CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀

အက်သလက်တီကိုနဲ့ အာဆင်နယ်အသင်း ၁ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ အာဆင်နယ်အသင်းရမယ့် ပယ်နယ်တီကို အငြင်းပွားဖွယ် ပယ်ဖျက်ခဲ့မှုအပေါ် နည်းပြအာတီတာက ဒေါသထွက် နေပြီး စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “အီဇီရဲ့ ပယ်နယ်တီကို ပယ်ဖျက်ခဲ့တဲ့အပေါ် ကျနော် ဒေါသထွက်နေပါတယ်။ ဒီအဆင့်မှာ ဒီလိုမျိုး အရာတွေက ဖြစ်လို့မရပါဘူး။ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေပြီး ကျနော် နားမလည်နိုင်အောင်ပါပဲ။ ရှင်းရှင်းလင်း လင်း ထိတွေ့မှုရှိခဲ့သလို ပယ်နယ်တီပေးဖို့ ဆုံးဖြတ်ပြီးမှာ VAR ကို ၁၃ ကြိမ်ကြည့်ပြီးရင် ဒါကိုပယ်ဖျက်လို့ မရပါ ဘူး”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ရဲ့ ပယ်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အက်သလက်တီကို အသင်းအတွက် ချေပဂိုးကို ပယ်နယ်တီကနေ အယ်လ်ဗာရက်ဇ်က ပြန်ပြီးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ အီဇီကို အက်သလက်တီကိုအသင်း နောက်ခံလူ ဟန်ကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်မှာ ဒုတိယမြောက် ပယ်နယ်တီရဖို့ ငြင်းဆန်ခံခဲ့ရတာပါ။

ဒီပွဲကို ကိုင်တွယ်တဲ့ ဒတ်ချ် ကွင်းလယ်ဒိုင်လူကြီးဟာ အစောပိုင်းက ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR ဒိုင်လူကြီးက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ မော်နီတာကို သွားရောက် ကြည့်ခိုင်းခဲ့ပါတယ်။

အက်သလက်တီကို ပရိသတ်တွေနဲ့ နည်းပြ ဆီမြွန်နီဆီတို့က အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြသလို သူကလည်း ဒီဖြစ်ရပ်ကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးနောက် ပယ်နယ်တီပေးခဲ့တဲ့ ကနဦး ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့တာပါ။

အာတီတာကတော့ သူတို့အနိုင်ရမယ့် အခွင့်အရေးကို မပေးခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ဒေါသ ထွက်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲသရေကျခဲ့ပေမယ့် ဒုတိယအကျော့ကို အိမ်ကွင်း ကစားရမှာဖြစ်လို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ဖို့ ရေပန်းစားနေပါတယ်။

Source: ESPN