- By CNI
- Category: ဆောင်းပါး
- Hits: 1112
CNI International Article
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၂၂
အမေရိကန်သည် ဆော်ဒီအာရေဗျနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဆော်ဒီသည် အမေရိကန်နှင့် တရားဝင် ကာကွယ်ရေးစာချုပ်ချုပ်ဆိုသည့် တစ်ခုတည်းသော် အာရပ်နိုင်ငံဖြစ်လာခဲ့သည်။
ထိုစာချုပ်သည် အမေရိကန်၏ ရေရှည် လုံခြုံရေး ကတိကဝတ်တစ်ခု ဖြစ်လာမည်ဖြစ်သော်လည်း နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများကမူ ထိုစာချုပ် ချုပ်ဆိုမှုကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ကြကာ အမေရိကန်မဲဆန္ဒရှင် အများစုကလည်း ထောက်ခံခဲ့ခြင်းမရှိပေ။
သို့သော် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒ ချမှတ်သည့် ခေါင်းဆောင်များက အမေရိကန်သည် အရှေ့ အလယ်ပိုင်းဒေသတွင် အဓိက စစ်အင်အားကြီး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သင့်သည်ဟု ထင်မြင်ယူဆနေဆဲ ဖြစ်သည်။
၎င်းတို့၏ အယူအဆသည် ခေတ်မမီတော့ဘဲ အမေရိကန်၏ အကျိုးစီးပွားများအတွက်လည်း အထောက်အကူ မဖြစ်တော့သည့် အချက်ကို မေ့လျော့နေကြဖွယ်ရှိသည်။
ဆော်ဒီနှင့် ချုပ်ဆိုသည့် စာချုပ်ကို ထောက်ခံသူ အချို့ကမူ အမေရိကန်သည် အီရန်ကို တန်ပြန်ရန်၊ တရုတ်၏ သြဇာလွှမ်းမိုးမှုကို ရပ်တန့်ရန်၊ ဆော်ဒီနှင့် အစ္စရေးကြား ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရေးကို ကူညီပေး ရန် ထိုစာချုပ်ကို လိုအပ်ကြောင်း ပြောကြားနေကြသည်။
ထိုအကြောင်းပြချက်များသည် လက်တွေ့တွင် စစ်မှန်မှုမရှိပေ။
အီရန် အရေးနှင့်ပတ်သက်ပြီး သုံးသပ်ရမည်ဆိုပါက ဆော်ဒီနှင့် အီရန်ကြား အားပြိုင်မှုသည် ဒေသတွင်း အရေး ကိစ္စ တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဆော်ဒီနှင့် အီရန်ကြား ပြဿနာသည် ဘာသာရေး အယူအဆ ကွဲပြားမှုနှင့် မွတ်ဆလင်ကမ္ဘာတွင် ခေါင်းဆောင်မှု ရရှိရေးအပေါ် အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့ကြောင့် ဆော်ဒီ-အီရန် ပြဿနာသည် အမေရိကန်အတွက် အဓိက ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။
အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ ပါဝင်မှုကို လျှော့ချခဲ့ချိန်၌ ထိုဒေသရှိ နိုင်ငံများသည် ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းခဲ့ကြသည်။
တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့သည့် ဆော်ဒီနှင့် အီရန်ကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရေး သဘော တူညီချက်သည် ဥပမာတစ်ခုဖြစ်သည်။
ထိုသဘောတူညီချက်က အရှေ့အလယ်ပိုင်း နိုင်ငံများသည် အငြင်းပွားမှုများကို အမေရိကန် မပါဘဲ ဖြေရှင်း နိုင်စွမ်းရှိသည်ကို ပြသရာ ရောက်သည်။
သို့သော် အမေရိကန်-ဆော်ဒီ ကာကွယ်ရေး သဘောတူညီချက်က ထိုကဲ့သို့ တိုးတက်မှု ရှိနေသည့် အခြေအနေကို လျော့ပါးစေမည်ဖြစ်သည်။
ဆော်ဒီနှင့် ချုပ်ဆိုသည့် ကာကွယ်ရေးစာချုပ်အရ အမေရိကန်ကို ဒေသတွင်း ပဋိပက္ခများအတွင်းသို့ ပြန်လည် ဆွဲခေါ်ရာ ရောက်စေမည်ဖြစ်သည်။
ဆော်ဒီ အနေဖြင့်လည်း အမေရိကန်၏ အကာအကွယ်ဖြင့် ပိုမို အရဲစွန့် လှုပ်ရှားလာနိုင်သည်။
ဥပမာအနေဖြင့် ယီမင်တွင် ဆော်ဒီဦးဆောင်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေး ပုံစံများကို အရှိန်တိုး မြှင့် လာနိုင်သည်။
အမေရိကန်ကသာ ဆော်ဒီ၏ လုံခြုံရေးကို အာမခံ ပေးထားမည်ဆိုပါက ဆော်ဒီ ခေါင်းဆောင်များကလည်း အနု နည်းရော အကြမ်းနည်းပါ သုံးရန် ဝန်လေးမည် မဟုတ်ပေ။

ဆော်ဒီ အိမ်ရှေ့စံမင်းသားကို တွေ့ရစဉ်
တရုတ် အရေးနှင့်ပတ်သက်ပြီး သုံးသပ်ရမည်ဆိုပါက အမေရိကန်သည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုရန် လိုအပ်လိမ့်မည်ဟု အချို့က ပြောနေကြသည်။
ထိုပြောကြားမှုသည် ကျိုးကြောင်းခိုင်လုံမှု အလွန်အားနည်းသည့် အယူအဆဖြစ်သည်။ တရုတ်သည် ယခင် ကတည်းက ဆော်ဒီအာရေဗျ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
ထို့ကြောင့် အမေရိကန်နှင့် ဆော်ဒီကြား ကာကွယ်ရေးစာချုပ်သည် တရုတ်နှင့် ဆော်ဒီကြား ကုန်သွယ်ရေးကို ပြောင်းလဲစေမည် မဟုတ်ပေ။
စင်စစ်တွင် အမေရိကန်နှင့် ဆော်ဒီ၏ ကာကွယ်ရေးစာချုပ်သည် တရုတ်ကို တစ်ဖက်တစ်လမ်းမှပင် အထောက် အကူပြုရာ ရောက်နေသည်။
ထိုစာချုပ်အရ အမေရိကန်သည် ဆော်ဒီနှင့် ပင်လယ်ကွေ့ဒေသကို ကာကွယ်ပေးထားမည်ဖြစ်သည်။
ထိုအချိန်အတွင်း တရုတ်က လုံခြုံရေး အကာအကွယ်အတွက် တစ်ပြားမှ ကုန်စရာမလိုဘဲ ပင်လယ်ကွေ့မှ ရေနံ များကို ဆက်လက် ဝယ်ယူနေမည်ဖြစ်သည်။
ပင်လယ်ကွေ့တွင် အမေရိကန်၏ အကာအကွယ်ဖြင့် တရုတ်က ရေနံများကို လွတ်လပ်စွာ ဝယ်ယူပြီး သယ်ယူပို့ ဆောင် နေမည်ဖြစ်သည်။
အကယ်၍ အမေရိကန် အနေဖြင့် တရုတ်ကို ယှဉ်ပြိုင်လိုပါက တရုတ်၏ စွမ်းအင်လမ်းကြောင်းများကို အခမဲ့ အကာအကွယ်ပေးနေခြင်း မဖြစ်သင့်ပေ။
ဆော်ဒီ-အမေရိကန် ကာကွယ်ရေးစာချုပ်၏ စိုးရိမ်မှု အရှိဆုံးအပိုင်းမှာ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသားကို တွေ့ရစဉ်
ဆော်ဒီက ပြည်တွင်းတွင် ယူရေနီယံ သန့်စင်ခွင့်ကို ရရှိရန် ဆန္ဒရှိနေသည်။ ထိုအချက်က ဆော်ဒီအတွက် နျူကလီးယား လက်နက် စီမံကိန်းကို ဦးတည်သွားစေနိုင်သည်။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman) ကလည်း အီရန်သည် နျူကလီးယား လက်နက်များကို ရရှိခဲ့မည်ဆိုပါက ဆော်ဒီကလည်း နျူကလီးယား လက်နက်များ ရရှိအောင် ကြိုးပမ်းမည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသည်။
အီရန်သည် နျူကလီးယား လက်နက်များ ရရှိရန် အလွန်နီးစပ်နေပြီဖြစ်သဖြင့် ဆော်ဒီ-အမေရိကန် ကာကွယ်ရေး စာချုပ်သည် ပင်လယ်ကွေ့တွင် နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို ဖြစ်စေနိုင်လိမ့်မည်။
အမေရိကန် အနေဖြင့်လည်း နျူကလီးယားလက်နက် ပျံ့ပွားမည့် အန္တရာယ်ကို အရဲစွန့်ပြီး သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည့် ဆော်ဒီနိုင်ငံကို ကာကွယ်ပေးမည် ဟုတ်၊ မဟုတ် မေးခွန်းထုတ်ရမည်ဖြစ်သည်။
ထိုစာချုပ်ကြောင့် အမေရိကန်ပြည်တွင်းတွင် ဒီမိုကရက်တစ်ပါတီနှင့် အာရပ်အမေရိကန်များ၊ မွတ်ဆလင် အမေရိကန်များကဲ့သို့ အဓိက မဲဆန္ဒအင်အားစုများကြား သဘောထားများ ကွဲလွဲစေမည်ဖြစ်သည်။
ထိုအင်အားစုများသည် ဂါဇာကမ်းမြောင် ဒေသအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒကို ယခင်ကတည်းက ဆန့်ကျင်ခဲ့ကြသူများ ဖြစ်သည်။
ယခုကဲ့သို့ ဆော်ဒီအာရေဗျနှင့် တရားမဝင် မဟာမိတ်ဖွဲ့မှုသည် အမေရိကန် မဲဆန္ဒရှင်များ၏ မကျေနပ်ချက်များကို ပိုမို မြင့်တက်စေလိမ့်မည်ကို အမေရိကန် ခေါင်းဆောင်များက သတိပြုသင့်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 915
CNI Sport Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
နိုဝင်ဘာလ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံအသင်းတွေ အများ အပြား ထွက်ပေါ်လာခဲ့ပြီး ပူးတွဲအိမ်ရှင် ၃ နိုင်ငံ အပါအဝင် ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအရေအတွက်က ၄၂ သင်းအထိ ရှိလာခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမှာဖြစ်လို့ လက်ကျန်ဝင်ခွင့် နေရာအတွက် ၆ နေရာသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
လက်ကျန် ၆ နေရာအတွက် ဥရောပဇုန် ပလေးအော့ဖ် ပွဲတွေကနေ ၄ နေရာနဲ့ Inter-confederation ပလေးအောဖ့်ကနေ ၂ နေရာရရှိမှာပါ။
ဒီပွဲစဉ်တွေကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ ယှဉ်ပြိုင်ပြီးရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမယ့် အသင်းအရေအတွက်အားလုံး ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ အသင်း ၄၂ သင်းကို ပြောပြပေးချင်ပြီး ဒီအထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါအသင်းတို့ဟာ ဒီပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ခြေစစ်ပွဲ ယှဉ်ပြိုင်စရာ မလိုဘဲ အလိုအလျောက် ဝင်ခွင့်ရခဲ့ပါတယ်။
အာရှဇုန်ကနေ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းတွေကတော့ ဂျပန်၊ အီရန်၊ ဥဇဘတ်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ကာတာနဲ့ ဆော်ဒီအသင်းတို့ပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်သွားတဲ့ အသင်းကို တွေ့ရစဉ်
ဥဇဘတ်ကစ္စတန်နဲ့ ဂျော်ဒန်အသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
တောင်အမေရိကဇုန်မှာတော့ လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပါရာဂွေး အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
အာဖရိကဇုန်မှာတော့ အီဂျစ်၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ကိတ်ဗာဒီ၊ မော်ရိုကို၊ အိုင်ဗရီကို့စ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဂါနာအသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ကိတ်ဗာဒီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်ဇုန်မှာဆိုရင် ပနားမား၊ ကူရာဆာအိုနဲ့ ဟေတီအသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကူရာဆာအို အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
သမုဒ္ဒရာပိုင်းဇုန်မှာတော့ နယူးဇီလန်အသင်း တစ်သင်းတည်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။
ဥရောပဇုန်မှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ သြစတြီးယား၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
စကော့တလန်၊ နော်ဝေနဲ့ သြစတြီးယားအသင်းတို့ဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်နိုင်ငံတွေကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ကျန်ရှိနေတဲ့ လက်ကျန် ၆ နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဒီဝင်ခွင့်အတွက် ကစားရမယ့် ပလေးအော့ဖ် ပွဲတွေကို မဲခွဲမှုပြုလုပ်ခဲ့ပါတယ်။
ဥရောပဇုန်ဝင်ခွင့် ၄ နေရာအတွက် လမ်းကြောင်း ၄ ခုခွဲခဲ့ပြီး လမ်းကြောင်းတစ်ခုစီမှာ အနိုင်ရတဲ့အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရမှာပါ။
ပထမလမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် အီတလီနဲ့ မြောက်အိုင်ယာလန်၊ ဝေးလ်စ်နဲ့ ဘော့စနီးယားတို့ တွေ့ဆုံ နေပါတယ်။
ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့ အသင်းတွေဟာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာပါ။
ဒုတိယလမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် ယူကရိန်းနဲ့ဆွီဒင်၊ ပိုလန်နဲ့ အယ်လ်ဘေးနီးယား၊ တတိယ လမ်း ကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် ဆလိုဗက်ကီးယားနဲ့ ကိုဆိုဗို၊ တူရကီနဲ့ ရိုမေးနီးယား၊ စတုတ္ထ လမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်မှာ ချက်နဲ့အိုင်ယာလန်၊ ဒိန်းမတ်နဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
ဒီလမ်းကြောင်းတစ်ခုစီမှာ အနိုင်ရတဲ့ အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်နေရာကို ရရှိမှာပါ။
Inter-confederation ပလေးအော့ဖ်မှာတော့ နယူးကာလီဒိုးနီးယားနဲ့ ဂျမေကာအသင်းတို့ ဆီမီးဖိုင်နယ်ကစားပြီး အနိုင်ရတဲ့အသင်းဟာ ကွန်ဂိုနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ရဲ့ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့အသင်းဟာ အီရတ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်း ၂ သင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့် ၂ နေရာကို ပိုင်ဆိုင်မှာပါ။
အဲ့ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်လက်ကျန် ၆ နေရာအတွက် ပလေးအော့ဖ် ပွဲစဉ်တိုင်းဟာ ဗိုလ်လုပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်မှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မယ့် အသင်းအရေအတွက် အားလုံးပြည့်မယ့် လက်ကျန် ၆ နေရာကို ဘယ် အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1019
CNI Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ အပိုင်း(၁)ဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ အပိုင်း(၂)ဖြင့်လည်းကောင်း၊ ဇန်နဝါရီနောက်ဆုံးပတ်မှာတော့ အပိုင်း(၃)ဖြင့်လည်းကောင်း ကျင်းပမည်ဟု ကြေညာထားသည်။
ထိုရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အလှည့်အပြောင်းဖြစ်မည့် ရွေးကောက်ပွဲဟု ပြောဆိုကြသလို မည်သည့် အပြောင်းအလဲမှ ဖြစ်လာနိုင်ခြေမရှိဘူးဟု ပြောဆိုကြသူများလည်းရှိသည်။
မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထုသည် ရွေးကောက်ပွဲကို ဘယ်လို မြင်နေသလဲ၊ ဘယ်လို ယူဆနေသလဲ၊ ဘယ်လို မျှော်လင့်ထားသလဲ၊ ဘယ်လိုဆန္ဒရှိနေသလဲ စသည့် မေးခွန်းများကို သိဖို့လည်း လိုအပ်မည်ဟုထင် သည်။
ပြည်သူလူထုဆိုသည့် နေရာမှာ အုပ်စု ၃ အုပ်စု ခွဲခြား၍ လေ့လာကြည့်ရန်လည်း လိုအပ်မည်ဟု ထင်သည်။
ထို အုပ်စု ၃ အုပ်စုမှာ ပထမအုပ်စုကတော့ တပ်မတော်နှင့် USDP ကို ထောက်ခံသည့် ပြည်သူလူထု၊ ဒုတိယ ကတော့ ကြားနေ ပြည်သူလူထု၊ တတိယကတော့ တော်လှန်ရေးကို ထောက်ခံသော ပြည်သူလူထု ဖြစ်သည်။
အဆိုပါ အုပ်စု ၃ စုအနက် ပထမနှင့် တတိယ အုပ်စုများကတော့ ရှင်းသည်။ မည်ကဲ့သို့ ရှင်းလင်းလဲဆိုလျှင် ပထမ အုပ်စုက ရွေးကောက်ပွဲကို ထောက်ခံပြီး ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် တပ်မတော်နှင့် USDP ဦးဆောင် မည်ဟု ယုံကြည်ထားသည်။
တတိယ အုပ်စုကတော့ ရွေးကောက်ပွဲကို မထောက်ခံ/ဆန့်ကျင်သည့်အတွက် ရွေးကောက်ပွဲ ကာလနှင့် ရွေး ကောက်ပွဲ အလွန်ကာလကို စိတ်မဝင်စားပေ။
ထို့ကြောင့် ဒုတိယအုပ်စုဖြစ်သော ကြားနေ ပြည်သူလူထု၏ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလ အပေါ် သဘောထားက ဘယ်လိုရှိလဲဆိုသည်က စိတ်ဝင်စားစရာ ကောင်းသည်။

ပြည်သူများ မဲထည့်ရန် စောင့်နေကြစဉ်
ကြားနေ ပြည်သူလူထုသည် လက်ရှိ နိုင်ငံ၏ အခြေအနေကို မကြိုက်ပေ။ ထို့ကြောင့် လက်ရှိ နိုင်ငံ၏ အခြေအနေ ကို ပုံစံတစ်မျိုး ပြောင်းပေးနိုင်ခြင်းကြောင့် ရွေးကောက်ပွဲကို အပြည့်အဝ မကြိုက်သော်လည်း မကန့်ကွက်ဘဲ အခြေအနေကို စောင့်ကြည့်မည်ဖြစ်သည်။
ကြားနေပြည်သူလူထုသည် ရွေးကောက်ပွဲကာလတွင် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော လက်တွေ့ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် နိုင်ငံရေးပါတီများကို မျှော်လင့်မှုရှိနေကြသည်။
ကြားနေပြည်သူလူထု အများစုသည် နိုင်ငံရေးပါတီများ၏ ဒီမိုကရေစီ ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ရအောင်လုပ်မည်၊ စစ်ပွဲများ ရပ်ဆိုင်းအောင် လုပ်ပေးမည်ဆိုသော မဲဆွယ်ကတိ များကို အယုံအကြည်မရှိသလို မမျှော်လင့်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုမူဝါဒများသည် ၁၀ နှစ် ၁၀ မိုး တည်ဆောက်ရင်တောင် ရဖို့မဖြစ်နိုင်သော မြန်မာနိုင်ငံ မှာ မိမိတို့၏ မဲတစ်ပြားကို လိမ်လည်လှည့်ဖျား၍ ရယူရန်ကြိုးပမ်းခြင်းဟု ယူဆထားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ကြားနေ ပြည်သူလူထု အများစုသည် လက်ရှိ မြေပြင်မှာ ပြည်သူလူထုများ ရင်ဆိုင် ကြုံတွေ့နေရသည့် လူမှုဘဝများကို လက်တွေ့ ကျကျ ဖြေရှင်းပေးနိုင်မည့် မဲဆွယ် ကတိများကိုသာ မျှော်လင့်နေကြသလို လုပ်ပေးနိုင် မည့် နိုင်ငံရေးပါတီများကိုပဲ မျှော်လင့်နေကြသည်။

USDP မဲဆွယ်နေစဉ်
ပြည်သူလူထု အများစုသည် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စစ်မှုထမ်း ဥပဒေအရ တရားမဝင် ဖမ်းဆီးခံနေရခြင်းနှင့် ငွေကြေး တောင်းခံနေရခြင်း၊ ကုန်စည်ရှားပါးခြင်း၊ ခိုးဆိုးလုနှိုက်မှု အန္တရာယ်ရှိနေခြင်း၊ အလုပ်အကိုင် အခွင့်အ လမ်းရှားပါးခြင်း၊ ဝင်ငွေနည်းပါးလာခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ခရီးသွားလာသည့်အခါ မလုံခြုံခြင်းနှင့် ငွေကြေး တောင်းခံနေရခြင်း၊ တရားဥပဒေ စိုးမိုးမှု အားနည်းပြီး ပြည်သူလူထု၏ တိုင်တန်းမှုအပေါ် အရေးယူဖော်ထုတ် ပေးမှု အားနည်းနေခြင်း စသည်တို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်။
အလားတူ နိုင်ငံကူးလက်မှတ်များ အလွယ်တကူ လုပ်ခွင့်မရခြင်းနှင့် ငွေကြေး အမြောက်အမြား တောင်းခံနေခြင်း၊ နိုင်ငံခြားကို လွတ်လပ်စွာ ထွက်ခွာခွင့် မရရှိခြင်းနှင့် ပြစ်ချက်ရှာ၍ ငွေကြေးတောင်းခံနေခြင်း၊ ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ပိတ်ပင်ခံနေရခြင်း၊ လျှပ်စစ်မီး အပြည့်အဝ မရရှိခြင်း၊ အိမ်ခြံမြေ ဈေးနှုန်း အဆမတန် ကြီးမြင့် ခြင်းနှင့် အိမ်ခြံမြေ ငှားရမ်းခများ ကြီးမြင့်ခြင်း၊ ကားဈေးနှုန်းများ အဆမတန် ကြီးမြင့်ခြင်း စသည်တို့ကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။
ထို့ကြောင့် ပြည်သူလူထု အများစုသည် အထက်ပါ လူမှုဘဝ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းပေး မည်ဟု အာမခံသည့် နိုင်ငံရေးပါတီ သို့မဟုတ် လုပ်ပေးနိုင်မည့် နိုင်ငံရေးပါတီကိုသာ ရွေးကောက်ပွဲကာလမှာ မဲထည့်ရန် စဉ်းစားနေကြသည်။
လက်ရှိတွင် ပြည်သူလူထု၏ လူမှုဘဝ ပြဿနာများနှင့် အခက်အခဲများပေါ် ဖြေရှင်းပေးမည်ဟု အာမခံသည့် မဲဆွယ် စည်းရုံးသော နိုင်ငံရေးပါတီများကို မတွေ့ရသလို အာမခံနိုင်ကြောင်း ကတိပြုသော နိုင်ငံရေးပါတီကို လည်း မတွေ့ရသေးပေ။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
ထို့နောက် ကြားနေပြည်သူလူထုသည် ရွေးကောက်ပွဲအလွန် ကာလကိုလည်း စိတ်ဝင်တစားရှိပြီး သေချာ အကဲခတ် လေ့လာနေကြသည်ကိုလည်း တွေ့ရသည်။
ရွေးကောက်ပွဲအလွန် ကာလမှာ ဘယ်ပါတီက အစိုးရဖွဲ့လာနိုင်သလဲ၊ ဘယ်လို အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာနိုင်သ လဲ၊ ဘယ်လို မူဝါဒတွေ ချမှတ်လာနိုင်သလဲ၊ ဘယ်ပါတီ အစိုးရဖွဲ့ရင်တော့ မျှော်လင့်ချက်ရှိနိုင်ပြီး ဘယ်ပါတီ အစိုးရ ဖွဲ့လျှင်ဖြင့် အပြောင်းအလဲ မဖြစ်နိုင်ဘဲ လက်ရှိအတိုင်း သွားနိုင်ကြောင်း စသဖြင့် စဉ်းစားတွက်ချက်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့ခံထားရမှု၊ အဖက်ဖက်က လူမှုဘဝ နိမ့်ကျနေမှု၊ ငွေကြေးဖောင်းပွမှု၊ အမျိုးသားလုံ ခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်း၊ ကုန်သွယ်ရေးများ ရပ်တန့်နေမှု၊ နိုင်ငံသားများကြား စည်းလုံးညီ ညွတ်မှု ပြိုကွဲနေခြင်း စသည့် အခြေအနေများကို ဖြေရှင်းပေးနိုင်မည့် အစိုးရသစ်ကို ကြားနေ ပြည်သူလူထုအများ စုက မျှော်လင့်နေကြသည်။
ထို့ကြောင့် ကြားနေပြည်သူလူထု အများစုသည် ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို အမျိုးသားပြန်လည်သင့်မြတ် ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖွဲ့စည်းရန် မျှော်လင့်လျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာ ဖြစ်တည်နေသော အခက်အခဲ အကျပ်အတည်းပေါင်းစုံကို နိုင်ငံသား အားလုံး စည်းလုံးညီညွတ်စွာ ဖြေရှင်းမှသာလျှင် ကျော်လွှားနိုင်မည်ဟု ပြည်သူလူထု အများစုက ယူဆထား ကြခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလအတွင်း အုပ်စု ၃ အုပ်စုရှိသော ပြည်သူလူထု၏ မျှော်လင့်ချက်သည် မည်သို့မည်ပုံ ဖြစ်တည်လာမလဲဆိုသည်ကိုတော့ စောင့်ကြည့်ရန်သာ ရှိတော့လေသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 979
CNI Sport Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅
ပြီးခဲ့တဲ့ရက်ပိုင်းမှာ စပိန်နိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ရီးရယ်လ်အသင်း နည်းပြအလွန်ဆိုနဲ့ ကစားသမားတွေအကြားမှာ သဘောထား ကွဲလွဲမှုတွေ ကြီးထွားလာနေပြီး အဓိက ကစားသမား ၅ ဦးဟာ နည်းပြကို မကျေမနပ် ဖြစ်နေတယ်လို့ ဖော်ပြထားကြပါတယ်။
အလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ပထမဆုံး ကိုင်တွယ်နေတဲ့ ရာသီမှာ စပိန်လာလီဂါ ထိပ်ဆုံးနေရာ ရပ်တည်နိုင် အောင်နဲ့ ပထမဆုံး El Clasico ပွဲစဉ်မှာ အနိုင်ရအောင် ကိုင်တွယ်ပေးထားပါတယ်။
အလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင် ပေးထားပေမယ့် သူ့ရဲ့ထိန်းချုပ်မှု ကြောင့် ကစားသမားအချို့ဟာ မပျော်မရွှင် ဖြစ်နေကြပါတယ်။
ရီးရယ်လ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အလွန်ဆိုဟာ စပိန်ကလပ်ရဲ့ အရင်နည်းပြတွေဖြစ်တဲ့ ဇီဒန်း၊ အန်ဆယ်လော့တီတို့လို ကစားသမားတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အများအပြား ရခြင်းမရှိသေးတာပါ။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
Mundo Deportivo က ဂိုးသမား ကော့တွိုက်စ်၊ ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ဟာ နည်းပြ အလွန်ဆိုနဲ့ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ရုန်းကန်နေရတဲ့ သူတွေထဲမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
သူတို့ ၃ ဦးဟာ အလွန်ဆိုရဲ့ နည်းဗျူဟာတွေနဲ့ အဆင်မပြေ ဖြစ်နေကြပြီး နောက်တန်းကနေ ဘောလုံးစတင်ကာ တိုက်စစ် သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို မနှစ်သက်ဘူးလို့ သိရပါတယ်။
ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဗီနီစီးယက်စ်ကတော့ ဒီရာသီရဲ့ ပွဲအများအပြားမှာ လူစားလဲ ခံခဲ့ရတာကြောင့် နည်းပြ အလွန်ဆိုကို အလွန်စိတ်ပျက်နေပြီး ဘာစီလိုနာအသင်းနဲ့ ပွဲမှာဆိုရင် လူစားလဲ ခံရပြီးနောက် ဒေါသထွက်ကာ ဥမင်ထဲကို တန်းဝင်သွားခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ နောက်ပိုင်းမှာ သူ့ရဲ့အပြုအမူအတွက် အသင်းဖော်တွေ၊ ကလပ်နဲ့ အသင်း အကြီးအကဲကို လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဗီနီစီးယက်စ်ရဲ့ တောင်းပန်မှုထဲမှာ အလွန်ဆိုရဲ့ နာမည် ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အလွန်ဆိုကို တွေ့ရစဉ်
ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ်၊ ကော့တွိုက်စ်တို့နဲ့အတူ ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ကလည်း နည်းပြအလွန်ဆိုကို မကျေမနပ် ဖြစ်နေကြပါတယ်။
သူတို့ ၂ ဦးဟာ ဒီရာသီ ရီးရယ်လ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲမှာ ပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် စိတ်ပျက် နေကြတယ်လို့ ဖော်ပြထားပါတယ်။
အလွန်ဆိုဟာ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို သေချာစောင့်ကြည့်မှုတွေ ပြုလုပ် သလို ဗွီဒီယိုတွေနဲ့ ပြန်သုံးသပ်မှု၊ ဒရုန်းတွေ၊ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ နည်းဗျူဟာတွေကို အသုံးပြုကာ သူမျှော်လင့်ထားတဲ့ အရာတွေကို တောင်းဆိုမှုတွေ ပြုလုပ်တာပါ။
ရီးရယ်လ်အသင်း ကစားသမား အချို့ကတော့ ချန်ပီယံလိဂ် ဖလားတွေ ရယူနိုင်ပေးခဲ့ကြတဲ့ ဇီဒန်း၊ အန်ဆယ်လော့တီတို့ရဲ့ ပေါ့ပေါ့ပါးပါး ချဉ်းကပ်မှုတွေကို ပိုပြီးနှစ်သက်နေကြတယ်လို့ သိရပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ကာ ဗယ်လက်ကာနိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။
လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲက ရီးရယ်လ်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ စပိန်မီဒီယာ အများအပြားရဲ့ မေးခွန်း ထုတ်စရာတွေ ဖြစ်ခဲ့ပြီး ရီးရယ်လ်အသင်းဟာ ဥရောပမှာ ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဖော်ပြခဲ့ပါတယ်။
နိုင်ငံတကာ ပွဲစဉ်တွေအပြီး ကလပ်ပွဲစဉ်တွေ ပြန်လည်ယှဉ်ပြိုင်ချိန်မှာ အခုထွက်ပေါ်နေတဲ့ သတင်းတွေကို အလွန်ဆို ဘယ်လိုတုန့်ပြန်မလဲဆိုတာနဲ့ အသင်းကို ဘယ်လောက်အထိ အကောင်းဆုံး လုပ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: ဆောင်းပါး
- Hits: 839
CNI International Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅
အောက်တိုဘာလ အတွင်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် ယူကရိန်း၏ မဟာမိတ်နိုင်ငံများမှ ခေါင်းဆောင် များသည် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelensky) တို့နှင့်အတူ တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်များ ပိုမို ထောက်ပံ့ပေးရေးကို ဆွေးနွေးခဲ့ကြသည်။
ယူကရိန်းနှင့် ရုရှားကြား သုံးနှစ်ခွဲကြာ ဖြစ်ပွားနေသည့် စစ်ပွဲသည် ခေတ်သစ် စစ်ဆင်ရေးကို ပုံဖော်နေချိန်တွင် နှစ်နိုင်ငံစလုံးသည် လက်နက်များအား လျှင်မြန်စွာ ထုတ်လုပ်ပြီး ရှေ့တန်း စစ်မျက်နှာပြင်များ၌ ဖြန့်ကြက်ချထား လျက်ရှိသည်။
လက်ရှိတွင် ရုရှား-ယူကရိန်း ပဋိပက္ခတစ်လျှောက် အဓိက အသုံးပြုခဲ့သည့် လက်နက်များကို လေ့လာကြည့် မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်ပြီး နှစ်ဖက်စလုံးသည် ဒရုန်းများကဲ့သို့ ကုန်ကျစရိတ် သက်သာပြီး ပေါ့ပါးသွက်လက်သည့် လက်နက်များကို ပိုမိုထုတ်လုပ်လာခဲ့ကာ စစ်ပွဲကို အသာစီးရရန် ကြိုးပမ်းနေကြသည်။

ရုရှားစစ်တပ်က သုံးတဲ့ ဗုံးသီးထုတ်လုပ်မှုကိုတွေ့ရစဉ်
ဒရုန်းများ
ရုရှားနှင့် ယူကရိန်းတို့သည် နေ့စဉ်နေ့တိုင်း တစ်ဖက်နှင့်တစ်ဖက် ရာနှင့်ချီသည့် ဒရုန်းများကို လွှတ်တင်ပြီး တိုက်ခိုက်နေကြကာ ထိုဒရုန်းများသည် စစ်ပွဲအတွင်း ကြောက်စရာ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်လာခဲ့ သည်။
ဒရုန်းများသည် စစ်မြေပြင်ကို ပုံစံသစ်တစ်မျိုး ပြောင်းလဲစေခဲ့ပြီး စစ်သားများအား ဘန်ကာများကဲ့သို့ ဗုံးခိုကျင်း များထဲတွင် ပုန်းနေရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ရှေ့တန်း စစ်မြေပြင်တွင် ဒရုန်းများသည် စစ်သားများ၏ သွားလာလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်ခြင်း၊ ရန်သူ၏ ခံစစ်စည်းအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက် ပျံသန်းနိုင်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအတွက် ပစ်မှတ်များကို လမ်းပြပေးခြင်းတို့ ပြုလုပ်နိုင်သည်။
အရွယ်အစားသေးငယ်ပြီး ကင်မရာ တပ်ဆင်ထားသည့် FPV ဒရုန်းများတွင်လည်း ဒုံးသီးများ၊ ဗုံးများ တပ်ဆင် အသုံးပြုနိုင်ကာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည်။
နည်းပညာများ တိုးတက်လာသည်နှင့်အမျှ AI နည်းပညာနှင့် fibre-optic ကေဘယ်ကြိုး တပ်ဆင်ထားသည့် ဒရုန်းများကို အသုံးပြုလာခဲ့ကြသည်။
ကီလိုမီတာ ၄၀ အထိ ရှည်လျားသည့် fibre-optic ကေဘယ်ကြိုး တပ်ဆင်ထားသည့် အဆိုပါ ဒရုန်းများကို wirelessly jamming စနစ်ဖြင့် ကြားဖြတ်ဖျက်ချနိုင်ခြင်း မရှိပေ။
ထို့ပြင် နှစ်ဖက်စလုံးသည် ရှေ့တန်း စစ်မြေပြင်နှင့် ဝေးကွာသည့် နေရာတွင် ရှိနေသော အခြေခံ အဆောက်အအုံ များကို တိုက်ခိုက်ရန် ကုန်ကျစရိတ် နည်းပါးပြီး ဗုံးများအား သယ်ဆောင်သည့် အရွယ်အစားကြီးမားသော ဒရုန်း များကိုလည်း အသုံးပြုလာကြသည်။
ရုရှားတို့ အသုံးပြုသည့် ဒရုန်းများထဲတွင် အီရန်၏ Shaheds ဒရုန်းများကို အခြေခံပြီး ထုတ်လုပ်ထားသည့် Geran ဒရုန်းများ၊ Lancet ဒရုန်းများ ပါဝင်ပြီး ယူကရိန်းကို ဒရုန်းအစင်းရေ ရာနှင့်ချီ လွှတ်တင်တိုက်ခိုက်နေသည်။
ယူကရိန်းကမူ တူရကီနိုင်ငံလုပ် Bayraktar ဒရုန်းများကို အဓိက မှီခိုအားထားနေပြီး ပြည်တွင်းထုတ် ဒရုန်းများနှင့် အနောက်နိုင်ငံလုပ် ဒရုန်းများကိုလည်း အသုံးပြုနေသည်။
ယူကရိန်း၏ ရှေ့တန်း စစ်မြေပြင်နှင့် နီးကပ်သည့် အဓိက လမ်းမများတွင် ဒရုန်များကို တားဆီးသည့် ပိုက်ကွန်များ ဖြင့် ဖုံးလွှမ်းထားပြီး ရုရှားကလည်း ယူကရိန်းတို့ အဓိက ပစ်မှတ်ထားနေသည့် စွမ်းအင်စက်ရုံများအပေါ်တွင် ဒရုန်းများကို တားဆီးသည့် ပိုက်ကွန်များကို ကာထားသည်။

စစ်သားတစ်ဦး ဒရုန်းလွှင့်တင်နေစဉ်
ဒုံးကျည်များ- အစ္စကန်ဒါနှင့် ပက်ထရီးယော့
လေကြောင်း ကာကွယ်ရေး စနစ်များကို ဒရုန်းများ လွှတ်တင်ပြီး သာလွန်အင်အားဖြင့် ကျော်လွှားနိုင်ချိန်တွင် မဟာဗျူဟာမြောက် ပစ်မှတ်များအား တိုက်ခိုက်ရန် ပိုမိုတန်ဖိုးကြီးသည့် ဒုံးကျည်များကို အသုံးပြုလေ့ရှိသည်။
ရုရှားက Kh-101, Kalibr ပဲ့ထိန်းဒုံးကျည်များ၊ Iskander ဒုံးကျည်များနှင့် Kinzhal ကဲ့သို့ အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို အသုံးပြုနေသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ရုရှားသည် Oreshnik ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲအဆင့် ဒုံးကျည်ကို ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့ပြီး ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့သည်။
ထိုဒုံးကျည်သည် နျူကလီးယား လက်နက်ထိပ်ဖူး အများအပြား တပ်ဆင်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။
ထိုအချိန်အတောအတွင်း ယူကရိန်းသည် မဟာမိတ်များက ထောက်ပံ့ပေးသည့် ဒုံးကျည်များကို အရေအတွက် အကန့်အသတ်နှင့် အသုံးပြုနေရသည်။
ယူကရိန်းသည် ဗြိတိန်၏ Storm Shadow ဒုံးကျည်၊ ပြင်သစ်၏ SCALP ဒုံးကျည်၊ အမေရိကန်၏ ATACMS နှင့် HIMARS ဒုံးကျည်စနစ်များကို အသုံးပြုနေရသော်လည်း ထိုဒုံးကျည်များသည် ကီလိုမီတာ ထောင်ချီ ပျံသန်းနိုင် သည့် ရုရှား၏ ဒုံးကျည်များလောက် အကွာအဝေးကို ပျံသန်းနိုင်ခြင်းမရှိပေ။
ထို့ကြောင့် ယူကရိန်းသည် ရုရှား၏ နက်ရှိုင်းသည့် အတွင်းပိုင်း နယ်နိမိတ်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်ထံမှ Tomahawk ခရုဇ် ဒုံးကျည်များကို ထောက်ပံ့ပေးရန် ထပ်တလဲလဲ တောင်းဆို နေခြင်းဖြစ်သည်။
ထိုအချိန်အတောအတွင်း ယူကရိန်းသည် Flamingo ဟု အမည်ပေးထားသည့် ၎င်း၏ ကိုယ်ပိုင် ဒုံးကျည်များကို အများအပြား ထုတ်လုပ်ရန်လည်း ရည်ရွယ်ထားသည်။
ရုရှားနှင့် ယူကရိန်းတို့သည် ၎င်းတို့၏ ကောင်းကင်ယံများကို ကာကွယ်ရန်အတွက် လေကြောင်း ကာကွယ်ရေး စနစ်များ အပေါ်တွင်လည်း အလွန်မှီခို အားထားလျက်ရှိသည်။
ယူကရိန်းသည် အမေရိကန်လုပ် Patriot လေကြောင်း ကာကွယ်ရေးစနစ်၊ ဥရောပလုပ် IRIS-T၊ NASAMS နှင့် SAMP/T လေကြောင်း ကာကွယ်ရေးစနစ်တို့ကို အသုံးပြုနေသည်။
ရုရှားကမူ S-400/S-300 ၊ Buk၊ Tor နှင့် Pantsir လေကြောင်း ကာကွယ်ရေးစနစ်များကို အသုံးပြုနေသည်။
၂၀၂၄ ခုနှစ်တွင် ယူကရိန်းက ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အနောက်နိုင်ငံများထံမှ F-16 တိုက်လေယာဉ်များကို လက်ခံရရှိခဲ့သည်။
ထိုလေယာဉ်များအနက် လေယာဉ် ၄ စင်းသည် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရင်း ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

ဒရုန်းထုတ်လုပ်နေစဉ်
ကျည်ကာကားများ၏ အခန်းကဏ္ဍ မှေးမှိန်လာခြင်း
စစ်ပွဲ စတင်ဖြစ်ပွားသည့် အချိန်က စစ်မြေပြင်တွင် အလွန် အသုံးဝင်ခဲ့သော တင့်ကားများနှင့် သံချပ်ကာ ကားများ သည် နောက်ပိုင်းတွင် အသုံးဝင်မှု လျော့နည်းလာသည်။
အဘယ်ကြောင့်ဆိုသော် တင့်ကားများနှင့် ကျည်ကာကားများသည် အလွန်စျေးကြီးသည်။ ထိုကဲ့သို့ စျေးကြီးသည့် တင့်ကားများကို စျေးပေါသော ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်သည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း စစ်မြေပြင်အတွင်း အလွန်တန်ဖိုးကြီးသည့် T-90 ၊ T80 နှင့် T-72 တင့်ကား အများအပြားကို ဆုံးရှုံးခဲ့ရသည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။
ယူကရိန်းသည်လည်း ၂၀၂၃ ခုနှစ်က ပြုလုပ်ခဲ့သည့် တန်ပြန်ထိုးစစ်တွင် အနောက်နိုင်ငံများမှ Leopard ၊ Challenger နှင့် Abrams တင့်ကားများကို အသုံးပြုခဲ့သော်လည်း ရုရှား၏ ခံစစ်ကို ထိရောက်စွာ ထိုးဖောက် နိုင်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ၂ ဘက်စလုံးရှိ တပ်ဖွဲ့များသည် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်များကို အသုံးပြုလာကြသည်။
ယူကရိန်း စစ်ပွဲအတွင်း လက်နက်ကြီးများကိုလည်း အသုံးပြုခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဥရောပ၏ ခန့်မှန်းချက်အရ ရုရှားသည် အမြောက်ဆန် ၁၀,၀၀၀ ခန့်ကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုပမာဏအရ ပြင်သစ်၏ တစ်နှစ်တာ အမြောက်ဆန် ထုတ်လုပ်မှု၏ ၁၀ ပုံ ၁ ပုံဖြစ်သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး ကလည်း ရုရှားသည် ယူကရိန်းတပ်ဖွဲ့များထက် လက်နက်ကြီး အသုံးပြုမှုသည် ၂ ဆခွဲခန့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: NDTV
- By CNI
- Category: ဆောင်းပါး
- Hits: 1035
CNI International Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈
ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ် အာဏာသိမ်းမှု ဖြစ်ပွားနေပြီလောဟု မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်။
အစိုးရအဖွဲ့၏ ကန့်လန့်ကာ နောက်ကွယ်တွင် အစ္စလာမ်မစ် မဟာမိတ်ကွန်ရက်များ၊ ပြည်ပထောက်လှမ်းရေး အေဂျင်စီများနှင့် အယူအဆရေးရာ နောက်လိုက်များသည် ဘင်္ဂလားဒေ့ရှ်၏ လက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ ဖြိုဖျက်နေကြသည်။
နောက်ကွယ်မှ ကြိုးကိုင်သူမှာ အခြားသူမဟုတ်။ တစ်ချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ချီးကျူးဂုဏ်ပြု ခံခဲ့ရသည့် မိုဟာမက် ယူနွတ် ( Muhammad Yunus) ဖြစ်ပြီး လက်ရှိတွင် အစ္စလာမ်မစ်ယိမ်းသည့် အုပ်ချုပ်ပုံကို ဦးဆောင်နေသူအဖြစ် ဝေဖန်ခံနေရသည်။
ထိုအခြေအနေသည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီစနစ်ကိုသာမက တောင်အာရှနှင့် အရှေ့တောင်အာရှ၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်။
ယူနွတ် အစိုးရအဖွဲ့သည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စစ်ဗိုလ်ချုပ်များ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်တပ်အရာရှိ ၂၅ ဦးကို စွဲချက်တင်ခဲ့သည်။
၎င်းတို့သည် တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းနေသည့် အခြေအနေအောက်တွင် စွဲချက်တင်ခံခဲ့ရပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီး အမှုရင်ဆိုင်နေရသည်။
ဒေသခံမီဒီယာများကမူ ဘင်္ဂလားဒေ့ရှ်၏ ကြည်း၊ ရေ၊ လေ အကြီးအကဲများ အပါအဝင် အရာရှိပေါင်း ၁၅၀ ကျော် ပစ်မှတ်ထား ခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်ခေါင်းဆောင်ကို တွေ့ရစဉ်
ထိုကဲ့သို့ မလိုသူများကို ဖယ်ရှားရှင်းလင်းသည့် လုပ်ဆောင်ချက်သည် ဘင်္ဂလားဒေ့ရှ်၏ ဘာသာရေး မနွယ်သည့် စစ်တပ်ကို အသွင်ပြောင်းရန် ရည်ရွယ်ပုံပေါ်နေသည်။
လေ့လာသူများကလည်း ယူနွတ်၏ အစိုးရအဖွဲ့သည် အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကဲ့သို့ပင် အစ္စလာမ်မစ် တော်လှန်ရေး တပ်မတော်ဟူသည့် အယူဝါဒကို စစ်တပ်အတွင်း အစားထိုးရန် ရည်ရွယ်ထားဖွယ် ရှိကြောင်း သတိပေးခဲ့သည်။
ထောက်လှမ်းရေး သတင်းများ၏ လေ့လာဆန်းစစ်မှုများအရ ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် ISI နှင့် တူရကီထောက်လှမ်းရးအဖွဲ့များသည် ယူနွတ် အစိုးရအဖွဲ့ကို ကြားဝင်ခြယ်လှယ်သည့် ပြည်ပအင်အားစုများ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
ပါကစ္စတန်၏ ISI သည် ဘင်္ဂလားဒေ့ရှ်၏ ဂျမတ် အီ အစ္စလာမီ (Jamaat-e-Islami) ပါတီနှင့် အခြား လူသိများ သည့် အစ္စလာမ်မစ်အဖွဲ့များနှင့် နက်ရှိုင်းသည့် ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့သည်။
လက်ရှိတွင် တူရကီသည်လည်း မွတ်ဆလင်ကမ္ဘာတွင် လှုပ်ရှားမှုများ မြင့်တက်နေမှုနှင့်အတူ ပါကစ္စတန်နှင့် တူရကီတို့သည် ၎င်းတို့၏ လက်တံကို ပိုမိုဆန့်ထုတ်သည့် အနေဖြင့် ယူနွတ်၏ အတွင်းစည်းနှင့် မဟာမိတ် NGO များကို ဘဏ္ဍာရေး အထောက်အပံများပေးခြင်း၊ အယူဝါဒရေးရာနှင့် အခြားအထောက်အကူများ ပံ့ပိုးပေးနေပုံ ပေါ်သည်။
ထိုကွန်ရက်များမှတဆင့် ယူနွတ်၏ အစိုးရအဖွဲ့ကို အစ္စလာမ်မစ်ယိမ်းသည့် အစိုးရအဖြစ် ပြောင်းလဲနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ်
ထို့ပြင် ဆော်ဒီနှင့် ကာတာတို့က ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားနေကြသည်။
ထိုဒုက္ခသည် စခန်းများသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသနှင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တို့ကို ပစ်မှတ် ထားနေသည့် ဂျီဟတ်အဖွဲ့များအတွက် တပ်သားသစ် စုဆောင်းသည့် နေရာများ ဖြစ်လာသည်ဟုလည်း သတင်း များ ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များကို ပြည်သူ၏ ယုံကြည်မှု လျော့ကျစေရန် သတင်းအမှားများ ဖြန့်ခြင်းဖြင့် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု လေ့လာသူများက ပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးကဲ့သို့ အဖွဲ့အစည်း များသည် စစ်သွေးကြွများကို တန်ပြန်သည့် စစ်ဆင်ရေးများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး HuJI-B ၊ JMB နှင့် ISIS အဖွဲ့များနှင့် ဆက်နွှယ်သည့် စစ်သွေးကြွကွန်ရက်များကို ဖျက်ဆီးခဲ့သည်။
လက်ရှိအချိန်တွင် DGFI ကဲ့သို့ အစိုးရထောက်လှမ်းရေးအဖွဲ့များသည် တရားဥပဒေနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရသည်။
ထူးခြားချက်တစ်ခုမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝက်ကာ အူဇ် ဇာမန် (Waker Uz Zaman) နှင့် ၎င်း၏ ထိပ်သီး လက်ထောက်များမှာ ရေငုံနှုတ်ပိတ်နေခဲ့ကြသဖြင့် ယူနွတ်၏ အစီအစဉ်တွင် ၎င်းတို့လည်း အလိုတူ၊ အလိုပါ ဖြစ်နေဖွယ် ရှိ၊ မရှိ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
ထိုအချိန်အတောအတွင်း နိုင်ငံရေးနှင့် စစ်ရေးအသိုင်းအဝိုင်းအတွင်း ယူနွတ်အစိုးရအဖွဲ့သည် တော်လှန်ရေး အစိုးရအဖြစ် ကြေညာရန် စီစဉ်နေကြောင်း ပြောကြားနေကြသည်။
ထိုအစီအစဉ်အရ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အီရန်ကဲ့သို့ပင် သမ္မတနှင့် စစ်တပ်အကြီးအကဲ များကို ဖယ်ရှားနိုင်သည့် လုပ်ပိုင်ခွင့်မျိုး ပြောင်းလဲလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
ထိုအစီအစဉ်အရ ဒါဇင်နှင့်ချီသည့် စစ်မှုထမ်းများသည် အမှုအခင်းများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထိုအချိန်အတောအတွင်း ဂျီဟတ်များ၏ တိုက်ခိုက် နိုင်ခြေရှိသည်ဆိုသည့် ထောက်လှမ်းရေး သတိပေးချက် များကြောင့် ဒါကာမြို့တော်ရှိ အမေရိကန်သံရုံး အနီးဝန်းကျင်တွင် လုံခြုံရေးကို တင်းကျပ်ခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ်
အကယ်၍ အစ္စလာမ်မစ် အင်အားစုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကြိုးကိုင်ချယ်လှယ်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်း နိုင်ငံရေးသာမက ပြည်ပမူဝါဒများအထိပါ လွှမ်းမိုးလာလိမ့်မည်ဟုလည်း လေ့လာသူများက သတိ ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းရေး အသွင်ပြောင်းလဲမှုသည် တောင်အာရှ၏ လုံခြုံရေး အခင်းအကျင်းကို ပြန်လည် ပုံဖော်နိုင်သည်။
တူရကီ၊ ပါကစ္စတန်တို့နှင့် အယူဝါဒအရ မဟာမိတ်ဖွဲ့ထားသော ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၏ အရှေ့ဘက် လုံခြုံရေး စစ်နံ (India’s eastern security flank) ကို ထိခိုက်စေပြီး ဘင်္ဂလားပင်လယ်အော်တွင် အစ္စလာမ္မစ် လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်စေမည်ဖြစ်သည်။
တရုတ်နိုင်ငံအတွက် ထိုကဲ့သို့သော မတည်ငြိမ်မှုသည် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိစေမည်ဖြစ်သည်။
အားနည်းလာသည့် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ စီးပွားရေး အရှိန်အဝါကိ ပိုမိုမှီခိုလာရမည်ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုသည် အိန္ဒိယဦးဆောင်သော ချိတ်ဆက်ရေး အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။
မြန်မာနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်း နိုင်ငံများတွင်လည်း ရိုဟင်ဂျာစခန်းများမှ ပျံ့နှံ့လာသည့် အစွန်းရောက် ကွန်ရက် များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၊ အထူးသဖြင့် အိန္ဒိယ၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများအနေဖြင့် အချိန် မနှောင်းမီ လိုအပ်သည့် အရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။
အယူဝါဒရေးရာကို စစ်ပုံစံသွင်းခြင်းအား မျက်ကွယ်ပြုထားသဖြင့် ဘေးဒုက္ခရောက်ရသည့် ဖြစ်စဉ်များကို မေ့မထားသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်ခဲ့ကြသည်။
Source: Asia Times
