CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅

လာလီဂါပွဲစဉ်မှာ အလာဗက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဖိအားအချို့ကို လျော့ချနိုင်ခဲ့တဲ့ နည်းပြ အလွန်ဆိုက ရီးရယ်လ်အသင်းရဲ့ ညီညွတ်မှုကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ 

အလွန်ဆိုက “ကျနော်တို့အားလုံး အတူတကွ ရှိနေကြသလို ကောင်းတဲ့အချိန်မှာရော မကောင်းတဲ့ အချိန်တွေမှာ ပါ အတူတကွ တိုက်ပွဲဝင်နေကြပါတယ်။ အသင်းက ကောင်းမွန်စွာ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ စည်းလုံးညီညွတ်မှုက အခြေခံကျပါတယ်။ ကျနော်တို့ဟာ ကိုယ့်အလုပ်ကို အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ သွားရမယ့်လမ်းက အရှည်ကြီးရှိသေးပေမယ့် ဒီပွဲမှာလုပ်ခဲ့တဲ့ ကောင်းမွန်တဲ့အရာတွေကို ဆက်ထိန်းသိမ်းရမယ်”လို့ ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဘတ်ပီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဗီဆန်တီက အလာဗက်စ်အသင်းအတွက် ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ရိုဒရီဂိုက ဗီနီစီးယက်စ်ရဲ့ ဖန်တီးပေးမှုကနေ အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ရလဒ်တွေ ဆိုးနေတာကို အဆုံးသတ်နိုင်ခဲ့သလို ထုတ်ပယ်ခံရမယ့် ဖိအား တွေ ရင်ဆိုင်နေရတဲ့ နည်းပြ အလွန်ဆို အတွက်လည်း ဖိအားတွေ လျော့သွားခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းကို တွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ အလာဗက်စ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်ပြီးရပ်တည်နေပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုက အသင်းဟာ တိုးတက်အောင် လုပ်ရမယ့် အရာတွေ အများကြီးရှိသေးပြီး ပွဲတွေကို ဆက်ပြီး အနိုင်ရဖို့အတွက်လည်း တသမတ်တည်း ဖြစ်နေဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ ဘတ်ပီဟာ စပိန်ကလပ် ကစားသမားဘဝ သွင်းဂိုး ၇၀ ပြည့်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ လာမယ့် ကြားရက်ထဲမှာ ကိုပါဒယ်ရေးဖလား ပွဲစဉ် ယှဉ်ပြိုင်ပြီးရင် ဆီဗီလာအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN