CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁
မာဆေးလ်အသင်းဟာ တိုက်စစ်မှူး ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့ပြီး သူ့ကို ရောင်းချရမယ်ဆိုရင် အနည်းဆုံး ပေါင် ၄၃ သန်းရရှိဖို့ မျှော်လင့်နေပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၄ ခုနှစ်မှာ ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက မာဆေးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပထမရာသီမှာ ပြိုင်ပွဲစုံ ၂၂ ဂိုး သွင်းယူနိုင်ခဲ့ကာ ဒီရာသီမှာတော့ ၂၅ ဂိုးသွင်းယူထားတာပါ။
ဒါပေမယ့် ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေပြီး သူ့ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း က စိတ်ဝင်စားနေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကာလရှည်ကြာ ပစ်မှတ်ထားနေတာဖြစ်ပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကြိုးပမ်းသွားမယ်လို့ အီတလီကလာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။
La Gazzetta dello Sport က မာဆေးလ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် ဘဏ္ဍာရေး ဆိုင်ရာ အကြောင်းပြချက်ကြောင့် ဂရင်းဝုဒ်ကို ရောင်းချရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မာဆေးလ်အသင်းဟာ ဒီရာသီ လိဂ်ပွဲတွေ ကစားဖို့ ၃ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ အဆင့် ၆ နေရာ ရပ်တည် နေပြီး အဆင့် ၃ နေရာက လိုင်လီ၊ အဆင့် ၄ နေရာက လိုင်ယွန်အသင်းတို့နဲ့ ၄ မှတ်ကွာဟနေတာပါ။
ပြင်သစ်လီဂူး-၁ မှာ ထိပ်ဆုံး ၃ သင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရပြီး အဆင့် ၄ နေရာက အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို မာဆေးလ်အသင်း ရောင်းချခဲ့ရင် ယူနိုက်တက်အသင်းဟာ ဒီပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်းကို ရရှိမှာပါ။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ပေါင်သန်း ၃၀ နဲ့ ရောင်းချခဲ့မှုမှာ ပြန်ရောင်းချရင် ပြောင်းရွှေ့ကြေး အစိတ်အပိုင်းပေးဖို့ အချက်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
