- By CNI
- Category: ဆောင်းပါး
- Hits: 766
CNI Sport Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့ပြီးနောက် နည်းပြ အပြောင်းအလဲ အများအပြား ပြုလုပ်ထားပေမယ့် အခုအချိန်ထိ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာမိုရင်လည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရပြီး အသင်းအနေနဲ့ သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နိုဝင်ဘာ ၁ ရက် မတိုင်မီ ထုတ်ပယ်ခဲ့ရင် လျော်ကြေးအဖြစ် ပေါင် ၁၂ သန်း ပေးချေရမှာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ဒီကာလမတိုင်မီ ထုတ်ပယ်ခဲ့ရင် နည်းပြတွေ ထုတ်ပယ်ဖို့ သုံးစွဲခဲ့တဲ့ စာရင်းထဲ ဒီပမာဏကိုထည့်ပြီး ပေါင်းထည့်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး ဒီရာသီမှာလည်း ရလဒ်ကောင်းရဖို့ ကြိုးပမ်းနေရတာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို အသင်းထံ ခေါ်ဆောင်ဖို့ ပေါင် ၁၁ သန်း ပေးခဲ့ရပြီး ထုတ်ပယ်ခဲ့ရင် ဒီထက်ပိုတဲ့ ပမာဏကို ပေးချေရမှာ ဖြစ်ပါတယ်။
အာမိုရင်ဟာ ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်အသင်းရဲ့ ၆ ဦးမြောက် အမြဲတမ်း နည်းပြဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဖာဂူဆန် ထွက်ခွာအပြီးမှာ သူ့ရဲ့နေရာ ဆက်ခံခဲ့တဲ့ ဒေးဗစ်မိုယက်စ်ကို ၆ နှစ် စာချုပ် ချုပ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ၁၀ လအကြာမှာ ထုတ်ပယ်ခဲ့ပြီး သူနဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေကို လျော်ကြေးအဖြစ် ပေါင် ၅.၂ သန်းပေးခဲ့ရပါတယ်။
ဒါက ယူနိုက်တက်အသင်းရဲ့ မျက်မှောက်ခေတ် နည်းပြ ထုတ်ပယ်မှုတွေမှာ အသက်သာဆုံး ပေးခဲ့ရတဲ့ ပမာဏလို့ ပြောရမှာပါ။
ယူနိုက်တက်အသင်းဟာ မိုယက်စ်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဗန်ဟားလ်ကို ၂ ရာသီကြာ ကိုင်တွယ်စေခဲ့ကာ FA ဖလားရရှိပြီးနောက် ၂ ရက်အကြာမှာ ထုတ်ပယ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဗန်ဟားလ်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ထုတ်ပယ်ကြေးအဖြစ် ပေါင် ၈.၄ သန်းပေး ခဲ့ရတာပါ။

ယူနိုက်တက်အသင်း ထုတ်ပယ်လိုက်တဲ့ နည်းပြတွေနဲ့ ပေးချေရတဲ့ငွေကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ မော်ရင်ဟိုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်ပယ်ခဲ့ပြီး ပေါင် ၁၉.၆ သန်း ပေးခဲ့ရပါတယ်။
ဒါက ယူနိုက်တက်အသင်း သမိုင်းမှာ နည်းပြတစ်ဦးကို ထုတ်ပယ်တဲ့အတွက် အကြီးမားဆုံး ပေးချေခဲ့ရတဲ့ ပမာဏဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မော်ရင်ဟိုရဲ့ နေရာမှာ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
ဒါပေမယ့် ဆိုးလ်ရှားလည်း အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ၂၀၂၁ ခုနှစ်မှာ ထုတ်ပယ်ခံရပြီး ပေါင် ၉.၁ သန်း ပေးချေခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ကာ ရာသီကုန်မှာတော့ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ FA ဖလား ရယူနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ရာသီ အစ ပိုင်းမှာ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့တဲ့အတွက် ပေါင် ၁၀.၄ သန်း ပေးချေခဲ့ရတာပါ။

အာမိုရင်နဲ့ ဖာဂူဆန်ကို တွေ့ရစဉ်
ရက်ဂ်နစ်နဲ့လမ်းခွဲခဲ့မှုအတွက် ပေးခဲ့ရတဲ့ လျော်ကြေးကို ရှင်းရှင်းလင်းလင်း မသိခဲ့ရဘဲ သူဟာ ယာယီနည်းပြအဖြစ် ကိုင်တွယ်အပြီးမှာ အသင်းရဲ့ အတိုင်ပင်ခံ ရာထူးအတွက် ၂ နှစ် တာဝန်ယူဖို့ ရှိခဲ့ပါတယ်။
ရက်ဂ်နစ်ဟာ ဒီတာဝန်ကို မယူဘဲ ထွက်ခွာခဲ့ပေမယ့် သူ့ရဲ့ထွက်ခွာမှုအတွက် ယူနိုက်တက်အသင်းဟာ ပေါင် ၁၄.၇ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တာက အခြားအသင်းတွေ ထက်စာရင် နည်းပါးနေသေးတာပါ။
ချယ်လ်ဆီးအသင်း အပါအဝင် အသင်း အများအပြားဟာ ၂၀၀၃ ခုနှစ်ကတည်းက သူတို့ရဲ့နည်းပြတွေကို အပြောင်းအလဲပြုလုပ်ဖို့ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
Source: Thesun
- By CNI
- Category: ဆောင်းပါး
- Hits: 835
CNI International Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇
လွန်ခဲ့သည့် နှစ်များအတွင်း အဘူ မိုဟာမက် အယ် ဂျိုလာနီ (Abu Mohammed al-Jolani) ဟု လူသိများခဲ့သည့် အာမက် အယ်ရှာရား (Ahmed al-Sharaa) သည် အမေရိကန်မြေပေါ်သို့ ခြေချခဲ့မည်ဆိုပါက ချက်ချင်းဖမ်းဆီး ခံရလိမ့်မည်ဖြစ်သည်။
အမေရိကန်ကလည်း ဆီးရီးယား၏ အယ်နျူဆရာ တပ်ဦး (al-Nusra Front) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဟောင်း ဖြစ်သည့် ရှာရားကို အရပ်သားများအား ပစ်မှတ်ထားမှု၊ ဆီးရီးယား နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ပြုလုပ်မှုအတွက် ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးထုတ်ခဲ့ဖူးသည်။
သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆီးရီးယားအာဏာရှင် ဘာရှာအာဆတ် (Bashar al-Assad) ၏ အစိုးရ အဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် အာဏာရလာခဲ့သည့် ရှာရားသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆီးရီးယားသမ္မတအဖြစ် ရောက်ရှိလာခဲ့သည်။
ထို့ပြင် သူသည် နယူးယောက်တွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆီးရီးယားသမ္မတအဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။
သူသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားသည့် ပထမဆုံး ဆီးရီးယားသမ္မတအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။
"ကျနော်တို့ဟာ နှစ်ပေါင်းများစွာကြာ တရားမမျှတမှု၊ ဆင်းရဲချို့တဲ့မှုနဲ့ ဖိနှိပ်မှုတွေကို ခံစားခဲ့ရပါတယ်။ အခုတော့ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို အရောင်တင်ပြီး နိုးထလာနိုင်ခခဲ့ပါပြီ" ဟု မီးခိုးရာင် အနောက်တိုင်းဝတ်စုံနှင့် နီညိုရောင် လည်စည်းကို ဝတ်ဆင်ထားသည့် ရှာရားက ပြောကြားခဲ့သည်။
ရှာရားသည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် လာခဲ့သော်လည်း ၎င်း၏ အတိတ်ကာလက လက်နက်ကိုင် လှုပ်ရှားမှုများကြောင့် ၎င်းကိုယ်ကိုယ် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ် ပုံဖော်ရာတွင် စိန်ခေါ်မှုများ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အကြမ်းဖက်သမားအဖြစ်မှ ဆီးရီးယားသမ္မတ ဖြစ်လာတဲ့ အယ်ရှာရားကို တွေ့ရစဉ်
ဆီးရီးယားတွင် ဂိုဏ်းဂဏ ကွဲပြားမှုကြောင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ကမ္ဘာက မစိုးရိမ်ရန် အာမခံချက် ပေးနေရပြီး တစ်ချိန်တည်းမှာပင် အမေရိကန်၊ အစ္စရေးတို့နှင့် ထိလွယ်ရှလွယ်ရှိသည့် အကြောင်းအရာများအား ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။
ပြည်တွင်းတွင်လည်း ၎င်းအပေါ် လူထု၏ ထောက်ခံမှုကို ဆက်လက်ရရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။
အမေရိကန်သို့ ရှာရား ရောက်ရှိလာမှုသည် ပုံမှန်ထက် ထူးကဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
ရှာရားသည် မန်ဟက်တန် (Manhattan) မြို့လယ်ခေါင်ရှိ သီးသန့်ကလပ်တစ်ခုကို တက်ရောက်ခဲ့သည်။
ထိုကလပ်တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်များ၊ သတင်းထောက်များနှင့် ပြည့်နှက်နေသည်။
ရှာရားသည် ထိုကလပ်တွင် အရှေ့အလယ်ပိုင်း အင်စတီကျု (Middle East Institute) ၏ ဧည့်ခံမှုဖြင့် မီးလင်းဖို ရှေ့တွင်ထိုင်ကာ ဂျီဟတ်တစ်ဦးအဖြစ်မှ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိလာခဲ့သည့် ၎င်း၏ ရှည်လျား သည့် ဘဝခရီးစဉ်ကို ပြောပြခဲ့သည်။
ဂျီဟတ်အဖြစ်မှ နိုင်ငံရေးသမားဘဝသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သဖြင့် ၎င်းအပေါ် သံသယဝင်နေမှုများကို အပြုသဘောဆောင်စွာ တုံ့ပြန်ဖြေရှင်းခဲ့သည်။
အယ်ကေဒါ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည့် ရှာရားက ၎င်း၏ အတိတ်ကာလက လှုပ်ရှားမှုများကို ကြည့်ပြီး လက်ရှိ လုပ်ဆောင်မှုများကို အကဲဖြတ်ခြင်းမပြုရန် ပြောကြားခဲ့သည်။
"လမ်းပေါ်မှာ ကလေးတစ်ယောက် သတ်ဖြတ်ခံရတာကို မြင်တဲ့လူတိုင်းက တော်လှန်ရေး လုပ်ပါလိမ့်မယ်။ ဖိအားတွေကြောင့် လူတွေဟာ ရသမျှနည်းလမ်းအားလုံးနဲ့ အသုံးပြုကြပါလိမ့်မယ်" ဟု ရှာရားက ပြောကြားခဲ့ သည်။

ကုလအထွေထွေညီလာခံမှာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အယ်ရှာရားကိုတွေ့ရစဉ်
ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းမပြောမီ တစ်ရက်အလိုက ရှာရားသည် စီအိုင်အေ ညွှန်ကြားရေးမှူး ဟောင်းဖြစ်ပြီး အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်သည့် ဒေးဗစ် ပီးထရော့စ် (David Petraeus) မျက်နှာ ချင်းဆိုင် တွေ့ဆုံခဲ့သည်။
စိတ်ဝင်စားဖို့ ကောင်းသည့်အချက်မှာ ပီးထရော့စ်သည် အီရတ်ရှိ နိုင်ငံတကာတပ်ဖွဲ့များကို ဦးဆောင်ခဲ့ရချိန်က ရှာရားနှင့်အတူ အယ်ကေဒါအဖွဲ့ဝင်များကို ဖမ်းဆီး အကျဉ်းချခဲ့ဖူးသူဖြစ်သည်။
ထို့ကြောင့် ရှာရားသည် တစ်ချိန်က ၎င်းအား ဖမ်းဆီးခဲ့ဖူးသည့် အမေရိကန် စစ်ဗိုလ်ချုပ်ကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး စကားပြောဆိုနိုင်ခဲ့သည်။
"တစ်ချိန်တုန်းကတော့ ကျနော်တို့ဟာ တိုက်ခိုက်ခဲ့ကြဖူးပါတယ်။ အခုတော့ ဆွေးနွေး ညှိနှိုင်းနိုင်ပြီဆိုတော့ ကောင်းတာပေါ့။ စစ်ပွဲကို ဆင်နွှဲခဲ့ဖူးသူတွေကပဲ ငြိမ်းချမ်းရေးရဲ့ အရေးကြီးပုံကို ပိုသိကြပါလိမ့်မယ်" ဟု ရှာရားက တစ်ချိန်က ၎င်း၏ ရန်သူဖြစ်ခဲ့သည့် ပီးထရော့စ်ကို ပြုံးရွှင်စွာဖြင့် စကားပြောဆိုခဲ့သည်။
ဆီးရီးယားတွင် ရှာရား၏ ခေါင်းဆောင်မှု ကဏ္ဍနှင့်ပတ်သက်ပြီး အမေရိကန်၌ အခြား အစီအစဉ်များ မရှိကြောင်း၊ ရှာရားသည် ဆိးရီးယားပြည်တွင်းစစ်ကို ဟန့်တားနိုင်သည့် အခွင့်အရေး တစ်ခုဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့သည်။
ဆီးရီးယားတွင် ဂိုဏ်းဂဏ ကွဲပြားမှုများကို နှိမ်နင်းမှု၊ အစ္စရေးအပေါ် ထားရှိသည့် မူဝါဒနှင့် ပြည်တွင်းလုံခြုံရေး ကိစ္စတို့နှင့်ပတ်သက်ပြီး ရှာရားသည် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုခဲ့သည်။
"သူ (ရှာရား) က လက်နက်ကိုင် တစ်ဦးမဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်တယ်ဆိုတာကို သက်သေ ပြဖို့အတွက် စိန်ခေါ်တွေ အများကြီးကို ဖြတ်ကျော်နေရပါတယ်။ အရာအားလုံးကို ဂရုတစိုက်နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်သွားရပါလိမ့်မယ်" ဟု ရှာရားနှင့် တွေ့ဆုံခဲ့သည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပီးထရော့စ်ကလည်း Hay’at Tahrir al-Sham လက်နက်ကိုင် သူပုန်အဖွဲ့ ခေါင်းဆောင်ဟောင်းဖြစ်သည့် ရှာရားကို ပုဂ္ဂိလ်ရေးဆန်သည့် မေးခွန်းများကိုသာ မေးမြန်းခဲ့သည်။
အမေရိကန်သည် ရှာရား၏ Hay’at Tahrir al-Sham လက်နက်ကိုင်အဖွဲ့ကို ဇူလိုင်လကမှ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

အယ်ရှာရား အင်တာဗျူးဖြေနေစဉ်
"ခင်ဗျားအနေနဲ့ ဒီဖိအားတွေကို ဘယ်လိုများ ကိုင်တွယ်ဖြေရှင်းခဲ့ရတာလဲ။ တစ်ခုခုလုပ်ဖို့အတွက် စဉ်းစားဖို့ အချိန် ရောရရဲ့လား။ ညဘက်တွေရော ကောင်းကောင်းအိပ်ပျော်ရဲ့လား။ ကျနော် ဆီးရီးယားကို ရောက်ဖူးပါတယ်။ ခင်ဗျားကို ထောက်ခံသူတွေ အများကြီးရှိပါတယ်။ ကျနော်လည်း အပါအဝင်ပါပဲ။ အဲဒါကြောင့် ကျနော်တို့ စိုးရိမ် မိပါတယ်" ဟု ပီးထရော့စ်က ပြောကြားခဲ့သည်။
ရှာရား၏ မိန့်ခွန်းများအတွင်း အစ္စရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရန် အခွင့်အလမ်းရှိကြောင်း၊ သို့သော် ဆီးရီးယားသည် အစ္စရေး၏ နိုင်ငံခြားရေးမူဝါဒကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် ဂါဇာတွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆီးရီးယားပြည်သူများက အစ္စရေးကို ဒေါသထွက်နေသဖြင့် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်မည့် အစီအစဉ်သည် နှောင့်နှေးကြန့်ကြာ ခဲ့ရကြောင်း ရှာရားက ပြောကြားခဲ့သည်။
နယူးယောက်သို့ ရောက်ရှိလာသည့် ရှာရား၏ အဓိက ရည်မှန်းချက်များထဲတွင် ဆီးရီးယားအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများကို ရုပ်သိမ်းရေးလည်း ပါဝင်သည်။
ထရမ့်သည် ဇွန်လက ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပေးခဲ့သော်လည်း ၂၀၁၉ ခုနှစ်က Caesar Syria Civilian Protection အက်ဥပဒေအရ အခြားပိတ်ဆို့မှုများကို ထပ်မံရုပ်သိမ်းပေးရန် လွှတ်တော်၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။
ရှာရားသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) အစည်းအဝေး မပြုလုပ်မီ သတင်း ထောက်များနှင့် တွေ့ဆုံချိန်တွင် ဆီးရီးယားအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် ရူဘီယို၏ အပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။
"ဆီးရီးယားပြည်သူတွေဟာ ပိတ်ဆို့မှုတွေကြောင့် ထပ်ပြီး အသက်တွေ မဆုံးရှုံးသင့်တော့ပါဘူး။ ဆီးရီးယား ပြည်သူတွေက အလုပ်လုပ် ချင်ကြပါတယ်။ ပိတ်ဆို့မှုတွေသာ ဖယ်ရှားပေးလိုက်ပါ။ အဲဒါဆိုရင် သူတို့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး" ဟု ရှာရားက ပြောကြားခဲ့သည်။
Source: The Guardian
- By CNI
- Category: ဆောင်းပါး
- Hits: 817
CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်နှစ် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးအသင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်မယ့် ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ရပ်တန့်ဖို့ အတွက် ကြားဝင်ရောက်လာဖို့ ရှိနေပါတယ်။
အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်က စက်တင်ဘာလ အစောပိုင်းက ပြောထားတာပါ။
ကုလသမဂ္ဂ အကြီးအကဲအချို့နဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အစ္စရေးနိုင်ငံကို အားကစားဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။
ကာတာနိုင်ငံကလည်း သူတို့လေကြောင်း တိုက်ခိုက်မှုခံခဲ့ရပြီးနောက် အစ္စရေးနိုင်ငံနဲ့ ကလပ်အသင်းတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဥရောပကလပ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် တို့ကို တောင်းဆိုမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်နိုင်ငံ ပြည်နယ်ဌာနတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ "အစ္စရေးနိုင်ငံ ဘောလုံးအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့ အရာမှန်သမျှကို အပြည့်အဝ ရပ်တန့်ဖို့ သူတို့လုပ်ဆောင်သွား မယ်"လို့ BBC Sport ကို ပြောခဲ့တာပါ။
ဖီဖာဟာ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုကို တုံ့ပြန်မှု မရှိသေးပေမယ့် လာမယ့် အပတ်ထဲမှာ ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းထားတဲ့ ဖီဖာ အကြီးအကဲ အင်ဖန်တီနိုအတွက်တော့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနိုင်ဖွယ်ရှိနေတာပါ။
အင်ဖန်တီနိုက ပဋိပက္ခတွေထဲမှာ ပါဝင်နေတဲ့ နိုင်ငံတွေကို ပိတ်ဆို့အရေးယူဖို့ ခက်ခဲပေမယ့် ဂါဇာမှာ ဖြစ်နေတဲ့ အရာတွေကို မြင်တွေ့ရတာဟာ သူ့ကို အလွန်ခံစားစေတယ်လို့ ဒီရက်သတ္တပတ်ထဲ နယူးယော့ခ်မှာ မိန့်ခွန်း ပြောခဲ့ပါတယ်။

အစ္စရေးအသင်း ယှဉ်ပြိုင်နေစဉ်
အင်ဖန်တီနိုဟာ ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့တဲ့ ရုရှားနိုင်ငံက လက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်တာပါ။
အစ္စရေးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။
အစ္စရေးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ် ရရှိထားကာ လာမယ့် အောက်တိုဘာ မှာ နော်ဝေ၊ အီတလီအသင်းတို့နဲ့ ခြေစစ်ပွဲယှဉ်ပြိုင်ရမှာပါ။
အစ္စရေးအသင်းဟာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အီတလီအသင်းနဲ့ ရမှတ်တူ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ(ဥရောပဇုန်)မှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းတွေဟာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး ဒုတိယရပ်တည်တဲ့ အသင်းတွေဟာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
ဥရောပဘောလုံးနိုင်ငံတွေဟာ အစ္စရေးကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ချင်တဲ့ သူတို့ရဲ့ ဆန္ဒတွေဟာ ပိုပြီးကြီးထွားလာနေကြပါတယ်။
အစ္စရေးအနေနဲ့ ခြေစစ်ပွဲ မအောင်မြင်ဘူးဆိုရင်လည်း လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေနဲ့ ဥရောပကလပ် ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်စေချင်နေပါတယ်။
အဲဒါကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က အစ္စရေးကို သူတို့နဲ့သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် ချနိုင်မလား ဒါမှမဟုတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ရောက်မှုကြောင့် ဆုံးဖြတ်ချက် ပြောင်းလဲနိုင်မလားဆိုတာ မကြာမီ မြင်တွေ့ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1119
CNI Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က အမေရိကန်ရေတပ်၏ ဖျက်သင်္ဘောတစ်စီးသည် ကာရစ်ဘီယံတောင်ပိုင်းတွင် သင်္ဘောတစ်စီးကို ပစ်ခတ်နှစ်မြှုပ်ခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။
ထိုသင်္ဘောသည် ဗင်နီဇွဲလား၏ Tren de Aragua ဒုစရိုက်ဂိုဏ်းနှင့် ဆက်နွှယ်သည့် မူးယစ်ဆေးဝါးများ တင်ဆောင်လာသော သင်္ဘောဟု အမေရိကန်က ကြေညာခဲ့သည်။
ရက်ပိုင်းအကြာတွင် ဗင်နီဇွဲလား တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန်၏ USS Jason Dunham စစ်သင်္ဘောအနီး၌ သတိပေးသည့် အနေဖြင့် အနီးကပ်ပျံသန်းခဲ့သည်။
အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်ကမူ ထိုလုပ်ဆောင်ချက်ကို ပြင်းထန်သည့် ရန်လိုမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရက ကာရစ်ဘီယံရေပြင်တွင် သင်္ဘောတစ်စင်းအား နှစ်မြှုပ်ခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုကို ရှုံ့ချခဲ့ပြီး ထိုတိုက်ခိုက်မှုသည် ဗင်နီဇွဲလားအစိုးရအား အပြောင်းအလဲဖြစ်စေရန် လုပ်ဆောင်သည့် ရှေ့ပြေးနိမိတ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဗင်နီဇွဲလားအစိုးရသည် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို စစ်စည်းရုံးကာ အမေရိကန်က ကျူးကျော် လာပါက တော်လှန်ရေးအစိုးရအဖြစ် ပြောင်းလဲသွားမည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolás Maduro) က ပြောကြားခဲ့သည်။
ထရမ့် အစိုးရအဖွဲ့ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်သည် ကာကွယ်ရေး သက်သက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ပင်လယ်ရေကြောင်း ကင်းလှည့်မှုမှအစ ပွာတိုရီကိုကျွန်းတွင် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ ဖြန့်ကြက်ချထားမှုသည် ကာကွယ်ရေး သက်သက်ဆိုသည့် စကားလုံးထက် အဓိပ္ပာယ်များစွာ ပိုမိုသက်ရောက် နေသည်။
အထူးသဖြင့် အမေရိကန်သည် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုအဖြစ် ပြောင်းလဲနေပြီး လက်တင်အမေရိကတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိပ်တိုက်တွေ့ရန် အရဲစွန့်လှုပ်ရှား ဖွယ်ရှိသည်။
ဆယ်စုနှစ်များစွာကြာ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိ တပ်ဖွဲ့များအပေါ် မှီခိုအားထားခဲ့သည်။

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို သရုပ်ဖော်ထားစဉ်
သို့သော် ကာရစ်ဘီယံဒေသတွင် USS Iwo Jima စစ်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ ပါဝင်သည့် စစ်သင်္ဘောအုပ်စုကို ဖြန့်ကြက်ချထားမှုသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် မဟုတ်ဘဲ အစိုးရအဖွဲ့ အပြောင်းအလဲ တစ်ရပ်အတွက် ပြင်ဆင်မှုများနှင့် ဆင်တူနေသည်။
အဘယ်ကြောင့်ဆိုသော် ဗင်နီဇွဲလားသည် စွမ်းအင်များ တူးဖော်ပြီး ပြည်ပသို့ ရောင်းချနေရသည့် စီးပွားရေး အင်အားနည်းသော နိုင်ငံမဟုတ်တော့ပေ။
ဗင်နီဇွဲလားသည် ကမ္ဘာ့အနောက်ခြမ်းဒေသတွင် တရုတ်၏ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံများထဲတွင် ပါဝင် လာခဲ့ကာ တရုတ်သည် ၎င်း၏ ပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်၌ ဗင်နီဇွဲလားအတွက် ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဒေါ်လာဘီလျံနှင့်ချီ ထောက်ပံ့ပေးနေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် အမေရိကန်သည် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်များတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို စစ်ပုံစံ သွင်းခြင်းဖြင့် အမေရိကန်၏ နောက်ကျောဘက်၌ တရုတ်၏ ဩဇာတည်ထောင်မှုကို သည်းခံမည် မဟုတ်ကြောင်း အရိပ်လက္ခဏာ ပြနေခြင်းဖြစ်သည်။
အမေရိကန်ပြည်တွင်းတွင်မူ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအရေး၊ ကြီးလေးသည့် ရာဇဝတ်မှုများနှင့် တန်းတူ သတ်မှတ်ထားသည့် ထရမ့်၏ နိုင်ငံရေး အယူအဆသည် အားကောင်း လာခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် မူးယစ် အကြမ်းဖက် သမားများကို စစ်အင်အား အသုံးပြုပြီး နှိမ်နင်းနေသည့် အသွင်ဖြင့် ပုံဖော်နေခြင်းဖြစ်သည်။
သို့သော် တရုတ်ကမူ ထိုအခြေအနေကို မတူကွဲပြားစွာ ရှုမြင်ထားသည်။
တရုတ်ကုမ္ပဏီများသည် ဗင်နီဇွဲလား၏ ရေနံ၊ လျှပ်စစ်စွမ်းအင်နှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ခဲ့သည်။
ထို့ကြောင့် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်ရှိ အမေရိကန် စစ်သင်္ဘော အုပ်စုသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အကြောင်းပြပြီး တရုတ်၏ ခြေကုပ်ယူမှုကို အားနည်းစေရန် ကြိုးပမ်းဖွယ်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
အမေရိကန်ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် ရေတပ်သင်္ဘောများဖြင့် ကင်းလှည့်မှုများ ပြုလုပ်ပြီး တရုတ်ကို ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။
ယခုအခါတွင်မူ တရုတ်သည် ဗင်နီဇွဲလားနိုင်ငံကို ခြေကုပ်ယူပြီး အမေရိကန်ကို ပြန်လည်ဖိအားပေးရန် ကြိုးပမ်းနေသည်ဟု အမေရိကန်အစိုးရက ယူဆနေသည်။
မာဒူရို အတွက်မူ အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုသည် ၎င်းအတွက် အန္တရာယ်များသလို နိုင်ငံရေး အကျိုးအမြတ်လည်း ရရှိနိုင်သည်။
အမေရိကန်က ဖိအားပေးလေလေ၊ မာဒူရိုသည် ၎င်း၏ အာဏာသက်တမ်း ရှည်ရေးအတွက် တရုတ်နှင့် ရုရှား ဘက်သို့ ရောက်ရှိသွားလေလေ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အမေရိကန်၏ မဟာဗျူဟာသည် ဗင်နီဇွဲလားကို တရုတ်နှင့် ဆက်ဆံရေး ပိုမိုနီးကပ်သွားစေမည့် အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်သည်။
လက်ရှိ အချိန်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို လက်တင်အမေရိကနိုင်ငံများ၏ အစိုးရများက သတိထားနေကြသည်။
မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (laudia Sheinbaum) ကမူ တစ်ဖက်သတ် စစ်ရေးအသွင်ဆောင်သည့် လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။
ဘရာဇီးလ်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဆဲလ်ဆို အမ်မိုရင် (Celso Amorim) ကလည်း လက်တင်အမေရိကသည် ပြည်ပ၏ ကြားဝင်စွက်ဖက်မှုများကြောင့် နာကျင်ခံစားခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း အမေရိကန်ကို သတိပေး ခဲ့သည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အမေရိကန်၏ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သည့် ကိုလံဘီယာနိုင်ငံကမူ ပဋိပက္ခဖြစ်လာမည့် အရေးကို စိုးရိမ်ကြောင်း လေသံပစ်လာခဲ့သည်။
တရုတ်ကမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။
တရုတ်သည် လွန်ခဲ့သည့် နှစ်များကတည်းက အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို ဆန့်ကျင်ရန်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု မက်လုံးများကို အသုံးပြုခဲ့သည်။
အကယ်၍ အမေရိကန်အနေဖြင့် စစ်အင်အားပြ ခြိမ်းခြောက်သည့် နိုင်ငံခြားရေးမူဝါဒကို အရှိန်မြှင့်မည်ဆိုပါက တရုတ်ကလည်း ၎င်း၏ အာဏာအပျော့ကိုသုံးပြီး စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်မည်ဖြစ်သည်။
အမေရိကန်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အထူးသဖြင့် ဗင်နီဇွဲလားကို အကြောင်းပြုပြီး တရုတ်နှင့် Proxy War ဆင်နွှဲမည်ဆိုပါက ဒေသတွင်း တည်ငြိမ်မှုကို အရဲစွန့် လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်အတွက် အဓိကခြိမ်းခြောက်မှုမှာ မူးယစ်ဆေးဝါး ဆိုခြင်းထက် ပထဝီနိုင်ငံရေး ပဋိပက္ခ ဖြစ်နိုင်သည် ဆိုသည့်အချက်ကို သတိမပြုမိပါက အမေရိကနိုင်ငံများတွင် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွား စေလိမ့်မည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1208
CNI Sport Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် အပါအဝင် အခြား အကြောင်းအရာတွေကြောင့် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတယ်လို့ ဆင်ခြေပေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆင်နယ်အသင်း ဂန္ထဝင် အွန်နရီက အာဆင်နယ်အသင်းရဲ့ ဒီရာသီလူစာရင်းဟာ အခြား အသင်းတွေထက် အလွန်တောင့်တင်းတာကြောင့် ဒီနှစ်မှာ ဆုဖလားတစ်ခုခု ရယူရမှာဖြစ်ပြီး ဘာဆင်ခြေမှ ပေးလို့ မရတော့ဘူးလို့ ပြောလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ပေါင်သန်း ၂၅၀ ကျော် အသုံးပြုပြီး နေရာ တိုင်းမှာ ကစားသမား အင်အားဖြည့်ထားခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ လက်ရှိ လူစာရင်းကို ကြည့်ရရင် တစ်နေရာမှာ ကစားသမား ၂ ဦးဟာ အသင့် အနေအထား ရှိနေပြီး ၂ သင်းစာ လူစာရင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားဖြစ်တဲ့ ဆာကာနဲ့ အိုဒီဂတ် အပါအဝင် ကစားသမားအချို့ ဒဏ်ရာ ကြောင့် အနားယူရတဲ့ အချိန်မှာ အာဆင်နယ်အသင်းဟာ သူတို့ရဲ့နေရာမှာ အစားထိုးမယ့် ကစားသမားမရှိလို့ အခက်တွေ့ခဲ့တယ်ဆိုတာ အားလုံးမြင်တွေ့ခဲ့ရတာပါ။

အွန်နရီကို တွေ့ရစဉ်
ဒီရာသီအစပိုင်းမှာလည်း အာဆင်နယ်အသင်းဟာ ဆာကာ၊ အိုဒီဂတ်၊ ဆာလီဘာ၊ ဟာဗတ်ဇ်နဲ့ ဂျီးဆပ်စ်တို့ ဒဏ်ရာ အခြေအနေ ကြုံတွေ့နေရချိန်မှာ အခက်တွေ့နိုင်မလားဆိုပြီး စောင့်ကြည့်မှုတွေ ခံခဲ့ရပါတယ်။
ဒါပေမယ့် နွေရာသီမှာ ခေါ်ယူခဲ့တဲ့ မက်ဒူကီ၊ အီဇီ၊ ယိုကီရက်စ်၊ မိုစကွဲယား၊ ဇူဘီမန်ဒီတို့က ဒီနေရာတွေကို အသင့် ဝင်ရောက်ပြီး အာဆင်နယ်အသင်းအတွက် ခြေစွမ်းတွေ ပြသနိုင်ခဲ့ကြတာပါ။
ဒါကြောင့် နည်းပြအာတီတာဟာ အဓိက ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ သူ့အတွက် အတောင့်တင်းဆုံး လူစာရင်းကို ရွေးချယ်လို့ ရနေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ လက်ရှိ အနေအထားဟာ ဆုဖလား တစ်ခုခု ရယူနိုင်ဖို့ အချိန်တန်နေပြီလို့ ပြောရမှာပါ။
အမှန်တော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ဆုဖလားတွေရယူဖို့ နီးစပ်ခဲ့ပြီး နောက်ဆုံးမှာ ခြေချော်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ရာသီဆက်တိုက် အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရပြီး မနှစ်ကရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
အာဆင်နယ်အသင်းရဲ့ ဒီရာသီ ကစားထားတဲ့ ၅ ပွဲကို ကြည့်ရမယ်ဆိုရင် ပွဲတိုင်းအကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသထားပြီး နေရာတိုင်း အမှားအယွင်း နည်းခဲ့တာပါ။
ဒီ ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၄ ပွဲ အနိုင်ရထားပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရေး နိမ့်ထားတဲ့ ၁ ပွဲသာ ရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီ ၅ ပွဲမှာ အာဆင်နယ်အသင်းဟာ ၁၁ ဂိုးသွင်းထားပြီး ၁ ဂိုးသာ ပေးဂိုးပေးခဲ့ရတာပါ။ ဒီပေးခဲ့ရတဲ့ ၁ ဂိုးကလည်း လီဗာပူးလ်အသင်း ကွင်းလယ်လူ ဆိုဘို့ဆလိုင်းရဲ့ ဖရီးကစ် ကန်ချက်ကနေ ပေးခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ခံစစ်ကစားပုံ အလွန်ကောင်းမွန်ခဲ့ပြီး သူတို့ကို ပြိုင်ပွဲတွေမှာ ဘယ်အသင်းကမှ ၂ ဂိုး အထက်ပိုပြီး သွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်း ပိုကောင်းမွန်လာသလို တိုက်စစ်ပိုင်းမှာ ယိုကီရက်စ်ကလည်း သွင်းဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။
လူစားဝင်ပြီး ကစားနေရတဲ့ မာတင်နယ်လီနဲ့ ထရော့ဆာဒ်တို့ကလည်း ပွဲထွက် လူစာရင်းထဲ ဝင်နိုင်ဖို့ ဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတာကြောင့် အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲ အားပြိုင်မှုတွေကလည်း အသင်းကို ပိုပြီးအားကောင်းလာစေမှာပါ။
အာဆင်နယ်အသင်း အနေနဲ့ လက်ရှိ ပြသနေတဲ့ ပုံစံကို ရာသီကုန်အထိ ဆက်ထိန်းထားနိုင်မယ်ဆိုရင် သူတို့ အတွက် ဆုဖလား တစ်ခုခုဟာ ပြေးလွှတ်မှာ မဟုတ်သလို ဆင်ခြေပေးနေရတာတွေလည်း အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို ဒီရာသီမှာ အဆုံးသတ် သွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1060
CNI Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
အိန္ဒိယနှင့်မြန်မာ နိုင်ငံသည် နယ်နိမိတ် ထိစပ်မှု ကီလိုမီတာ ၁၀၀၀ ကျော်ရှိသည်။ ထို့ပြင် နှစ်နိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးများအနက် အိန္ဒိယ၏ အရှေ့မြောက်ဒေသတွင်းနေ လူမျိုးများသည် မြန်မာနိုင်ငံအတွင်း လူမျိုးများဖြင့် မနုဿဗေဒအရ ရုပ်ချင်း ဆင်တူကြသည်။
အိန္ဒိယ၏ အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်၊ အာသံပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်နယ်တို့သည် မြန်မာ နိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ဖြင့် ထိစပ်နေသည်။
ထိုသို့ ထိစပ်နေခြင်းနှင့်အတူ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသော ကသည်း၊ မီဇို၊ ကူးကီး၊ နာဂ စသည့် လက်နက်ကိုင်များသည် မြန်မာနိုင်ငံအတွင်းက အိန္ဒိယနှင့်ထိစပ်နေသော ဒေသများမှာ အခြေပြု လှုပ်ရှားနေသည် ဟု အိန္ဒိယဘက်က ယုံကြည်ထားသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်သူများရှိနေခြင်းနှင့် မြန်မာနိုင်ငံအတွင်းက နယ်စပ်ဒေသ မတည်ငြိမ်မှုများ ကြောင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် Act East Policy ကို အကောင် အထည်ဖော်ရန် အဟန့်အတားဖြစ်နေသည်။
ထို့ကြောင့် အိန္ဒိယသည် အရှေ့မြောက်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာ-အိန္ဒိယနယ်စပ် ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးကို အရှိန်မြှင့် တည်ဆောက်ရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် မတည်ငြိမ်မှုများကြောင့် (၁) အိန္ဒိယ-မြန်မာ အကောင်အထည်ဖော်မည့် ကုလားတန်မြစ်ဘက်စုံစီမံကိန်း ရပ်တန့်ထားရခြင်း၊ (၁) ထိုင်း-မြန်မာ-အိန္ဒိယ ၄ ဘီလီယံ ကုန်သွယ်ရေးလမ်း ဖောက်လုပ်ရေး စီမံကိန်း အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေခြင်း၊ (၃) နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့် နေခြင်း၊ (၄) အိန္ဒိယနိုင်ငံက မြန်မာဒုက္ခသည်များကို စောင့်ရှောက်ထားရခြင်း၊ (၄) အိန္ဒိယ-မြန်မာ-တရုတ် လီဒို လမ်း ပြုပြင်ရေး စီမံကိန်းရပ်တန့်နေခြင်း၊ (၅) မြန်မာနိုင်ငံအတွင်း အိန္ဒိယ၏ သယံဇာတ တူးဖော်လိုသော ရည်မှန်း ချက်များ အကောင်အထည်မဖော်နိုင်ခြင်း၊ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ တရားဥပဒေစိုးမိုးမှု အားနည်းလာ ခြင်း၊ (၆) အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခြင်း စသည့် အခြေအနေများကို ကြုံ တွေ့နေရနိုင်သည်။
ထို့ကြောင့် အိန္ဒိယသည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသတစ်လျှောက် တရားဥပဒေစိုးမိုးရေး ရှိလာရေး လိုအပ်သည်ဟု ယူဆပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ယခင်ကထက် ထည်ထည်ဝင်ဝင် ပါဝင် ပတ်သက်ရန် စဉ်းစားလာပုံပေါ်သည်။
မည်သည့်အတွက်ကြောင့် ယခုလို ပြောရသလဲဆိုရင် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်း မြို့မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်ကြား လုံခြုံရေးနှင့်ကာကွယ်ရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအခြေအနေကို တိုးမြှင့်ရန် အပြင် မြေရှားသတ္တုတူးဖော်ရေး သဘောတူ ဆွေးနွေးခဲ့သည်။
ထိုအချက် ၂ ချက်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့သော အချက်များ ဖြစ်ပြီး တရားဝင် မထုတ်ပြန်သော နောက်ကွယ်က အခြေအနေများကလည်း ပိုမိုနက်ရှိုင်းနေနိုင်သော အခြေအနေ များ ရှိနိုင်သည်။
ထို့နောက် ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှာ နယူးဒေလီတွင် အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် အိန္ဒိယ အရှေ့ပိုင်းစစ်ဌာန ချုပ်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari အပါအဝင် အခြား ထိပ်သီးအရာရှိများနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်မည့် အစိတ်အပိုင်း တစ်ခုအဖြစ် အိန္ဒိယစစ်တပ်သည် မြန်မာ့တပ်မတော်ကို ဒစ်ဂျစ်တယ် လေ့ကျင့်ရေး စွမ်းဆောင်ရည်များ မြင့်တက်စေရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုကို တိုးတက်စေရေးတို့အတွက် ခေတ်မီ IT Lab ပစ္စည်းများကို တင်ပြခဲ့ကြောင်း၊ ထိုကဲ့သို့ ရှင်းလင်း တင်ပြမှုသည် မြန်မာ့တပ်မတော်၏ ကာကွယ်ရေး အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်မှုနှင့် နည်းပညာ ၏ မောင်းနှင်အားဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် မြန်မာနိုင်ငံအတွက် အိန္ဒိယ၏ ထောက်ခံမှုကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်ဟု အိန္ဒိယဘက်က ထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။
ထို့နောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ် ထိစပ်ပြီး တည်ငြိမ်မှုကို ထိခိုက်ခံ နေရသော မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်က သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဒေသခံများဖြင့် တွေ့ဆုံကာ မိန့်ခွန်းများ ပြောကြားခဲ့သည်။

တဆက်တည်းမှာပဲ အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မဏိပူရပြည်နယ်၊ အင်ဖာမြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဒေသခံများဖြင့် တွေ့ဆုံကာ မိန့်ခွန်းများ ပြောကြားခဲ့ သေးသည်။
အထက်ပါ အခြေအနေများသည် အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ဩဂုတ်လကနေ စတင် ပြောင်းလဲ မြင်တွေ့လာရ ခြင်းဖြစ်သည်။
ထိုနှစ်နိုင်ငံ ဆက်ဆံရေးကနေ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်လာနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သလို ထိုအချက် ၂ ချက်ကို အကောင်အထည် ဖော်လာ နိုင်ခြင်းနှင့်အတူ အထက်မှာ ဖော်ပြခဲ့သော ယူဆချက် ၆ ချက်ကို ရလဒ်ကောင်း ထွက်အောင် ဆောင်ရွက်လာနိုင် မလားဆိုသည်ကိုလည်း စောင့်ကြည့်ရအုံးမည်။
မည်သို့ပင်ဆိုစေကာမူ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှစ်နိုင်ငံ စစ်တပ်နှင့်အစိုးရကြား ပူးပေါင်းဆောင်ရွက်လာမည်ဆိုလျှင် AA၊ ချင်းလက်နက်ကိုင်များ(CNF- CNDF- ချင်း PDF များ)၊ နာဂ၊ ကသည်း၊ မီဇို၊ ကူးကီးနှင့် စစ်ကိုင်းတိုင်းအတွင်းက PDF များ၊ စစ်ကိုင်းတိုင်းအတွင်း KIA ၏ စစ်ရေး ထောက်ပံ့မှုများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။
ထို့ကြောင့် အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် စိတ်ဝင်စားစရာကောင်းပြီး မည်သည့် ဖြစ်တည်လာမည်ကိုတော့ စောင့်ကြည့်ရပေအုံးမည်။
