- By CNI
- Category: ဆောင်းပါး
- Hits: 1951
CNI Article
၂၀၂၄ ခုနှစ် ၊ ဩဂုတ် ၂
ဇန်နဝါရီ ၁ ရက်မှစပြီး BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးနေရာကို တောင်အာဖရိကမှ ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရုရှားသည် "ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် နိုင်ငံပေါင်းစုံ ပါဝင်ရေးဝါဒကို မြှင့်တင်ရေး" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် BRICS ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း၊ အများ သဘောဆန္ဒအပေါ် အခြေခံသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရန် ဆက်လက် ဆောင်ရွက်ခဲ့သည်။
BRICS သည် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ထိုအဖွဲ့ကို ၂၀၀၆ ခုနှစ်၊ ဇွန်လက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က အလွတ်သဘော ဖွဲ့စည်းသည့် အဖွဲ့အဖြစ် စတင် တည်ထောင်ခဲ့ကာ မူလအမည်မှာ BRIC ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင်မူ တောင်အာဖရိကနိုင်ငံ ပါဝင်လာခဲ့ပြီးနောက် BRIC မှ BRICS တရားဝင် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင်မူ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး နိုင်ငံတို့သည် BRICS ၏ တရားဝင် အဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။
ပထမဆုံးအကြိမ် BRICS ညီလာခံကို ၂၀၀၉ ခုနှစ်က ရုရှားနိုင်ငံ၊ ယီကတ်တာရင်ဘတ် (Yekaerinburg) မြို့တွင် ကျင်းပခဲ့သည်။
BRICS ကိုတွေ့ရစဉ်
ထိုအချိန်မှစပြီး BRICS သည် မူဝါဒနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာဖလှယ်မှု အစရှိသည့် ကဏ္ဍ ၃ ခုအောက်တွင် လွှမ်းခြုံပါဝင်သော ကြီးမားကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆွေးနွေးပွဲ ယန္တရားများကို ထူထောင်ခဲ့သည်။
ထို့နောက် နိုင်ငံတကာ အရေးကိစ္စများတွင် အတွေးအမြင်များကို ဖလှယ်ရန်အတွက် အလွတ်သဘော ပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခုအဖြစ် တည်ရှိလာခဲ့သည်။
BRICS သည် တစ်နိုင်ငံခြင်းစီ ပါဝင်သည့် သမဂ္ဂတစ်ခုထက် ဆန်းသစ်သည့် အပြန်အလှန် ထိတွေ့ဆက်ဆံမှု ပုံစံ ဖြစ်သည်။ BRICS ၏ မိတ်ဖက်ဆက်ဆံမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက်တွေ့ကျသည့် အောင်မြင်ဖြစ်ထွန်းမှုကို မြှင့်တင်ရန် စုပေါင်းအားထုတ် ကြိုးပမ်းမှုနှင့် တစ်နိုင်ငံချင်းစီ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားမှု၊ တစ်နိုင်ငံက ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တစ်နိုင်ငံက လေးစားမှု၊ အချုပ်အခြာအာဏာ ပိုင်မှုဆိုင်ရာ သာတူညီမျှရေး မူဝါဒများအပေါ် အခြေခံထားခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် BRICS သည် မည်သူ့ကိုမျှ ဆန့်ကျင်ခြင်းမရှိဘဲ နိုင်ငံတကာ အရေးကိစ္စများတွင် အားလုံးနှင့် အတူ အကျိုးအမြတ်ရှိပြီး သာတူညီမျှမှုရှိရေးကို ဖော်ဆောင်ရန် အဆင်သင့် အနေအထားတွင် ရှိနေသည်။
ထိုချဉ်းကပ်မှုသည် ကမ္ဘာ့နိုင်ငံ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအချက်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အကြား ကျင်းပခဲ့သည့် ဂျိုဟန်နက်စဘတ်ချ် ညီလာခံ (Johannesburg Summit) က ရှင်းလင်းစွာ သက်သေပြခဲ့သည်။
ရုရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ တောင်အာဖရိကနိုင်ငံခြားရေး၀န်ကြီးကို တွေ့ရစဉ်
ထိုညီလာခံတွင် ကမ္ဘာ့တောင်ခြမ်းနှင့် အာဖရိကမှ နိုင်ငံပေါင်း ၆၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ နီးပါးက BRICS အဖွဲ့အတွင်း ဝင်ရောက်လိုသည့် ဆန္ဒများကို ထုတ်ဖော်ပြသခဲ့ကြသည်။
BRICS အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အလျှင်မြန်ဆုံး နိုင်ငံများဖြစ်သည်ဆိုသည့် ဝိသေသလက္ခဏာ များကို ထပ်တလဲလဲ ပြသနိုင်ခဲ့သည်။
BRICS အဖွဲ့ဝင်အင်အား ချဲ့ထွင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ကုန်ပိုင်းတွင် ဝယ်ယူနိုင်စွမ်း ငွေတန်ဖိုး တူညီမှုအပေါ် အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ၃၁ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။
ထိုအချက်အလက်များအရ စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ထက်ပင် မြင့်တက်နေသည်ကို တွေ့ရှိခဲ့သည်။
BRICS သည် လက်ရှိ ပထဝီနိုင်ငံရေး အခင်းအကျင်း၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်လာပြီး ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းနှင့် သာတူညီမျှမှု၊ တရားမျှတမှုတို့ကို ထူထောင်ရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့ သည်။
အထူးသဖြင့် ဘက်ပေါင်းစုံ ပါဝင်ပြီး ဒီမိုကရေစီဆန်သည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပုံစံကို ပုံဖော်ရာတွင် ကမ္ဘာ့ တောင်ခြမ်းတွင် စည်းလုံးညီညွတ်မှုနှင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များဖြင့် အဓိပ္ပာယ်ပြည့်စုံသော အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့သည်။
BRICS ကိုတွေ့ရစဉ်
BRICS သည် နိုင်ငံများ ပေါင်းစည်းထားသည့် အသင်းအဖွဲ့ထက်ပိုသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ BRICS ၏ အတွေးအမြင်သည် ပိုပြီး သာတူညီမျှမှု အနာဂါတ်ကို ပုံဖော်ထားခြင်းဖြစ်သည်။
ထိုအတွေးအမြင်သည် အနောက်အုပ်စု ဆန့်ကျင်ရေး မဟုတ်သော်လည်း အနောက်အုပ်စုက ကမ္ဘာကြီးကို ကြီးစိုး ထားခြင်း မရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ BRICS ၏ စုပေါင်းအင်အားသည် မတူကွဲပြားမှု၊ ပေါင်းစုံပါဝင်မှု၊ စံတန်ဖိုးများကို ဖလှယ်မှုတို့အပေါ် အခြေတည်ထားသည်။
အနာဂတ် ကမ္ဘာ့အခင်းအကျင်းသည် ကမ္ဘာကြီး တည်ငြိမ်လုံခြုံပြီး ချမ်းသာဝပြောစေရန်အတွက် တစ်ကိုယ် ကောင်းဆန်သည့် အကျိုးစီးပွားရှာမှု၊ လွှမ်းမိုးမှုတို့ထက် BRICS ကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုဖြင့် ဆုံးဖြတ်ခြင်း၊ ပွင့်လင်းမှု၊ စည်းလုံးမှု၊ သာတူညီမျှမှု၊ အပြန်အလှန်နားလည်မှု၊ တရားမျှတမှုတို့ဖြင့် ဆုံးဖြတ်ခြင်း တို့သာ ဖြစ်သင့်သည်။
BRICS သည် ၂၀၂၃ ခုနှစ် ဂျိုဟန်နက်စဘတ် ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ တိုးလာမှုနှင့်အတူ ယုံကြည်မှုရှိရှိဖြင့် ရှေ့သို့ချီတက်နေသည်။
အဖွဲ့ဝင်နိုင်ငံများအကြား ပြင်လွယ်ပြောင်းလွယ်ရှိပြီး ပေါင်းစုံပါဝင်သည့် နိုင်ငံတကာဘဏ္ဍာရေးစနစ်ကို ဖော်ဆောင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 2020
CNI Sport Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂
ပြီးခဲ့တဲ့တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင်မှာ လည်း ဒဏ်ရာထိုးနှက်ချက်တွေကို စတင်ကြုံတွေ့ နေခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ အမေရိကန်ရာသီကြို ခရီးစဉ်မှာ ဒဏ်ရာရရှိခဲ့ကြတဲ့ အဓိက ကစားသမားအချို့ကို ရာသီသစ် ပြန်လည်စတင်ပြီး ကာလအတန်ကြာအထိ အနားပေးရတော့မှာဖြစ်ပါတယ်။
နောက်ခံလူသစ် ယိုရိုနဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းက အာဆင်နယ်အသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ တောင်ပံကစားသမား အန်တိုနီတို့ဟာ ဘက်တစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ အဓိကလိုအပ်နေတဲ့ ဗဟိုနောက်ခံလူ နေရာအတွက် ယိုရိုကို လိုင်လီ အသင်းကနေ ပေါင် ၅၉ သန်းပေးပြီး ခေါ်ယူခဲ့ပေမယ့် ၂ ပွဲသာ အသုံးပြုရသေးပြီး ၃ လကြာ အနားပေးရတော့မှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဟော့ဂျ်လန်းက ၆ ပတ်ကြာအထိ အနားယူရမှာဖြစ်လို့ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ယူနိုက်တက်အသင်းကို အများကြီး ထိခိုက်စေမှာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ရာသီကြို ခရီးစဉ်မှာပဲ ကွင်းလယ်လူ ကိုဘီမိုင်နူးနဲ့ တောင်ပံ ကစားသမား အာမတ်တို့ကို ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသွားတဲ့ ယိုရိုနဲ့ ဟော့ဂျ်လန်းကို တွေ့ရစဉ်
အမေရိကန်ခရီးစဉ်ဟာ ယူနိုက်တက်အသင်းအတွက် စီးပွားရေးအရ ကောင်းမွန်ပေမယ့် ကစားသမားတွေ ဒဏ်ရာ ရခဲ့တာကတော့ နစ်နာစရာတွေ ဖြစ်ခဲ့ရတာပါ။
ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့လည်း ဒဏ်ရာကြောင့် အနားယူရဖွယ်ရှိနေလို့ နည်းပြ အဲရစ်တန်ဟတ်အတွက် အဓိက ကစားသမား ၄ ဦး မပါဝင်ဘဲ ရာသီသစ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာလည်း စံချိန်တင် ဒဏ်ရာရခဲ့တာကြောင့် ဆေးအဖွဲ့ကို အပြစ်တင်ရ မလား၊ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို ပြောရမလားဆိုတာ စဉ်းစားစရာတွေ ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ရာသီက အချက်အလက်အချို့ကို ပြန်ကြည့်ရရင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒဏ်ရာ အများဆုံးခံစားခဲ့ရတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ရာသီတစ်လျှောက်လုံးမှာ ယူနိုက်တက်အသင်းဟာ ကစားသမား ၂၁ ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး ကစားသမားတွေကို ရက်ပေါင်း ၁,၆၂၀ အထိဆုံး ရှုံးခဲ့ရတာပါ။
ဒီစာရင်းထဲမှာ မပါဝင်တဲ့ ဘယ်နောက်ခံလူ မာလာစီယာဆိုရင် ရာသီမစခင်ကတည်းက ရရှိခဲ့တဲ့ဒဏ်ရာဟာ ရာသီ အကုန်ထိ သက်သာခြင်းမရှိသလို ရာသီသစ်အတွက် ပြင်ဆင်မှု ပြုလုပ်တာမှာလည်း တစ်ဦးချင်း လေ့ကျင့်မှုတွေ သာ ပြုလုပ်နိုင်သေးတာ ဖြစ်ပါတယ်။
ရက်ဖို့ဒ် ဒဏ်ရာရသွားစဉ်
အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကတော့ ဒဏ်ရာတွေကြောင့် ၂၁၄ ရက်အထိ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ် အများအပြားကို လွဲချော်ခဲ့ရတာပါ။
နည်းပြ အဲရစ်တန်ဟတ်ဟာ ဗဟိုနောက်ခံလူ အများအပြားရဲ့ ဒဏ်ရာကြောင့် ကတ်စမဲရိုးကို နောက်ခံလူ နေရာမှာ ပွဲအချို့ကို အသုံးပြုခဲ့ရသေးတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က သူ့ရဲ့နည်းပြဘဝမှာ ဒီလိုမျိုးဒဏ်ရာ အများကြီး ရရှိတာကို အခုမှ မြင်တွေ့ခဲ့ဖူးတယ်လို့ ပြောခဲ့တဲ့အထိ ယူနိုက်တက်အသင်းရဲ့ ဒဏ်ရာအခြေအနေဟာ ဆိုးရွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ ဒဏ်ရာတွေ အများကြီးမရဘဲ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ခြေစမ်းပွဲတွေမှာတင် ဒဏ်ရာထိုးနှက်ချက်တွေကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ ကစားသမားအချို့ကို ရောင်းချပြီး ကစားသမားသစ်တွေကို ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ဒဏ်ရာရရှိတာကြောင့် သူတို့ရဲ့အစီအစဉ်ကို ထိခိုက်မှုတွေရှိနိုင်တာပါ။
ဒဏ်ရာတွေကြောင့် ရောင်းချဖို့ စီစဉ်ထားတဲ့ ကစားသမားတွေကို အသင်းမှာ ပြန်လည် ထိန်းသိမ်းသွားရနိုင် ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားပေမယ့် INEOS ရဲ့ လက်အောက် ပထမဆုံးရာသီအပြည့်မှာ ရလဒ်တွေ မကောင်းရင် သူ့ရဲ့ရာထူးအတွက်က စိုးရိမ်စရာတွေ ရှိနေပါတယ်။
ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့INEOS ဟာ ယူနိုက်တက်အသင်းရဲ့စီမံခန့်ခွဲမှု အပိုင်းတွေ အားလုံးကို ပြောင်းလဲထားပြီး အသင်းကို အရင်ကလို ပြန်ပြီးအောင်မြင်တာကို မြင်တွေ့ချင်နေတာပါ။
အဲဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ယူနိုက်တက်အသင်း အကြီးအကဲတွေလိုချင်တဲ့ အောင်မြင်မှုတွေ၊ သူ သွားချင်တဲ့ ကစားပုံစံတွေအတိုင်း လုပ်ဆောင်ဖို့ဆိုရင် ဒဏ်ရာပြဿနာတွေကို အများကြီး မဖြစ်အောင် ကစားသမားတွေ၊ ဆေးအဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 459
CNI Article
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇
အမေရိကန်၏ ရီပတ်ဘလစ်ကန်ပါတီသည် တရုတ်အပေါ် တင်းမာသည့် သဘောထားကို ပြသခဲ့ပြီး ထိုင်ဝမ်ကို ထောက်ခံကြောင်း ပြောကြားချိန်တွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်သော ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ထိုင်ဝမ်ကို တရုတ်က သိမ်းပိုက်မည့် အခြေအနေနှင့်ပတ်သက်ပြီး စိတ်ဝင်စားပုံပင်မပြခဲ့ပေ။
ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အတွေးအမြင်များတွင် အလုပ်သဘောဆန်မှုကြောင့် ထောက်ခံမှုများ ရှိခဲ့သော်လည်း မကြာသေးမီက ထိုင်ဝမ်နှင့်ပတ်သက်သည့် ၎င်း၏ မှတ်ချက်စကားများသည် အငြင်းပွားစရာ ကောင်းခဲ့သည်။
လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည့်အချိန်တွင် ထိုင်ဝမ်ကို ကာကွယ်ပေးရန် အမေရိကန်တပ်ဖွဲ့များအား စေလွှတ်သွားမည်ဟု လေးကြိမ်တိုင်တိုင် လူသိရှင်ကြား ပြောကြား ခဲ့ပြီး ထိုင်ဝမ်အပေါ် အဓိပ္ပာယ် ၂ မျိုးထွက်သည့် မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။
ထရမ့်ကမူ ထိုင်ဝမ်ကို ကူညီပေးရန် အမေရိကန်စစ်တပ်ကို စေလွှတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း မရှိသည့်တိုင် ထိုင်ဝမ်အရေးတွင် အမေရိကန်၏ ကြားဝင်စွက်ဖက်မှုသည် ဆိုးရွားသော အကြံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆောင်းပါးရှင် ဒေးဗစ် ပီ ဂိုးလ်မန်း (David P. Goldman) ကမူ ဇူလိုင် ၁၈ ရက်က Asia Times သတင်းစာတွင် ထိုင်ဝမ်နှင့်ပတ်သက်ပြီး ထရမ့်၏ မှားယွင်းနေသည့် အယူအဆ ၅ ချက်ကို ရေးသားဖော်ပြခဲ့သည်။
ပထမအချက်မှာ ထရမ့်သည် ထိုင်ဝမ်အနေဖြင့် အမေရိကန်၏ အကာအကွယ်ကို ရယူနေမှုအတွက် အခကြေးငွေ ပေးသင့်ကြောင်းနှင့် ထိုင်ဝမ်သည် အလွန် ချမ်းသာကြွယ်ဝကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးတွင် အမေရိကန်သည် အာမခံကုမ္ပဏီတစ်ခုကဲ့သို့ ဖြစ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့ပင် အမေရိကန်၏ အကူအညီကို ရယူနေသည့် ထိုင်ဝမ်အပေါ် မှားယွင်းစွာ ယူဆနေပုံပေါ်သည်။
အမေရိကန်သည် တောင်ကိုရီးယား၊ ဂျပန်တို့နှင့် မဟာမိတ်စာချုပ် ချုပ်ဆိုထားသည်။ ထို့ကြောင့် ဂျပန်နှင့် တောင်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နိုင်ငံများတွင် အမေရိကန်စစ်စခန်းများ ထားရှိမှု၏ ကုန်ကျစရိတ်အားလုံးကို ပေးသင့်ကြောင်း ယခင်ကတည်းက ပြောကြားခဲ့သည်။
သို့သော် ထိုင်ဝမ်၏ အခြေအနေမှာ တောင်ကိုရီးယား၊ ဂျပန်တို့နှင့်မတူပေ။ ထိုင်ဝမ်သည် အမေရိကန်နှင့် မဟာမိတ် စာချုပ်ချုပ်ဆိုထားခြင်း မရှိသလို ထိုင်ဝမ်ကျွန်းပေါ်တွင်လည်း အမေရိကန်စစ်စခန်းများမရှိပေ။
ထို့ပြင် ထိုင်ဝမ်သည် အမေရိကန်၏ လက်နက်များကို အခကြေးငွေပေးပြီး ဝယ်ယူနေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ်အနေဖြင့် အမေရိကန်၏ အကာအကွယ်ကို ရယူမှုအတွက် အခကြေးငွေ ပေးသင့်သည်ဆိုသည့် ထရမ့်၏ ပြောကြားချက်မှာ အဓိပ္ပာယ်မရှိလှပေ။
ဒုတိယအချက်မှာ ထိုင်ဝမ်သည် အမေရိကန်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကို လုယူသွား သည်ဆိုသည့် ထရမ့်၏ အယူအဆဖြစ်သည်။
ထိုင်ဝမ်နှင့် တရုတ် စစ်ပွဲဖြစ်ပွားပါက ထိုင်ဝမ်ကို ကူညီပေးမည် ဟုတ်/မဟုတ် မေးမြန်းခံရချိန်တွင် ထရမ့်က “သူတို့ (ထိုင်ဝမ်) က ကျနော်တို့ရဲ့ ချစ်ပြားထုတ်လုပ်ရေးလုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်း ရယူသွားခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လက ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင်လည်း တရုတ်-ထိုင်ဝမ် ထိပ်တိုက်တွေ့မှုနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းခံရချိန်တွင် ထရမ့်က ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းအကြောင်းကိုသာ အဓိကထား ပြောကြားခဲ့ပြီး ထိုလုပ်ငန်းနှင့်ပတ်သက်၍ ထိုင်ဝမ်ကို ဟန့်တားသင့် ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ကို တွေ့ရစဉ်
ထိုင်ဝမ်သည် လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ်အတွင်း ကောင်းမွန်စွာ ယှဉ်ပြိုင်ခြင်းဖြင့် ချစ်ပြားများကို ထုတ်လုပ်ကာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကို လွှမ်းမိုးထားခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကဏ္ဍတွင် လွှမ်းမိုးထားသည်ဆိုသည့် အချက်သည် တရုတ်နှင့် ထိပ်တိုက်တွေ့ပါက ထိုင်ဝမ်ကို ပစ်ပယ်ရမည့် ခိုင်လုံသော အကြောင်းပြချက်တစ်ခု မဟုတ်ပေ။
တတိယအချက်မှာ ထိုင်ဝမ်ကို ထောက်ပံ့ပေးနေခြင်းဖြင့် အမေရိကန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေး မဟာဗျူဟာတွင် ရှေရှည်အကျိုး ဖြစ်ထွန်းမှုများ ရှိနေသည့်အချက်ကို ထရမ့်က အသိအမှတ်ပြုရန် ငြင်းပယ်နေ ခြင်း ဖြစ်သည်။
လူ့အခွင့်အရေးများနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာပြီး ဒီမိုကရေစီ စနစ်ကျင့်သုံးသည့် ထိုင်ဝမ်သည် နိုင်ငံရေးလွတ်လပ်ခွင့်အတွက် အတုယူစရာကောင်းသည့် ဥပမာတစ်ခုဖြစ်ပြီး တရားမျှတမှုမရှိသော လူ့အဖွဲ့ အစည်းများ အထူးသဖြင့် တရုတ်ပြည်မကြီးအတွင်းရှိ လူ့အဖွဲ့အစည်းများအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်နေသည်။
ထိုင်ဝမ်ကျွန်း၏ တည်နေရာ အနေအထားအရ စစ်ပွဲဖြစ်ပွားချိန်တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်သို့ တရုတ် ၏ ဝင်ရောက်မှုများကို ဟန့်တားရန် အချက်အချာကျနေသည်။
တရုတ်ပြည်မကြီး အစိုးရနှင့် မတူသည့်အချက်မှာ ထိုင်ဝမ်သည် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိခဲ့ကာ ထိရောက်သည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကြိုတင် သတိပေးချက်စနစ်၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။
ထို့ကြောင့် အမေရိကန်က ထိင်ဝမ်ကို ပစ်ပယ်လိုက်မည်ဆိုပါက အာရှ-ဖိတ်ဒေသတွင် စည်းလုံးညီညွတ်မှု လျော့ကျစေနိုင်ပြီး ဒေသတွင်း အမေရိကန်၏ ခေါင်းဆောင်မှုကဏ္ဍကို လျော့ကျစေမည်ဖြစ်သည်။
ထို့ကြောင့် ထိုင်ဝမ်ကို ပစ်ပယ်မည်ဆိုလျင် အမေရိကန်သည် ၎င်း၏ ဒေသတွင်း လုံခြုံရေးအတွက်သာမကဘဲ စီးပွားရေး အကျိုးစီးပွားများကိုပါ လက်လွတ်ဆုံးရှုံးရဖွယ်ရှိနေသည်။
စတုတ္ထအချက်မှာ တရုတ်က ထိုင်ဝမ်ကို အင်အားသုံးပြီး အလွယ်တကူ သိမ်းပိုက်နိုင်သည်ဟု ထရမ့်က စောင်းပါး ရိပ်ခြေပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်နဲ့တရုတ်ကိုတွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် တရုတ်သည် ထိုင်ဝမ်နှင့် နီးကပ်စွာ တည်ရှိနေပြီး ထိုင်ဝမ်သည် အမေရိကန်နှင့် မိုင်ပေါင်း ၉၅၀၀ ခန့် ကွာဝေးခြင်းကြောင့် ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
စင်စစ်တွင် ထိုင်ဝမ်သည် အမေရိကန်၏ အနောက်ဘက် ကမ်းရိုးတန်းမှ မိုင် ၆၇၀၀ သာ ကွာဝေးပြီး အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းနှင့် မိုင်ပေါင်း ၇၉၅၀ ကွာဝေးသည်။
“သူတို့ (တရုတ်) က ဗုံးကြဲချလိုက်ရုံပါပဲ။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နိုင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
တရုတ်သည် ထိုင်ဝမ်၏ အရေးကြီးသည့် အစိုးရ အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဒုံးကျည်များဖြင့် ဖောက်ခွဲဖျက်ဆီး ပစ်နိုင်လိမ့်မည်ဟု ထရမ့်က ယူဆထားပုံပေါ်သည်။
သို့သော် ဒုံးကျည်များဖြင့် မည်မျှပင် တိုက်ခိုက်စေကာမူ ထိုင်ဝမ်အစိုးရအနေဖြင့် လက်နက်ချ အညံ့မခံမချင်း စစ်ပွဲပြီးဆုံးလိမ်မည် မဟုတ်ပေ။
ထို့ပြင် အမေရိကန်သမ္မတ တစ်ဦးအတွက် ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာချိန်တွင် အမေရိကန်စစ်တပ်က တရုတ်၏ တိုက်ခိုက်မှုကို ဟန့်တားရန် အလွန်ခက်ခဲလိမ့်မည်ဆိုသည့်အတွေးကို တွေးတောစရာပင် မလိုပေ။
တည်နေရာ အသာစီးရမှုများ ရှိနေသည့်တိုင် ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်အတွက် အလွန်အန္တရာယ်များပြီး အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။
ထို့ပြင် စစ်ပွဲကြောင့် ထိခိုက်နစ်နာ စေနိုင်သည့် စီးပွားရေး အကျပ်အတည်းသည် တရုတ်ကွန်မြူနစ်ပါတီအတွက် လည်း အလွန်အန္တရာယ်ကြီးစေနိုင်မည့် အခြေအနေဖြစ်သည်။
နောက်ဆုံးအချက်မှာ တရုတ်သည် ထိုင်ဝမ်ရှိ ချစ်ပြားစက်ရုံ အားလုံးကို မဆုံးရှုံးချင်သဖြင့် ထိုင်ဝမ်ကို ကြမ်းကြမ်း တမ်းတမ်း တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းလိမ့်မည်မဟုတ်ဟု ထရမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်သည် ထိုင်ဝမ်အရေးကို စီးပွားရေးဆန်ဆန် တွေးတောထားပြီး ထိုင်ဝမ်ဟု ပြောလိုက်သည်နှင့် တစ်ပိုင်းလျှပ် ကူး ပစ္စည်းများအကြောင်းကိုသာ ရှေ့တန်းတင်ပြောကြားခဲ့သည်။
သို့သော် တရုတ်ခေါင်းဆောင်များအတွက် ထိုင်ဝမ်သည် သမိုင်းကြောင်းအရရော၊ နိုင်ငံရေးအရပါ အရေးကြီးနေ သည်။
ထိုင်ဝမ်သည် တရုတ်ပြည်တွင်းစစ်အတွင်း ကွန်မြူနစ်ပါတီ၏ အောင်ပွဲတွင် မပြည့်စုံမှုရှိနေသည့် သင်္ကေတတစ်ခု ဖြစ်နေသည်။
ထို့ပြင် ထိုင်ဝမ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မဟာတရုတ်နိုင်ငံတော်ကြီး၏ ပျောက်ဆုံးနေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။
ထို့ပြင် ထရမ့်သည် ရှီကျင့်ဖျင်ကို လေးစားသူဖြစ်သည်။ ကပ်ရောဂါ ကာလအတွင်းက အမေရိကန်-တရုတ် အားပြိုင်မှုများရှိခဲ့ပြီးနောက် ထရမ့်က ရှီကို “စမတ်ကျသူ၊ ထူးချွန်ထက်မြက်သူ” ဟု ပြောခဲ့သည်။
ထို့ပြင် သူသည် သမ္မတရှီကို အလွန်သဘောကျကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
လက်ရှိတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ထရမ့်အတွက် ၎င်း၏ အကြံပေးများက Project 2025 အမည် ရှိ လမ်းပြမြေပုံတစ်ခုကို ရေးဆွဲပေးထားပြီး ထိုလမ်းပြမြေပုံတွင် အမေရိကန်သည် ထိုင်ဝမ်ကို ထိရောက်စွာ ကာကွယ်ပေးခြင်းထက် တရုတ်ကိုသာ အာရုံပိုစိုက်သင့်ကြောင်း ဖော်ပြထားသည်။
သို့သော် ထိုအချက်သည် ထရမ့်က ရေးသားခြင်း မဟုတ်ဘဲ အကြံပေးများ၏ သဘောထားများသာဖြစ်သဖြင့် လာမည့် သမ္မတရွေးကောက်ပွဲတွင် ထရမ့်သာ အနိုင်ရခဲ့ပါက အမေရိကန်၏ ထိုင်ဝမ်အပေါ်ထားရှိသည့် မူဝါဒများ ပြောင်းလဲလာမည် ဟုတ်၊ မဟုတ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 2794
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆
၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အပြီးကနေ စတင်ခဲ့တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနား အသင်းတို့ရဲ့တိုက်ပွဲဟာ အခု ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲအထိ ကူးစက်လာခဲ့ပြီဖြစ်ပါတယ်။
အပျော်အောင်ပွဲခံမှုတွေကနေ စတင်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အပျက်ဘက်ကို ဦးတည်ကာ မီးတောက်တစ်ခုလို တောက်လောင်လာခဲ့တာပါ။
မကြာသေးခင်က အာဂျင်တီးနားအသင်းနဲ့ မော်ရိုကိုအသင်းတို့ ကစားခဲ့တဲ့ အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲ မစတင်ခင် အာဂျင်တီးနားအသင်းကို ပြင်သစ်အသင်း ပရိသတ်တွေက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ပြင်သစ်အသင်း ပရိသတ်တွေက ကျယ်လောင်စွာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီအဖြစ်အပျက်တွေရဲ့ အစဟာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ဖြစ်ခဲ့တာလို့ ပြောရမှာ ဖြစ်ပါတယ်။
အီမီမာတီနက်ဇ်ရဲ့ အောင်ပွဲခံနေစဉ်
အာဂျင်တီးနားအသင်းက ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ရဲ့ လွန်လွန် ကျူးကျူး အောင်ပွဲခံဟန်တွေကို ပြင်သစ်အသင်းက စိတ်ပျက်ခဲ့တာပါ။
ဆုဖလားရယူအပြီး အာဂျင်တီးနားနိုင်ငံအတွင်း အောင်ပွဲခံချိန်မှာလည်း အီမီမာတီနက်ဇ်က ပြင်သစ်တိုက်စစ်မှူး ဘတ်ပီရဲ့ မျက်နှာပါဝင်တဲ့ အရုပ်ကိုကိုင်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရခဲ့ချိန်မှာ အသင်းခေါင်းဆောင် မက်ဆီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း မှာ ကစားနေခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားအောင်ပွဲ မလုပ်ပေးခဲ့သလို ပရိသတ်တွေကလည်း မက်ဆီကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့တာပါ။ ဒီကြားထဲမှာ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်ပွဲဟာ အနည်းငယ် ငြိမ်သက်သွားခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်ပွဲကို ပြန်လည် စတင်သလို ဖြစ်ခဲ့တာပါ။
ဒါကတော့ အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ချိန်မှာ အန်ဇိုဖာနန် ဒက်ဇ် အပါအဝင် ကစားသမားအချို့ဟာ ပြင်သစ်လူမည်း ကစားသမားတွေကို လူမျိုးရေးခွဲခြား လှောင်ပြောင်တဲ့ သီချင်းသီဆိုခဲ့တာ ဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရုပ်သံဖိုင်ကို သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာကြောင့် ပြဿနာတွေဟာ ပိုကြီး ထွားခဲ့ပြီး သူ့ရဲ့ ချယ်လ်ဆီးအသင်းဖော် ပြင်သစ်ကစားသမားတွေက သူ့ကို ဆိုရှယ်မီဒီယာကနေ Unfollow လုပ်ခဲ့ကြတာပါ။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်ဆိုပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တိုင်ကြားမှု ပြုလုပ်ခဲ့တာကြောင့် အခြေအနေတွေဟာ ပိုပြီးဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပြန်တောင်းပန်ခဲ့ပေမယ့် ဝေဖန်မှု အများအပြားကို ခံခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ အန်ဇိုဖာနန်ဒက်ဇ်ကို ကာကွယ်မှု ပြုလုပ်ခဲ့ပေမယ့် သူဟာ ချယ်လ်ဆီးအသင်းနဲ့ ပြန်လည်ပူးပေါင်းရင် ပြင်သစ်ကစားသမားတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ကိုပါအမေရိကဖလား အောင်ပွဲခံမှုကနေ ပြန်စတင်ခဲ့တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ မီးတောက်ဟာ ပြင်သစ်မှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲကိုပါ ဆက်ပြီး တောက်လောင်လာခဲ့တာပါ။
မက်ဆီကို တွေ့ရစဉ်
အိုလံပစ်ပြိုင်ပွဲကို အာဂျင်တီးနား အားကစားသမားတွေ လာရောက် ယှဉ်ပြိုင်နေကြလို့ အိမ်ရှင်ပြင်သစ် ပရိသတ်တွေရဲ့ပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။
အမျိုးသားဘောလုံးပြိုင်ပွဲနဲ့ ရပ်ဘီပြိုင်ပွဲတွေမှာ အာဂျင်တီးနားအသင်း နိုင်ငံတော်သီချင်း သီဆိုချိန်မှာ ပြင်သစ် ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။
အိုလံပစ်ပြိုင်ပွဲ တစ်လျှောက်လုံးမှာသာ ဒီလိုမျိုး ထပ်ပြီးဖြစ်ခဲ့ရင် ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တိုက်ပွဲ ဟာ ပိုပြီးပြင်းထန်လာဖို့ပဲ ရှိနေတာပါ။
အဲဒါကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဒီအခြေအနေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပါတယ်။
ဒါမှလည်း အားကစားသမားတွေအနေနဲ့ လှောင်ပြောင်မှုတွေကို ရှောင်ပြီး ပြိုင်ပွဲကို အေးအေးဆေးဆေး ယှဉ်ပြိုင် လို့ ရမှာပါ။
ဒါကြောင့် ပြင်သစ်နဲ့ အာဂျင်တီးနား အသင်းတို့အကြား အမြန်ဆုံး အဆင်ပြေသွားမလားဆိုတာကို စောင့်ကြည့်ရ မှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 851
CNI Article
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာ့တပ်မတော်မှ အာဏာကို ရယူခဲ့သည်မှာ သုံးနှစ်ခွဲနီးပါး ကြာမြင့်လာခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ အကျပ်အတည်းမှာ ဖြေရှင်းနိုင်မည့် အရိပ်အယောင် ထွက်ပေါ်လာခြင်း မရှိသေးပေ။
နစကနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO) များအကြား ပြင်းထန်စွာ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် လည်း အဆုံးသတ်မည့်လမ်း မမြင်တွေ့ရသေးပေ။
EAO အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့်အတူ မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြောက်ပိုင်းမဟာမိတ်(AA-TNLA-MNDAA)၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ချိန်ကစပြီး မြန်မာ့တပ်မတော်သည် တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နယ်စပ်အနီးရှိ နေရာဒေသများ အပါအဝင် မြေပြင်ထိန်းချုပ်မှု ကို ဆုံးရှုံးခဲ့ရသည်။
ပြီးခဲ့သည့် ၁၀ လကျော်အတွင်း EAO များသည် တိုက်ပွဲများကို အသာစီး ရယူတိုက်ခိုက်နိုင်ခဲ့သည်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane) မြို့တော်တွင် ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (AMM) ပြုလုပ်ရန် စီစဉ်ထားမှုနှင့်အတူ အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို မည်ကဲ့သို့ ချဉ်းကပ် လုပ်ဆောင်မည်ဆိုသည့် အချက်အပေါ် အဖြေရှာရန် ရုန်းကန်နေရသည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုကမူ မြန်မာ့အရေးအတွက် အာဆီယံ၏ အချက် ၅ ချက်ပါ သဘောဆန္ဒ ထုတ်ပြန်ချက် (5PC)ကို အခိုင်အမာ ထောက်ခံထားသည်။
အာဆီယံအဖွဲ့ဝင် အချို့ကလည်း အနာဂတ်တွင် နိုင်ငံရေးဆွေးနွေးမှုများကို ဖြစ်ပေါ်လာစေနိုင်ရန်အတွက် မြန်မာ့အရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ချဉ်းကပ်လုပ်ဆောင်ရန် ဆန္ဒရှိနေကြသည်။
မြန်မာလူထု အာဆီယံကို တောင်းဆိုနေစဉ်
လာအိုနိုင်ငံသည် 5PC အကောင်အထည်ဖော်မှုကို ပြန်လည်စိစစ်သုံးသပ်ရန် ယခင်အာဆီယံဥက္ကဋ္ဌနိုင်ငံနှင့် အနာဂတ်အာဆီယံဥက္ကဋ္ဌ နိုင်ငံများဖြင့် အလွတ်သဘော အစည်းအဝေးများ ပြုလုပ်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး အဆိုပြုချက်ကို တင်သွင်းခဲ့သော်လည်း အများသဘောဆန္ဒအရ ထောက်ခံမှု မရခဲ့ပေ။
ယခုနှစ် အစောပိုင်းတွင်မူ ထိုင်းနှင့် မြန်မာအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ် အကောင်အထည်ဖော်မှုအပြီးတွင် နိုင်ငံရေးအရ သုံးပွင့်ဆိုင်အဖွဲ့ ဖွဲ့စည်းရေးကို စိစစ်သုံးသပ်ခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုင်း၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-Nukara) သည် မေလက နုတ်ထွက်သွားခဲ့သဖြင့် ထိုင်းနိုင်ငံ၏ အကူအညီပေးရေး အစီအစဉ်များကို ရှေ့ဆက်ဆောင်ရွက်မည့် အားထုတ်ကြိုးပမ်းမှုများ ကြန့်ကြာခဲ့သည်။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသည် မြန်မာ့အကျပ်အတည်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည့် အထူးကော်မတီ အတွက် အကြီးအကဲအသစ်ကို ခန့်အပ်ရခြင်း မရှိသေးပေ။ ယခင်က ထိုကော်မတီကို မစ္စတာ ပန်ပရီက ဦးဆောင် ခဲ့ခြင်းဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံများ၏ အစည်းအဝေးများသည် ၎င်းတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များအောက် တွင် တိုးတက်မှု အလားအလာကို ဆက်လက် ထိန်းသိမ်းရန် အလွန်အရေးကြီးသည်။
ထိုအစည်းအဝေးများသည် အနာဂတ်တွင် မြန်မာ့အရေး၌ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ပါဝင်လာမှု၏ အခန်း ကဏ္ဍကို ဖော်ပြပေးနိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစည်းအဝေးပေါင်း ၁၀၀ ကျော် ပြုလုပ်ခဲ့သည်။
လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီမှုနှင့်ပတ်သက်၍ ထိုင်းသည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီများ၊ အထူးသဖြင့် အစားအသောက်၊ ကျန်းမာရေးလုံခြုံမှုနှင့် ဆက်နွှယ်သည့် မိတ်ဖက်အဖွဲ့များ ပါဝင်လာစေရန် ရည်မှန်းထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ် ဂျီလီ ဘစ်ရှော့ (Julie Bishop) သည် အာဆီယံအနှံ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့သည်။
ထိုင်းနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့သည့် ၎င်း၏ခရီးစဉ်တွင် ဘစ်ရှော့က မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် သက်ဆိုင်ရာ အဖွဲ့များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ (Maris Sangiampongsa) ကို ပြောကြားခဲ့သည်။
ဦးသိန်းစိန်နဲ့ရှီကျင့်ဖျင် လက်ဆွဲနှုတ်ဆက်နေစဉ်
AMM အစည်းအဝေး မတိုင်မီ လက်ရှိ အာဆီယံ အထူးသံတမန်ဖြစ်သည့် အလွန်ကီယို ကစ်တီခွန်း (Alounkeo Kittikhoun) သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးကဲ့သို့ နစကထံမှ လိုက်လျောချက်များ ပိုမိုရရှိရန် ကြိုးပမ်းခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များကို ချဲ့ထွင်ခဲ့သည်။
ထိုကိစ္စရပ်များတွင် ထိရောက်သည့် တိုးတက်မှုများမရှိဘဲ မြန်မာထိပ်သီး အရာရှိတစ်ဦးအား အာဆီယံ၏ နှစ်စဉ် ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားမှုသည် အာဆီယံဥက္ကဋ္ဌအတွက် ခက်ခဲစေလိမ့်မည်ဖြစ်သည်။
ဇန်နဝါရီလက လာအိုသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်ကို အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာမှ ဖယ်ရှားခံရပြီး ထိုဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်က ရယူမည်ဖြစ်သည်။
ထိုအချိန်အတောအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သည် NUG ၏ ပြည်ပရောက် ကိုယ်စားလှယ်များနှင့် ဆက်သွယ်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့ကာ နစကကို ဖိအားပေးခဲ့သည်။
သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ကို အသိအမှတ်ပြုရန် အဆင်သင့်မဖြစ်သေးပေ။
ရှေ့ဆက်မျှော်မှန်းကြည့်ရှုရမည်ဆိုပါက 5PC သည် အာဆီယံ၊ အာဆီယံ၏ အင်အားကြီး မိတ်ဖက်နိုင်ငံများ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား အပါအဝင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ လိုက်နာ ရမည့် ထိရောက်သော မူဘောင်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။
မကြာသေးမီက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ခရစ်တန် ဘရင့် ( Daniel Kritenbrink) သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မြန်မာထိပ်သီး အရာရှိများနှင့် ဒုတိယ အကြိမ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်းသည် အမေရိကန်အစိုးရအနေဖြင့် နစကနှင့် ချိတ်ဆက် ဆောင်ရွက်လိုသည့် ဆန္ဒကို ဖော်ပြခြင်းဖြစ်သည်။
ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် မြန်မာနိုင်ငံမှ ထိပ်သီး အဆင့် မဟုတ်သည့် အရာရှိများနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြား မြန်မာနှင့် အမေရိကန်အကြား ပုံမှန်ဆက်ဆံရေးရှိခဲ့သည်။
လက်ရှိတွင် နစကနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ခြင်းသည် ဒေသတွင်း အဓိကကျသည့် နိုင်ငံများနှင့်အတူ ၎င်း၏ အခန်းကဏ္ဍကို မြှင့်တင်လိုသည့် အမေရိကန်၏ စိတ်အားထက်သန်မှုကို ပြသခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း စိစပ်နေသည့် တရုတ်နှင့် အိန္ဒိယတို့ကလည်း ၎င်းတို့၏ နယ်မြေများကို ထိန်းသိမ်းရန် နစက၊ EAO များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဇွန်လက တရုတ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုဆိုင်ရာ မူဝါဒ ၅ ချက်၏ နှစ်ပေါင်း ၇၀ ပြည့် နှစ်ပတ် လည်ကို တက်ရောက်ရန် မြန်မာနိုင်ငံ၏ သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်၏ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်လည်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ရောက်ရန် ရှန်တုံ (Shandong) ပြည်နယ်၊ ချင်တောင်း ( Qingdao) မြို့သို့ သွားရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အဆိုပါ ထိပ်သီးအဆင့် ခရီးစဉ်များ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး၀င်း တရုတ်ကို သွားစဉ်
အနာဂတ်တွင် ထိုထိပ်သီး ခေါင်းဆောင်နှစ်ဦးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖိတ်ကြားမှုစာရင်းတွင် ပါဝင်လာနိုင်ခြေရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ပြုလုပ်သည့် Bimstec နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) သည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အိန္ဒိယ၏ ကူညီ ထောက်ပံ့မှုကို ထပ်လောင်းပြောကြားခဲ့သည်။
အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံများအတွက် တရားမဝင် မူးယစ်ဆေးဝါးများ၊ လက်နက်များ ကုန်ကူးမှုနှင့် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင် လာသူများကဲ့သို့ အဓိက ပြဿနာများကို ဖြေရှင်းရန် ထိုင်းနိုင်ငံက စတင်လုပ်ဆောင်ခဲ့သည့် Track 1.5 အစည်းအဝေးကို အခိုင်အမာ ထောက်ခံခဲ့သည်။
Bimstec အစည်းအဝေးတွင် ထိုင်း၊ အိန္ဒိယနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်တွေ့ဆုံခဲ့ကာ ၎င်းတို့၏ စိုးရိမ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံသည် မြန်မာ့အရေးတွင် ရုရှား၏ အခန်းကဏ္ဍကိုလည်း အနီးကပ် စောင့်ကြည့်ခဲ့သည်။ အစော ပိုင်းက ရုရှားသည် 5PC ကို အလေးထား ထောက်ခံခဲ့ခြင်းမရှိဘဲ မြန်မာ့အရေးတွင် ထဲထဲဝင်ဝင် မပါဝင်ခဲ့ပေ။
ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံနေရချိန်တွင် ရုရှားသည် ကမ္ဘာ့တောင်ခြမ်း၊ အထူးသဖြင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးများကို မြှင့်တက်လျက်ရှိသည်။
ထို့ကြောင့် ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့်အတူ အာဆီယံ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့သည် 5PC ကို အပြည့်အဝ အကောင်အထည်ဖော်ရန် မြန်မာ့တပ်မတော်ကို ဖိအားပေးနိုင်သည့် အင်အားစုများအဖြစ် ရှိနေသည်ဟု ယူဆနိုင်ပေသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 2619
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈
ကမ္ဘာ့ထိပ်တန်း ကစားသမားအများစု လာရောက်ကစားတဲ့ စပိန်လာလီဂါပြိုင်ပွဲဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပရိသတ် စိတ်ဝင်စားမှု အနည်းငယ် လျော့ကျခဲ့ပေမယ့် ရာသီသစ်မှာတော့ ဒီပြိုင်ပွဲဟာ ပရိသတ်တွေအကြားမှာ အသက်ပြန်ဝင်လာဖို့ရှိနေတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်လာမယ့် အကြောင်းအရင်းကတော့ ရီးရယ်လ်အသင်းက ဘတ်ပီကို ခေါ်ယူနိုင်ခဲ့တာနဲ့ ယာမဲလ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်ချင်တာတွေကြောင့် ဖြစ်ပါတယ်။
ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ အားပြိုင်မှုကနေ ကမ္ဘာကြီးကို ဖမ်းစားနိုင်ခဲ့တဲ့ စပိန်လာလီဂါဟာ ဘတ်ပီ၊ ယာမဲလ်တို့ရဲ့ အားပြိုင်မှုနဲ့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ထပ်ပြီးဖမ်းစားဖို့ ရှိနေတာပါ။
ဘောလွန်းဒီအောဆုရှင်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ရှိချိန်က ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ လာလီဂါဟာ သူတို့ ၂ ဦး ထွက်ခွာချိန်မှာ စိတ်ဝင်စားမှုက အတော်လေး လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ မက်ဆီ ထွက်ခွာပြီးနောက်မှာ လီဝန်ဒေါစကီး အပါအဝင် ကစားသမားအချို့ကို ခေါ်ယူခဲ့ သလို ရီးရယ်လ်အသင်းကလည်း ရော်နယ်ဒို ထွက်ခွာပြီးနောက်မှာ ဟာဇက်၊ ဘယ်လင်ဂမ်တို့ အပါအဝင် နာမည်ကြီး တွေကို ခေါ်ယူခဲ့ကြတာပါ။
ဒါပေမယ့် ပရိသတ်တွေ အတွက်တော့ ဂန္ထဝင်ကစားသမား ၂ ဦးမရှိတဲ့ လိဂ်ပြိုင်ပွဲကို ကြည့်နေရတာဟာ ဆားမပါတဲ့ဟင်းလို ပေါ့နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့မက်ဆီကိုတွေ့ရစဉ်
လာမယ့် ရာသီသစ်မှာတော့ ပရိသတ်တွေ မြင်တွေ့ချင်နေတဲ့ လာလီဂါပြိုင်ပွဲကြီးကို မြင်တွေ့ရဖို့ရှိနေတာပါ။
ရီးရယ်လ်အသင်းဟာ သူတို့ကာလရှည်ကြာ ခေါ်ယူချင်ခဲ့တဲ့ ဘတ်ပီကို ခေါ်ယူခဲ့ပြီး ဘာနေဗျူးကွင်းထဲရှိ ပရိသတ် ပေါင်း ၈ သောင်းကျော်အရှေ့မှာ ကစားသမားသစ်အဖြစ် မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အနာဂတ် ဘောလွန်းဒီအောဆု ပိုင်ရှင်အဖြစ်လည်း သတ်မှတ်ခြင်း ခံနေရတာပါ။
ဘတ်ပီလို ကစားသမားမျိုးကို ရီးရယ်လ်အသင်း ခေါ်ယူနိုင်ခဲ့တာကြောင့် စပိန်လာလီဂါဟာ ကမ္ဘာကြီးရဲ့ စိတ်ဝင် စားမှုကို ထပ်မံရခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်ကို ပြောင်းလာတဲ့ ဘတ်ပီကိုတွေ့ရစဉ်
ဒီလိုပါပဲ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ယာမဲလ်ဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရာသီသစ်မှာ ယာမဲလ်ဘာတွေထပ်ပြီး လုပ်ပြမလဲဆိုတာ စောင့်ကြည့်ချင်နေတဲ့ ပရိသတ်တွေက အများကြီးရှိနေတာပါ။
ဗိုလ်လုပွဲ မတိုင်ခင်ကမှ အသက် ၁၇ နှစ်ပြည့်ခဲ့တဲ့ ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အားလုံးအံ့အားသင့်အောင် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါပြိုင်ပွဲမှာကတည်းက ဘာစီလိုနာအသင်းမှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြပြီး ဖြစ်ပေမယ့် ရာသီသစ်မှာတော့ ဘတ်ပီနဲ့ အားပြိုင်ရမှာဖြစ်လို့ ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသရမှာပါ။
ဘတ်ပီနဲ့ ယာမဲလ်ရဲ့ အားပြိုင်မှုဟာ ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ ပြိုင်ဆိုင်မှုလိုမျိုး ပြင်းထန်မှုမျိုးကို မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
ယာမဲလ်ကိုတွေ့ရစဉ်
ပြီးတော့ ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ရော်နယ်ဒို ရောက်ရောက်ချင်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင်မှာဖြစ်သလို ယာမဲလ်ကလည်း ရာသီသစ်မှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်မှာပါ။
ဒီလိုလုပ်ဆောင်မှုတွေဟာ လာလီဂါအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးမြင့်တက်အောင် လုပ်ဆောင်နေ တာလို့တောင် ထင်ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ရီးရယ်လ်အသင်း ရခဲ့သလို ယူရို ၂၀၂၄ ချန်ပီယံဆုကို စပိန်အသင်း ရခဲ့တာ ကြောင့်လည်း လာလီဂါဟာ မနှစ်ကနဲ့မတူတော့ဘဲ ပရိသတ်တွေကို စောင့်ကြည့်ဖို့ ဆွဲဆောင်နေတာပါ။
ရီးရယ်လ်၊ ဘာစီလိုနာအသင်းတို့လိုပဲ အခြားအသင်းတွေကလည်း ရာသီသစ်မတိုင်ခင် ကောင်းမွန်စွာ ပြင်ဆင်မယ် ဆိုရင် စပိန်လာလီဂါပြိုင်ပွဲအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာ အခြားလိဂ်တွေထက် ပိုပြီမြင့်လာနိုင်တာ ဖြစ်ပါတယ်။
၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲကို ဩဂုတ် ၁၅ ရက်မှာ စတင် ကျင်းပတော့မှာဖြစ်ပြီး ဘတ်ပီ၊ ယာမဲလ်တို့ရဲ့ အားပြိုင်မှုကနေ အသက်ပြန်ဝင်လာမယ့် လာလီဂါပြိုင်ပွဲကို စောင့်ကြည့်ဖို့ ပရိသတ်တွေ ဘယ်လောက်အထိ စိတ်လှုပ်ရှားနေလဲဆိုတာကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။