CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
NUG ၏ ၀န်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးနဲ့ ၂၀၀၀၀ ကျပ်တန်ကိုတွေ့ရစဉ်

နှစ်သောင်းတန် ငွေစက္ကူ တားမြစ်မိန့် ဘာတွေကို ထိခိုက်နိုင်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1138

CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅

နှစ်သောင်းတန် ငွေစက္ကူကို ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် မည်သည့် အကျိုးဆက်များကို  ထိခိုက်စေသလဲ ဆိုသည့်အပေါ် နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများအကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် ပြည်သူလူထုအတွက် အကျပ်အတည်း ဖြစ်စေသလို ဘဏ်များအနေဖြင့်လည်း မသုံးစွဲ၍မရသည့် အနေအထားဖြစ်နေကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

NUG အနေဖြင့် သုံးစွဲခြင်း မပြုရန် ထုတ်ပြန်ထားသော်လည်း ငွေကြေးလည်ပတ်မှုအရ သုံးစွဲရမှာဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

 NUG ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

၎င်းက “ရှင်းရှင်းပြောရရင် ကျနော်တို့က အာဏာရှိတဲ့သူနဲ့ အာဏာမရှိတဲ့ သူရဲ့စကားကို ခင်ဗျားဘယ်လို ယုံကြည် မလဲဘဲ ကျနော်မေးပါရစေ၊ နံပါတ်တစ်က အာဏာမရှိဘဲ လမ်းဘေးက ထိုင်အော်နေပြီးတော့ ဒါမသုံးရဘူး ပြော တာကတော့ ကျနော်တို့ကတော့ သိပ်အဓိပ္ပာယ်မရှိဘူးလို့ ယူဆတာပဲလေ။ သူ့ဟာသူ တည်ဆဲအာဏာရှိတဲ့ အစိုးရ ကထုတ်တဲ့ ပိုက်ဆံကတော့ သူ့ဟာသူ မသုံးနဲ့ဆိုလည်း သုံးချင်တဲ့သူက သုံးမှာပေါ့၊ သူ့ရဲ့ ငွေကြေးလည်ပတ်မှု အစီအစဉ်ထဲမှာမှ မရှိတာ၊ အဲဒီအတွက်ကတော့ ကျနော်ကတော့ ဘာမှ မမျှော်လင့်ထားပါဘူး။ ဘာလို့လဲဆိုတော့ သူ့ဘာသာသူ သူ့စကား ယုံကြည်တဲ့သူက မသုံးချင် မသုံးနဲ့ပေါ့ဗျာ၊ ကျန်တဲ့သူကတော့ သက်ဝင်ယုံကြည်တဲ့ သူ ကတော့ သုံးချင်သုံးမှာပေါ့။ ၅၂ သန်း လူထုက ကိုယ့်စိတ်ကူး စိတ်သန်းနဲ့ ရပ်တည်ကြတယ်ဆိုတော့ ကိုယ့်ရပ် တည်ချက်နဲ့ပဲ ကိုယ်လုပ်နိုင်မယ်လို့ ထင်ပါတယ်ဗျ” ဟု ပြောသည်။

နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်း၊ တနည်းနည်းနှင့် လွှဲပြောင်း ခြင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။ 

ဗဟိုဘဏ်ထုတ်မည့် ၂၀၀၀၀ တန်ကျပ် ဒီဇိုင်းကိုတွေ့ရစဉ်

တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်း အပြစ်ပေး အရေးယူသွားမည်ဟုလည်း NUG က ပြောထားသည်။

အဆိုပါ ကိစ္စအား လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းက အဖြေဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့လုပ်တာတွေကတော့ မပြောတတ်ဘူးဗျ။ ၂၀၂၃ မှာ အပြတ်သိမ်းမယ်လို့လည်း ပြောတာပဲ။ ဒါပေမဲ့ လက်တွေ့နဲ့ သီအိုရီနဲ့က အလွန်တရာခြားပါတယ်။ သီအိုရီက သီအိုရီပဲလေ။ ပြီးရင် ရည်မှန်းချက်က ရည်မှန်းချက် ပဲလေ။ လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်းကလည်း အဲဒီဖော်နိုင်ခြင်းကပဲ အဖြေကို ရတာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် သက်သက်ပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က နေပြည်တော်တွင် မာရဝိဇယရုပ်ပွားတော် တည်ပြီး အထိမ်းအမှတ်နှင့် ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့ကို ရည်ရွယ်ကာ အကန့်အသတ်ဖြင့် ငွေစက္ကူ ကျပ်နှစ်သောင်းတန်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှာ ဗဟိုဘဏ်က ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူကို တရားမဝင် ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း NUG ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်း၀န်ကြီးချုပ်ဟောင်း ပရာယွတ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ထိုင်းနှင့်မြန်မာ စစ်တပ်က အာဏာရယူမှု ဘာကွာခြားလဲ

By cni
cni
Category: နိုင်ငံရေး
Hits: 1012

CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံရေးအာဏာရယူသည့်အခါမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး တည်ဆောက်မှု၌ မည်ကဲ့သို့ ကွဲပြားခြားနာမှုများ ရှိသလဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးသမား များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များမှ နှိုင်းယှဉ်သုံးသပ် ဆွေးနွေးလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် တပ်မတော်မှ အာဏာရယူမှု ဖြစ်ပေါ်တိုင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီး သွားကဏ္ဍများ ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိနေသော်လည်း မြန်မာပြည်၌ တပ်မတော်က အာဏာယူမှု ဖြစ်ပေါ်သည့်အချိန်မှာတော့ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာ‌ရေး၊ ကျန်းမာရေးများမှာ ကျဆင်းမှုများရှိခဲ့သည်။

ထိုင်းနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပေါ်တိုင်း အမေရိကန်မှ အရေးယူပိတ်ဆို့မှု မရှိသလို လူထုနှင့် တပ်မတော်မှာလည်း အကြမ်းဖက်မှုများ မလုပ်ဆောင်ကြကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက  “ထိုင်းမှာလည်း Sanctions တော့ မပိတ်ပါဘူး။ ဒါပေမယ့် သိမ်းခါလေး တစ်ချက်တော့ အမေရိကန်က ဘာညာပေါ့၊ ပေးနေတာလေးတွေ ခဏရပ်တာတွေ ဘာတွေတော့ ရှိပါတယ်။ သို့သော်လည်းပဲ ထိုင်းက ပျော့ပြောင်းညင်သာပါတယ်။ အာဏာသိမ်းတယ် လူထုကလည်း ကြီးကြီးကျယ်ကျယ် မဆန့်ကျင်ဘူး။ လူထုလည်း ထိခိုက်နစ်နာမှု မရှိဘူး။ ထိုင်းဘုရင်ကလည်း မဏ္ဍိုင်ဖြစ်တာကိုး။ ထိုင်းဘုရင်ကိုယ်တိုင်က ဒီအပြုအမှု ကို မကန့်ကွက်ဘူးဆိုရင် ပြန်ငြိမ်သွားတာပဲ။ ထိုင်းဘုရင်ကိုယ်တိုင်က ကြားဝင်တယ်ဆိုတဲ့ အာဏာသိမ်းမှုတွေက တော့ မအောင်မြင်ဘူးပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီး ဆူချင်ဒါ လက်ထက်မှာ ဖြစ်ခဲ့တာ မအောင်မြင်တဲ့ ပွဲတွေလည်း ရှိပါ တယ်။ ထိုင်းဘုရင်ကိုယ်တိုင်က ခေါ်ပြီးတော့ သွန်သင်ဆုံးမလိုက်တဲ့ အခါကြတော့ မဖြစ်တော့ဘူး အကြမ်းဖက် တာတွေရော ဆူချင်ဒါ တုန်းကလည်း ခတ်ကြမ်းကြမ်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က မဏ္ဍိုင်ပြုပြီး တော့ ထိန်းသိမ်းပါတယ်” ဟု ပြောသည်။

မြန်မာပြည်တွင် ကြားဝင်ထိန်းသိမ်းမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မရှိကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အထိ အတောမသတ်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တိုင်းပြည်မှာက မဏ္ဍိုင်က မရှိဘူးဗျ။ မင်းကမင်းဘဲ ငါကငါဘဲဆိုပြီးတော့ အဲဒီလို ဖြစ်လာတော့ ကြားဝင်မဏ္ဍိုင်က မရှိတဲ့အခါကြတော့ အခက်အခဲဖြစ်တာ၊ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ကျနော်ပြောဖူးတယ်၊ အာဏာသိမ်းခါစ ကြားဝင်မဏ္ဍိုင်အဖြစ် ရပ်ပြီးတော့ ကြားဝင်ရင် ကောင်းမလားဆိုတော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိပ်မရဲကြဘူးဗျ၊ အဲဒီတုန်းက ကျနော် တို့ ရဲရဲရင့်ရင့်နဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ စုစည်းပြီးတော့ တော်ကြတော်ကြဆိုပြီး ဝင်လိုက်ရင် တစ်မျိုး ဖြစ်နိုင်တယ်။ အခုကြားမဏ္ဍိုင်ဝင်တဲ့လူ မရှိတဲ့အခါကြတော့ လက်လွန်လက်လွန်ရင်းနဲ့ ဟိုဖက်ကလွန် ဒီဖက်က လွန်နဲ့ နောက်ဆုံး အခုချိန်ထိ အတောမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ အနိဋ္ဌာရုံတွေ ပေါ်လာရတာကိုး” ဟု ပြော သည်။

ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းစစ်တပ် အာဏာသိမ်းမှုမှာ ၁၉ ကြိမ်အထိ ရှိခဲ့သည်။ မြန်မာ ပြည်တွင်မူ အကြိမ်အရေအတွက် နည်းသော်လည်း တစ်ကြိမ်ဖြစ်တိုင်း ဆယ်စုနှစ်ဖြင့် ကြာမြင့်တတ်ကြောင်း သိရသည်။

ထိုင်းအာဏာသိမ်းမှုတွင်လည်း စီးပွားရေးကျဆင်းမှုများ ရှိနေကြောင်း၊ သို့သော်လည်း နှစ်နိုင်ငံကို နှိုင်းယှဉ်မည်ဆို ပါက စီမံခန့်ခွဲမှုမှာ ကွာခြားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအိမ်စောင့်အစိုးရ ဒု၀န်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်း “ပြောချင်တာတော့ ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်းတိုင်း၊ သိမ်းတိုင်းမှာ စီးပွားရေး ကျဆင်းမှုတွေ၊ ထိခိုက်မှု တွေ အများကြီးရှိပါတယ်။ သို့သော်လည်း သူတို့ဆီမှာ ရှိနေတဲ့ Institution တွေ၊ သူတို့ဆီမှာ ရှိနေတဲ့ ပညာရှင် တွေရဲ့ ပါဝင်မှုတွေက မြန်မာပြည်ထက် အများကြီး သာတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အာဏာရှင်တွေကနေ အာဏာသိမ်းလိုက်ပြီဆိုရင် အဲဒီမှာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းမှုတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုမျိုး စီးပွားရေး ကျဆင်းမှုတွေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေ ဆုတ်ယုတ်မှုတွေက အများကြီး ဖြစ်လာတယ်။ အဲဒီတော့ နှစ်ခု နှိုင်း ယှဉ်ပြီးတော့ ကျ‌နော်ပြောမယ်ဆိုရင်တော့ ကျနော် နားလည်ချက်ကတော့ အာဏာသိမ်းတဲ့ လူတွေရဲ့ စီမံအုပ်ချုပ် ပုံမှာ ကွာခြားချက်တွေကြောင့် ဖြစ်တယ်လို့ အဲဒီလို နားလည်တယ်၊ ကျနော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာရှင်တွေရဲ့ စီမံအုပ်ချုပ်မှု အရမ်းကို ညံ့ဖျင်းတဲ့အတွက်ကြောင့် ဒါမျိုးတွေ ကြုံလာရတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများ ပျက်ယွင်းနေပါက လက်နက်ကိုင်ပဋိပက္ခများမှာ ဖြစ်ပွားနေမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဦးကိုကိုကြီးက “အဓိကကတော့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရဆိုတာ ဘယ်လို နည်းနဲ့ပဲ အစိုးရဖြစ်ဖြစ်၊ နိုင်ငံရဲ့ ပြဿနာ အဝဝဟာ တာဝန်အရှိဆုံးကတော့ အစိုးရပဲ။ အဲဒီတော့ ကျနော်တို့ နိုင်ငံသမိုင်းမှာ အစိုးရအဆက်ဆက်ကတော့ ကျနော်တို့ နိုင်ငံလက်ရှိ ကြုံတွေ့နေရတာတွေ အားလုံးအတွက် တာဝန်အရှိဆုံးပဲလို့ ကျနော်ကတော့ ပြောချင်တယ်၊ ဒီလိုမျိုး မတည်ငြိမ်မှုတွေ ဖြစ်တယ်ဆိုတာလည်း အတိုက်အခံတွေကြောင့် မြေပေါ်မြေအောက်ကြောင့် ဆိုတာမျိုး အပြစ်ပုံချရုံနဲ့ မပြီးဘူး။ ဘာကြောင့် အဲဒီပြဿနာတွေ ဖြစ်သလဲ၊ အခြေခံ အကျဆုံးကတော့ လွတ်လပ်ရေး ကြေညာစာတမ်း ရန်ကုန်မြို့လယ်ခေါင် လွတ်လပ်ရေးကျောက်တိုင်တွေမှာ ထွင်းထုထားတာတွေအရက ကျနော်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီ မျှခြင်း ပေါ့နော်၊ အဲဒီအခြေခံတွေ ပျက်ယွင်းပြီဆိုရင် ခုနက နိုင်ငံရေး မကျေနပ်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တာက အဲဒီလွတ်လပ်မှု၊ တရားမျှတမှုပေါ့နော်၊ တန်းတူညီမျှမှု အဲဒီအခြေခံတွေ ပြန်ပြီးတော့ မတည်‌ဆောက် နိုင်မချင်း၊ ဒီနိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေကတော့ သက်ဆိုးရှည်နေမှာပဲ” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးများမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်လာငွေ

ဒေါ်လာဈေး မြင့်အောင်လုပ်နေသူများတွင် ပုဂ္ဂလိကဘဏ်များ ပါဝင်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1259

CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ဒေါ်လာဈေး မြင့်တက်စေရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် လုပ် ဆောင်နေသူများထဲတွင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များလည်း ပါဝင်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ထောက်ပြကြသည်။

ဘဏ်စနစ်ပြိုလဲအောင် တိုက်ခိုက်ခံရချိန်တွင် ယခုရှိနေသည့် ဘဏ်များကို အကူအညီပေးခဲ့သော်လည်း ယခု အချိန်မှာတော့ တချို့ဘဏ်များသည် သစ္စာမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နစက၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

အဆိုပါ ပြောဆိုချက်သည် ဗဟိုဘဏ်က ဒေါ်လာများကို ၂၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချရမည်ဟု သတ်မှတ်ထား သော်လည်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များသည် အပြင်ပေါက်ဈေးနှင့် ချိန်ညှိ၍ သွယ်ဝိုက်သောနည်းဖြင့် ရောင်းချနေခြင်းကို ပြောဆိုခြင်းဟု နားလည်ကြောင်း Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့အထဲမှာ ပါတာတော့ သူဆိုလိုတာက အစိုးရက ၂၉၀၀ နဲ့ ရောင်းပေးတယ် ပေါ့လေ။ ဒါပေမယ့် ဘဏ်တွေကျတော့ အဲဒီဈေးနဲ့ တရားဝင် ရောင်းပေးရမှာပေါ့လေ။ ၂၉၀၀ နဲ့ ရောင်းပေးရင် ၂၉၀၂ ကျပ်နဲ့ ၂ ကျပ်လောက်ပဲ စားပြီး ရောင်းပေးသင့်တာပေါ့။ အခုက မဟုတ်ဘူး အပြင်ပေါက်ဈေးနဲ့ ချိန်ညှိပြီး တော့ လက်သိပ်ထိုး ရောင်းတယ်ဆိုတဲ့ သဘောမျိုး ဆိုလိုတယ်လို့ ကျနော်ကတော့ နားလည်တယ် သူ့ ဗွီဒီယို လည်း ကြည့်တော့လေ။ အဲဒါမျိုးက လက်ရှိအပြင်မှာလည်း ဖြစ်နေတယ်။ တကယ်လည်း သွားဝယ်လို့ မရဘူး။ ဥပမာ ဗဟိုဘဏ် ပေါက်ဈေးက ၂၉၀၀ နဲ့ ရောင်းတယ်ပေါ့လေ။ ကျနော်တို့က ဘဏ်မှာ သွားဝယ်ရင် မရဘူး။ ဘယ်လိုတောင် တွေ့လဲဆိုရင် မြန်မာနိုင်ငံကပိုင်တဲ့ လေကြောင်းလိုင်းလေ MAI တို့တောင်မှ အားလုံးက ဒေါ်လာ ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်ရမယ် ဖြစ်နေတဲ့အခါကျတော့ သူတို့ ဒီရောင်းဝယ်ဈေးနဲ့ပဲ လုပ်တယ် ၂၉၀၀ ပေါ့ ဗဟိုဘဏ်ပေါက်ဈေး။ ဒါပေမယ့် ဘေးနားမှာ Service charge ဆိုပြီးတော့မှ ၇၅၀ တို့ ထပ်ပေါင်းတာမျိုး ရှိတယ်။ ဒါကတော့ လေကြောင်းလိုင်းပေါ့လေ”ဟု ပြောသည်။

 ပြည်တွင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းခွင်တစ်ခု

လက်ရှိတွင် ဘဏ်များသည် ကြားခံလူ သုံး၍ အရောင်းအဝယ် လုပ်နေကြောင်း Via logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က ပြောသည်။

၎င်းက “ ဘဏ်တွေမှာကျတော့ အချင်းချင်း account to account transfer တွေ ရှိတာပေါ့။ ဘဏ်တွေမှာ ကျနော်တို့ သွားဝယ်မယ်ဆိုရင် ၂၉၀၀ နဲ့ မရှိတော့ဘူး ကုန်သွားပြီ။ ဒါပေမယ့် သူတို့အချင်းချင်းမှာ ပြန်ဝယ်ရ တယ်။ အဲဒီတော့ ဘယ်လိုလဲဆိုတော့ ဘဏ်ကနေပြီးတော့ လူတစ်ယောက်ကို ထားလိုက်တာပေါ့။ သူတို့ကနေ ရောင်းပေးလိုက်တာပေါ့ သူ့အကောင့်ကနေ။ အဲဒီလိုမျိုးသဘောနဲ့ ရောင်းပေးတာ ရှိတယ်။ ဘဏ်ကတော့ တိုက် ရိုက် မဟုတ်တော့ဘူးပေါ့။ ကြားခံတစ်ယောက်ခံပြီးတော့ account transfer နဲ့ ရောင်းပေးတဲ့ သဘောမျိုးတွေ လုပ်တော့ ပိုပြီးတော့ ရောင်းတာမျိုး ဖြစ်နေတာပေါ့။ ဘဏ်ကတော့ မရောင်းဘူး ဒါပေမယ့် ဘဏ်နဲ့ ပတ်သက်တဲ့ သူတစ်ယောက်က ကိုင်ထားပေးပြီးတော့ သူကတဆင့် အရောင်းအဝယ် လုပ်တာမျိုး။ ကျမဆီမှာတော့ မရှိဘူး သူ့ဆီမှာတော့ ရှိတယ်။ ဝယ်ချင်ရင် သွားဝယ် အဲဒီဈေးနဲ့ပေါ့ အဲဒီလိုမျိုး” ဟု ပြောသည်။

ထို့နောက် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များက ငွေကြေးဈေးကွက်ကို ကစားနေမှုများ ရှိသကဲ့သို့ ကုန်သည်များ ကလည်း ဒေါ်လာဈေးနှုန်းများကို ကစားနေမှုများ ရှိနေကြောင်း၊ ဘဏ်တစ်ခုတည်း မဟုတ်ဘဲ ကုန်သည်များ ကိုလည်း ထိန်းချုပ်ရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“ပုဂ္ဂလိကဘဏ်တွေလည်း သူတို့လည်း ကစားတာပေါ့နော်။ ကစားတဲ့အထဲမှာ ပါတယ်။ ဒါပေမယ့် သူတို့ဖော် ထုတ်လို့ မကောင်းလို့ မဖော်ထုတ်တာပေါ့နော် ကစားတဲ့အထဲမှာတော့ ပါတယ်။ သူတို့ပြောတဲ့အတိုင်းဆိုရင် ၂၉၀၂ ကျပ်နဲ့ ပြန်ရောင်းပေးတာတောင်မှ ကုန်သည်တွေက အပြင်မှာ ၃၅၀၀ နဲ့ ပြန်ရောင်းပြီးတော့ အလုပ်လုပ်တာ ပေါ့နော်။ အဲဒါတွေကျတော့ ပြည်သူပြည်သား ဒုက္ခရောက်စေတာပေါ့နော်။ မနေ့ကပြောတဲ့ သတင်းစာရှင်းလင်းပွဲ အရ ဆရာတို့ သိရတာပေါ့နော်။ ဘဏ်တစ်ခုတည်းနဲ့တော့ မရဘူး။ အပြင်မှာ ကုန်သည်တွေပါ ထိန်းမှရမှာ။ ကုန်သည်တွေက သွင်းကုန်ထုတ်ကုန်မှာ သူတို့ ၂၉၂၂ ကျပ်နဲ့ လုပ်လို့ရတဲ့ကြားထဲကို ၃၅၀၀ နဲ့ တွက်ပြီး ရောင်းဝယ်နေတာက အဲဒီတစ်ချက်ကို သူတို့ ထိန်းပေးရမှာပေါ့နော်။ အဲဒီဟာကိုတော့ မကိုင်တွယ်နိုင်ရင်တော့ ဒေါ်လာဈေးက ကျမှာ မဟုတ်ဘူးလေ။ အဲဒါကိုတော့ ထိန်းသိမ်းကာကွယ်ရမှာပေါ့။ ရွှေဈေးလည်း တူတူပဲ။ တစ်အောင်စကို ၂၉ သိန်းလောက်ပဲ ဖြစ်သင့်တာပေါ့နော်။ ဒါပေမယ့် အပြင်မှာ ၃၇ သိန်းလောက် ဖြစ်နေတယ် လောလောဆယ်မှာ။ ဒါကြောင့်မို့လို့ ဒီဟာကိုတော့ ကာကွယ်ထိန်းချုပ်သင့်တယ်လို့ ဆရာတို့ မြင်ပါတယ်ဗျ” ဟု ပြောသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဒေါ်လာဈေးနှုန်းသည် ၂၁၀၀ ကျပ်ဖြစ်နေပေမယ့်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၃၈၇၅ ကျပ်အထိ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရှိ ရွှေအပါအဝင် စက်သုံးဆီ၊ စားသုံးဆီ စသည့် ကုန်ဈေးနှုန်းများသည် နေ့စဉ်နှင့်အမျှ မြင့်တက်လျက် ရှိနေသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်ယွမ်ငွေကိုတွေ့ရစဉ်

တရုတ်၏ယွမ်ငွေတန်ဖိုး ကျဆင်း၍ ဟောင်ကောင်ဘဏ်များ အလုပ်ဖြစ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 954

CNI International News

ဘေဂျင်း၊ သြဂုတ် ၂၁

ယခုနှစ်အတွင်း တရုတ်၏ ယွမ်ငွေတန်ဖိုးသည် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ပိုင်း အနိမ့်ဆုံးအဆင့်နီးပါး အထိ ကျဆင်းခဲ့သဖြင့် တရုတ်ပြည်မကြီးတွင် နေထိုင်သည့် နိုင်ငံသားများသည် အတိုးနှုန်းများမြင့်သည့် ဟောင်ကောင်ဘဏ်များ၌ ဘဏ်အကောင့်များဖွင့်ခြင်း၊ အာမခံစာချုပ်များနှင့် အမေရိကန်ဒေါ်လာများကို ဝယ်ယူခြင်းတို့ ပြုလုပ်လာခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဘေဂျင်းတွင် နေထိုင်သည့် ရှီ(Shi) အမည်ရှိ အမျိုးသားသည် ဟောင်ကောင်၏ ရှင်ရှားဆူး (Tsim Sha Tsui) ရပ်ကွက်ရှိ Bank of China (ဟောင်ကောင်ဘဏ်ခွဲ) သို့ သြဂုတ် ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲကတည်းက ရောက်ရှိခဲ့ပြီး ဘဏ်အကောင့်ဖွင့်ရန် တန်းစီစောင့်ဆိုင်းခဲ့သည်။

ဘဏ်အကောင့်ဖွင့်ရန် အွန်လိုင်းမှ ဘိုကင်(ဘွတ်ကင်)တင်ရာတွင်လည်း ဘိုကင်အားလုံး ပြည့်နေ၍  လူကိုယ်တိုင် လာရောက် တန်းစီးခဲ့ခြင်း ဖြစ်သည်ဟု ရှီက ပြောသည်။

ဘဏ်ဖွင့်ချိန် ၉ နာရီခန့်တွင် ဘဏ်အပြင်ဘက်၌ ဘဏ်အကောင့်ဖွင့်ရန် တန်းစီစောင့်ဆိုင်းနေသူ ၃၀ ကျော်အထိ ရှိခဲ့သည်။

ဟောင်ကောင်ရှိ ဘဏ်တစ်ခုမှာ လူများ တန်းစီးစောင့်နေကြစဉ်

"ကျနော့် ကလေးတွေအတွက် ဟောင်ကောင်မှာ အာမခံစာချုပ်တွေ ဝယ်ဖို့ စီစဉ်ထားပါတယ်။ အမေရိကန် ဒေါ်လာနဲ့ ဟောင်ကောင်ဒေါ်လာ အနည်းငယ်ကိုလည်း ဝယ်ယူမှာပါ။ ဘာလို့လဲဆိုတော့ ယွမ်ငွေတန်ဖိုးက ကျဆင်းနေတာကြောင့်ဖြစ်ပြီး ဟောင်ကောင်မှာက အတိုးနှုန်း မြင့်မားနေလို့ ဖြစ်ပါတယ်"ဟု ရှီက ပြောသည်။

အဆိုပါ ဘဏ်ရှေ့မှာပင် ပြည်မကြီး၏ ကျန်စု (Jiangsu) ပြည်နယ်၊ စူကျိုး (Suzhou) မြို့တွင် နေထိုင်သည့် နောက်ထပ် တရုတ်နိုင်ငံသားတစ်ဦးဖြစ်သည့် ချန်း (Chen) ကလည်း အာမခံစာချုပ်တစ်ခု ဝယ်ယူရန် စီစဉ် ထားကြောင်း ပြောသည်။

"ရင်းနှီးမြှုပ်နှံမှုတွေကို နေရာခွဲပြီး လုပ်ချင်ပါတယ်။ တစ်နေရာထဲမှာပဲ ပုံအောပြီး ရင်းနှီးမြှုပ်နှံလို့ မဖြစ်ပါဘူး။ အဲဒါကြောင့် ကျနော် ဟောင်ကောင်ကို ရောက်လာတာပါ"ဟု ချန်းက ပြောသည်။ 

တရုတ်၏ စီးပွားရေး အခြေအနေသည် ဇွန်လနှင့် ဇူလိုင်လအတွင်း ဆိုးရွားခဲ့ပြီး ကုန်သွယ်ရေးနှင့် ချေးငွေကဏ္ဍ များ ကျဆင်းခဲ့သည်။ ထို့နောက် ငွေကြေးဖောင်းပွမှု အခြေအနေလည်း ဆိုးရွားလာသည်။ 

အမေရိကန် ဒေါ်လာကိုတွေ့ရစဉ်

ထို့ပြင် ပြည်တွင်းစီးပွားရေး အခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူများက စိတ်ပျက်နေပြီး လူထု၏ ယုံကြည်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ယခုနှစ်အတွင်း ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ပြီးခဲ့သည့် ၁၂ လအတွင်း ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများကလည်း ယခုလအတွင်း တရုတ်ပြည်တွင်း စတော့ဈေးကွက်မှ အမေရိကန် ဒေါ်လာ ၇ ဘီလျံကို ထုတ်ယူသွားခဲ့သည်ဟု Goldman Sachs ရင်းနှီးမြှုပ်နှံရေးဘဏ်က ပြောသည်။ 

ထို့ပြင် တရုတ်၏ ယွမ်ငွေကြေးတန်ဖိုးသည် ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိနေပြီး ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် ၆ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု Wall Street ဘဏ်က ခန့်မှန်းခဲ့သည်။

Source: SCMP

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၂၀၀၀၀ တန်ထုတ်မှုကို အကြောင်းပြပြီး နိုင်ငံရေးအရ တိုက်ခိုက်နေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1042

CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

၂၀၀၀၀ တန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း စီးပွားရေး အရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အသစ်ထုတ်ပြန်လိုက်သည့် ၂၀၀၀၀ တန် ငွေစက္ကူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ ထုတ် လုပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက် မရှိသကဲ့သို့ နိုင်ငံအတွင်း လည်ပတ် သုံးစွဲ ငွေများ မျှတစွာဖြင့် ရှိနေကြောင်း၊ အဆိုပါ နှစ်သန်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်း သာ ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိ နေပြီဖြစ်ပြီး ဘဏ်များ၌ ငွေကြေးအပ်နှံမှုများ များစွာရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

၂၀၀၀၀ တန် ဒီဇိုင်းကို တွေ့ရစဉ်

၎င်းက “ ယခု နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည် မဟုတ် ကြောင်း၊ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေး လုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေရန် ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်ကြောင်း။ မိမိတို့ စီးပွားရေးရာကော်မတီသည် နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေလို တယ်”ဟု ပြောသည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

စားသောက်ကုန်ရောင်းချနေသူကိုတွေ့ရစဉ်

ဘဏ်ရေးရာနှင့် စီးပွားရေးပညာရှင် ဦးဋ္ဌေးအောင်ကြည်က “ သာမန် အရပ်သားတွေက စဉ်းစားမှာပေါ့။ မြန်မာ ပြည်ရဲ့ လက်ရှိ အနေအထားမှာ ၂၀၀၀၀ တန် မလုပ်ခင်ကာလမှာ အကြီးဆုံး note က ၁၀၀၀၀ တန်ရှိတာကို အကြီးဆုံး note ရဲ့ နှစ်ဆဆိုတော့ သာမန်အရပ်သားတွေက စဉ်စားမှာပေါ့၊ အရွက်တွေကြီးလာလေ ဖောင်းပွ လေဆိုတဲ့ အဓိပ္ပာယ်ကိုပြတာပေါ့။ အဲ့တော့ အမှတ်သား အနေနဲ့ ထုတ်ချင်ရင်တောင်မှ ၁၀၀၀၀ တန်ပဲ ထုတ် လိုက်ရင်တော့ ပြည်သူတွေရဲ့ ဘာသာပြန်မှုက တစ်မျိုးဖြစ်သွားမှာပေါ့။ ၂၀၀၀၀ တန်ဖြစ်တဲ့ အခါကျတော့ သာမန် စီးပွားရေးပညာ နားလည်တဲ့လူဖြစ်စေ နားမလည်တဲ့လူဖြစ်စေ shock ဝင်သွားတာပေါ့။ အဲ့တော့ ဘာကို ဖြစ်စေ လဲဆိုရင် လူတွေက ဈေးတွေ တက်လာတော့မယ် ဆိုလို့ရှိရင် ထင်လို့၊ မြင်လို့၊ စဉ်းစားလို့၊ ခံယူလို့ ပစ္စည်းတွေ ဝယ်ကြ တာပေါ့။ ဈေးတက်မယ်ထင်လို့ ဈေးတက်မယ် ယုံလာလို့။ မြန်မာပြည်ရဲ့ ယေဘုယျ သဘောတရားက စီးပွားရေး knowledge က အများစုက အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ယှဉ်ရင်တောင်မှ စီးပွားရေး knowledge က အတော် လေး လိုတာကို”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ၂၀၀၀၀ တန် ငွေစက္ကူကို ဇူလိုင် ၃၁ ရက်နေ့၌ ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း မှာ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စသဖြင့် ဈေးနှုန်းများ အဆမတန် မြင့် တက်သွားခဲ့သည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ့ ကြက်သွန်နီ

ပြည်ပဝယ်လက်က ဈေးချဝယ်၍ ကြက်သွန်နီဈေး အနည်းငယ်ကျ

By CNI
CNI
Category: စီးပွားရေး
Hits: 771

CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃

ပြည်ပဝယ်ယူမှု များသည့်အချိန် ပြီးခဲ့သည့် မေလနှင့် ဇွန်လများတွင် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းသည် တစ်ပိဿာ ၂၃၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း လက်ရှိမှာတော့ တစ်ပိဿာ ၁၅၀၀ မှ ၁၈၀၀ အထိသာ ရှိတော့ကြောင်း ပခုက္ကူနှင့် မြင်းခြံကြက်သွန်ကုန်စည်ဒိုင်ဈေးကွက်များမှ သိရသည်။

ပြည်ပတင်ပို့မည့် ကုန်သည်များသည် ပုံမှန်ဝယ်ယူနေသည့် ဈေးနှုန်းထက် တစ်ပိဿာ ၁၀၀ ကျပ်ခန့် ဈေးလျှော့၍ ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် နယ်မြေတည်ငြိမ်မှု အခြေအနေကို စိုးရိမ်သည့်အတွက် မုံရွာမှ ကြက်သွန်တောင်သူများက လှောင်ထား သည့် ကြက်သွန်များကို လာရောက်ရောင်းချသည့်အတွက် ကြက်သွန်ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း မြင်းခြံ မြို့နယ်မှ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်မြင့်က “၁၀၀၊ ၁၂၀ လောက် ကျသွားတယ်ဗျ။ ဘယ်လိုကြောင့်လဲဆိုတော့ သူတို့လမ်းကြောင်းတွေက မကောင်းလို့လား၊ ဒါမှမဟုတ် ဟိုဘက်က ဈေးကွက်ပဲ သူတို့ အကိုက်နည်းလို့လား မသိဘူး။ ပြည်ပဝယ်လက်က လည်း ဈေးနည်းနည်း ချဝယ်တယ်လေ။ ပြည်ပဝယ်လက်က အခုလည်း ဝယ်ပါတယ်။ မဝယ်တာ မဟုတ်ဘူး။ သူတို့ ဈေးချဝယ်တော့ ချပေးရတာပေါ့။ သူတို့ပေးဝယ်တာက ပုံမှန်ဝယ်နေကျဈေးက ၂၁၀၀၊ ၂၀၅၀ ပေါ့။ အဲဒါကို အခု ၁၉ ခွဲ၊ ၂၀၀၀ ပြန်စစ်နေတာပေါ့။ အဓိက မုံရွာတောင်သူတွေ တအားရောင်းနေတာလည်း ပါတာပေါ့။ မုံရွာက ခါတိုင်း ဒီအချိန်ဆို မရောင်းဘူး။ အခုဟာက သူတို့ နယ်မြေအခြေအနေအရ မဖြစ်တော့ ရောင်းကြတာပေါ့” ဟု ပြောသည်။

ကုန်စည်ဒိုင်သို့ ရောက်ရှိလာသည့် ကြက်သွန်အိတ်များ

ကြက်သွန်ကုန်စည်ဒိုင်များတွင် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း ရပ်ကွက်အတွင်း ရောင်းချနေသည့် လက်လီဈေးကွက်တွင် ကျဆင်းမှု မရှိကြောင်း၊ ထိုသို့ ကျဆင်းမှုမရှိခြင်းသည် ရောင်းချသူများက ဈေးတက်ချိန်တွင် ဝယ်ယူထားသည့် ကြက်သွန်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ရန်ကုန်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ကြက်သွန်နီဈေးသည် ယခင်က တစ်ပိဿာလျှင် ၂၀၀၀ ကျပ်အထက် ရှိခဲ့ သော်လည်း လက်ရှိတွင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

သို့သော်လည်း ဇူလိုင်လမှ စတင်၍ အောက်တိုဘာလအထိသည် ပြည်ပဝယ်ယူမှု များပြားသည့်အချိန် ဖြစ်သည့် အတွက် ကြက်သွန်ဈေးနှုန်းသည် ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ထို့နောက် ယခုနှစ်တွင် ကုန်သည်များ အနေဖြင့် ကြက်သွန်သိုလှောင်ထားမှု နည်းပါးနေပြီး တောင်သူများထံတွင်သာ ကြက်သွန်များ ရှိနေခြင်းကြောင့် တောင်သူများက ထိန်း၍ ရောင်းချမည်ဆိုပါက အကျိုးရှိနိုင်သည်ဟု ကြက်သွန်ကုန်သည်တစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

“ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ၇၊ ၈၊ ၉ တွေက ဈေးကွက် မြူးတဲ့လတွေပေါ့။ ဈေးကွက် တက်မယ့်လ တွေ ပေါ့။ မနှစ်ကလည်း ၈ လ၊ ၉ လ၊ ၁၀ လတွေမှာ ဈေးက တက်သွားတာပဲလေ။ အဲဒီလတွေမှာ မနှစ်က ဗီယက်နမ် ကလည်း လိုက်ဝယ်တာပဲ။ ဗီယက်နမ်ကလည်း ၂၀၀၀ ကျော်တွေ၊ ၃၀၀၀ ကျော်တောင် လိုက်ဝယ်သွားတာလေ။ အဲဒီလိုမျိုးဆိုတော့ ဒီလတွေက ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ဈေးကောင်းမယ့် လတွေပေါ့။ ဒါပေမယ့် Export နဲ့ ဆက်နွယ်နေတာဆိုတော့ Export ထွက်တဲ့လမ်းကြောင်းတွေ၊ နောက်တခါ ငွေကြေးဈေးကွက်တွေ အဲဒါတွေအပေါ်မှာလည်း အများကြီး မူတည်တာပေါ့။ ဒီနှစ်က အရင်းတွေ တအားကြီးသွားတယ်။ မြို့ပေါ် ကုန်သည်တွေက ဂိုဒေါင်တွေက လှောင်တော့မယ့်အချိန်မှာ ကြက်သွန်ဈေးက ၁၅၀၀၊ ၁၆၀၀၊ ၁၇၀၀၊ ၁၈၀၀၊ ၂၀၀၀ ဆိုပြီး ဖြစ်သွားတယ်။ ဖြစ်သွားတော့ မြို့ပေါ်ဂိုဒေါင်တွေမှာ ကြက်သွန်မရှိကြဘူး။ မရှိကြတော့ ဒီနှစ်က တောင်သူတွေ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောင်းတတ်မယ်၊ လိမ်မာပါးနပ်စွာ ရောင်းတတ်မယ်ဆိုရင် တောင်သူဈေး ရမှာပါ” ဟု ပြောသည်။

ကြက်သွန်လက်ကျန်များသည် လက်ရှိတွင် မြစ်သားနှင့် တောင်တွင်းကြက်သွန်များ ကုန်သလောက် ဖြစ်နေပြီး မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ စသည့် ကြက်သွန်များသာ ကျန်ရှိတော့ကြောင်း၊ ထို့နောက် ကြက်သွန်ကုန်သည်များထံတွင် ကြက်သွန်သည် ၃ ပုံ ၁ ပုံခန့်သာ ရှိပြီး ကျန်ရှိသည့် ၂ ပုံသည် တောင်သူများလက်ထဲတွင် ရှိသည်ဟု ကုန်သည်များ ထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ MICB-MFTB ဘဏ် ၂ ခုကိုတွေ့ရစဉ်

ဘဏ်နှစ်ခု ပိတ်ဆို့မှု ဘယ်သူတွေကို ထိခိုက်သလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 735

CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁

နိုင်ငံတော်ပိုင် ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန် ပိတ်ဆို့အရေးယူမှုသည် နစကကို ထိခိုက်စေသလား သို့မဟုတ် မည်သည့် လူတန်းစားအလွှာများကို ထိခိုက်စေသလဲ စီးပွားရေးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေးနွေးလျက် ရှိနေသည်။

အဆိုပါ ပိတ်ဆို့မှုကြောင့် ပြည်သူလူထုများအပေါ် များစွာ ရိုက်ခတ်မှုရှိကြောင်း၊ မြန်မာ့တပ်မတော်သည် Institution ကို ခိုင်မာစွာ တည်ဆောက်ထားခြင်းကြောင့် ၎င်းတို့အပေါ် သက်ရောက်မှု များစွာမရှိကြောင်း ရခိုင့်ဦး‌ဆောင်ပါတီ (AFP) ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)ကိုတွေ့ရစဉ်

ဒေါက်တာအေးမောင်က “လူထုပိုထိခိုက်တာပေါ့၊ နစက-ကတော့ နယကလိုပဲ သွားမှာပဲလေ၊ နဝတ၊ နယကလိုပဲ သွားမှာပဲ၊ ခင်းဗျားတို့ သတိထားမိလားမသိဘူး။ ဦးသန်းရွှေတို့ စတက်ကတည်းကလေ ဆိုပါတော့ ဦးနေဝင်း ခေတ်နဲ့ ဦးသန်းရွှေခေတ်က မတူဘူးဗျ၊ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာနဲ့ အဲဒီကာလ တက်ကြွတဲ့ ဘက်မလိုက်ဝါဒဆိုတာနဲ့ ဦး‌ဆောင်ကြတာကိုး၊ ဒီဖက်ခေတ်ရောက်တဲ့ အခါမှ သိတဲ့အတိုင်းပဲ ပြည်တွင်းစစ်က လည်း အကြောင်းကြောင်းတွေကြောင့် ရှည်ကြတာပေါ့ဗျာ၊ ဖန်တီးထားတာလား ပြီးပြတ်အောင် မလုပ်နိုင်တာ လား။ ဒါကတော့ သူတို့ အချင်းချင်းပဲ သိကြလိမ့်မယ်၊ အဲဒီလိုနဲ့ မြန်မာ့တပ်မတော်ရဲ့ အင်္ဂါရုပ်၊ အင်္ဂါရပ်တွေကို ပြန်ကြည့်ရင် သူ့မှာ လိုအပ်တဲ့ဟာ အကုန်လုံးကို ပြန်တည်ဆောက်တယ်ဗျ၊ တနည်းအားဖြင့် Institution အကြီး ကြီး ဖြစ်အောင် သူတို့ တည်ဆောက်လာတယ်၊ နဝတ အလွန်ပေါ့ဗျာ၊ နယက ခေတ်ကနေစပြီး ပြည်တွင်းမှာ ပညာရေးနယ်ပယ်မှာ ပြန်ကြည့်လေ ဟိုတုန်းကဆိုရင် RIT တို့ ဘာတို့ဘက်က တချို့တပ်မတော်ထဲကို သွင်းရတာ ကိုး ‌ဆေးတက္ကသိုလ်က သွင်းရတာရှိတယ်၊ အဲဒါမျိုးတွေကို OTS ခေါ်တာပေါ့၊ ဟိုဖက်က စစ်တက္ကသိုလ်က DSA ပေးတာကိုး၊ အဲဒီအစား တပ်မတော်ထဲမှာ နည်းပညာတက္ကသိုလ်တို့၊ ဆေးတက္ကသိုလ်တို့ လိုအပ်တဲ့ ဥစ္စာအကုန်လုံး ကို ပြန်တည်ဆောက်တယ်၊ ဒါတပ်တွင်း တည်ဆောက်ရေးနဲ့ ပတ်သက်လို့ တဖြည်းဖြည်း တည်‌ဆောက်လာတာ ပါ။ ထူးချွန်တဲ့ ကျောင်းသားတွေကို နိုင်ငံခြားပို့တယ်ပေါ့ဗျာ၊ အထူးသဖြင့် ရုရှားတို့၊ တရုတ်တို့ အဲဒီလိုနဲ့ သူ့ရဲ့ Institution ကို သူတည်ဆောက်တယ်လေ၊ အဲဒီလိုပဲ။ ခင်ဗျား ဦးပိုင်တို့ ဟိုတုန်းကဆိုရင် ရွှေအုန်းပင်တို့၊ ဘာတို့ နပခဖက်မှာဆိုရင် ဗိုလ်ချုပ်ဝင်းမြင့်တို့ အဲဒီကာလတုန်းက ကြိုးစားခဲ့ကြတာပဲလေ” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

တပ်မတော်အနေဖြင့် ယခင်ကတည်းက စတင်ကာ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်နှင့် အခြားသော လုပ်ငန်းများကို ဖန်းတီးခဲ့ကြောင်း ၎င်းက ပြောသည်။

အမေရိကန်အစိုးရသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကို အရေးယူပိတ်ဆို့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်တွင်းငွေကြေး ဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အထိ မြင့်တက်သွားခဲ့သည်။

အမေရိကန်၏ ပိတ်ဆို့မှုသည် ဘဏ်နှစ်ခု သာမက တစ်နိုင်ငံလုံး စုပြုံခံရသည့် သဘောဖြစ်နေကြောင်း မြန်မာ့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသီဟပိုင်က “ကျနော်တို့က ဘက်ကို မျှမြင်ရမှာပေါ့နော်၊ နိုင်ငံတော်မှာကြတော့ ဘဏ်တွေဆိုတာက ကျနော် ပြောတာ ပိတ်ချင်ပိတ်နေတာပဲလေ အခုမဟုတ်ရင် ပိတ်ချင်ပိတ်ပေါ့၊ ကျ‌နော်ပြောတာ နာမည်‌တော့ ထုတ်မပြော တော့ပါဘူး။ ဟုတ်တယ်မလား အဖွဲ့အစည်းတွေရှိတာပဲ။ အဲဒါက သူတို့အကောင့်ကိုပိတ်လေ ဥပမာ ငွေမလွှဲခိုင်း လည်းရတယ်၊ ဒီဟာတွေကြ‌တော့ ဘယ်လိုထိန်းမလဲ မြန်မာပြည်က အဲဒါဆိုရင် ငွေမဝင်ခိုင်းတော့ဘူးလား။ ငွေ မဝင်ရတော့ဘူးဆိုရင် ကျနော်တို့က တနိုင်ငံလုံးခံရမယ့် ဟာတွေဖြစ်သွားတာလေ၊ သိလား ကောင်းသူရော၊ ဆိုးသူ ရော အကုန်လာထား သွား။ ဒါပေမဲ့ အမေရိကန်က ပိတ်တာပေါ့လေ၊ ထွက်ပေါက်တွေက မရှိဘူး မဟုတ်လားဆို တော့ ရှိတယ်၊ ကျနော်တို့လည်း အခုလက်ရှိ အမေရိကန်ဒေါ်လာနဲ့ပဲ သုံးနေရတာပဲလေ နိုင်ငံခြားငွေ စီးဆင်းမှုဆို တာဆိုတော့ ပြောရမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတစ်လွဲ မဆိုင်တဲ့သူတွေပါ အကုန်ပေါ့၊ စုပြုံခံရတဲ့ သဘော တော့ ဖြစ်သွားတယ်” ဟု ပြောသည်။

နိုင်ငံပိုင် MFTB နှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့လိုက်ခြင်းကြောင့် မြန်မာ့တပ်မတော်၏ လက်နက်ဝယ်ယူမှု  လမ်းကြောင်းများလည်း ထိခိုက်မှုများ ရှိနိုင်ကြောင်း တချို့က သုံးသပ်နေကြသည်။ 

သို့သော်လည်း အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည် ယခင်ကတည်းက နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှု များကို ခံခဲ့ရကြောင်း၊ ထို့ကြောင့် ၎င်းတို့တွင် ထွက်ပေါက်များ ရှိနေမည်ဖြစ်ကြောင်း  နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများလည်း ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပုံ - နစက၊ ရွေးကောက်ပွဲ၊ လူတန်းစားအလွှာတို့ကို တွေ့ရစဉ်

ရွေးကောက်ပွဲ မကျင်းပဖြစ်ပါက နိုင်ငံ့စီးပွားရေး ဘယ်လိုဖြစ်နိုင်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1028

CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅

အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစက-က ပြောဆိုထားသော်လည်း ယခု ၂၀၂၃ ခုနှစ်အတွင်း ကျင်းပနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်နေကြခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက မြန်မာ့စီးပွားရေးအပေါ် ထိခိုက်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ထိုသို့ ယခုနှစ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ပါက တိုင်းပြည်၏ စီးပွားရေးအပေါ် သက်ရောက်မှု အနေဖြင့် တချို့သော ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားနိုင်ကြောင်း၊ ထို့နောက် နိုင်ငံ၏ ခရီးသွားကဏ္ဍနှင့် ကုန်သွယ် ရေး လုပ်ငန်းများတွင် အခက်အခဲ ရှိလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ မဲထည့်နေကြစဉ်

၎င်းက “ပြောရတော့ ခက်ပါတယ်။ ရှေးအလားအလာ မကောင်းရင်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက ပြန်ထွက် သွားနိုင်တဲ့ဟာတွေလည်း ထွက်သွားနိုင်တယ်ပေါ့နော်။ ကောင်းအောင် ဒီက ဘယ်လိုပဲ ကြိုးစားကြိုးစား အသိ အမှတ် ပြုနိုင်အောင်လို့တော့ ဆရာတို့ မကြိုးစားနိုင်ရင်တော့ Tourism ကဏ္ဍမှာလည်း တိုးတက်နိုင်မယ် မမြင် ဘူး။ ကုန်သွယ်မှု ကဏ္ဍမှာလည်း အခက်အခဲတွေ အများကြီး ရှိနိုင်မယ်လို့ ယူဆပါတယ်။ သက်ရောက်မှုကတော့ ရှိနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ရွေးကောက်ခံ အစိုးရ ဖြစ်သွားမှ နိုင်ငံတကာ section တွေ ဖိအားတွေ လျော့ မယ်။ နိုင်ငံတကာက အသိအမှတ် ပြုနိုင်တဲ့ အစိုးရတစ်ရပ် ပေါ်လာနိုင်ရင်တော့ ဘာပဲပြောပြော စီးပွားရေးကဏ္ဍ ကအစ ဝင်ရောက်လာနိုင်တဲ့ ကဏ္ဍတွေ ရှိတယ်။ နိုင်ငံရေးအရလည်း ပြောင်းလဲနိုင်တဲ့ အနေအထားမှာရှိတော့ ပြောင်းလဲမှုက လိုအပ်တယ်လို့ ဆရာတို့ကတော့ ယူဆပါတယ်” ဟု ပြောသည်။

တိုင်းပြည်၏ စီးပွားရေးသည် ရွေးကောက်ပွဲ တစ်ခုတည်းအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း၊ ဒေသတည်ငြိမ်မှ သာ စီးပွားရေး ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဒေသ မတည်ငြိမ်ပါကလည်း စီးပွားရေး အလားအလာသည် ကောင်းမွန်လာမည် မဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပရုံဖြင့် တိုင်းပြည်စီးပွားရေး ပြောင်းလဲလာမည် မဟုတ် ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီအတိုင်းပဲ ဆက်ဖြစ်မှာပါပဲ။ နိုင်ငံရေး၊ စီးပွားရေးဆိုတာက ရွေးကောက်ပွဲက ရွေးကောက်ပွဲ ဖြစ်ရုံနဲ့ စီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာမယ်လို့ ကျနော်တော့ မထင်ဘူး။

 ရန်ကုန်က အောက်ခြေလူထုကိုတွေ့ရစဉ်

ရွေးကောက်ပွဲ က အားလုံးပါဝင်နိုင်တဲ့ အဓိက တိုက်ရိုက် ပြောချင်တာက NLD ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်၊ ရွေးကောက်ပွဲ လုပ်နိုင်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေက ကောင်းလာနိုင်တာပေါ့နော်။ ရွေးကောက် ပွဲ၊ ရိုးရိုးပုံမှန် ရွေးကောက်ပွဲ တစ်ခု ဖြစ်ရုံမျှနဲ့တော့ သိပ်ပြီးတော့ သက်ရောက်မှုက ရှိမှာ မဟုတ်ဘူး” ဟု ပြော သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင် ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ အနိုင်ရသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်အ တွင်းမှာ ပြောကြားခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲကို မည်သည့် အချိန်တွင် ကျင်းပမည်ဟု ထုတ်ဖော် ပြောကြားခြင်း မရှိတော့ကြောင်း၊ သို့သော် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သလို လူဦးရေစာရင်းကိုလည်း စုဆောင်းလျက်ရှိသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်တချို့တို့တွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ကို မျှော်လင့်မထားကြောင်း စီးပွားရေးနှင့် နိုင်ငံရေး လေ့လာသူများက ပြောသည်။

 

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ရေပန်းစားနေသူ ပီတာလင်ဂျာရိုရန်ရတ်နဲ့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဆာနန်အန်ဂူဘော်ကူး ကိုတွေ့ရစဉ်

အစိုးရသစ်ဖွဲ့စည်းရန် ကြန့်ကြာနေခြင်းက ထိုင်းစီးပွားရေးကို ထိခိုက်

By CNI
CNI
Category: စီးပွားရေး
Hits: 991

CNI International News

ဘန်ကောက်၊ ဇွန်လ ၁

နိုင်ငံတကာ အသိုင်းအဝိုင်း၏ အနီးကပ် စောင့်ကြည့်နေမှုကြောင့် အစိုးရသစ် ဖွဲ့စည်းရန်အတွက် ကြန့်ကြာမှု တိုင်းသည် တိုင်းပြည်ကို ထိလိုက်စေလိမ့်မည်ဟု ထိုင်းကုန်သည်ကြီးများအသင်း (TCC) ဥက္ကဋ္ဌဖြစ်သူ ဆာနန် အန်ဂူဘော်ကူး (Sanan Angubolkul) က မေလ ၃၁ ရက်တွင် ပြောကြောင်း Thai PBS World မှဖော်ပြခဲ့သည်။

မည်သူက ဦးဆောင်စေကာမူ အစိုးရအသစ် ဖွဲ့စည်းခြင်းကို မြန်မြန်ဆောင်ရွက်နိုင်လေ ပိုကောင်းလေဟု ဆာနန် က ပြောသည်။

TCC အဖွဲ့ဝင်များနှင့် Move Forward ပါတီ ခေါင်ဆောင်းအပြင် ဝန်ကြီးချုပ် ဖြစ်လာမည်ဟု တစ်ပြေးနေသူ ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) တို့ တွေ့ဆုံစဉ် ဆာနန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲသည် အပြုသဘောဆောင်မှု ရှိသည်ဟုလည်း ဆာနန်က ပြောသည်။

ထိုင်းနိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်

သို့သော် ဆာနန်က ၎င်းအနေဖြင့် အစိုးရသစ်၏ ကာလ တစ်ခုချင်းစီအလိုက် ဘတ်ဂျက် သတ်မှတ်မည့် အစီအစဉ် အပေါ် စိုးရိမ်မိကြောင်း၊ ထိုင်းနိုင်ငံတွင် ယင်းစနစ်ကို ကျင့်သုံးခဲ့ပြီး ဖြစ်သော်လည်း မှားယွင်းစွာ အကောင်အထည် ဖော်မိလျှင် အချိန်မှီ ပြန်မဖြည့်နိုင်သည့် ဘတ်ဂျက် လိုငွေပြမှုကို ဖြစ်စေလိမ့်မည်ဟု ပြောသည်။

ထိုသို့ဖြစ်လျှင် ယင်းက တိုင်းပြည်၏ စီးပွားရေးအပြင် စီးပွားရေးကို တိုးတက်စေသည့် အရာများကိုပါ ထိခိုက် စေလိမ့်မည်ဟုလည်း ဆာနန်က ပြောသည်။

ဆာနန်၏ ပြောဆိုမှုများနှင့် ပတ်သက်၍ တုံ့ပြန်ရာတွင် ပီတာက အစိုးရအသစ် ဖွဲ့စည်းရေးနှင့် စတင် လုပ် ဆောင်ရေးသည် ရွေးကောက်ပွဲကော်မရှင်ပေါ်တွင်သာ မူတည်သည်ဟု ဆိုသည်။

MFP ဦးဆောင်သည့် အစိုးရအဖွဲ့သည် စတင် တာဝန်ယူရန် အဆင်သင့် ဖြစ်နေသည်ထက်ပိုကြောင်း၊ ဒီဇယ်ဈေး ကို ငါးဘတ်ထိ တိုးမြှင့်ခြင်း အပါအဝင် ထိုင်းပြည်သူများအတွက် ဖြေရှင်းပေးရမည့် အကြောင်းကိစ္စများစွာ ရှိနေ ကြောင်း ပီတာက ပြောသည်။

ဒီဇယ်ဈေး တိုးမြှင့်မှုကိစ္စကို ယခင်အစိုးရက ချောင်ထိုးထားသည့်အတွက် ယင်းသည် ဇူလိုင် ၂၁ ရက်တွင် စတင် အသက် ဝင်လာမည်ဖြစ်ကာ လက်ရှိ အခွန်လျှော့ပေါ့မှုကို ဆက်လက် ကျင့်သုံးသွားမည်လား အစိုးရသစ်၏ အဆုံး အဖြတ်ကို စောင့်ဆိုင်းနေသည်။

ပီတာလင်ဂျာရိုရန်ရတ်နဲ့ ထိုင်းကုန်သည်ကြီးများအသင်း တွေ့ဆုံစဉ်

ပြည်သူများ၏ ခံစားနေရမှုများကို ရှေ့မဆက် စေလိုကြောင်း ပီတာက ပြောသည်။

အစိုးရသစ်အား ဇူလိုင် ၂၁ ရက်မတိုင်ခင် မဖွဲ့စည်းနိုင်လျှင် ဒီဇယ်ဈေးသည် ၃၇ ဘတ်အထိ မြင့်တက်လာနိုင် သည်ဟု ၎င်းက ပြောသည်။

ထို့ကြောင့် အစိုးရသစ် အာဏာလွှဲပြောင်း ရယူပြီးချိန်မှသာ ထိုကိစ္စကို ကိုင်တွယ် ဖြေရှင်းပေးနိုင်မည်ဟု ပီတာက ပြောသည်။

TCC နှင့် တွေ့ဆုံစဉ် အစိုးရသစ် ဖွဲ့စည်းခြင်းမှ တိုးတက်ပြောင်းလဲမှုများနှင့် သက်ဆိုင်ရာ အကြောင်းကိစ္စများကို ပြောဆို ဆွေးနွေးခဲ့သည်ဟုလည်း ပီတာက ပြောသည်။

Source: Thai PBS

 

 

 

 

Share
Tweet
Share
Share
powered by social2s
မိုဒီကို တွေ့ရစဉ်

သြစတြေးလျနှင့် ကုန်သွယ်ရေး နှစ်ဆတိုးမြှင့်မည်ဟု မိုဒီပြော

By CNI
CNI
Category: စီးပွားရေး
Hits: 1069

CNI International News

ဆစ်ဒနီ၊ မေလ ၂၄

လာမည့် ငါးနှစ်အတွင်း အိန္ဒိယ-သြစတြေးလျ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကို နှစ်ဆမြှင့်တင်ရန် ရည်မှန်းထား သည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi)က မေလ ၂၃ ရက်နေ့ သြစတြေးလျ ခရီးစဉ်တွင် ပြောကြားခဲ့သည်။

မိုဒီ၏ မေလ ၂၃ ရက်နေ့ ခရီးစဉ်သည် အိန္ဒိယခေါင်းဆောင်အဖြစ် ဒုတိယကြိမ်မြောက် သြစတြေးလျခရီးစဉ် လည်း ဖြစ်သည်။

သြစတြေးလျသို့ အလည်အပတ် ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi)အား ဆစ်ဒနီ အားကစားကွင်းတွင် လူပေါင်း ၂၀၀၀၀ ခန့်က ကြိုဆိုခဲ့ကြသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
မိုဒီအား ထောက်ခံသူများက သူ၏နာမည်ကို သံပြိုင်အော်ဟစ် ကြိုဆိုခဲ့ကြပြီး သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီ (Anthony Albanese) က Qudos Bank အားကစားကွင်းတွင်းမှ မိုဒီအား ကြိုဆိုပုံကို အမေရိကန်ရော့ခ်စတား ဘရုစ် စပင်စတင်း (Bruce Springsteen) အား ကြိုဆိုပုံနှင့် ခိုင်းနှိုင်း အရွှမ်းဖောက် ခဲ့သည်။

 မိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကို တွေ့ရစဉ်

ဝန်ကြီးချုပ်မိုဒီသည် ဆရာကြီးဖြစ်သည်ဟုလည်း သြစတြေးလျဝန်ကြီးချုပ်က ဗြိတိန်အဆိုတော်၏ နာမည်ပြောင် ကို အသုံးပြုကာ ပြောဆိုခဲ့သည်။

ကြိုဆိုသူများနှင့် တွေ့ဆုံရာတွင် မိုဒီက လာမည့် ငါးနှစ်အတွင်း အိန္ဒိယ-သြစတြေးလျ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကို နှစ်ဆမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ မဟာဗျူဟာမြောက် နည်းပညာများ၊ မှီခို၍ရသော ထောက်ပံ့ ရေး လုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးစသော ကဏ္ဍများတွင် နှစ်နိုင်ငံ အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများ မြင့်တက်လာသည်ဟု မိုဒီက ပြောသည်။

ယင်းသည် သံရေးတမံရေး နည်းလမ်းများကြောင့် မဟုတ်ဘဲ သြစတြေးလျတွင် နေထိုင်သည့် အိန္ဒိယသားများ ကြောင့် ဖြစ်သည်ဟုလည်း မိုဒီက ပြောသည်။

မိုဒီ၏ ခရီးစဉ်အတွင်း မိုဒီအား ကြိုဆိုပါသည် ဆိုသည့် စာတန်းကို ဆစ်ဒနီမြို့ ကောင်းကင်ယံတွင် ဖော်ကျူးခဲ့သည်။

မိုဒီနဲ့ ထောက်ခံသူများကိုတွေ့ရစဉ်

ယင်းက ဆစ်ဒနီမြို့၏ အသက် ၇၂ နှစ်အရွယ် မိုဒီအပေါ် ချစ်ခင်မြတ်နိုးမှုကိုလည်း ဖော်ပြနေသည်။

အိန္ဒိယမှ ရွှေ့ပြောင်း နေထိုင်သူများသည် သြစတြေးလျ လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော်လည်း ယင်းတို့သည် နိုင်ငံတွင်း၌ လူဦးရေ တိုးပွားမှုအများစု လူနည်းစုများ ဖြစ်သည်။

မိုဒီသည် အစီအစဉ်အတိုင်း သြစတြေးလျသို့ ရောက်ရှိလာသည့် Quad အဖွဲ့၏ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) တို့သည် သြစတြေးလျသို့ လာရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းသွားခဲ့သည်။

လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး အထောက်အကူ ဖြစ်စေရန် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပိုမိုနီးကပ်သော ဆက်ဆံရေးများ အပါအဝင် နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်တစ်ဆင့်သို့ မြှင့်တင် လိုသည်ဟု မိုဒီက ပြောသည်။

Source:AP

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှား နိုင်ငံသူ/သားများကိုတွေ့ရစဉ်

ကိုဗစ်ကူးစက်မှု ပိုမို မြင့်တက်လာ၍ အထူးဂရုစိုက်ကြရန် မလေးရောက်မြန်မာများ သတိပေး

By CNI
CNI
Category: ကျန်းမာရေး
Hits: 2848

CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀

မလေးရှားနိုင်ငံတွင် ဧပြီလ ၈ ရက်နေ့မှစတင်ကာ ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုများ ပိုမိုမြင့်တက်လာသဖြင့် မြန်မာနိုင်ငံသား အလုပ်သမားများ၊ ဒုက္ခသည်များ အထူးဂရုစိုက်ကြရန် မလေးရှားရောက် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ ဧပြီ ၈ ရက်နေ့အထိ ၁၄ ရက်တာ ကာလအတွင်း အတည်ပြုထားသော ကိုဗစ်ကူးစက်ခံရသူဦးရေသည် ၈၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ပြန်မြင့်တက် လာခဲ့သည့်အပြင် သေဆုံးမှုမှာလည်း ၂၅ ရာခိုင်နှုန်းတိုးလာကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့အပြင် နှာခေါင်းစည်းများကို ပြန်လည်တပ်ဆင်ကြရန် ကျန်းမာရေးအာဏာပိုင်များက လူထုအား တိုက်တွန်း ထားသည့်အတွက် မလေးရှားတွင် နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပြု ဂရုစိုက်ကြရန် မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ စက်ရုံတစ်ခုကိုတွေ့ရစဉ်

ဦးဘာဘူကြီးက “စက်ရုံတွေမှာဆိုရင်လည်း ကွက်ကြား ကွက်ကြား မြန်မာနိုင်ငံသားတွေထဲကလည်း ဖြစ်နေတာ ပဲ။ ဒီလို အနေအထားမျိုးမှာ အရင်လို mask တို့ဘာတို့ ပြန်သုံး၊ လက်တွေဘာတွေ အမြဲတမ်း ဆေးကြောပြီးတော့ social distance အရင်လို ပြန်ပြီးတော့ နေကြရင် ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ အခုက ဟိုအရင်ကလို နေ့စဉ်နဲ့အမျှ တစ်ရက် တစ်ရက် ဘယ်လောက် ကူးစက်တယ်ဆိုတာကို အတိအကျ တင်ထားတာတွေ မရှိတော့ ဘူး။ သို့ပေမယ့်လည်း ကူးစက်မှုက ပြန်မြင့်လာနေတဲ့ အနေအထားမျိုးမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ အကောင်း ဆုံးပေါ့နော်။ အခု အနေအထားမျိုးမှာတော့ မလေးရှားအစိုးရ အာဏာပိုင်တွေကလည်း နည်းနည်း ပူပန်မှုတော့ ရှိတာပေါ့။ ဘာလို့ဆို ဒီရက်ပိုင်း အတွင်းမှာပဲ သူတို့ရဲ့ ဟာရီရာယဟာဂျီ(အိဒ်နေ့) နှစ်ကူးကလည်း လာတော့မယ်။ အဲဒီအတွက်ကို သူများတွေ ကလည်း ရွာပြန်တာတို့ လူအများကြီး တွေ့ပြီးတော့ ဆုတောင်းပွဲတို့ ဘာညာ လုပ်တာ တို့ ရှိတာပေါ့နော်။ အဲဒီအတွက် ဒီဟာရီရာပြီးရင် ဒီကူးစက်မှုက များလာလို့ရှိရင်တော့ ဘာတွေဖြစ်မလဲ ဆိုတာ လည်း မသိသေးဘူး။ ဒါပေမယ့် ကျနော့်စိတ်ထင်တော့ ထိန်းထိန်းသိမ်းသိမ်းတော့ ရှိမယ်လို့တော့ ထင်တာပဲ။ lockdown တို့ ဘာတို့ အနေအထားမျိုးတော့ သူတို့လည်း အဖြစ်ခံတော့မှာ မဟုတ်ပါဘူး။ သူတို့လည်း အခုမှ စပြီး တော့ စီးပွားရေး ပြန်ဦးမော့ဖို့ ဦးတည်နေတဲ့ အနေအထားမျိုးမှာ ဒီလိုမျိုး ထိခိုက်ဖို့ အတွက်တော့ သူတို့လည်း အထိအခိုက်ခံမှာ မဟုတ်ဘူးလို့ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မလေးရှား ကျန်းမာရေး အာဏာပိုင်များက နှာခေါင်းစည်းများအား အများပြည်သူ သယ်ယူပို့ဆောင် ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများတွင် မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ကျန်နေရာများတွင် တပ်သင့်သည်ဟုသာ တိုက်တွန်းထားပြီး မဖြစ်မနေ တပ်ရမည်ဟု ပြောဆို ထားခြင်း မရှိပေ။

မလေးရှားနိုင်ငံ၏ ကိုဗစ်ကူးစက်မှုသည် ယခုထက် ပို၍ မြင့်တက်လာမည်ဆိုပါက လုပ်ငန်းခွင်များသို့ ထိခိုက် မှုများ ရှိလာနိုင်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာန သို့ ပြောသည်။

မလေးရှား နိုင်ငံသူ/သားများကိုတွေ့ရစဉ်

ဦးညီညီလွင်က “ကူးစက်နှုန်းက ဘယ်လောက်များလာမလဲ၊ သေတဲ့ရာခိုင်နှုန်းက ဘယ်လောက် များလာမလဲ ဆို တဲ့ အဲဒီအပေါ်မှာ မူတည်မှာပေါ့။ အထူးသဖြင့်ကတော့ အားလပ်ရက်ဆိုတဲ့ အခါကျတော့ အစိုးရရုံးကလည်း ၃၊ ၄ ရက်ပိတ်တယ်၊ ခရီးသွားလာမှုများတယ်၊ ကျနော်တို့ဆီမှာ သင်္ကြန်လိုမျိုးပေါ့ သူတို့ဆီမှာလည်း ဥပုသ်ထွက်တဲ့ ရက်တွေဆိုတော့ လူအုပ်လိုက် သွားလာမှုတွေ များတဲ့အခါကျတော့ ကူးစက်မှုကတော့ ဒီရက်ပိုင်းအတွင်းမှာ နည်း နည်းလေး များလာနိုင်တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းတစ်ချက် စောင့်ကြည့်ရမှာပေါ့နော်။ တချို့ ကူးစက်မှုများ တဲ့ နေရာတွေကျတော့ အကွက်လိုက် အကွက်လိုက် အစိုးရကနေ ခရီးသွားလာတို့၊ ဆိုင်ဖွင့်တာ စားသောက်ဆိုင် တို့၊ နောက်လုပ်ငန်းခွင်တို့ အဲဒါတွေ ပိတ်တာတွေတော့ ရှိတာပေါ့နော်။ လောလောဆယ်တော့ အဲဒီအဆင့်ထိ တော့ မရောက်သေးပါဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ကိုဗစ် စတင်ဖြစ်ပွားသည့် အချိန်က မြန်မာနိုင်ငံသားများ အနေဖြင့် အလုပ်အကိုင် ရှားပါးခြင်း၊ အလုပ် မရရှိခြင်းများကြောင့် ဝင်ငွေမရှိသဖြင့် စားဝတ်နေရေးပိုင်းများတွင် အင်မတန် အခက်အခဲများ ဖြစ်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ကာလများတွင် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းအလိုက် ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင် ခဲ့ရကြောင်းလည်း သိရသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

စာချုပ်နဲ့ ပတ်သက်တဲ့ သတင်းတွေက အဓိပ္ပါယ်မရှိဘူးလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: Watch TV
Hits: 537

Share
Tweet
Share
Share
powered by social2s

လိုင်စင်အသစ် မချပေးသည့်အတွက် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 537

Share
Tweet
Share
Share
powered by social2s

အင်းလေးရေပေါ်သင်္ကြန်လုပ်မည်၊ ခရီးသွားများအားဆွဲဆောင်ရန် အချိန်မမီ

By CNI
CNI
Category: Watch TV
Hits: 547

Share
Tweet
Share
Share
powered by social2s

လက်ရှိ ကမ္ဘာ့အခြေအနေအပေါ် ကြောက်သည်ဟု ဆားဘီးယားခေါင်းဆောင် ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 553

Share
Tweet
Share
Share
powered by social2s
ယခင်က ကျင်းပခဲ့သည့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်

အင်းလေးရေပေါ်သင်္ကြန်လုပ်မည်၊ ခရီးသွားများအားဆွဲဆောင်ရန် အချိန်မမီ

By CNI
CNI
Category: စီးပွားရေး
Hits: 740

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသည့် ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးရေပေါ်သင်္ကြန်အား လာမည့် သင်္ကြန် ကာလတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဆွဲဆောင်ရန် အချိန်မမီတော့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

အင်းလေးရေပေါ်သင်္ကြန်ကျင်းပပြုလုပ်မည့်အကြောင်းအား ပြည်ပခရီးသွားများ သိရှိပြီး လာရောက်လည်ပတ် နိုင်ရန် ကြော်ငြာများဖြင့် ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ရက်နီးကပ်မှသာ သိရှိရသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှု၌ အားနည်းကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

“အမှန်တကယ်ဆိုရင် ဒါလုပ်မယ်ဆိုတာလည်း တိတိကျကျ Plan တွေ ဘာတွေနဲ့ သေချာသိရပြီဆိုလည်း ဟိုတယ်တွေအနေနဲ့ ဒီသင်္ကြန်package ရောင်းတာမျိုးတွေ ဘာတွေ အဲဒီလိုမျိုးတွေ သူတို့လုပ်နိုင်တာပေါ့။ အခုကလည်း အနားကပ်မှပဲ စီစဉ်ပြီးတော့လုပ်တဲ့ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ ကြော်ငြာတဲ့ အပိုင်းလေးတွေမှာ လုပ်ငန်းရှင်တွေဘက်ကလည်း package ရောင်းတဲ့အပိုင်းလေးတွေမှာ နည်းနည်း အားနည်းသွားမယ်ထင်တယ်။ ဒီသင်္ကြန်လုပ်မယ်ဆိုတာမျိုး စောကတည်းက ကြိုပြီးတော့ announce လုပ်ထားမယ်ဆိုရင် ခရီးသွားလုပ်ငန်း ရှင်တွေဘက်ကလည်း သင်္ကြန်package တွေဘာတွေ ရောင်းတဲ့အခါမှာ ရေပေါ်သင်္ကြန် package တွေ ဘာတွေ ရောင်းလို့ရတာပေါ့။ အဓိကကတော့ သိအောင်လုပ်ရမှာပေါ့။ သိအောင်လုပ်ပြီးရင် လာဖို့လွယ်အောင် လုပ်ပေး ရမှာပေါ့။ ပြီးလို့ရှိရင် စိတ်ဝင်စားအောင် လုပ်ပေးရမှာပေါ့။ ဒါမှ ဧည့်သည်လာဖို့ဆိုတာကလည်း အရင်ဆုံး သိမှ ဖြစ်မှာပေါ့။ ဒီ သင်္ကြန်ရှိတယ်ဆိုတာ ဘယ်လိုသိအောင်လုပ်မလဲ။ အဲဒါမှ နိုင်ငံခြားသား ဧည့်သည်တွေ လာဖို့ ဆိုတာ အခြေခံအချက်လေးတွေရှိတာပေါ့။ အဲဒီလိုကျယ်ကျယ်ပြန့်ပြန့်လုပ်တဲ့အပိုင်းမှာတော့ အားနည်းတယ် ဒီရေပေါ်သင်္ကြန်က။ ဒီထက်ပိုပြီးတော့တော့ ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်တဲ့ ပုံစံမျိုးလေးတွေတော့ လုပ်သင့် တာပေါ့။ ဖြစ်သင့်တာကတော့ ကမ်ပိန်းတို့ ပရိုမိုးရှင်းတို့ အဲဒီလိုမျိုးလေးတွေ လုပ်သင့်တာပေါ့။ package ရောင်းတာမျိုးတွေ လုပ်သင့်တာပေါ့။ လုပ်ဖြစ်မလုပ်ဖြစ်ဆိုတာက အချိန်နည်းနည်းကပ်မှ သိရတာလည်း တစ်ကြောင်းပေါ့” ဟု ၎င်းက ပြောသည်။

ရေပေါ်သင်္ကြန်ပွဲတော်

အင်းလေးရေပေါ်သင်္ကြန်အား ကိုဗစ်ကာလအလွန်ပြီးနောက် ယခုနှစ်တွင် ပထမဆုံး ပြန်လည် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် မဏ္ဍပ်များ၊ ဖောင်များအား ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ညောင်ရွှေမြို့သည် ယခင်ကတည်းက ပြည်ပခရီးသွားဈေးကွက်ဖြစ်သောကြောင့် ကိုဗစ်မတိုင်ခင်ကာလများက ကျင်းပပြုလုပ်သည့် အင်းလေးရေပေါ်သင်္ကြန်များတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ သိန်းနှင့်ချီ၍ ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်းများအသင်းမှ သိရသည်။

သို့သော် လက်ရှိတွင် ပြည်ပခရီးသွားများထက် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ရန်သာ မျှော်လင့် ရကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

အင်းလေးရေပေါ်သင်္ကြန်မဏ္ဍပ်

“အဓိကက ကျနော်တို့ သင်္ကြန်လအတွင်းမှာ ပြည်တွင်းခရီးသွားအတွက်က အရေးကြီးပါတယ်။ ပြည်တွင်း ခရီးသွားမှာကျတော့ ပြည်တွင်းခရီးစဉ်တွေ အကုန်လုံးက သင်္ကြန်ကာလပြီးရင် နောက်ဆုံးပေါ့။ ဒီနောက်ဆုံး မရောက်ခင်အတွင်းမှာ ခရီးစဉ်တွေ အကုန်လုံးရောင်းချရတာမျိုးတွေ အကုန်လုံးတွေရှိပါတယ်။ ဒီဘက်ကို ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီးတော့ ခရီးစဉ်တွေလည်း အကုန်ရောင်းချပြီးပြီ။ အခုလိုမျိုး ရိုးရာသင်္ကြန်ပွဲတွေ ရှိတဲ့အတွက်ကြောင့် ပြည်တွင်းခရီးစဉ်တွေ၊ ပြည်တွင်းခရီးသွားတွေ အကုန်လုံးက ရှမ်းပြည်နယ်နဲ့ ဒီအင်းလေး ဒေသပေါ့နော် သူနဲ့ဆက်စပ်နေတဲ့ ခရီးစဉ်တွေဖြစ်တဲ့ ကလောတို့ ပင်းတယတို့ အထိပါ ခရီးသည်တွေ သွားရောက် မှု ပိုမိုများပြားလာပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့ ခရီးသွားလုပ်ငန်းရှင်တွေတင် မကဘဲနဲ့ ဒေသအတွင်းက လူတွေရဲ့ ဒီခရီးစဉ်အတွင်းမှာ အမှတ်တရပစ္စည်းရောင်းချတာတွေက အစပေါ့ သင်္ကြန်ကာလအတွင်းမှာရှိတဲ့ ခရီးစဉ်တွေအပေါ်မှာ ဝင်ငွေတွေ အများကြီး ရရှိကြပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလများ၌ ပြည်တွင်းခရီးသွားများအနေဖြင့် အပန်းဖြေခရီးသွားလာရန် ရွေးချယ် ထားကြသည့်နေရာဒေသများထဲတွင် ကမ်းခြေဒေသများ၊ ရှမ်းပြည်နယ်၊ မန္တလေးနှင့် ပုဂံခရီးစဉ်တို့ အများဆုံး ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်းများအသင်းထံမှ သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 3 of 46

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar