
- By CNI
- Category: ဆောင်းပါး
- Hits: 738
CNI Article
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
လက်ရှိ မြန်မာနိုင်ငံသည် အရပ်သားအစိုးရ (သို့မဟုတ်) ရွေးကောက်ခံ အစိုးရမရှိဘဲ နိုင်ငံကို မောင်းနှင်လျက်ရှိ သည်။
ထိုအခြေအနေကြောင့် နိုင်ငံအတွင်းမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိဘဲ လက်နက်ကိုင်တိုက်ပွဲများက နိုင်ငံအနှံ့အပြား တွင် ဖြစ်ပွားကာ စစ်ဘေးရှောင်များကလည်း ၃ သန်းကျော်ထိ ရှိလာသည်။ ထိုစစ်ပွဲများကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဟိုတယ်များ ပျက်စီးဆုံးရှုံးနေသလို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးလည်း အလွန်အားနည်းလျက်ရှိသည်။
ထို့နောက် ဒေသတစ်ခုနှင့်တစ်ခု လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်များ မရှိတော့သည့်အတွက် ကုန်သွယ်ရေး ကျဆင်းခြင်းနှင့်အတူ လူမှုစီးပွားလည်း ကျဆင်းလျက်ရှိနေပြန်သည်။
ထိုကဲ့သို့ အထွေထွေ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကလည်း ထပ်မံကျရောက်ခဲ့ပြန်သည်။ ၂၀၂၃ ခုနှစ်က ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း အန္တရာယ်ကို ရင်ဆိုင်ရပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ မပြီးမြောက်ခင် ၂၀၂၄ ခုနှစ်၌ ရေဘေးသင့် ပြည်သူများဖြစ်ခဲ့ပြန်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ဘေးကြောင့် ထိခိုက်မှုများကို ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ်
ယခုနှစ် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာတော့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၆၄၅ ဦးသေဆုံးပြီး ၅၀၁၇ ဦးထိခိုက်ဒဏ်ရာရ၍ ၁၄၈ ဦးပျောက်ဆုံးနေသည်ဟု ဧပြီ ၈ ရက် ညပိုင်းတွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။(ကိန်းဂဏန်းများ ဆက် လက် တိုးပွားလာနိုင်ပါသည်)။
အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ အစိုးရရုံး အဆောက်အအုံများ၊ ဝန်ထမ်း(အစိုးရ)အိမ်ယာများ ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်လျှောက်ကို လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ပွဲကင်းမဲ့ဇုန်အဖြစ် ရှိနေသလို မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေးမြို့တော်နှင့် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် မန္တလေး၊ နေပြည်တော်ကို အထိနာစေခဲ့သည်။
ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁၇ သန်း နှင့် သန်း ၂၀ ကြား လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်လာနိုင်ကြောင်း၊ အထူးသဖြင့် ငလျင် ဒဏ်ကို အဓိက ခံစားလိုက်ရသော မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အဝန်းအဝိုင်းမှ လူပေါင်း ၉ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နိုင်သည်ဟု ပြောကြားထားသည်။
မည်သို့ပင်ဆိုစေကာမူ ငလျင်ဘေးကြောင့် (၁) စီးပွားရေး ပိုမိုကျဆင်းနိုင်၊ (၂) အလုပ်လက်မဲ့ ပိုမိုများပြားလာနိုင်၊ (၃) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုမိုများပြားလာနိုင်၊ (၄) လူမှုဝန်ဆောင်မှုများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမို အားနည်းလာနိုင်၊ (၅) အသေးစားနှင့်အလတ်စား လုပ်ငန်းများ အများအပြား ရပ်တန့်သွားနိုင်၊ (၆) ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ကျဆင်းနိုင်၊ (၇) အကူအညီ လိုအပ်သူ (ဒုက္ခသည်)ပိုမို များပြားလာနိုင်၊ (၈) ခိုဆိုးလုယက်မှု ပိုမိုများပြားလာနိုင်၊ (၉) တရားဥပဒေစိုးမိုးရေး ပိုမိုကျဆင်းလာနိုင် စသည့် အခြေအနေများကို ကြုံတွေ့လာရနိုင်သည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ကုလအထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့ကို တွေ့ရစဉ်
ထိုအခြေအနေများကို ကျော်လွှားနိုင်ဖို့ဆိုလျှင် (၁) ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အားကောင်းရန်လိုအပ်မည်၊ (၂) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး အားကောင်းရန်လိုအပ်မည်၊ (၃) စစ်ပွဲများ လျှော့ကျ/လျော့ကျရန် လိုအပ်မည်၊ (၄) နိုင်ငံတကာ အကူအညီများ ရရှိရန်လိုအပ်မည်၊ (၅) ဒေသ တွင်း ပြည်သူလူထုများ စည်းလုံးညီညွတ်ရန်နှင့် ဖေးမကူညီမှုများ အားကောင်းရန်လိုအပ်မည်၊ (၆) ကုန်စျေးနှုန်း တည်ငြိမ်အောင် ထိန်းနိုင်ရန်လိုအပ်မည်၊ (၇) လမ်းတံတားနှင့် ဆက်သွယ်ရေး ကွန်ရက်များ အမြန်ဆုံးပြန်လည် ကောင်းမွန်ရန် လိုအပ်မည် ဖြစ်သည်။
ထို့ပြင် (၈) အစိုးရယန္တရာယ်များ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရန်လိုအပ်မည်၊ (၉) အခြေခံ အဆောက်အအုံ များ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန်လိုအပ်မည်၊ (၁၀) လျှပ်စစ်မီး အများစု ပြန်လည် ရရှိရန်လိုအပ်မည်၊ (၁၁) အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပြန်လည် ရပ်တည်နိုင်ရေး ကူညီပေးရန်လိုမည်၊ (၁၂) လူမှု ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်နိုင်ရန် လိုအပ်မည်၊ (၁၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရှိရန်လိုအပ်မည်၊ (၁၄) နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လိုအပ် မည် စသည့် အခြေအနေများလိုအပ်သည်။
အဆိုပါ အခြေအနေများကို မတည်ဆောက်နိုင်ပါက နိုင်ငံသည် စစ်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေးများ ၏ကြားမှာ စီးပွားရေး ကျဆင်းခြင်းနှင့် အလုပ်လက်မဲ့များခြင်းဖြင့် အလူးအလဲ ရုန်းကန်နေရနိုင်ပါသည်။
ဤကဲ့သို့ အခြေအနေများကြားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ အလွန်ခက်ခဲနိုင်ပါသည်။ တခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲသည် အထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်းရေးအတွက် နည်းလမ်းတစ်ခုဖြစ်နိုင်၍ ကျင်းပ နိုင်ရေး အားထုတ်လျက်ရှိပြန်သည်။
သို့သော် ပညာရှင်များကတော့ ငလျင်ဘေးနှင့် စစ်ဘေး အကျပ်အတည်းကြားမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ အလွန်ခက်ခဲသည်ဟု ဆိုကြသည်။
အဘယ်ကြောင့်ဆိုသော် တရားမျှတခြင်းနှင့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရကြည့်ပါက မြန်မာပြည်သူ/သားများသည် ဘေးဥပဒါန်းပေါင်းစုံ ရင်ဆိုင်နေကြရသည့်အတွက်ကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။
ငလျင်ဘေးသင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြစဉ်
ထိုသို့ မဟုတ်ဘဲ ဘယ်လိုအခြေအနေမျိုး ဖြစ်နေပါစေ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဆိုလျှင်တော့ဖြစ် ရွေးကောက်ပွဲ ကျင်းပနိုင်ကောင်း ကျင်းပနိုင်မည်ဖြစ်သော်လည်း လူထုနှင့်နိုင်ငံတကာ၏ ယုံကြည်လေးစားထိုက် သော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုမှု မရနိုင်သလို လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။
လက်ရှိ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များ ဖြစ်ချင်လိုသော သူများသည် ငလျင်ဘေးမှာ လူထုနှင့်ကင်းကွာနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေအကျပ် အတည်းများတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်များ ဖြစ်ချင်လိုသူများသည် ပြည်သူလူထု၏ မဲကိုသာ ရလိုသော်လည်း လူထုကတော့ဖြင့် မဲထည့်ရန် ယုံကြည်မှု ကင်းမဲ့နေသည်။
ရွေးကောက်ခံအစိုးရ (သို့မဟုတ်) အရပ်သားအစိုးရ မရှိဘဲ စစ်ပွဲများဖြင့် ရင်ဆိုင်နေရသလို စီးပွားရေး ကျဆင်း ခြင်း၊ မတူညီသော ကပ်ဘေးပေါင်းစုံဖြင့် ရင်ဆိုင်နေရသော နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှာ အလွန် ခက်ခဲနိုင်ကြောင်း ပညာရှင်များကလည်း ထောက်ပြလျက်ရှိသည်။
သို့သော် မတူညီသော ကပ်ဘေးများနှင့် စစ်ပွဲများကြောင့် မတည်ငြိမ်ဖြစ်နေသည့် နိုင်ငံတွင် (၁) စီးပွားရေး တည်ငြိမ်မည်၊ (၂) ကပ်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများနှင့် အကူအညီလိုအပ်နေသူများအတွက် ပြန်လည် ထူထောင်ရေးကို လုပ်ပေးနိုင်မည်၊ (၃) အခြေခံ အဆောက်အအုံ(အစိုးရရုံးများ၊ လမ်းတံတားများ၊ မဲရုံများ၊ ကျန်း မာရေးနှင့် ပညာရေး အဆောက်အအုံများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ လွှတ်တော်)များ ပြန်လည် တည်ဆောက် ပေးနိုင်မည်၊ (၄) ရွေးကောက်ပွဲ ကျင်းပမည့် ဧရိယာများ လုံခြုံမှုရှိနေခြင်း သို့မဟုတ် တည်ငြိမ်အေးချမ်းနေခြင်း၊ (၅) နိုင်ငံတကာနှင့် ပြည်သူလူထုက ရွေးကောက်ပွဲကို လိုအပ်သည်ဟု ယုံကြည်လက်ခံနေခြင်း စသည့် အခြေခံ အချက်များရှိလျှင် ရွေးကောက်ပွဲကျင်းပရန် အဆင်ပြေနိုင်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဟေတီနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယနေ့ အချိန်ထိ လုပ်နေရဆဲ (မပြီးမြောက်သေးပေ)ဖြစ်သည်။
ငလျင်ဘေးသင့် နိုင်ငံများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရာ၌ အဓိကအနေဖြင့် အောက်ပါ ကဏ္ဍများကို ထည့်သွင်းစဉ်းစားလေ့ရှိကြောင်း သိရသည်။
(၁) အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း
အိမ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ လမ်းများနှင့်တံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်တည်ဆောက်ခြင်း။
သန့်ရှင်းသော ရေနှင့်လျှပ်စစ်မီး ရရှိရေးအတွက် စီမံကိန်းများ။
(၂) လူမှုရေး ပြန်လည်ထူထောင်ရေး
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် ကုသမှုပေးခြင်း။
အိုးအိမ်မဲ့သူများအတွက် အကူအညီများ။
ကလေးများနှင့် အားနည်းသူများအတွက် အကာအကွယ်ပေးခြင်း။
(၃) စီးပွားရေး ပြန်လည်ထူထောင်ရေး
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးကူညီခြင်း။
လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကို ပြန်လည်ထူထောင်ခြင်း။
(၄) ဘေးအန္တရာစီမံခန့်ခွဲမှု
နောက်ထပ် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ။
ဘေးအန္တရာယ် သတိပေးစနစ်များ တည်ဆောက်ခြင်း။
အရေးပေါ် တုန့်ပြန်မှုစနစ်များ တိုးတက်စေခြင်း။
စသည်တို့ ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တည် ဆောက်နိုင်ရန် လိုအပ်နေသည်။ ထိုလုပ်ငန်းစဉ် ၂ ရပ်သည် နိုင်ငံတကာ အကူအညီမရလျှင် လုပ်ဆောင်နိုင်ရန် မလွယ်ကူပေ။
ထို့ကြောင့် ငလျင်ဘေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး မျှော်မှန်းချက်သည် မည်သို့ ဖြစ်လာနိုင်သလဲ၊ အရပ်သား အစိုးရ (သို့မဟုတ်) ရွေးကောက်ခံ အစိုးရမရှိသော နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဝန်ဆောင်မှုများသည် မည်သို့ ဖြစ်လာနိုင်သလဲ၊ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် မည်သို့ဖြစ်လာနိုင်သလဲ။
အလားတူ အကျပ်အတည်းများကြားက ရွေးကောက်ပွဲကျင်းပလျှင် မည်သို့ဖြစ်လာနိုင်သလဲ၊ ရွေးကောက်ပွဲ ကျင်းပ ပြီး အစိုးရတစ်ရပ် ပေါ်ပေါက်လာပါက တက်လာမည့် အစိုးရက မြန်မာနိုင်ငံ၏ အထွေထွေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသလား၊ အကျပ်အတည်းများဖြစ်နေ၍ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် မြန်မာနိုင်ငံ ဘယ်လိုဖြစ်သွားနိုင်ပါသလဲ....?

- By CNI
- Category: ဆောင်းပါး
- Hits: 886
ဆိုက်ဘာ တိုက်ခိုက်မှုများအောက်မှ အမေရိကန်
CNI Article
၂၀၂၅ ခုနှစ် ၊ ဧပြီ ၆
ဆိုက်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းများသည် ပြန့်ကျဲနေပြီး ပုံပြင်ဆန်ပုံရသော်လည်း ဆိုက်ဘာ တိုက်ခိုက်မှုသည် အလေးအနက်ထားရမည့် အရေးကိစ္စတစ်ခုဖြစ်သည်။
တရုတ်အစိုးရနှင့် ဆက်နွှယ်မှုရှိသည့် ဟက်ကာများသည် Microsoft ၏ အီးမေးလ် cloud စနစ်၊ အမေရိကန် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ အီးမေးလ်စနစ်များကို ဖောက်ထွင်း ဝင်ရောက် ခဲ့သည်။
အခြား ဟက်ကာများသည် ဂူအမ်ရှိ အမေရိကန်စစ်တပ်၏ ဆက်သွယ်ရေးစနစ်များ၊ ရေတပ်၏ အမှတ် ၇ စစ်သင်္ဘောအုပ်စုအတွက် ထိန်းချုပ်ကွပ်ကဲရေးစင်တာ၏ စနစ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။
Salt Typhoon အမည်ရှိ တရုတ်ဟက်ကာ အဖွဲ့တစ်ဖွဲ့သည် Cisco Router များ၏ အားနည်းချက်များကို အသုံးချပြီး AT&T နှင့် Verizon အပါအဝင် အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ ၉ ခုကို ဆိုက်ဘာ တိုက်ခိုက် ခဲ့ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ထိုဆိုက်ဘာ တိုက်ခိုက်မှုသည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး ထောက်လှမ်းရေး ကျိုးပေါက်မှုများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်၏ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံ အဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISA) သည် ထိုကဲ့သို့ ကြီးမား သည့် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်များကို ထုတ်ပြန်ပေးနိုင်ခဲ့ခြင်း မရှိ ကြောင်း New York Times သတင်းစာက မှတ်ချက်ပြုခဲ့သည်။
ထိုဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် မည်သူ့တွင် တာဝန်ရှိနေသည်ဆိုခြင်းကို တစ်နှစ်ကျော်ကြာသည်အထိ တိကျစွာ မသိရသေးပေ။
တရုတ်သူလျှိုများကလည်း ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများ၏ ဖုန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
Ransomware အသုံးပြုနေစဉ်
တရုတ်သည် အမေရိကန်၏ အရေးကြီးသည့် အခြေခံ အဆောက်အအုံများတွင် အန္တရာယ်ရှိသော အဖျက်ဆော့ဖ်ဝဲ (malware) များ ထည့်သွင်းထားကြောင်း အမေရိကန်အစိုးရက သတိပေးခဲ့သည်။ ထို malware များကို အချိန် မရွေး အသက်သွင်းနိုင်သည်။
CrowdStrike ဆော့ဖ်ဝဲကုမ္ပဏီ၏ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သူလျှိုခြိမ်းခြောက်မှု အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တွင် တရုတ်၏ ဆိုက်ဘာသူလျှို လှုပ်ရှားမှုသည် ၁၅၀ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသည်လည်း ဆိုက်ဘာတိုက်ခိုက်မှုများ ကြီးကြီးမားမား ပြုလုပ်ခဲ့သည်။
ခြိမ်းခြောက် ငွေညှစ်ရန်အတွက် အသုံးပြုသည့် Ransomware တိုက်ခိုက်မှုများသည် ကုမ္ပဏီများကိုသာမက ကျောင်းများ၊ ဘုရားကျောင်းများ၊ ဆေးရုံများနှင့် သွေးလှူဘဏ်များကိုပင် ပစ်မှတ်ထားလာခဲ့ကြသည်။
BadPilot အမည်ရှိ ရုရှားဟက်ကာ အဖွဲ့တစ်ဖွဲ့သည် အင်္ဂလိပ်စကားပြောသည့် နိုင်ငံများရှိ အဖွဲ့အစည်းများကို တိုက်ခိုက်ခဲ့ကြောင်း Microsoft ကုမ္ပဏီက ဖော်ပြခဲ့သည်။
၎င်းတို့၏ ပစ်မှတ်များထဲတွင် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေး၊ သင်္ဘော၊ လက်နက် ထုတ်လုပ် ရေးနှင့် အစိုးရအဖွဲ့များ ပါဝင်သည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများကို ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုနှင့် နှိုင်းယှဉ် ဖော်ပြရမည်ဆိုပါက “ပုလဲဆိပ်ကမ်းတိုက်ခိုက်မှု ဒစ်ဂျစ်တယ်ဗားရှင်း” ဟု ပြောနိုင်သည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန် နည်းပညာကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ စနစ်များစွာကို တည်ဆောက် ထားသောကြောင့် အခြားနိုင်ငံများ အတွက်လည်း အန္တရာယ်ရှိသည်။
တရုတ်နှင့် ရုရှားတို့သည် ဒေတာခိုးယူရန်နှင့် သတင်းမှားများဖြန့်ရန် ဆိုက်ဘာတိုက်ခိုက်မှုများကို အသုံးပြုလျက် ရှိသည်။
ဆိုက်ဘာတိုက်ခိုက်မှု အားလုံးသည် တစ်ကြိမ်တည်းတွင် တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့မည်ဆိုပါက အမေရိကန် သည် ပြင်းထန်စွာ တုန့်ပြန်ဖွယ်ရှိသည်။ အတိတ်ကာလက အမေရိကန်သည် ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု၊ 9/11 တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပြင်းထန်သည့် တန်ပြန်တိုက်ခိုက်မှုများဖြင့် တုန့်ပြန်ခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေ အမေရိကန်၏ ရန်ဘက်များသည် သမိုင်းပေး သင်ခန်းစာများကို ရရှိထားခဲ့ကြပြီးဖြစ်သည်။
အမေရိကန်၏ ရန်ဘက်များသည် စစ်ပွဲဖြစ်ပွားစေနိုင်သော အခြေအနေကို ဦးတည်သွားစေနိုင်သည့် တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုများကို ရှောင်ရှားမည်ဖြစ်သည်။
တရုတ် စစ်မဟာဗျူဟာ ဒသနပညာရှင်ကြီး ဆွန်ဇူး (Sun Tzu) ရေးသားခဲ့သည့် “စစ်ပွဲ၏ အမြင့်ဆုံး အနုပညာ သည် မတိုက်ခိုက်ဘဲ အနိုင်ယူခြင်းဖြစ်သည်”ဆိုသည့် စာသားအတိုင်း ကျင့်သုံးကြလိမ့်မည်ဖြစ်သည်။
၁၉၄၁ ခုနှစ်က ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရချိန်တွင် ထိုအချိန်က အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေသည့် ဖရန့်ကလင်း ဒီ ရုစဗဲ့ (Franklin D. Roosevelt) ကဲ့သို့ ပြင်းထန်စွာ လက်တုန့်ပြန်ခဲ့သည်။
အမေရိကန်၏ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံ အဆောက်အအုံ လုံခြုံရေးအေဂျင်စီကို တွေ့ရစဉ်
သို့သော် လက်ရှိ ထရမ့် အစိုးရအဖွဲ့သည် ချက်ချင်းတုန့်ပြန် ဆောင်ရွက်ရမည့်အစား ကြီးမားသည့် အမှားများကို သာ ပြုလုပ်ခဲ့သည်။
ထိုအမှားများအနက် တစ်ခုမှာ ထရမ့်သည် CISA ဝန်ထမ်းများကို လျှော့ချခဲ့ပြီး ဆိုက်ဘာနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိသည့် ရှေ့နေတစ်ဦးကို အိမ်ဖြူတော်၏ ဆိုက်ဘာ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယီမင်ရှိ ဟူရ်သီသူပုန်များကို စစ်ရေးအရ တိုက်ခိုက်မည့် လျှို့ဝှက်အဆင့် အသေးစိတ် အချက်အလက် များသည့် Signal အက်ပလီကေးရှင်း၏ group chat တွင် ပေါက်ကြားသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တရုတ်နှင့်ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုများကို အမေရိကန်၏ ပုဂ္ဂလိကကဏ္ဍရော အစိုးရကပါ ထိရောက်စွာ တုန့်ပြန်နိုင်ခဲ့ခြင်း မရှိသည်ကို မြင်တွေ့ရသည်။
အကြောင်းရင်းတစ်ခုမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် ပြဿနာများကို ဖြေရှင်းရန် အစိုးရနှင့် ပုဂ္ဂလိက အကြား စည်းရုံးညီညွတ်မှုရှိစေရန် ခက်ခဲခြင်းကြောင့်ဖြစ်သည်။
ခေါင်းဆောင် အများအပြားကလည်း ပြဿနာ၏ အတိမ်အနက်ကို ဝန်ခံရန် ငြင်းဆိုနေသည်။
လုပ်ငန်းအမှုဆောင်များကလည်း စစ်မှန်သော ဆိုက်ဘာလုံခြုံရေးထက် တရားဥပဒေဆိုင်ရာ အကာအကွယ်များ ကို အားကိုးအားထားပြုနေကြသည်။
ကုမ္ပဏီတစ်ခုသည် ဆိုက်ဘာတိုက်ခိုက်ခံရသည့် အခါမျိုးတွင် ၎င်းတို့သည် လုပ်ငန်းစံနှုန်းများကို လိုက်နာမှုရှိ ကြောင်း သက်သေပြရန်အတွက် ရှေ့နေများနှင့် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီများကို ငှားရမ်းလေ့ရှိသည်။
သို့သော် ဆိုက်ဘာလုံခြုံရေး ချွတ်ယွင်းချက်များကို အဖြေရှာရန် အားနည်းတတ်ကြသည်။
ဆိုက်ဘာလုံခြုံရေးကို အာရုံစိုက်ရမည့်အစား ကုမ္ပဏီများသည် ငွေကြေးဆုံးရှုံးမှုကို ရှောင်ရှားရန်နှင့် ၎င်းတို့၏ ဂုဏ်သတင်းများကို ကာကွယ်ရန် ကြိုးစားကြသည်။
နည်းပညာကုမ္ပဏီများကလည်း ၎င်းတို့၏ အားနည်းချက်များကို ဝန်ခံရန် တွန့်ဆုတ်တတ်ကြသည်။
၎င်းတို့သည် cloud computing နှင့် ဒေတာ သိမ်းဆည်းရေးအတွက် ခိုင်မာသော လုံခြုံရေး ကတိကဝတ်များကို ထုတ်ပြန်ခဲ့ကြသော်လည်း တရုတ်ဟက်ကာများက ထိုကုမ္ပဏီများ၏ အားနည်းချက်များကို တွေ့ရှိခဲ့သည်။
TikTok ကုမ္ပဏီကိုတွေ့ရစဉ်
သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ကဲ့သို့ လုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများက လုပ်ကိုင်နေခြင်းကြောင့် အမေရိကန်အစိုးရသည် အရေးကြီးသည့် ထိုလုပ်ငန်းများကို အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်းမရှိပေ။
အနောက်နိုင်ငံများမှ အစိုးရများသည် ဒစ်ဂျစ်တယ် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် ကောင်းစွာ စီစဉ်ထားခြင်း မရှိဘဲ အရေးကြီးသော အချက်အလက်များကို အမြဲမပြတ် မျှဝေလေ့မရှိပေ။
စီအိုင်အေ အပါအဝင် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ ၁၈ ဖွဲ့အထိ ပါဝင်ဖွဲ့စည်းထားသည့် ထောက်လှမ်း ရေး အသိုက်အဝန်း (IC) သည် ထိတွေ့ဆက်ဆံမှု အားနည်းခြင်းကြောင်း 9/11 တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
တရားဥပဒေစိုးမိုးရေး အေဂျင်စီများသည် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ အချက်အလက်များကို နားလည်ရန်နှင့် မျှဝေရန် ရုန်းကန်နေရသည်။
ကာကွယ်ရေး ဝန်ထမ်းအင်အား ၃ သိန်းခန့်ရှိသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည်ပင် ခိုင်မာသော ဆိုက်ဘာလုံခြုံရေး အစီအစဉ်များကို ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။
ထို့ပြင် အမေရိကန်နိုင်ငံသား သန်း ၁၇၀ ကျော်က TikTok ကို အသုံးပြုနေခြင်းသည် ပြဿနာ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
TikTok သည် ထုတ်လုပ်ခဲ့ဖူးသမျှ ဒစ်ဂျစ်တယ် လက်နက်များထဲတွင် အစွမ်းထက်ဆုံး ဒစ်ဂျစ်တယ် လက်နက် တစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် DeepSeek၊ Shein နှင့် Temu ကဲ့သို့ အခြားသော တရုတ် အက်ပလီကေးရှင်းများသည်လည်း အသုံးပြု သူများ၏ ဒေတာကို ထိန်းချုပ်မှု အနည်းငယ်ဖြင့် စုဆောင်းသည်။
ထိုပြသနာများကို ဖြေရှင်းရန် နည်းလမ်းများရှိနေပြီး ကျွမ်းကျင်သူအချို့က ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ဝန်ကြီးဌာန ထူထောင်ရန် အကြံပြုနေကြသည်။
အချို့ကမူ ဆိုက်ဘာလုံခြုံရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပေါင်းစည်းထားသည့် အထူးအဖွဲ့တစ်ခု ဖွဲ့စည်းရန် အဆိုပြုနေကြသည်။
ထို့ကြောင့် အမေရိကန်အနေဖြင့် အချိန်မနှောင်းမီ ဆိုက်ဘာလုံခြုံရေး ပြဿနာကို ဖြေရှင်းရန် အချိန်မီ အကောင်အထည်ဖော် လုပ်ဆောင်သင့်ပေသည်။
Source: Asia Times

- By CNI
- Category: ဆောင်းပါး
- Hits: 775
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
ဒီရာသီ နည်းပြလူးဝစ်အင်းနရစ် လက်ထက် ပီအက်စ်ဂျီအသင်းရဲ့ ရလဒ်နဲ့ စွမ်းဆောင်ရည်ဟာ အလွန် ကောင်းမွန်နေပြီး ဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မက်ဆီ၊ နေမာ၊ ဘတ်ပီတို့လို ကမ္ဘာအကောင်း ဆုံးကစားသမား တွေနဲ့ အသင်းကို တည်ဆောက်ခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့တာပါ။
အဲဒါကြောင့် နည်းပြလူးဝစ်အင်းနရစ်ဟာ လူငယ်ကစားသမား ကြယ်ပွင့်တွေနဲ့ အသင်းကို တည်ဆောက်ပြီး အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ အနာဂတ်အတွက်ပါ ရည်ရွယ်ပြီး အသင်းကို တည်ဆောက်ကာ နာမည်ကြီး ကစားသမားအချို့ကို ထွက်ခွာခွင့်ပေးခဲ့တာပါ။
လူးဝစ်အင်းနရစ်ဟာ ဘတ်ပီ ရှိခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကတည်းက ဘတ်ပီ မပါဝင်တဲ့ လူစာရင်းကို အသုံးပြုပြီး အသင်းကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီအစပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နည်းပြ လူးဝစ်အင်းနရစ်ရဲ့ ကစားကွက် နည်းစနည်နဲ့ ကစားသမားသစ်တွေ အံ့ဝင်လာတဲ့ အချိန်မှာ အလွန်ကောင်းမွန်လာခဲ့တာကို မြင်တွေခဲ့ရတာပါ။
ပီအက်စ်ဂျီအသင်းကို တွေ့ရစဉ်
ပြင်သစ်လိဂ်နဲ့ ဖလားပြိုင်ပွဲတွေဟာ ပီအက်စ်ဂျီအသင်းအတွက် မခက်ခဲတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ သူတို့အတွက် အဓိကစမ်းသပ်ရမယ့် ပြိုင်ပွဲဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့တာပါ။
ဒါပေမယ့် နည်းပြလူးဝစ်အင်းနရစ်ရဲ့ ဦးဆောင်မှုနဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ၃ ပွဲစလုံး အနိုင်ရခဲ့ပြီး ပလေးအောဖ့် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ပလေးအောဖ့်မှာ ပြင်သစ်လီဂူး-၁ ပြိုင်ဘက် ဘရက်စ်အသင်းကို နှစ်ကျော့ ပေါင်း ရလဒ် ၁၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ၁၆ သင်းအဆင့်မှာ ချန်ပီယံလိဂ်အုပ်စု အဆင့်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပီအက်စ်ဂျီအသင်း ထွက်ခွာရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ကြပေမယ့် လက်တွေ့မှာ တော့ ပီအက်စ်ဂျီအသင်းဟာ လီဗာပူးလ်အသင်းကို နှစ်ကျော့စလုံး အသာစီးနဲ့ ကစားပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ချန်ပီယံလိဂ်ဖလားဟာ ပီအက်စ်ဂျီအသင်းရဲ့ အလိုချင်ဆုံးဆုဖလား ဖြစ်တာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့တာဟာ သူတို့အတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။
ဒီရာသီ နည်းပြလူးဝစ်အင်းနရစ် လက်ထက် ပီအက်စ်ဂျီအသင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာမှာ တောင်ပံ ကစားသမား ဒမ်ဘီလီရဲ့ စွမ်းဆောင်မှုတွေကလည်း အဓိကကျခဲ့တာပါ။
ဘာစီလိုနာအသင်းမှာ ကစားခဲ့ချိန်တုန်းက ဒဏ်ရာကြောင့် မကြာခဏဆိုသလို အနားယူနေခဲ့ရလို့ ဆေးရုံ အုပ်ကြီး လို့ နာမည်ပြောင်ရထားတဲ့ ဒမ်ဘီလီဟာ ဘောလွန်းဒီအော ဆန်ခါတင်စာရင်းမှာ ပါဝင်မယ့် ခြေစွမ်းတွေနဲ့ ပီအက်စ်ဂျီအသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ပြင်သစ်လီဂူး-၁ နဲ့ ပြင်သစ်စူပါဖလားတို့ကို ရရှိထားပြီး ပြင်သစ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိထားတာပါ။
နည်းပြ လူးဝစ်အင်းနရစ်ကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ သွင်းဂိုး ၁၂၀ ကျော် သွင်းယူထားပြီး ပေးဂိုးက ၄၀ ကျော်သာ ပေးထားရကာ နည်းပြ လူးဝစ်အင်းနရစ် လက်ထက် မှော်ဝင်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
ပီအက်စ်ဂျီအသင်းအနေနဲ့ မှော်ဝင်တဲ့ရာသီ အမှန်တကယ် ဖြစ်ဖို့ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့ လိုအပ်နေတာပါ။
ချန်ပီယံလိဂ်ဖလားသာ ရယူနိုင်ခဲ့ရင် ပီအက်စ်ဂျီအသင်းဟာ တစ်ရာသီအတွင်း ဆုဖလား ၄ လုံးစလုံး ရယူနိုင်မယ့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားဖို့ ရှိနေပါတယ်။
အဲဒါကြောင့် နည်းပြလူးဝစ်အင်းနရစ် အနေနဲ့ အနာဂတ်အတွက်ပါ ရည်ရွယ်ပြီး တည်ဆောက်နေတဲ့ ပီအက်စ်ဂျီ အသင်းကို သမိုင်းဝင် အောင်မြင်မှုမျိုးရအောင် လုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 868
CNI Article
၂၀၂၅ ခုနှစ် ၊ မတ်လ ၂၉
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ အကျိုးဆက်များထဲ၌ မြန်မာနိုင်ငံ၏ ချင်းပြည်နယ်နှင့် အိန္ဒိယ၏ မီဇိုရမ် (Mizoram) ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းဝင် အနှောင်အဖွဲ့များ ပေါင်းစည်းခြင်းလည်း ပါဝင်လာခဲ့သည်။
ထိုဒေသသည် မီဇို-ချင်း-ကူကီး-ဇို မျိုးနွယ်စုများ စုစည်းနေထိုင်ရာ ဒေသဖြစ်သည်။
ထိုလူမျိုးများသည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဒေသိယစကား အမျိုးမျိုး ပြောဆိုကြသော်လည်း တပ်မတော်ကို ဆန့်ကျင်သည့် ရည်မှန်းချက်မှာမူ တူညီနေကြသည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် လအနည်းငယ် အကြာမှာပင် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ထောင်နှင့်ချီသည့် စစ်ဘေး ဒုက္ခသည်များသည် မီဇိုရမ်ပြည်နယ်သို့ နယ်စပ် ဖြတ်ကျော် ဝင်ရောက်ခဲ့ကြသည်။
ထိုဖြစ်ရပ်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော အခြေအနေကို ပြန်ပြောင်း အောင့်မေ့စေခဲ့သည်။
မီဇိုရမ်ပြည်နယ်သည် ဒုက္ခသည်များကို ကူညီရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်အစိုးရက ဒုက္ခသည်စခန်းများ ဆောက်လုပ်ရန် မြေနေရာများ လျာထားသတ်မှတ်ပေးခဲ့သည်။
အရပ်ဘက် အဖွဲ့အစည်းများကလည်း ဒုက္ခသည်များကို အကူအညီပေးရန် လိုအပ်သည့် အရင်းအမြစ်များကို စုဆောင်းထားပြီး လက်ရှိတွင် ဒုက္ခသည် အရေအတွက် ၃၁,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
မီဇိုရမ်ပြည်နယ်သည် ချင်းပြည်နယ်နှင့် ကီလိုမီတာ ၅၁၀ အရှည်ရှိ နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထိုပြည်နယ် ၂ ခုစလုံးမှ ဒေသခံများသည် ကန့်သတ်ချက်မရှိဘဲ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ရှိခဲ့သည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းသူပုန် ၂ ဖွဲ့ပေါင်းစည်းရေးသဘောတူညီကြစဉ်
မကြာသေးမီက အိန္ဒိယအစိုးရသည် နယ်စပ်ဒေသတလျှောက် သွားလာလှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးပမ်း လာခဲ့သည်။
သို့သော် အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ကြေငြာခဲ့ချိန်တွင် ထိုအစီအစဉ်ကို မီဇိုရမ် ပြည်နယ် သာမကဘဲ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယ၏ အခြားပြည်နယ်များကပါ ဆန့်ကျင် ကန့်ကွက်ခဲ့သည်။
မြန်မာသူပုန်အဖွဲ့များ၏ တက်ကြွလှုပ်ရှားသူများသည် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည်မှာ အဆန်းတော့ မဟုတ်ပေ။
ချင်းပြည်နယ်ရှိ လက်နက်ကိုင်လှုပ်ရှားမှုအတွက် မီဇိုရမ်ပြည်နယ်က ထောက်ပံ့ပေးမှုသည် တပ်မတော်ကို ဆန့်ကျင်သည့် အင်အားချိန်ခွင်လျှာကို တိမ်းစောင်းစေရန် အဓိက ကျနေသည်။
လက်နက်ကိုင်အဖွဲ့အချို့၏ လုပ်ဆောင်မှုများကို ယုံကြည်ရမည်ဆိုပါက လက်ရှိတွင် တပ်မတော်သည် ချင်းပြည်နယ် တစ်ခုလုံး၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထက် မပိုသော နယ်မြေများကိုသာ ထိန်းချုပ်ထားသည်။
ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် လက်နက်ကိုင်အဖွဲ့ အများအပြားသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း မီဇိုရမ်ပြည်နယ်မှရရှိသည့် အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခမဖြစ်ပွားမီ ချင်းပြည်နယ်တွင် နေထိုင်သူများသည် မီဇိုရမ်ပြည်နယ်ကို နည်းမျိုးစုံဖြင့် မှီခိုအားထားခဲ့ရသည်။
အကြောင်းရင်းမှာ လွန်ခဲ့သည့် ဆယ်နှစ်ခန့်အတွင်းက မြန်မာနိုင်ငံ၏ ပြည်နယ်များနှင့် တိုင်းဒေသကြီး အားလုံး အနက် ဆင်းရဲမွဲတေမှုနှုန်း အမြင့်မားဆုံး ဖြစ်ခဲ့သော ချင်းပြည်နယ်၏ စီးပွားရေး အခြေအနေမှာ ဆိုးရွားခဲ့ခြင်း ကြောင့် ဖြစ်သည်။
၂၀၁၅ ခုနှစ် စစ်တမ်းတစ်ခုအရ အိမ်ထောင်စု ၈၀ ရာခိုင်နှုန်း နီးပါးသည် စားနပ်ရိက္ခာ လုံခြုံမှု သတ်မှတ်ချက်တွင် အလွန်နိမ့်ကျသည့် နေရာ၌ ရှိနေခဲ့သည်ကို ဖော်ပြထားသည်။
ထို့ကြောင့် အိန္ဒိယနယ်စပ် အနီးတွင် နေထိုင်သော ချင်းပြည်နယ်မှ လူအများအပြားသည် ၎င်းတို့၏ စားဝတ်နေ ရေးအတွက် မီဇိုရမ်ပြည်နယ်ကို မှီခိုအားထားနေရသည်မှာ အံ့သြစရာကိစ္စတော့ မဟုတ်ပေ။
၎င်းတို့သည် မီဇိုရမ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် မီဇိုရမ်နှင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ တွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည်။
မဏိပူရပြည်နယ်မှာ ကူကီးနဲ့ကသည်း လူမျိုးရေးပဋိပက္ခဖြစ်ပွားစဉ်
မီဇိုရမ်ပြည်နယ်မှ တင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆေးဝါး၊ လောင်စာဆီ၊ ဆိုလာပြားများ၊ ဟင်းရွက်ဆီ၊ ဆားနှင့် အဝတ်အထည်များမှအစ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအထိ ပါဝင်သည်။
လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများကို ဝိုင်းဝန်းပိတ်ဆို့သည့် တပ်မတော်၏ “ဖြတ်လေးဖြတ်” ဗျူဟာကြောင့် အိန္ဒိယမှ ချင်းပြည်နယ်သို့ လောင်စာဆီ (ဓာတ်ဆီ၊ ဒီဇယ်) နှင့် ဆေးဝါးများ တင်ပို့မှု ပိုမိုမြင့်တက် ခဲ့သည်။
မီဇိုရမ်ပြည်နယ်မှ မရှိမဖြစ်လိုအပ်သော ကုန်စည်များကို လမ်းကြောင်းများစွာဖြင့် ဆက်လက် ထောက်ပံ့နေခြင်း ကြောင့် ချင်းပြည်နယ်တွင် ဆိုးရွားသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် အဆိုးဆုံး အခြေအနေအထိ ရောက်ရှိခဲ့ခြင်းမရှိသေးပေ။
စျေးနှုန်းများ မြင့်တက်မှုနှင့် ဝယ်လိုအားများသည် တစ်ခါတစ်ရံ အပြောင်းအလဲ ဖြစ်တတ်သော်လည်း နယ်စပ် နှစ်ဘက်ရှိ လူမျိုးစု အသိုင်းအဝိုင်းများကြားတွင် နီးကပ်သည့် ဆက်ဆံရေးများ ရှိနေခြင်းကြောင့် အခက်အခဲ အချို့ကို ပြေလည်စေခဲ့သည်။
မီဇို-ကူကီး-ဇို လူမျိုးစုများ နေထိုင်သည့် မီဇိုရမ်ပြည်နယ် အပါအဝင် ဆက်စပ်နေသော အိန္ဒိယပြည်နယ်များ ဖြစ်သော မဏိပူရ၊ အာသံနှင့် တြိပူရ ပြည်နယ်များ အားလုံးကို စုစည်းကာ “မဟာမီဇိုရမ်ပြည်နယ်” ကို ထူထောင်ရန် တောင်းဆိုမှုသည် မကြာသေးမီ နှစ်များအတွင်း အားကောင်းလာခဲ့သည်။
ထိုအယူအဆသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်ပရာဒက်ရှ် လွှတ်တော်ကော်မတီသည် ၎င်း၏ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဟာမီဇိုရမ်ပြည်နယ်အတွက် တောင်းဆိုမှုကို ထည့်သွင်းထားသည်။
မီဇိုအမျိုးသားတပ်ဦး (MNF) သည် ၁၉၈၆ ခုနှစ် မီဇိုသဘောတူညီချက် ရရှိစေခဲ့သည့် အိန္ဒိယအစိုးရနှင့် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ချိန်က အဆိုပါ နယ်မြေများ ပေါင်းစည်းရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မေလက မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများကြောင့် ကူကီး-ဇို ကျေးရွာ များမှ လူပေါင်း ၁၀,၀၀၀ ခန့်သည် ၎င်းတို့၏ အိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကာ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံခဲ့ရပြီးနောက် မဟာမီဇိုရမ်ပြည်နယ် ထူထောင်ရေး အယူအဆသည် ပိုမိုအားကောင်းလာခဲ့သည်။
ထိုအယူအဆသည် ၂၀၂၄ ခုနှစ် မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲများတွင်လည်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စ တစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံရေးပါတီ အားလုံးသည် လူမှုအသိုင်းအဝိုင်းအားလုံးကို ပေါင်းစည်းရန် အချေအတင် ငြင်းခုံဆွေးနွေးခဲ့ကြသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းသူပုန် ၂ ဖွဲ့ပေါင်းစည်းရေး ဆွေးနွေးအပြီးတွေ့ရစဉ်
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးရန် ထုတ်ပြန်ခဲ့သည့် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ကို မီဇိုရမ်ပြည်နယ်အစိုးရက ငြင်းပယ်ခဲ့သည်။
ထို့နောက် ပြည်နယ်တွင်းရှိ ရပ်ရွာလူထုနှင့် နိုင်ငံရေးခေါင်းဆောင်များက ချင်းတော်လှန်ရေးအဖွဲ့များအကြား ပြည်နယ်တွင်း တွေ့ဆုံပွဲများ ကျင်းပခဲ့ကာ တပ်မတော်ကို ဆန့်ကျင်နေသည့် ချင်းတော်လှန်ရေးအဖွဲ့များအား စည်းလုံးညီညွတ်စေခဲ့သည်။
ပြီးခဲ့သည့်နှစ်က အိုင်ဇောလ် (Aizawl) မြို့တော်အခြေစိုက် ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့ (ZORO) သည် ချင်းပြည်နယ်အတွင်း ဇိုမီးတော်လှန်ရေးအဖွဲ့ (ZRO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကြား တိုက်ခိုက်မှုများ အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး ရရှိစေရန် ကြားဝင်စေ့စပ်ပေးသည့် အစည်းအဝေးကို ကျင်းပပေးခဲ့သည်။
ထိုကြိုးပမ်းမှုကြောင့် လက်နက်ကိုင် တိုက်ပွဲများကို ရှောင်ရှားရန် နှစ်ဖက်ခေါင်းဆောင်များ၏ ကတိကဝတ် များနှင့်အတူ သဘောတူညီမှု ရရှိခဲ့ကြသည်။
ယခုလအစောပိုင်းတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုမာ (Lalduhoma) သည် ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အချို့မှ ခေါင်းဆောင်များကို ဖိတ်ကြားကာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ချင်းပြည်ကောင်စီ (CC) နှင့် နိုင်ငံတကာ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့သည် ဖေဖော်ဝါရီ ၂၇ ရက်က ပေါင်းစည်းညီညွတ်သော ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
ထိုသဘောတူညီချက် မတိုင်မီကလည်း (K. Vanlalvena) က ချင်းပြည်နယ်ရှိ ချင်းပြည်ကောင်စီရုံးသို့ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ကေ ဗန်လာဗီနာ သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းရန် ဖိတ်ကြားခဲ့သည်။
မြန်မာတပ်မတော်ကမူ အိန္ဒိယနိုင်ငံရေး သမားများအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် “ကိုယ်ကျိုးစီးပွားရှာမှုများ” ကို ရှောင်ရှားရန် တိုက်တွန်းထားသည့် ကြေညာချက်ဖြင့် ပြင်းထန်စွာ တုန့်ပြန်ခဲ့သည်။
အချုပ်ဆိုရပါမူ မီဇိုရမ်ပြည်နယ်၏ နယ်စပ်ဖြတ်ကျော် ပံ့ပိုးကူညီမှုကြောင့် မြန်မာ့တပ်မတော် အနေဖြင့် ချင်းပြည်နယ်ကို လွယ်ကူစွာ ပြန်လည် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ချင်းပြည်နယ်ကို မီဇိုရမ်ပြည်နယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သွားနိုင်မည့် အရေးကို အချိန်မီ တားဆီးရန် လိုအပ်သည်ကို သတိချပ်သင့်ပေသည်။
Source: The Diplomat

- By CNI
- Category: ဆောင်းပါး
- Hits: 1050
CNI Sport Article
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အမြင့်ဆုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၀၂၆ ခုနှစ်မှ ကျင်းပမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာ ခြေစစ်ပွဲအောင် အသင်းတချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၄ သင်း ထွက်ပေါ်လာခဲ့တာပါ။
ဒီအသင်းတွေကတော့ ဂျပန်၊ နယူးဇီလန်၊ အီရန်နဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းတို့ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါအသင်းတို့ဟာ အလိုအလျောက် ခြေစစ်ပွဲ အောင်မြင်ထားတာကြောင့် အခုဆိုရင် ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်း အရေအတွက်ဟာ ၇ သင်းအထိ ရှိလာခဲ့တာပါ။
အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမယ့် ဒီပြိုင်ပွဲအတွက် ဝင်ခွင့်လက်မှတ် နောက်ထပ် ၄၁ နေရာကို ရရှိဖို့ အသင်း အများအပြားဟာ အခွင့်အရေးတွေ ရှိနေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအတွက် သမုဒ္ဒရာပိုင်းဇုန်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အာရှဇုန်နဲ့ တောင်အမေရိကဇုန်တွေကလည်း ပြီးဆုံးဖို့ နီးစပ်လာခဲ့ပြီဖြစ်တာပါ။
ဂျပန်အသင်းကို တွေ့ရစဉ်
ကွန်ကာကပ်ဖ်နဲ့ အာဖရိကတို့က ယှဉ်ပြိုင်နေဆဲဖြစ်သလို ဥရောပဇုန်က အခုမှခြေစစ်ပွဲတွေစတင် ယှဉ်ပြိုင်နေ တာဖြစ်ပါတယ်။
သမုဒ္ဒရာပိုင်းဇုန်မှာ နယူးဇီလန်အသင်းက တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး နယူးကာလီဒိုးနီးယားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရဦးမှာပါ။
အာရှဇုန်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့် ၈ နေရာနဲ့ ပလေးအော့ဖ် ၁ နေရာရှိထား ပါတယ်။
လက်ရှိအချိန်မှာ ဂျပန်နဲ့ အီရန်တို့က တိုက်ရိုက်ဝင်ခွင့် ရရှိထားပြီး ဥဇဘတ်ကစ္စတန်၊ ယူအေအီး၊ တောင်ကိုရီး ယား၊ ဂျော်ဒန်နဲ့ သြစတြေးလျတို့ ကလည်း တိုက်ရိုက် ဝင်ခွင့်နေရာကို ရယူနိုင်ဖို့ အပြိုင်ကြိုးစားနေကြတာပါ။
အာဖရိကဇုန်ကတော့ တိုက်ရိုက်ဝင်ခွင့် ၉ နေရာနဲ့ ပလေးအောဖ့် ၁ နေရာ ရရှိထားပါတယ်။
အာဂျင်တီးနားအသင်းကို တွေ့ရစဉ်
ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းတွေ မထွက်ပေါ်သေးပေမယ့် အသင်းကြီးတွေဖြစ်တဲ့ အီဂျစ်၊ အိုင်ဗရီကို့စ်၊ မော်ရိုကို၊ အယ်လ်ဂျီးရီးယား၊တူနီးရှားနဲ့ ဂါနာအသင်းတို့ ဟာ ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီလို့ ပြောရမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ကအသင်း ၆ သင်း တိုက်ရိုက် ဝင်ခွင့်ရမှာဖြစ်ပြီး ပလေးအော့ဖ်က ၁ နေရာ ရရှိထားပါတယ်။
လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းက ခြေစစ်ပွဲအောင်မြင်ထားပြီး အီကွေဒေါ၊ ကိုလံဘီယာ၊ ဘရာဇီးလ်နဲ့ ဥရုဂွေးအသင်းတို့ဟာ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ရင် ကျန်တဲ့ တိုက်ရိုက်ဝင်ခွင့် ၅ နေရာကို ဒီအသင်းတွေပဲ ရယူသွားနိုင်တာပါ။
ကွန်ကာကပ်ဖ်ဇုန်ကတော့ ပူးတွဲအိမ်ရှင် ၃ နေရာအတွက် ပေးထားရလို့ နောက်ထပ် တိုက်ရိုက်ဝင်ခွင့် ၃ နေရာနဲ့ ပလေးအော့ဖ် ၂ နေရာ ရရှိထားပါတယ်။
အီရန်အသင်းကို တွေ့ရစဉ်
ဥရောပဇုန်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်အများဆုံးအဖြစ် ၁၆ နေရာရရှိမှာပါ။ ဥရောပဇုန်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်ကမှ ခြေစစ်ပွဲတွေ စတင်ယှဉ်ပြိုင်ခဲ့ရလို့ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းတွေ ထွက်ပေါ်ဖို့ ၂၀၂၆ ခုနှစ်အထိ စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာကတည်းက စတင်ယှဉ်ပြိုင် နေတာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လမှသာ ခြေစစ်ပွဲတွေ အားလုံးပြီးဆုံးသွားမှာပါ။
နောက်ထပ် နိုင်ငံတကာပွဲတွေကို ဇွန်လရောက်မှသာ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်လို့ ဇွန်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအရေအတွက်တွေကို ထပ်ပြီးပေါင်းထည့်လို့ရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ဘယ်အသင်းတွေက နောက်ထပ် ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းတွေအဖြစ် ထပ်မံထွက်ပေါ် လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 847
CNI Article
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
မြန်မာနိုင်ငံကို တောင်တန်း-ပြည်မ ပူးပေါင်း၍ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရယူခဲ့ကြသည်။
ထိုသို့ လွတ်လပ်ရေးကို ရယူစဉ်မှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးကို အခြေခံခဲ့ကြသလို အားလုံး ပေါင်း စည်းရေးကို ဦးတည်ခဲ့ကြသည်။
သို့သော် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ လူနည်းစုနှင့် လူများစုကြား တန်းတူညီမျှမှု မရှိခြင်း၊ လူမျိုး တစ်မျိုးက အရာရာမှာ အခွင့်အရေး အသာစီးရယူထားခြင်း၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီးခွင့်များ ဆုံးရှုံးလာခြင်း၊ တရားမျှ တမှုများ အားနည်းလာခြင်း စသည့် အခြေခံ မူများအပေါ်မှာ သဘောထားကွဲလွဲမှုများ ဖြစ်ကာ လက်နက်ကိုင် တော်လှန်ရေးဆီသို့ ဦးတည်သွားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသည် ဗမာလူမျိုးကြီး ကျင့်သုံးသည်ဟု ဆိုသော အမြင်များ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသလို ဗမာလူမျိုးများက တခြားသော လူမျိုးများကို တိုင်းရင်းသားဟု ခေါ်ဝေါ် သုံးစွဲခြင်းနှင့် မျိုးနွယ် စုလေးများဟု မှတ်ယူလာခြင်းများ ရှိလာခဲ့သည်။
ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးများ အဆုံးသတ်ရေး ငြိမ်းချမ်းရေး (သို့မဟုတ်) နိုင်ငံရေး စေ့စပ် ဆွေးနွေး မှုများတွင်လည်းကောင်း၊ အုပ်ချုပ်သူ လူတန်းစားများကြားတွင်လည်းကောင်း တိုင်းရင်းသားများဆိုသော စကား လုံးများကို သုံးဆွဲလေ့ရှိသည်။
ဥပမာ- တိုင်းရင်းသား အခွင့်အရေး၊ တိုင်းရင်းသားများ တောင်းဆိုသည့် အချက်များ၊ တိုင်းရင်းသားများ ဆွေးနွေး သည့် အချက်များ စသဖြင့် တိုင်းရင်းသား ဆိုသော စကားလုံးများကို ကျယ်ကျယ်ပြန့်ပြန့် ပြောလေ့ရှိသည်။
ထိုသို့ဆိုလျှင် မေးခွန်းထုတ်စရာများရှိလာသည်။ ဗမာလူမျိုးကရော တိုင်းရင်းသား မဟုတ်ဘူးလား....?၊ ဗမာက လွဲပြီး တခြားသော လူမျိုးများကပဲ တိုင်းရင်းသားများလား.....?၊ ဗမာလူမျိုးများ၏ ကိုယ်ပိုင်အမှတ်အသား သရုပ် သဏ္ဍန်က ဘာလဲ....?၊ ဗမာမဟုတ်သော လူမျိုးများက ဆွေးနွေးပွဲများလုပ်သည့်အခါ ဗမာကို ဘာကြောင့် အများစုက ချန်လေ့ရှိတာလဲ....? စသည့် မေးခွန်းများ ရှိလာသည်။
ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရ လက်ထက်များက ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ ရာစုပင်လုံညီလာခံများ အပါအဝင် ဆွေးနွေးပွဲများတွင် မရှင်းလင်းသော ကိုယ်စားပြုမှု တစ်ခုရှိခဲ့သည်။
အလားတူ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး လျှောက်လှမ်းနေသည့် အင်အားစု လက်ထက်မှာ လည်း မရှင်းလင်းသော ကိုယ်စားပြုမှု တစ်ခုရှိသည်။
ထိုအချက်က ဗမာလူမျိုးကို ဘယ်သူက ကိုယ်စားပြုနေပါသလဲ....?၊ ဗမာလူမျိုးများ ဖြစ်စေလိုသော နိုင်ငံ၏ စနစ် (သို့မဟုတ်)သရုပ်သဏ္ဍန်က ဘယ်လိုမျိုးလဲ....?ဆိုသော အချက်ဖြစ်သည်။
ဗမာမဟုတ်သော တိုင်းရင်းသားများတွင် မိမိတို့၏ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ကိုယ်စားပြု ပါဝင်နေပြီး သက်ဆိုင်ရာ လူမျိုးများ၏ အသံကို ၂၁ ရာစုပင်လုံ ညီလာခံသို့ တင်ပြ ဆွေးနွေးနိုင် နေကြသော်လည်း ဗမာတိုင်းရင်းသားများကမူ မည်သူ (သို့) မည်သည့်အဖွဲ့က ကိုယ်စားပြု ဦးဆောင်နေသည်မှာ မရှင်းလင်းပေ။
ထိုအချက်မှာ စဉ်းစားစရာများ ရှိနေသကဲ့သို့ မေးခွန်း ထုတ်စရာမျာ လည်း ရှိလာသည်။ ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မရှိခြင်းကြောင့်လား၊ တပ်မတော်ကို ဗမာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဟု မှတ်ယူ ထားခြင်းကြောင့်လား သို့မဟုတ် အစိုးရအား ဗမာတိုင်းရင်းသား အစိုးရအဖွဲ့ဟု မှတ်ယူထားခြင်းကြောင့်လား စသဖြင့် မေးခွန်းထုတ်စရာများ ဖြစ်လာသည်။
တပ်မတော်နှင့် အစိုးရအဖွဲ့အား ဗမာတိုင်းရင်းသား လူမျိုးများ၏ ဦးဆောင်သူဟု မှတ်ယူကြမည်ဆိုလျှင်တောင်မှ ဗမာတိုင်းရင်းသားများက တပ်မတော်နှင့် အစိုးရအဖွဲ့သည် မိမိတို့အား ကိုယ်စားပြုကြောင်း ထုတ်ဖော် ပြောကြား ခြင်း မရှိသည့်အတွက် ရှင်းလင်းမှု မရှိပေ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် အဓိကကျခဲ့သော ပင်လုံစာချုပ် သဘောတူညီချက်တွင် ဗိုလ်ချုပ် အောင်ဆန်း သည် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု ပြောနိုင်သော်လည်း သူသည် တပ်မတော်နှင့် အစိုးရ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ပဲ ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ် သည်။
တချို့က တပ်မတော်နှင့် အစိုးရသည် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု မြင်ကောင်း မြင်နိုင်ပါသည်။ ထိုအဖွဲ့အစည်း ၂ ရပ်သည် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုကြောင်း ထုတ်ပြန် ကြေညာထားခြင်း မရှိသ ကဲ့သို့ ပြောဆိုမှုများလည်း မရှိပေ။
တပ်မတော်သည် နိုင်ငံ့တပ်မတော် ဖြစ်သကဲ့သို့ အစိုးရသည်လည်း နိုင်ငံ့အစိုးရဖြစ်ရာ လူမျိုးတစ်မျိုးတည်းကို ကိုယ်စားပြု၍ မရဘဲ နိုင်ငံအတွင်းရှိ လူမျိုးများအားလုံးကို ကိုယ်စားပြုရပြီး နိုင်ငံသားအားလုံး၏ အကျိုးစီးပွား အား ဆောင်ရွက်ရသည်။
ဤသို့မဟုတ်ပဲ လူမျိုး တစ်မျိုးတည်းကိုသာ ကိုယ်စားပြု၍ ဆောင်ရွက်နေပါက လူမျိုးကြီးဝါဒ ကျင့်သုံးနေခြင်းဟု မှတ်ယူသွားနိုင်ပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပွား၍ အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ (ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံဟု သဘောထားကွဲလွဲနေ) တည်ဆောက်ရေးအပေါ် အဟန့်အတားများ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး ညီလာခံများတွင် တပ်မတော်နှင့် အစိုးရမှ ကိုယ်စားလှယ်များ ဆွေးနွေးမှုများသည် နိုင်ငံတော်ကို ကိုယ်စားပြု၍ ဆွေးနွေးနေခြင်းသာဖြစ်ပြီး လူမျိုး တစ်မျိုးတည်းကို ကိုယ်စားပြု တင်ပြဆွေးနွေးမှုကိုဖြင့် မတွေ့ရခြင်းကြောင့် ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုနေခြင်း မဟုတ်ကြောင်း မှတ်ယူနိုင်မည်ဟု ထင်ပါသည်။
အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့သည် လည်း ဗမာတိုင်းရင်းသားများ အများစု ပါဝင် ဖွဲ့စည်းထားသော်လည်း တိုင်းရင်းသားအားလုံး ပါဝင်နေခြင်း ကြောင့် သူတို့၏ ကိုယ်စားပြုမှုများမှာလည်း မရှင်းလင်းပေ။
ကျင်းပပြီးစီးခဲ့သော ၂၁ ရာစု ပင်လုံညီလာခံများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး ညီလာခံများကို ပြန်လည် လ့လာကြည့်ပါက USDP နှင့် NLD ပါတီသည် ဗမာတိုင်းရင်းသားများ၏ သဘောထားဆန္ဒ၊ ရပ်တည် ချက်များဟုဆို၍ သီးခြားတင်ပြခြင်း မရှိသကဲ့သို့ ဗမာတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟုလည်း ထုတ်ပြန် ကြေညာထားခြင်း မရှိပေ။
ထို့ကြောင့် ဗမာတိုင်းရင်းသားများ၏ အသံသည် ၂၁ ရာစု ပင်လုံညီလာခံ၊ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေး ညီလာခံများတွင် ပျောက်ကွယ်နေပြီး အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး ဆွေးနွေး အဖြေရှာနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သူ(ဗမာလူမျိုး)တို့ သဘောထား ဆန္ဒနှင့် ရပ်တည်ချက် မည်သို့ရှိကြောင်း မသိရဘဲ ဖြစ်နေသည်။
ဤသို့ဆိုလျှင် ၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးညီလာခံများမှ ထွက်ပေါ်လာမည့် ဘုံသဘောတူညီချက်များသည် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်ထောင်စု စစ်စစ်မူကို အမှန်တကယ် ရရှိလာမည်ဟု မည်သူက အာမခံ နိုင်မည်လဲဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်လာသည်။
နိုင်ငံရေးပါတီကြီး တစ်ခုမှ ခေါင်းဆောင်တဦးက “ ဗမာတိုင်းရင်းသားဆိုရင် လှုပ်ရှားမှုတောင် မတွေ့ဘူး။ ဘယ် သူ ခေါင်းဆောင်မလဲ ဆိုတာတောင် မသိဘူး။ ၂၁ ရာစု ပင်လုံညီလာခံမှာ ဗမာအမျိုးသားတွေရဲ့ သဘောထားက ဘာဖြစ်မလဲ၊ ဘာလဲ၊ မပါဘူးဆိုတဲ့ သဘောလား။ ပါတယ်လို့ပဲ ပြောရမလား ဘယ်သူက ကိုယ်စားပြုမယ် ဆိုတာ ကို ရှင်းရှင်းလင်းလင်း မရှိဘူး” ဟု ပြောဖူးသည်။
ဥပမာ တစ်ခုကို ပြရလျှင် ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁)ဟုဆိုကာ သဘောတူညီချက် အချက်ပေါင်း ၃၇ ချက်ကို NCA ထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးခဲ့သည်။
ထိုအပေါ် NCA လက်မှတ်ထိုး ၈ ဖွဲ့ထဲက ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)က မိမိတို့အနေဖြင့် ရှမ်းလူမျိုးများ၏အသံ ပါဝင်ခြင်း မရှိသည့်အတွက် လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့သလို NCA မထိုးရသေးလို့ ညီလာခံသို့ တက်ရောက်မလာနိုင်သော လက်နက်ကိုင်အဖွဲ့များ အပေါ်ကိုလည်း ယခု သဘော တူညီချက်က လွှမ်းမိုးမှု ရှိသလား/မရှိဘူးလား ဆိုခြင်းမှာလည်း မရှင်းလင်းပါ။
ဤသို့ဆိုလျှင် တစ်နှစ်ကို ၂ ကြိမ် ကျင်းပရန် ပြဋ္ဌာန်းထားသော NCA သဘောတူညီချက်များအရ ကျင်းပရသော ငြိမ်းချမ်းရေး ညီလာခံများသည် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် ပြည်ထောင်စု သဘောတူညီ ချက် ထွက်ပေါ်လာရေး ကြိုးပမ်းနေခြင်းမှာ အချည်နှီးသာ ဖြစ်နေမည်။
အလားတူ NCA တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား သော်လည်း ဗမာလူမျိုးများ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းကို မတွေ့ရဘဲ တခြားသော လူမျိုးများကသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပ၍ သူတို့ တည်ဆောက်လိုသော နိုင်ငံရေး စနစ်နှင့် အသွင်ပုံသဏ္ဍန်များကို ချပြခဲ့ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးညီလာခံများတွင် အသံစုံ ပါဝင်ရန် လိုအပ်သကဲ့သို့ တိကျပြတ်သားသော ကိုယ်စားပြုမှုများလည်း ရှိရန်လိုအပ်သည်။ ဗမာမဟုတ်သော တိုင်းရင်းသား များ၏ အသံများ ပါဝင်နေပြီး ဗမာတိုင်းရင်းသားများအသံ မပါပါကလည်း ပြည်ထောင်စု စစ်စစ်မူ ထွက်ပေါ်လာ ရေး မည်သူက အာမခံနိုင်ပါသလဲ။
၂၀၁၆ ခုနှစ်က ကျင်းပ ပြီးစီးခဲ့သော ၂၁ ရာစု ပင်လုံ ညီလာခံတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တက်ရောက်ခဲ့ပြီး သူတို့၏ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ မပါမဖြစ် ပါဝင်ရမည့် အခြေခံ မူဝါဒ ၈ ချက်ကို တင်ပြခဲ့ဖူးသည်။
ထိုသို့ တင်ပြရာမှာ မြန်မာနိုင်ငံဆိုသော အမည်ကို ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံနှင့် လိုက်ဖက်ညီမည့် အမည်ဖြင့် ပြင်ဆင်ရန် အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများကို အမျိုးသားများ ပြည်နယ် အဖြစ် ပြင်ဆင်ဖွဲ့စည်းရန်နှင့် တခြားသော တိုင်းဒေသကြီး နှစ်ခုကိုလည်း အမျိုးသားများ ပြည်နယ်အဖြစ် ပြင်ဆင် ဖွဲ့စည်းရန် တင်ပြမှု တချို့ရှိခဲ့သည်။
ဤအခြေအနေများသည် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အသံဖြင့်ပင် ဆောင်ရွက်၍ မပြည့်စုံနိုင်ပေ။ ဗမာ တိုင်းရင်းသားများ၏ သဘောထားဆန္ဒကိုလည်း ရယူသင့်သည်။
သို့မဟုတ်ပါက သဘောတူညီချက် ထွက်ပေါ်လာပြီး နောက်မှ ဗမာတိုင်းရင်းသားများက သဘောမတူကြောင်း ကန့်ကွက်မှုများ ရှိလာမည်ဆိုလျှင် မည်သို့ ဖြေရှင်း ဆောင်ရွက်ကြမည်နည်း။
အလားတူ ချင်းတွင်းမြစ် အထက်ပိုင်းတွင် ရှမ်းနီလူမျိုးများ နေထိုင်လျက်ရှိပြီး ၎င်းတို့သည် ဗြိတိသျှကိုလိုနီ ခေတ်က ရှမ်းနီလူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သော ဒေသများဖြစ်သကဲ့သို့ လက်ရှိမှာလည်း ပြည်နယ်ရရေး ပြန်လည်တောင်းဆိုနေခြင်းကြောင့် ရှမ်းနီတိုင်းရင်းသားများ၏ အသံကို နားထောင်ရန်လည်း လိုအပ်ပေသည်။
ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဗမာတိုင်းရင်းသားများ အသံလည်း ပါဝင်ရန် လိုအပ်သကဲ့သို့ တိကျ ပြတ်သားသော ကိုယ်စားပြုမှု ဖြစ်ရန်လည်း လိုအပ်သည်။
ဗမာတိုင်းရင်းသားများ၏ ကိုယ်စား မည်သူ (သို့) မည်သည့် အဖွဲ့အစည်းက ကိုယ်စားပြုနေပါသနည်း၊ မည်သူက ခေါင်းဆောင် နေပါသနည်း စသည့် အခြေအနေများမှာ မရှင်းလင်းခြင်းနှင့်အတူ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဗမာတိုင်းရင်းသားများအသံ ပျောက်ကွယ်နေခြင်းကလည်း တစ်မျိုးတစ်ဖုံ အတားအဆီးဖြစ်လာနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ဗမာတိုင်းရင်းသား များကို ကိုယ်စားပြုနေသလား သို့မဟုတ် ဦးဆောင်နေ သလားဆိုခြင်းမှာလည်း မည်သူမှ မပြောနိုင် သကဲ့ သို့ ကိုယ်စားပြုသည်ဟုဆိုသော ဗမာတိုင်းရင်းသားများ အားလုံးက လက်ခံနိုင်ခြေ ရှိ/မရှိ မရှင်းလင်းပဲ ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကဲ့သို့ ဗမာတိုင်းရင်းသားအများစု ပါဝင်သော ပါတီနှင့် ၎င်းအား ထောက်ခံသူများက ကန့်ကွက်နိုင်ခြေရှိသည်။ USDP က ဦးဆောင်မည် ဆိုလျှင် လည်း NLD ပါတီနှင့် ၎င်းပါတီအား ထောက်ခံသော ဗမာတိုင်းရင်းသားများက လက်ခံကြမည်။
အလားတူ မည်သည့်ဘက်မှ မလိုက်သော တခြားသော အစုအဖွဲ့ကလည်း လက်ခံနိုင်ခြင်း ရှိ/မရှိ မရှင်းလင်းပေ။
ထို့ကြောင့် အနာဂတ် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရေး ဆွးနွေးအဖြေရှာနေကြသော ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ အသံများပါ ပါဝင်အောင် ကြိုးပမ်းသွားရန် လိုအပ်နေ သေးသလို ဗမာက တိုင်းရင်းသားမဟုတ်ဘဲ တခြားသော လူမျိုးစုများက တိုင်းရင်းသားဖြစ်နေသလားဆိုသော အချက်ကိုလည်း ဂရုပြု စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။