
- By CNI
- Category: ကျန်းမာရေး
- Hits: 3004
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၄
ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသရမည့်အပြင် ကာကွယ်ဆေးမထိုးထားသူဖြစ်ပါက အခကြေးငွေမယူဘဲ အခမဲ့ထိုးပေးနေကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းသို့ ထိုးနှံပြီးပါကလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် လက်မှတ်ပေးကြောင်း ခရိုင်ပြည့်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်မောင်ချိုက CNI သတင်းဌာနသို့ ပြောသည်။
“အခုလောလောဆယ်ထိုးနေတာတော့ covidshield တွေထိုးနေတာပေါ့။ အဓိကကတော့ ကျနော်တို့က ဒီ ရောဂါ ကို ထိန်းချုပ်နိုင်ဖို့ပေါ့။ ထိန်းချုပ်နိုင်မှုနှုန်းရယ်၊ ကူးစက်မှုနှုန်းရယ်တွေကို လျှော့ချဖို့ပေါ့။ ကာကွယ်ဆေးထိုးထား တာမရှိဘူးဆိုရင် ကူးစက်ရောဂါတစ်ခုကို ထိန်းနိုင်ဖို့အတွက် ခက်တယ်လေ။ အဲဒါကြောင့် ကာကွယ်ဆေးထိုးတာ အဓိကထားပြီး ပြောပါတယ်။ နောက်သူတို့ကို မိမိဒေသမှာ ပထမအကြိမ်ထိုးလာပြီးတော့ ဒုတိယအကြိမ် မထိုးရ သေးတဲ့သူတွေအတွက် ဒီမှာတစ်ခါတည်းထိုးလိုက်တဲ့အတွက် သူတို့ကာကွယ်ဆေးအကြိမ်ပြည့်ရသွားတာပေါ့” ဟု ပြောသည်။
ပုဂံဒေသသို့ ခရီးသွားများလာရောက်သည့်အခါတွင် မြို့အဝင်၌ သက်ဆိုင်ရာကျန်းမာရေးမှူး၊ ထွေအုပ် စသည့် သက်ဆိုင်ရာအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုး၊ မထိုး စစ်ဆေးကာ မထိုးရသေးသူများကိုမူ ကိုဗစ်ကာကွယ် ဆေးထိုးပေးနေခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးပြီးမှသာ မြို့ထဲသို့ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က CNI သတင်း ဌာနသို့ပြောသည်။
လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလများအတွက် ကမ်းခြေဒေသများတွင် ဟိုတယ်ဘိုကင်များပြည့်နှက်နေသဖြင့် အချို့ခရီးထွက်မည့်သူများအနေဖြင့် ပုဂံဒေသသို့ သွားရောက်လည်ပတ်ရန် လုပ်ဆောင်နေကြကာ ဟိုတယ်ဘိုကင် ယူထားမှုများ များပြားကြောင်း ၎င်းကဆက်ပြောသည်။
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က “ဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေမှာ ကျနော်လိုက်ပြီးတော့မှ မေးကြည့် တယ်။ မေးကြည့်တဲ့အခါကျတော့ အတော်အသင့် ဘိုကင်တွေလုပ်ထားတာရှိပါတယ်။ အဲဒီလို ဘိုကင် တင်တာ တွေ တချို့ဟိုတယ်တွေများတဲ့အတွက် confirm လုပ်ဖို့အထိကို ဒါမျိုးလေးတွေ အနေအထားလေးတွေ ရှိပါတယ်။ သင်္ကြန်ကာလမှာတော့ ပုဂံဒေသမှာ ဧည့်သည်တွေ ပုံမှန်ထက်စာရင် တော်တော်များများ လာရောက် လည်ပတ် မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်။ အခုလည်း ဘိုကင်တွေ တော်တော်များများ တင်နေတာကို ကျနော်တို့ တွေ့ရှိရပါတယ်”ဟု ပြောသည်။
ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု အဓိကနေရာများဖြစ်သည့် ရွှေစည်းခုံ၊ ဗူးဘုရား စသည်တို့တွင် စာရင်း ကောက်ယူကာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် တစ်ထောင်ကျော် ဝင်ရောက်ကြောင်းလည်း သိရသည်။
ခရီးသွားဧည့်သည်များအနေဖြင့် ရုံးဖွင့်ရက်များတွင် လာရောက်လည်ပတ်မှုသည် ရုံးပိတ်ရက်ကာလတို့ထက် နည်းကာ ရုံးပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

- By CNI
- Category: ကျန်းမာရေး
- Hits: 2795
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ တာဝန်ကျ ဆရာဝန်ကြီး၏ စွမ်းဆောင်ရည် အားနည်းခြင်းကြောင့် ကျန်းမာရေး နှင့်ပတ်သက်ပြီး လိုအပ်ချက်များ ရှိနေသည်ဟု မင်းပြားမြို့နယ်ရှိ လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
လက်ရှိ မင်းပြားမြို့နယ်တွင် တိုက်နယ်ဆေးရုံ ၈ ခုနီးပါးနှင့် ကုတင် ၅၀ ဆံ့ဆေးရုံကြီးရှိသော်လည်း မင်းပြား ဆေးရုံမှ ဆရာဝန်ကြီး၏ လုပ်ဆောင်ချက် အားနည်းမှုကြောင့် မြောက်ဦးဆေးရုံသို့သာ အဓိက အားထား နေရသည်ဟု မင်းပြားလူမှုအဖွဲ့အစည်းမှ ကိုကြည်လင်းက CNI သတင်းဌာနသို့ ပြောသည်။
“အဓိကက ကျနော်တို့ TMO ကနေပြီးတော့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်ပေါ့။ ပြီးတော့ အရည်အချင်း လုပ်ဆောင်နိုင်စွမ်းလည်း နည်းပါးပါတယ်။ တချို့ကိစ္စတွေဆိုရင်လည်း ကျနော်တို့မင်းပြားက အုပ်စုက ၇၀ ပေါ့နော်။ ရွာကနေပြီးတော့ အကုန်လုံး ရွာကရှိတဲ့လူပေါင်း၊ အကုန်လုံး မင်းပြားမြို့နယ်က အကုန်လုံး ၃ သိန်းကျော်လောက် ရှိတာပေါ့။ အဲဒါတွေ အဆင်မပြေဘူးဗျ။ ကျနော်တို့ မြောက်ဦးကိုပဲ သွားပြီး ပြနေရတာပေါ့။ တိုက်နယ်ဆေးရုံကတော့ ရှိတယ်။ တိုက်နယ်ဆေးရုံက ၇ ခု၊ ၈ ခုလောက် ရှိပါတယ်ဗျ။ ဒါပေမယ့် TMO ကိုပဲ အားကိုးပြီးတော့ မင်းပြားကို မူတည်ပြီးတော့ လာပြကြတာပေါ့။ အော်ပရေးရှင်းကိစ္စတွေ၊ နောက်ပြီးတော့ ကျနော်တို့ အဓိက ရွာကနေ တက်လာကြတာပေါ့နော်။ ဆေးရုံမှာ လူနာက ရောက်နေပြီ ဆရာဝန်ကြီးက မရောက်သေးဘူး အဲလိုဖြစ်နေပါတယ်။ ပြီးရင် ကျနော်တို့ဒေသမှာဆိုရင် ဆေးရုံကြီးက ကုတင် ၅၀ က အဓိက မကျတော့ဘူး။ ဆရာဝန်ကြီးက ဆေးရုံကို ဂရုမစိုက်ဘဲနဲ့ သူ့ဆေးခန်းကို ဂရုစိုက်နေတာပေါ့” ဟု ပြောသည်။
ယခု မင်းပြားဆေးရုံတွင် တာဝန်ယူထားသည့် ဆရာဝန်ကြီးအနေဖြင့် ကျန်းမာရေးစောင့်ရှောက်နိုင်မှုနှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်စွမ်းအားနည်းခြင်းနှင့် ၎င်းဖွင့်လှစ်ထားသည့် ဆေးခန်းကိုသာ ဂရုစိုက်၍ ဆေးရုံကြီး ကိုမူ ဂရုစိုက်နိုင်မှု အားနည်းခြင်းတို့ရှိကြောင်း ဒေသခံများက ပြောသည်။
ယခင်ဆရာဝန်ကြီးလက်ထက်တွင် ဒေသရှိ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒေသတွင်း လိုအပ်သည့် ကျန်းမာရေးပိုင်းဆိုင်ရာများကို ဆွေးနွေးရန် ကော်မတီဖွဲ့၍ ကြီးကြပ်မှုများ ရှိသော်လည်း လက်ရှိတာဝန်ယူနေသည့် ဆရာဝန်ကြီးသည် ယင်းသို့ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဒေသခံများ ထံမှ သိရသည်။
ထို့ကြောင့် ယခုတာဝန်ယူနေသည့် ဆရာဝန်ကြီးအနေဖြင့် ဒေသအရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုအသင်း အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ဒေသတွင်း ကျန်းမာရေး လိုအပ်ချက်များကို ဆောင်ရွက်သင့်ကြောင်း ကိုကြည်လင်းက ဆက်ပြောသည်။
“ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက NLD လက်ထက်ကပေါ့ ဆေးရုံကော်မတီဆိုပြီးတော့ ရှိတာ ပေါ့နော့်။ ဆေးရုံကော်မတီကနေပြီး ၁၂ ယောက်လောက် ပါတာပေါ့။ အကြံပြုအဖွဲ့တွေ၊ မြို့ကလူတွေနဲ့ တိုင်တိုင် ပင်ပင် ဆွေးဆွေးနွေးနွေးပေါ့။ မြို့ကလူတွေက ဆေးရုံမှာ ဘာလိုအပ်ချက်ရှိလဲဆိုတာ အရင်ပြောင်းသွားတဲ့ TMO ကတော့ အကုန်လုံး ခေါ်ပြီးတော့ ဆွေးနွေးတယ် ဘယ်လိုဘယ်လိုရှိတယ်ဆိုတာ။ အခု လက်ထက်မှာတော့ အဲဒီလို အရေးတယူ ဆွေးနွေးတာ မရှိဘူး။ အသင်းအဖွဲ့တွေကို ခေါ်ပြီးတော့ ဆေးရုံအတွက် ဘယ်လို ကောင်းနိုး ကောင်းရာတွေကို အကြံပြုဆွေးနွေးတာ မရှိဘူးပေါ့။ မြို့မှာဆိုတော့ အကုန်လုံး ဆေးရုံကြီးကို အားကိုးရတာ ပေါ့နော်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေလည်း အများကြီးရှိတာပေါ့။ သွေးအလှူရှင်တို့၊ အောက်ဆီဂျင် ပံ့ပိုးရေး အဖွဲ့တို့၊ ပရဟိတအဖွဲ့တွေ အများကြီး ရှိတာပေါ့နော်။ အဲဒီပရဟိတအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်မယ်ဆိုရင် တော့ ပိုပြီး အဆင်ပြေမှာပေါ့။ ဒီအတိုင်း လုပ်နေမယ်ဆိုရင်တော့ TMO ရဲ့လုပ်ဆောင်ချက်က မြို့မှာနေပြီးတော့ ရိုးရိုးဆရာဝန်သာသာ ရှိနေတာပေါ့ အဲလိုအခြေအနေရောက်နေတယ်” ဟု ပြောသည်။
လက်ရှိ မင်းပြားမြို့နယ်အတွင်း ကျန်းမာရေးတစ်စုံတရာ ဖြစ်ပွားသည့်အခါ ဆေးရုံကြီးသို့ သွားရောက်ပြသရာတွင် လူနာများ ရောက်ရှိနေသော်လည်း ဆရာဝန်ကြီးမှာ ဆေးရုံတွင် ရှိမနေသည့်အတွက် ဒေသခံများအနေဖြင့် မြောက်ဦးဆေးရုံသို့သာ အဓိကထား၍ သွားရောက်ကုသနေရကြောင်း ၎င်းတို့က ပြောသည်။