဖြစ်သူ၏ နိုင်ငံရေးဇာတာ မြင့်တက်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ပျော်ရွှင်မှုကို ဖုံးဖိထားနိုင်ခဲ့ခြ င်းမရှိပေ။
သက်ဆင်သည် သမီးဖြစ်သူ၏ ဝန်ကြီးချုပ်ရာထူးကို ထိုင်းပြည်သူများ၏ အောင်မြင်မှုထက် ရှင်နာဝပ်မိသားစု၏ ပုဂ္ဂိုလ်ရေး အောင်မြင်မှုအဖြစ် ပုံဖော်ခဲ့သည်။
ထိုင်းနိုင်ငံရေးလောကတွင် သက်ဆင်၏ သြဇာအာဏာ လွှမ်းမိုးခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိနေသဖြင့် ထိုအချက်မှာ အဆန်းတော့မဟုတ်ပေ။
ပေတုန်တန်နဲ့ ဆရီသာကို တွေ့ရစဉ်
ပြည်ပတွင် ပြည်ပြေးဘဝဖြင့် ၁၇ နှစ်ကြာ နေထိုင်ခဲ့သည့်တိုင် သက်ဆင်၏ သြဇာသည် ကြီးမားနေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ ပေတုန်တန်သည် အစိုးရမူဝါဒများ မကြေညာရသေးမီ အချိန်မှာပင် သက်ဆင်သည် ဝန်ကြီးချုပ် ရာထူးနှင့်ပတ်သက်ပြီး သူ့သဘောထားများကို ကြိုတင်ချပြနေမှုကြောင့် အစိုးရအဖွဲ့တွင် ပေတုန်တန် ဦးဆောင်မှု အပိုင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာကောင်းသည့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင် ( Srettha Thavisin) လက်ထက်ကလည်း သက်ဆင်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အလားတူ မေးခွန်းများ ထွက်ပေါ်ခဲ့ဖူးသည်။
ပြီးခဲ့သည့် သီတင်းပတ်က ညစာစားပွဲတစ်ခုတွင် သက်ဆင်သည် မကြာမီဖွဲ့စည်းမည့် ပေတုန်တန်၏ အစိုးရအဖွဲ့ အတွက် ၎င်း၏ အကြံပြုချက်များကို လူသိရှင်ကြား ပြောကြားခဲ့မှုကြောင့် အစိုးရအဖွဲ့သစ်အပေါ် လွှမ်းမိုးမည့် အလားအလာ ရှိ/မရှိ စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
ထိုစိုးရိမ်မှုများကို လျော့ကျစေရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်အတွင်း သက်ဆင်နှင့် ပေတုန်တန်တို့သည် ၎င်းတို့၏ ဆက်ဆံရေးကို နိုင်ငံရေးနွှယ်သည့် ဆက်ဆံရေးထက် မိသားစုဆက်ဆံရေးသာဖြစ်ကြောင်း ပြသခဲ့ပြီး အစိုးရအဖွဲ့ကို သက်ဆင်က လွှမ်းမိုးထိန်းချုပ်သွားလိမ့်မည် မဟုတ်ကြောင်း ကတိပြုခဲ့ကြသည်။
ပေတုန်တန်ကလည်း သူသည် ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင်နိုင်သူဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ သည်။
ပြီးခဲ့သည့် သီတင်းပတ်က ညစာစားပွဲတွင် သက်ဆင်က သူ့သမီးဖြစ်သူကို အိုင်ဒီယာများနှင့် အကြံပြုချက်များဖြင့် ကူညီထိန်းကျောင်းပေးရန် သူ့တွင်တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
အခြေခံအားဖြင့် ထိုပြောကြားချက်သည် သက်ဆင်အနေဖြင့် ပေတုန်တန်နှင့် အစိုးရအဖွဲ့အပေါ် လွှမ်းမိုးမှု ရှိလိမ့် မည်ဆိုသည့် သဘောမျိုး သက်ရောက်နေသည်။
သက်ဆင်အနေဖြင့် အစိုးရအဖွဲ့ကို ထိန်းချုပ်မည် ဟုတ်/မဟုတ်ကို အချိန်က စကားပြောသွားလိမ့်မည်ဖြစ်သည်။
သက်ဆင်နဲ့မြန်မာ့အလံကိုတွေ့ရစဉ်
တစ်နည်းအားဖြင့်ဆိုသော် ထိုအချက်သည် ပေတုန်တန်၏ အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ကို အားနည်းစေမည့် အက်ကြောင်းတစ်ခုလည်း ဖြစ်လာနိုင်သည်။
ပိုပြီးအရေးကြီးသည့် အချက်မှာ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်အတွက် ကြီးမားသည့် အန္တရာယ်တစ်ခု လည်း ဖြစ်လာနိုင်သည်။
လာမည့် သီတင်းပတ်များအတွက် ပေတုန်တန်သည် ၎င်း၏ ခေါင်းဆောင်မှု အပိုင်းတွင် ကြီးမားသည့် စမ်းသပ်မှု များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ပေတုန်တန်သည် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ရမည်ဖြစ်သည်။ ထို့နောက် ပါလီမန်တွင် မိန့်ခွန်းပြောရမည်ဖြစ်သည်။
အလားတူ နိုင်ငံတကာစင်မြင့်ထက်သို့ ထွက်ပေါ်လာရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် ပြုလုပ်သည့် အစည်းအဝေး များ တက်ရမည်ဖြစ်သည်။
စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ဘန်ကောက်မြို့တော်၌ ပြုလုပ်မည့် ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံ သိပ္ပံနည်း ပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (Bimstec) ညီလာခံကို ရက်ရွှေ့ဆိုင်းခဲ့ခြင်းက ပေတုန်တန် ရင်ဆိုင် နေရသည့် သံတမန်ရေးရာ မရေရာမှုများကို ညွှန်ပြရာ ရောက်နေသည်။
ထို့ပြင် (Bimstec) ညီလာခံ မတိုင်မီ ထိုင်းသို့ လာရောက်မည့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ ခရီးစဉ်လည်း ရက်ရွှေ့ဆိုင်းခဲ့သည်။
ထိုအခြေအနေများက ပေတုန်တန်အတွက် နိုင်ငံတကာ သံတမန်ဆက်ဆံရေး၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဆင်သင့် မဖြစ်သေးသည်ကို ပြသနေသည်။
လာမည့်လတွင်လည်း အမေရိကန်၌ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပမည်ဖြစ်ပြီး ပေတုန်တန်သည် ထိုညီလာခံကို တက်ရောက်မည် ဟုတ်/မဟုတ်နှင့် သူ့ကိုယ်သူ အာရှ၏ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတကာ စင်မြင့်ထက်တွင် မိတ်ဆက် ပြောကြားမည် ဟုတ်/မဟုတ်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ပေတုန်တန်အတွက် ပြည်ပ စိန်ခေါ်မှုများကို အောက်တိုဘာလထဲတွင်လည်း ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
ပေတုန်တန်သည် အောက်တိုဘာလတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane)မြို့၌ ပြုလုပ်မည့် ၄၄ ကြိမ်မြောက် နှင့် ၄၅ ကြိမ်မြောက် အာဆီယံနှင့်ဆက်နွှယ်သည့် ညီလာခံများကို တက်ရောက်ရန် စီစဉ်ထားသည်။
ထိုညီလာခံများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အရှေ့တီမောနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။
သက်ဆင်နဲ့ပေတုန်တန်ကို တွေ့ရစဉ်
ထို့နောက် ပေတုန်တန်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်း ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ရန် လိုအပ်မည်ဖြစ်သည်။
ပေတုန်တန်ကို စောင့်ဆိုင်းနေသည့် အကြီးမားဆုံး စမ်းသပ်ချက်တစ်ခုမှာ မြန်မာ့အရေး ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဆရီသာ လက်ထက်က မြန်မာ့အရေးကို အာရုံသိပ်စိုက်ခဲ့ခြင်းမရှိဘဲ ပြည်တွင်းစီးပွားရေး အစီအစဉ်များကိုသာ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခအခြေအနေ ဆိုးရွားနေမှုနှင့်အတူ ပေတုန်တန်၏ အစိုးရအဖွဲ့သစ်အနေဖြင့် မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ထိုင်း၏ မူဝါဒကို ပြန်လည်ချိန်ညှိရန် လိုအပ်မည်ဖြစ်သည်။
ယခုနှစ် အစောပိုင်းကမူ ၎င်း၏ ဖခင်ဖြစ်သူ သက်ဆင်သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် တွေ့ဆုံခဲ့ပြီး သူ့ကိုယ်သူ ငြိမ်းချမ်းရေးပွဲစား တစ်ဦးအဖြစ် ပုံဖော်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
ထိုင်း၏ အနောက်ဘက်စည်းရိုးတွင် ဖြစ်ပွားနေသည့် အခြေအနေများက နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး အပေါ် ယခင်ကတည်းက သက်ရောက်မှုများ ရှိနှင့်ပြီးဖြစ်သည်။
ရှင်းလင်းတိကျသည့် မူဝါဒများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး အစီအစဉ်များ မရှိသဖြင့် ထိုင်း-မြန်မာ နယ်စပ်သည် ချိန်ကိုက်ဗုံး တစ်လုံးလိုဖြစ်နေကာ တရားမဝင် ရွှေ့ပြောင်းများနှင့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းများ အများအပြား ဝင်ရောက်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
ထိုင်းနိုင်ငံရေးလောကအတွင်းသို့ သက်ဆင် ပြန်လည်ဝင်ရောက်မည့် အခြေအနေသည် ယခင်ကတည်းက အစပျိုး ခဲ့ခြင်းဖြစ်ပြီး သက်ဆင်သည် သူ့အတွေးအမြင်များဖြင့် ပေတုန်တန်၏ လုပ်ငန်းစဉ်ကို ပုံဖော်ရန် ယခင်ကတည်းက မျှော်မှန်းထားခဲ့ပြီးဖြစ်သည်။
သက်ဆင်၏ နိုင်ငံရေးဩဇာ လွှမ်းမိုးမှုကြောင့် ထိုအခြေအနေသည် ပေတုန်တန်အတွက် အန္တရာယ်ရှိနေသည်။
ထို့ကြောင့် ပေတုန်တန်သည် သက်ဆင်၏ လွှမ်းမိုးမှုကို ကျော်လွှားနိုင်မည် ဟုတ်/မဟုတ် ဆိုသည်မှာ သံသယ ဖြစ်စရာကောင်းလှသည်။
လက်ရှိတွင် ပေတုန်တန်၏ အနာဂတ်သည် မခန့်မှန်းနိုင်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံရေး အတွေ့အကြုံ နည်းပါးနေမှုက အစိုးရအဖွဲ့ကို ဦးဆေင်ရန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို သူ့ဘက်တွင် ရှိနေအောင် ဆွဲဆောင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ပေတုန်တန်သည် ဖခင်ဖြစ်သူ သက်ဆင်၏ လောင်းရိပ်အောက် ကျရောက်နိုင်သဖြင့် သူသည် သူ့ကိုယ်ပိုင် ခေါင်းဆောင်မှုပုံစံကို တည်ဆောက်ရမည်ဖြစ်သည်။
နိုင်ငံရေးမျိုးဆက် လက်ဆင့်ကမ်းမှု၏ အန္တရာယ်မှာ ပိုမိုသိသာထင်ရှားလာပြီး ထိုင်းနိုင်ငံ၏ အနာဂတ်သည်လည်း ချောက်ကမ်းပါးပေါ်တွင် ရှိနေသည်ဟု ယူဆမည်ဆိုပါက မှားမည်မထင်ချေ။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 1453
CNI Sport Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀
ပေါ်တူဂီနဲ့ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ သွင်း ဂိုး ၉၀၀ ပြည့်တဲ့ မှတ်တိုင်ရောက်ဖို့အတွက် သွင်းဂိုး ၁ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထား တယ်လို့ ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ သူ့ရဲ့ YouTube Channel မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောခဲ့တာပါ။
ရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝဟာ အဆုံးသတ်ဖို့ နီးကပ်လာပြီဖြစ်ပေမယ့် သူကတော့ ရည်မှန်း ချက်ကို အမြင့်ဆုံးထားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ဂိုးပေါင်း ၁,၀၀၀ သွင်းယူနိုင်တဲ့ ကစားသမားဆိုတဲ့ သူ့ရဲ့အမှတ်အသားကို ချန်ထားပြီး အနားယူချင်နေပါတယ်။ ရော်နယ်ဒိုက ဒီလိုစံချိန်တင် သွင်းဂိုး အရေအတွက်ဟာ သူ့အသက် ၄၁ နှစ် ဝန်းကျင်မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန့်ထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုက "ကျနော် သွင်းဂိုး ၁,၀၀၀ ပြည့်ချင်ပါတယ်။ ကျနော့်မှာ ဘာဒဏ်ရာမှ မရှိဘူးဆိုရင် ဒါက ကျနော့် အတွက် အရေးအကြီးဆုံးဖြစ်ပြီး ဒါကို ကျနော်လိုချင်ပါတယ်။ ကျနော့်အတွက် ပထမဆုံးက သွင်းဂိုး ၉၀၀ ပြည့် ဖို့ပါ။ ပြီးရင် ကျနော့်ရဲ့စိန်ခေါ်မှုက သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ပါ"လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ ဘယ်အချိန်မှာ အနားယူမလဲဆိုတာ မပြောသေးပေမယ့် ခန့်မှန်းမှုတွေ အရတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးပြီးနောက် အနားယူနိုင်တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ရော်နယ်ဒိုဟာ အသက် ၄၁ နှစ်အထိ ဒဏ်ရာကင်းကင်း၊ ကြံ့ခိုင်မှု အပြည့်အဝ ရှိနေမယ်ဆိုရင် သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သွင်းဂိုး ၁,၀၀၀ ရောက်ရှိနိုင်မယ်လို့လည်း ယုံကြည်မှုရှိနေတာပါ။
ရော်နယ်ဒို အနေနဲ့ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ဆိုရင် ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းမှာ သွင်းယူခဲ့တဲ့ ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ မျိုးကို ထပ်ပြီး လုပ်ပြရမှာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းမှာ ကစားရမယ့် ပွဲအရေအတွက်ထက် အယ်လ်နာဆာအသင်းမှာ ကစားရမယ့် ပွဲအရေအတွက်က အဆအများကြီး ပိုများတာကြောင့် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးလုပ်ပြရဦးမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ အယ်လ်နာဆာအသင်းအတွက် ကစားထားတဲ့ ၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ရာသီအစကိုလည်း ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့တာပါ။
ရော်နယ်ဒိုအတွက် သွင်းဂိုး ၁,၀၀၀ ဆိုတဲ့ စံချိန်မှတ်တမ်းဟာ သူ့ရဲ့အသက်အရွယ်အရ လက်တွေ့မှာ မလွယ်ကူ နိုင်ပေမယ့် သူကိုယ်တိုင် ထုတ်ပြောထားတဲ့ အရာဖြစ်တာကြောင့် စောင့်ကြည့်နေကြတဲ့ သူတွေကလည်း များပြား ပါတယ်။
ဒီလိုမှတ်တမ်းမျိုးကို ရော်နယ်ဒို လုပ်နိုင်မယ်လို့ ယုံကြည်နေတဲ့ သူတွေရှိသလို မယုံကြည်ကြတဲ့ သူတွေကလည်း အများကြီးရှိနေတာပါ။
ရော်နယ်ဒိုဟာ အရင်ကတည်းက သူ့အပေါ် မယုံကြည်တဲ့သူတွေကို အလုပ်နဲ့ သက်သေပြပြီး စံချိန်အသစ်တွေ အများကြီးကို တင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ဘောလုံးအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ခံယူချက်တွေဟာ အခုအချိန်ထိ လျော့ကျသွားခြင်း မရှိဘဲ အောင်မြင်မှု၊ ဆာလောင်မှုတွေဟာ အမြဲတမ်း ပြည့်နှက်နေတာပါ။
အဲဒါကြောင့်လည်း ရော်နယ်ဒိုဟာ သွင်းဂိုး ၁,၀၀၀ ဆိုတဲ့ ရည်မှန်းချက်ကိုထားပြီး သူ့ကိုယ်သူ ပိုပြီးကြိုးစားအောင် တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။
ဒီစံချိန်မှတ်တမ်းဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝမှာ နောက်ဆုံး မှတ်တမ်းတင်နိုင်မယ့် အရာလည်း ဖြစ်နိုင် တာပါ။
အဲဒါကြောင့် ရော်နယ်ဒို အနေနဲ့ ဒီစံချိန်မှတ်တမ်းကို တင်နိုင်ခြင်း ရှိ/မရှိဆိုတာ သူ့ရဲ့ သွင်းဂိုးအရေအတွက်ကို ရေတွက်ပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 2510
CNI Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို ခွဲထွက်ရေးဟုဆိုကာ တပ်မတော်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာ သိမ်းခဲ့သည်။
ထိုစဉ်အချိန်က ဝန်ကြီးချုပ် ဦးနု လက်ထပ် ဒီမိုကရေစီ အပြည့်အဝရနေချိန်ကာလဖြစ်သည်။
သို့သော် အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတခွဲဝေရေး မညီမျှမှုများကြောင့် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတအရင်းအမြစ် ပိုင်ဆိုင်ခွင့် ခွဲဝေရေးကို တောင်းဆိုခဲ့သည်။
ထိုသို့ တောင်းဆိုသည့် ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေး တောင်းဆိုခြင်းနှင့် တိုင်းပြည် ပြိုကွဲအောင် လုပ်ခြင်း ဆိုကာ ဦးနေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာသိမ်းကာ ဖက်ဒရယ်ဆိုသည့် အသံကို တိတ်ဆိတ်သွား အောင် လုပ်ပစ်ခဲ့သည်။
ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက် ရောက်လာသည့်အခါမှာတော့ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနှင့်အတူ ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း တပ်မတော်က ထုတ်ဖော် ပြောကြားလာခဲ့သည်။
သို့သော် ၂၀၁၂ ခုနှစ်ကနေ စတင်ခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖက်ဒရယ်စနစ် အကောင်အထည် ဖော်မှုက ယနေ့(၂၀၂၄ ခုနှစ်)ထိ မအောင်မြင်သေးပါ။
ထို့နောက် မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှုများ နိုင်ငံတစ်ဝန်း ပျက်စီးလာပြီး လက်နက်ကိုင် ပဋိပက္ခက ပိုမိုကြီးထွားခဲ့သည်။
အလားတူ တပ်မတော်၏ စစ်အင်အားသည်လည်း အားနည်းလာသလို အုပ်ချုပ်ရေးပိုင်းမှာလည်း အားနည်းမှုများ ဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေသူများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသော စိတ်ကူး စိတ်သန်းများကနေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော စကားလုံးများကိုသုံးကာ အကောင်အထည်ဖော်လာခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)သည် ခွဲထွက်ခွင့်ထိရှိသော Self-determination နှင့် ခွဲထွက်ခွင့်ထိ မရှိသော Self-determination ဆိုပြီး ရှိသည်။
လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည့် EAO များ သည် ခွဲထွက်ခွင့်မရှိသော Self-determination ကို ပြောနေ သူများရှိသလို ခွဲထွက်နိုင်သည့် Self-determination ကို ပြောနေသူများဆိုကာ ယခင်က ကွဲပြားကြသော်လည်း ယခုကာလမှာ တော့ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ခွင့်ရှိသည့် အဆင့်ထိ ပြောလာကြသည်ကို တွေ့ရသည်။
ရက္ခိုင့်တပ်တော်(AA)က UWSA “ဝ” ထက် မနိမ့်သော အဆင့်အတန်းမျိုးကိုယူမည် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းအတင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
ယခု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က စတင် အကောင်အထည်ဖော်နေပြီး ဖြစ်သည်။
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင် အုပ်ချုပ် သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တဖက်တွင် လည်း မိမိတို့ ၇ ဖွဲ့ကြား မှာ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ အစည်းအဝေးမှာ ပြောသွားသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများ သည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်၍ မြန်မြန် ယခုကာလမှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ် ပြောခဲ့သည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့် လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။
အထက်ပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်လျှင် တိုင်းရင်းသား လက်နက်ကိုင်များသည် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ တပ်မတော်၏ အားနည်းနေမှု၊ လူထု၏ တပ်မတော်ကို ဆန့်ကျင်နေမှု ရေချိန်၊ နိုင်ငံတကာ၏ အခြေအနေ တို့ကို သုံးသပ်ကာ ဖက်ဒရယ်စနစ်ထက် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို တည်ဆောက်ဖို့ ပြင် ဆင်လာနေသည်ဟု တွေ့ရသည်။
MNDAA နဲ့ UWSA ခေါင်းဆောင်များကို တွေ့ရစဉ်
သို့မဟုတ်ပါက ကွန်ဖက်ဒရေးရှင်းထက် သာလွန်သော အတင့်အတန်းမျိုးထိပါ တည်ဆောက်ရန်လည်း စိတ်ကူးနေကြဟန် ရှိနိုင်သည်။
ထို့ကြောင့် တချိန်က ဖက်ဒရယ်စနစ်ကိုတောင် ခွဲထွက်ရေး-တိုင်းပြည်ပြိုကွဲရေးဟု ဆိုကာ အာဏာသိမ်းခဲ့ သည့်အထိ တုန့်ပြန်ခဲ့သော တပ်မတော်သည် ဖက်ဒရယ်စနစ်ထက် သာလွန်သော ကွန်ဖက်ဒရေးရှင်းဖက်ကို အရိပ်လွှမ်းလာသော အခြေအနေကို ဘယ်လို ခံယူပြီးတော့ ဖြေရှင်းမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှ သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံပြိုကွဲသွားခြင်း သို့မဟုတ် ဗဟိုအာဏာ ပြိုကွဲသွားခြင်းမျိုးကိုတော့ အဖြစ်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဗဟိုအာဏာ ပြိုကွဲသွားပါက မြန်မာနိုင်ငံသည် နိုင်ငံငယ်များ ပေါ်ပေါက်လာမှာဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်းများကြား နယ်မြေလုစစ်ပွဲများ ပေါ်ပေါက်လာမည်ကို စိုးရိမ် ခြင်းကြောင့် ဖြစ်သည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA၊ MNDAA၊ KIA၊ PDF၊ UWSA၊ SSPP တို့ကြား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း KIA၊ AA၊ PDF၊ SNA၊ KNO(kuki)၊ NSCN တို့ကြား လည်းကောင်း၊ ချင်းပြည်နယ်တွင်း AA၊ CNF၊ CND တို့ကြား လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် AA၊ ALP၊ ARSA၊ RSO တို့ကြားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ PDF၊ TNLA၊ KIA ကြားလည်းကောင်း နယ်မြေလု စစ်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကနေ ကွန်ဖက်ဒရေးရှင်း တည်ဆောက်ရန် ကြိုးပမ်းမှုများသည် အနာဂတ်မြန်မာနိုင်ငံ၏ ဖြစ်တည်မှုသည် ဘယ်ပုံ ဘယ်နည်း ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပေတော့မည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1318
CNI Sport Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
ချယ်လ်ဆီးအသင်းဟာ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ပိုင်ရှင်အစုအဖွဲ့က အသင်းကို ဝယ်ယူပြီးကတည်းက ခေါ်ယူ ခဲ့တဲ့ ကစားသမား အများအပြားကြောင့် အခုဆိုရင် အသင်းကြီးလူစာရင်းမှာ ကစားသမားတွေဟာ အလွန်များပြား နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာလည်း ကစားသမားသစ်တွေ ခေါ်ယူမှုကို မရပ်တန့်ခဲ့တဲ့အတွက် အခုဆိုရင် အသင်းကြီးမှာ ကစားသမားဦးရေ ၄၀ ကျော် အထိရှိနေတာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် သြဂုတ်လ မကုန်ခင်မှာ အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချ၊ အငှားချနဲ့ ထွက်ခွာခွင့်ပြုတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေကို ခေါ်ယူရာမှာ လူငယ်ကစားသမား အများအပြားကို ခေါ်ယူပြီး နှစ်ရှည် စာချုပ်တွေ ချုပ်တာကြောင့် အသင်းအနာဂတ်ဟာ တောက်ပနိုင်မှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကစား သမား များပြားတဲ့ ပြဿနာတွေကို ကြုံနေရတာပါ။
ချယ်လ်ဆီးအသင်းက ရောင်းချမယ့် ကစားသမားတွေကို တွေ့ရစဉ်
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ စတာလင်၊ လူကာကူ၊ ဘန်ချီဝယ်လ်၊ ကီပါ၊ ချာလိုဘတ်တို့ကို အသင်းနဲ့ သီးခြားစီ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့ပြီး ရောင်းချမယ့် စာရင်းထဲကို ထည့်သွင်း ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာ ကိုယ်တိုင်က သူဟာ ကစားသမား အယောက် ၄၀ ကျော်နဲ့ အလုပ်လုပ်မှာ မဟုတ်ဘဲ ၂၁ ဦးနဲ့သာ အလုပ်လုပ်မယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။
စတာလင်နဲ့ ဘန်ချီဝဲလ်တို့ဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ပေမယ့် ဒီရာသီမှာတော့ ရောင်းချခံရမယ့် ကစားသမား စာရင်းထဲကို ရောက်ရှိသွားခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ စတာလင်နဲ့ ချာလိုဘတ် တို့ရဲ့ ကျောနံပါတ် ၇ နဲ့ ၁၄ ကို ကစားသမားသစ်တွေဖြစ်တဲ့ ပက်ဒရိုနက်တိုနဲ့ ဂျာအိုဖီးလစ်တို့ကို ပေးခဲ့တဲ့အထိ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကစားသမားများပြားတဲ့ ပြဿနာတွေကြောင့် အကယ်ဒမီ ကစားသမား အများအပြားကို ရောင်းချခဲ့ရပြီး ဒီနွေရာသီမှာဆိုရင် ဂယ်လာဂါ၊ မတ်ဆန်၊ ဟတ်ချင်ဆန်နဲ့ လူးဝစ်ဟောလ်တို့ကို ရောင်းချခဲ့ရ တာပါ။
ချယ်လ်ဆီးအသင်း ပိုင်ရှင် တော့ဒ်ဘိုလီကို တွေ့ရစဉ်
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ မူဝါဒကို ဝေဖန်ခဲ့သလို ကစားသမားတွေကို ချယ်လ်ဆီးအသင်းထံ လာရောက်တာကို ရပ်တန့်ဖို့နဲ့ ချယ်လ်ဆီးအသင်းကိုလည်း ကစားသမားခေါ်တာ ရပ်တန့်ဖို့အထိ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ကစားသမား စာရင်းမှာဆိုရင် ဂိုးသမား ၅ ဦး၊ နောက်တန်းမှာ ၁၁ ဦး၊ ကွင်းလယ်မှာ ၇ ဦး၊ ရှေ့တန်းမှာ ၁၀ ဦးအထိရှိပြီး လူကာကူ၊ ကီပါ၊ ဖိုဖာနာ၊ ဘရိုဂျာတို့ အပါအဝင် ကစားသမားအချို့ဟာ ဒီစာရင်း ထဲမှာ မပါဝင်ခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လူစာရင်းကို လျှော့ချဖို့အတွက် အသင်းကြီးနဲ့ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ် နေတဲ့ ကစားသမား ၁၃ ဦးကို ရောင်းချချင်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လူကာကူ၊ ကီပါ၊ စတာလင်နဲ့ ဘန်ချီဝဲလ်တို့ အပါအဝင် ဒီကစားသမားတွေကို ပြောင်းရွှေ့ ကြေး ပေါင်သန်း ၃၀၀ ကျော်အထိ သုံးစွဲပြီး ခေါ်ယူခဲ့ပေမယ့် ရောင်းချခဲ့ရင် တစ်ဝက်တောင်ပြန်ရဖို့ မလွယ်ကူ ပါဘူး။
တော့ဒ်ဘိုလီ လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေ ဝယ်ယူသလောက် ကစားသမားတွေကို ရောင်းချတာမှာ အကျိုးအမြတ်တွေ ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရှုံးပေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ချယ်လ်ဆီးအသင်း ကစားသမားတွေကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လူစာရင်းများပြားတဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် အရှုံးအမြတ်တွေကို ကြည့်လို့ မရတော့ဘဲ ရောင်းချမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်း ပိုင်ရှင်အစုအဖွဲ့ဟာ အသင်းအောင်မြင်မှုတွေ ရဖို့အတွက် ပြောင်းရွှေ့ကြေးတွေ ထုတ်ပေးနေပေမယ့် အသင်းကတော့ သူ့လက်ထက်မှာ အောင်မြင်မှုရခြင်း မရှိသေးပါဘူး။
ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားအချို့ကို အငှားချထားတာတွေရှိသလို ကစားသမားတွေကို နှစ်ရှည် စာချုပ်ချုပ်ထားတာကြောင့် ဒီရာသီမှာ အောင်မြင်မှု မရယူနိုင်ဘူးဆိုရင် ချယ်လ်ဆီးအသင်းပိုင်ရှင် အနေနဲ့ လူစာရင်း များပြားတဲ့ ပြဿနာတွေမဖြစ်အောင် လာမယ့်ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ကို စဉ်းစား သွားနိုင်တာပါ။
အဲဒါကြောင့် နည်းပြ မာရက်စ်ကာအနေနဲ့ ချယ်လ်ဆီးအသင်းကို ဒီရာသီမှာ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။