- By CNI
- Category: ဆောင်းပါး
- Hits: 688
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၅ အာဖရိကဖလား ပြိုင်ပွဲကတော့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယားနဲ့ အီဂျစ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ ဗိုလ်လုပွဲမှာ တွေ့ဆုံရမှာပါ။
မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်စီ ရရှိထားတာကြောင့် ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။
အိမ်ရှင်မော်ရိုကိုအသင်းဟာ ၂၀၀၄ ခုနှစ် ပြိုင်ပွဲနောက်ပိုင်း အာဖရိကဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့တာဖြစ်ပြီး ၁၉၇၆ ခုနှစ်က ဆုဖလား ရယူပြီးနောက် နှစ်ပေါင်း ၅၀ အကြာမှာ ဆုဖလားပြန်ပြီး ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။
ဆီနီဂေါအသင်းကတော့ ၂၀၂၁ ခုနှစ်ကပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲအပြီးမှာ ဆုဖလားကို ပြန်ပြီးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အိမ်ရှင်အသင်းလည်း ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ကွင်းလုံးပြည့် အားပေးမှုကို ရရှိထားတဲ့ မော်ရိုကိုအသင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရပြီးကတည်းက သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ပြီး ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ အာဖရိကဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။

ဆီနီဂေါအသင်းကို တွေ့ရစဉ်
မော်ရိုကိုအသင်းဟာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲ ရောက်တဲ့အထိ လမ်းကြောင်းမှာ သွင်းဂိုး ၉ ဂိုးသွင်းနိုင်ခဲ့ပြီး ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။
ပေးခဲ့ရတဲ့ ပေးဂိုးကလည်း ပယ်နယ်တီကနေ ပေးခဲ့ရတာကြောင့် မော်ရိုကိုအသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင် ရည်တွေကို မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ အုပ်စုအဆင့်မှာ ကိုမိုရို့စ်၊ မာလီနဲ့ ဇမ်ဘီယာအသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၆ သင်း အဆင့်မှာ တန်ဇန်နီးယား၊ ကွာတားဖိုင်နယ်မှာ ကင်မရွန်းနဲ့ ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယား အသင်းတို့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
၂၀၂၅ ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ ၃ ကြိမ်မှာ ဗိုလ်လုပွဲ ၂ ကြိမ်အထိ တက်ခဲ့တဲ့ ဆီနီဂေါအသင်းဟာ ဘရာဇီးလ်အသင်းကို ခြေစမ်းပွဲမှာ အရေးနိမ့်ခဲ့တဲ့ ပွဲကလွဲပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်ထားတာပါ။

မော်ရိုကိုအသင်းကို တွေ့ရစဉ်
ဆီနီဂေါအသင်းဟာ အုပ်စုအဆင့်မှာ ကွန်ဂို၊ ဘီနင်နဲ့ ဘော့ဆွာနာအသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီး ၁၆ သင်း အဆင့် မှာ ဆူဒန်၊ ကွာတားဖိုင်နယ်မှာ မာလီနဲ့ ဆီမီးဖိုင်နယ်မှာ အီဂျစ်အသင်းတို့ကို အနိုင်ရခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ လမ်းကြောင်းမှာ ၁၂ ဂိုးသွင်းပြီး သွင်းဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရ တာပါ။
ဆီနီဂေါအသင်းဟာ မော်ရိုကိုအသင်းလိုပဲ အကောင်းဆုံး တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်နဲ့ ရောက်ရှိလာခဲ့တဲ့ အကောင်းဆုံးအသင်း ၂ သင်းရဲ့ ပွဲကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဆီနီဂေါနဲ့ မော်ရိုကို တွေ့ရစဉ်
မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ ခြေစမ်းပွဲတွေမှာ နောက်ဆုံး တွေ့ဆုံခဲ့ကြပြီး မော်ရိုကိုအသင်းက အနိုင်ရ ခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ထိပ်တိုက် တွေ့ဆုံမှုနည်းတဲ့ ဒီ ၂ သင်းရဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ပရိသတ်တွေရဲ့အားနဲ့ မော်ရိုကို အသင်း ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မလား ဒါမှမဟုတ် ဆီနီဂေါအသင်းက ချန်ပီယံဆုကို ကိုင်မြှောက်ပြီး သူတို့ရဲ့နိုင်ငံထံ ပြန်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 707
CNI International Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မွန်ရိုးဝါဒ (Monroe Doctrine) ကို ပြန်လည် အသက် သွင်းပြီး ၎င်း၏အမည်နှင့် ပေါင်းစပ်ကာ ဒွန်ရိုးဝါဒ (Donroe Doctrine) ဟု အမည်ပြောင်းလဲလိုက်ခြင်းသည် အမေရိကန်အစိုးရ အနေဖြင့် ၂၁ ရာစု၏ လက်တွေ့ကျသော အင်အားချိန်ခွင်လျှာ အပြောင်းအလဲနှင့် လိုက်လျော ညီထွေ မဖြစ်မှုကို ပြသနေသည့် နောက်ထပ် သာဓကတစ်ခုဖြစ်သည်။
မွန်ရိုးဝါဒဆိုသည်မှာ ၁၈၂၃ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျိမ်းစ် မွန်ရိုး (James Monroe) လက်ထက်က စတင် ကျင့်သုံးခဲ့သည့် “အမေရိကတိုက်အတွင်း ဥရောပနိုင်ငံများ ဝင်ရောက် မစွက်ဖက်ရ” ဆိုသည့် ဝါဒဖြစ်သည်။
ယခုအခါတွင် ထရမ့်၏ အမည် Donald ၏ရှေ့စာလုံး Don ဟူသည့် စကားလုံးနှင့် Monroe ၏အမည် နောက်ဆုံး စာလုံးသုံးလုံး roe တို့ကို ပေါင်းကာ ထရမ့်၏ နိုင်ငံခြားရေးမူဝါဒကို ဒွန်ရိုးဝါဒ (Donroe Doctrine) ဟု ရည်ညွှန်း ဖော်ပြခြင်းဖြစ်သည်။
သို့သော် ထရမ့်က ဒွန်ရိုးဝါဒကို ပိုမိုပြင်းထန်သည့် ပုံစံဖြင့် ပြန်လည် အသက်သွင်းခဲ့ပြီး ယခုတစ်ကြိမ်တွင် ဥရောပ သာမက တရုတ်နှင့် ရုရှားတို့၏ သြဇာလွှမ်းမိုးမှုကိုပါ တားဆီးရန် ရည်ရွယ်သည်။
မကြာသေးမီက ထရမ့်၏ ကြေညာချက်ဖြစ်သော “Trump Corollary” တွင် အမေရိကန် လူထုသည် မိမိတို့ အနောက်ကမ္ဘာခြမ်း၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများ သို့မဟုတ် ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်းများကို ဝင်ရောက်စွက်ဖက်ခွင့် ပြုမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
ထိုကြေညာချက်သည် အမေရိကန် ပြည်တွင်းရှိ အမျိုးသားရေးဝါဒီများအကြိုက် ဖြစ်နိုင်သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း လက်တင်အမေရိက၏ စီးပွားရေးနှင့် နိုင်ငံရေး ပြောင်းလဲလာမှုများကို အခြေခံမှစပြီး မှားယွင်းစွာ အကဲဖြတ်ထားခြင်း ဖြစ်သည်။
ထိုကြေညာချက်သည် အနောက်ကမ္ဘာခြမ်း (Western Hemisphere) ကို အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ အလုံးစုံ ထိန်းချုပ်ထားရမည်ဟုဆိုသည့် နယ်ချဲ့ဝါဒသစ် (Neo-imperialist vision) တစ်ခုသာ ဖြစ်သည်။
ပြဿနာမှာ အမေရိကန် အနေဖြင့် လေယာဉ်တင်သင်္ဘော မည်မျှပင် စေလွှတ်ထားသည်ဖြစ်စေ၊ ကုန်သွယ်ခွန် (Tariffs) များဖြင့် မည်မျှပင် ခြိမ်းခြောက်သည်ဖြစ်စေ ထိုကဲ့သို့သော ထိန်းချုပ်နိုင်စွမ်းမျိုးသည် လက်ရှိတွင် မရှိနိုင်တော့ခြင်းပင် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လက်တွေ့အခြေအနေ
တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လက်တွေ့ အခြေအနေသည် ထရမ့်၏ မူဝါဒနှင့် မြေပြင် အခြေအနေအကြား အထင်ရှားဆုံးသော ပဋိပက္ခတစ်ခု ဖြစ်နေသည်။
ထရမ့်အစိုးရသည် တရုတ်နိုင်ငံကို ဒေသတွင်းရှိ အဓိက ခြိမ်းခြောက်မှု ၃ ခုအနက် တစ်ခုအဖြစ် သတ်မှတ်ထားပြီး အနောက်ကမ္ဘာခြမ်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် ပြတ်သားစွာ ရည်ရွယ်ထားသည်။
သို့သော် လက်တွေ့တွင်မူ တရုတ်နိုင်ငံသည် ကိုလံဘီယာမှလွဲ၍ တောင်အာဖရိကတိုက်ရှိ နိုင်ငံတိုင်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပြီဖြစ်သည်။
ထိုအခြေအနေသည် တရုတ်၏ ဆိုးရွားသည့် စီမံကိန်းကြာင့် ဖြစ်လာခြင်း မဟုတ်ဘဲ တရုတ်၏ စီးပွားရေး အင်အား ကြီးထွားလာမှုနှင့် လက်တင်အမေရိက နိုင်ငံများက ၎င်းတို့၏ စီးပွားရေးကို နည်းလမ်းမျိုးစုံနဲ့ ချဲ့ထွင်ပြီး အမျိုး သား အကျိုးစီးပွားကို ဖော်ဆောင်ရာမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်သည်။
ထိုအခြေအနေက ထရမ့်အတွက် ခုတ်ရာတစ်လွဲ ရှရာတခြား ဖြစ်စေခဲ့သည်။
ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများသည် တရုတ်နိုင်ငံ၏ အနေအထားကို မရည်ရွယ်ဘဲ ပိုမိုခိုင်မာလာစေခဲ့ခြင်း ဖြစ်သည်။
ထရမ့်အစိုးရက တရုတ်ကုန်စည်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်လိုက်ချိန်တွင် တရုတ်ကလည်း အမေရိကန် ထဲမှ ပဲပုပ်ဝယ်ယူမှုများကို ရပ်တန့်လိုက်ပြီး အာဂျင်တီးနားနိုင်ငံထံမှ ပဲပုပ်များကို အစားထိုး ဝယ်ယူခဲ့သည်။
စီးပွားရေးအရ ဖိအားပေးခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းချိန်တွင် အမေရိကန်သည် ၎င်းတို့မလိုချင်သည့် ရလဒ်များကိုသာ ဖန်တီးမိနေသည့် အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသည်။
¤ အခြေခံ အဆောက်အအုံဆိုင်ရာ မှားယွင်းသော ယူဆချက်
ဒေသတွင်း၌ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးနေသည့် ပြည်ပကုမ္ပဏီများကို မောင်းထုတ်ရန် ကြိုးပမ်းနေခြင်းသည် ဒွန်ရိုးဝါဒ၏ မဟာဗျူဟာမြောက် ရှေ့နောက်မညီညွတ်မှုကို ဖော်ပြရာ ရောက်ခဲ့သည်။
လက်တင်အမေရိကသည် အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အလွန်လိုအပ်နေပြီး တရုတ်နိုင်ငံက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေသည်။
သို့သော် အမေရိကန်ကမူ ထိုကဲ့သို့သော အရင်းအမြစ်များ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းစဉ်များကို တရုတ်လောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပေ။
ထရမ့်တွင် အစားထိုးစရာ အစီအစဉ် အတိအကျ ရှိနေပါသလား။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်ခြင်းလား။ သို့မဟုတ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံများအပေါ် ကုန်သွယ်ခွန်များ ချမှတ်ခြင်းလား။ အစရှိသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
လက်ရှိအခြေအနေမှာ မွန်ရိုးဝါဒကို အကြောင်းပြပြီး မဟာဗျူဟာမြောက် မှားယွင်းစွာ စီမံခန့်ခွဲနေခြင်းသာ ဖြစ် သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် မှီခိုနေရသည့် ယနေ့ခေတ် ကာလတွင် အနောက်ကမ္ဘာခြမ်းပြင်ပမှ အင်အားကြီးနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကို ပိတ်ဆို့ပြီး အတိတ်ကို ပြန်သွားရန် ကြိုးပမ်းခြင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ ကြားဝင်စွက်ဖက်မှု ထောင်ချောက်
ဒွန်ရိုးဝါဒ၏ စစ်ရေးဆိုင်ရာ အခြေအနေတွင်လည်း အလားတူပင် ပြဿနာရှိနေသည်။
ထရမ့်အစိုးရ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို ပစ်မှတ်ထားပြီး စစ်တပ် စေလွှတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ရန် တောင်းဆိုထားကြောင်း၊ ဗင်နီဇွဲလားအစိုးရကို အင်အားသုံး ပြောင်းလဲရန် အထိပင် အရိပ်အမြွက် ညွှန်းဆိုထားသည်။
ထိုအချက်သည် နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟု အမည်တပ်ထားသော်လည်း လက်တွေ့ တွင်မူ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်လာမည့် စွက်ဖက်မှု ပုံစံသစ်တစ်ခု ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရမည်ဆိုပါက သင်ခန်းစာယူစရာ အချက်များစွာ ရှိနေသည်။
မူလ မွန်ရိုးဝါဒနှင့် ၎င်းကို ထပ်မံဖြည့်စွက်ခဲ့သည့် ရုစဗဲ့ နောက်ဆက်တွဲ မူဝါဒ (Roosevelt Corollary) တို့သည် ကျူးဘား၊ နီကာရာဂွာ၊ ဟေတီနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့တွင် အမေရိကန်က ဝင်ရောက် စွက်ဖက်ရန်အတွက် တရားဝင် အကြောင်းပြချက်များ ဖြစ်ခဲ့ကြသည်။
ထိုကဲ့သို့ ဝင်ရောက် စွက်ဖက်မှုများသည် လက်ရှိအချိန်တွင် အမေရိကန်၏ အကျိုးစီးပွားကို ပြန်လည် ခြိမ်းခြောက် နေသည့် မတည်ငြိမ်မှုများ၊ မကျေနပ်ချက်များနှင့် အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များကိုသာ ဖြစ်ပေါ်စေခဲ့ သည်။
မူးယစ်ဆေးဝါး ဂိုဏ်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် ဗင်နီဇွဲလားကို ခြိမ်းခြောက်ခြင်းသည် အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ထွက်ပေါ်လာစေလိမ့်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
¤ အချုပ်အခြာ အာဏာပိုင်မှုဆိုင်ရာ မေးခွန်း
ပိုမိုနက်ရှိုင်းသော ပြဿနာမှာ တရားဝင်မှု (Legitimacy) နှင့် သဘောတူညီမှု (Consent) ဆိုင်ရာ ကိစ္စရပ် ဖြစ်သည်။
အာဏာစက်ဖြင့် လွှမ်းမိုးခြင်း (Hegemony) ဆိုသည်မှာ လက်အောက်ခံ နိုင်ငံများဘက်ကလည်း အကျိုးကျေးဇူး ရှိနိုင်သည်ဟု ယူဆပြီး ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်သည်။
စစ်ရေးအရ ခြိမ်းခြောက်ခြင်းနှင့် စီးပွားရေးအရ အတင်းအကျပ် စေခိုင်းခြင်းတို့ဖြင့် လွှမ်းမိုးရန် ကြိုးပမ်းမှုသည် တော်လှန်ပုန်ကန်မှုများကိုသာ ဖြစ်စေနိုင်လိမ့်မည်။
လက်တင်အမေရိကနိုင်ငံများသည် ယခုအခါတွင် ၎င်းတို့၏ နိုင်ငံတကာ ဆက်ဆံရေးများကို နယ်ပယ်စုံ ချဲ့ထွင် ထားကြပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိနေကြပြီ ဖြစ်သည်။
အမေရိကန်၏ တောင်းဆိုချက်တစ်ခုတည်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ကို လက်လွှတ် အရှုံးပေးကြ ဖွယ် မရှိပေ။
အပြန်အလှန် အကျိုးစီးပွားကို အခြေခံသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်မည့်အစား ထရမ့်၏ ဒွန်ရိုးဝါဒ သည် အမေရိကန်၏ အင်အားတစ်ခုတည်းဖြင့် ၎င်း၏ သြဇာ သက်ရောက်မှု နယ်ပယ်အတွင်းရှိ ရလဒ်များကို စိတ်တိုင်းကျ ပြဌာန်းနိုင်သည်ဟူသော ယူဆချက်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည့် ဗျူဟာ
သိသာထင်ရှားသည့် အချက်တစ်ခုမှာ အမေရိကန်၏ အင်အားကို ပြန်လည် တည်ဆောက်မှုအဖြစ် ကြေညာ ထားသော ဒွန်ရိုးဝါဒသည် ဒေသတွင်း အမေရိကန်၏ ဆုတ်ယုတ်မှုကိုသာ ပိုမိုမြန်ဆန်စေခြင်းပင် ဖြစ်သည်။
လက်တင်အမေရိကနိုင်ငံများကို မိတ်ဖက်များအဖြစ် သဘောမထားဘဲ မိမိအလိုရှိသလို ခိုင်းစေနိုင်သည့် ရုပ်ဝတ္ထု ပစ္စည်းများကဲ့သို့ ဆက်ဆံခြင်း၊ အမေရိကန်နှင့် တရုတ်ကြား တစ်ဘက်ဘက်ကို မဖြစ်မနေ ရွေးချယ်ရန် တောင်းဆို ခြင်းနှင့် စစ်ရေးအရ အရေးယူမှုကို ပထမဦးစားပေးအဖြစ် ခြိမ်းခြောက်ခြင်းတို့သည် ဒေသတွင်း နိုင်ငံများကို အမေရိကန်နှင့် ဝေးရာသို့သာ တွန်းပို့ရာ ရောက်စေမည်ဖြစ်သည်။
လက်တင်အမေရိက နိုင်ငံများအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ၂၁ ရာစု တံဆိပ်ကပ်ထားသည့် ၁၉ ရာစု မှ နယ်ချဲ့ဝါဒမျိုး မဟုတ်ပေ။
အမှန်တကယ် လိုအပ်နေသည်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေး အကူအညီများနှင့် အချုပ်အခြာ အာဏာအပေါ် လေးစားမှုတို့ကို အခြေခံသည့် လက်တွေ့ကျသော မဟာမိတ် ဆက်ဆံရေးသာ ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် အရင်းအမြစ်များ၊ စိတ်ရှည်သည်းခံမှုနှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုများ လိုအပ်သည်။
မွန်ရိုးဝါဒဆိုသည်မှာ မဟာဗျူဟာမြောက် ထိရောက်မှုထက် အမေရိကန်ဒဏ္ဍာရီ (American Mythology) တစ်ခု အဖြစ်သာ အမြဲတမ်း တည်ရှိခဲ့ခြင်း ဖြစ်သည်။
ယခု ဒွန်ရိုးဝါဒကမူ သမိုင်းကို ပြန်လည် လွမ်းဆွတ်တမ်းတမှုတွင် သမ္မတ၏ မာနကိုပါ ထပ်မံဖြည့်စွက် လိုက်သည့် အခါ ကောင်းမွန်သော သမိုင်းမှတ်တမ်းလည်း မရရှိနိုင်သလို၊ ကောင်းမွန်သော မဟာဗျူဟာလည်း ဖြစ်မလာနိုင် သည့် အလားအလာ ရှိနေသည်။
ရလဒ်အနေဖြင့် အင်အားကို လိုအပ်သည်ထက် ပိုမိုဖြန့်ကျက်ခြင်း၊ ပြင်းထန်သော တုန့်ပြန်မှုများ ရင်ဆိုင်ရခြင်းနှင့် မိမိတို့ ပြန်လည်မြှင့်တင်မည်ဟု ကြွေးကြော်ထားသည့် သြဇာအာဏာများသာ တဖြည်းဖြည်း ယုတ်လျော့လာ လိမ့်မည် ဖြစ်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 830
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ယူနိုက်တက်အသင်းဟာ ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့သလို အသင်းကြီး တစ်သင်းဆိုတဲ့ ပုံရိပ်တွေလည်း ပျောက်ဆုံး သွားခဲ့ပါ တယ်။
ယူနိုက်တက်အသင်းဟာ အတိတ်က ရယူခဲ့ဖူးတဲ့ အောင်မြင်မှုတွေသာ ပြန်ပြောင်း ပြောနေရပြီး အရာအားလုံးဟာ တချို့အသင်းတွေရဲ့ အနောက်မှာသာ ရှိတော့တာဖြစ်ပါတယ်။
ဒါက ယူနိုက်တက်အသင်း ပရိသတ်တွေအတွက် အလွန်ခါးသီးတဲ့ အမှန်တရားဖြစ်ပြီး လက်သင့်ခံရမှာပါ။
ယူနိုက်တက်အသင်းဟာ ဖာဂီနောက်ပိုင်းမှာ ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ အဲရစ်တန်ဟတ်၊ အာမိုရင်တို့လို အမြဲတမ်းနည်းပြတွေ အပါအဝင် ယာယီနည်းပြတွေ ခန့်အပ်ပြီး အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှုတွေက လက်ချိုးပြီးရေတွက်လို့ရပါတယ်။
ဂလေဇာမိသားစု တစ်ဦးတည်းက အသင်းကို ကြီးစိုးနေတဲ့ အခြေအနေကနေ ဗြိတိန်ဘီလျံနာ ဆာဂျင် ရက်ကလစ်ဖ်က အသင်းရဲ့ ရှယ်ယာ အနည်းစုကို ဝယ်ယူခဲ့ပြီးနောက် ဘောလုံးလည်ပတ်မှု အဖွဲ့အစည်းတွေကို ပြောင်းလဲမှုကြောင့် အရင်လို အောင်မြင်မှုတွေ ပြန်ရဖို့ မျှော်လင့်ခဲ့ကြပါတယ်။
ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့ဟာ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ကို ခန့်အပ်ကာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့အဆင့် ရပ်တည်ခဲ့တာပါ။

နည်းပြ ဖာဂူဆန်နဲ့ နည်းပြတွေကို တွေ့ရစဉ်
ဒါ့ပြင် ဘာအောင်မြင်မှုမှ ရခဲ့ခြင်းမရှိဘဲ ရာသီ အဆုံးသတ်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့လည်း ဝေးကွာခဲ့ပါတယ်။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘူမို၊ ကွန်ညာ၊ ဆက်စ်ကိုနဲ့ လမ်းမန်းစ်တို့ကို အားဖြည့်ပေးခဲ့ပေမယ့် အသင်းဟာ ကာရာဘောင်းဖလားကနေ စောစီးစွာ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေကလည်း ထင်သလောက် ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။
ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ မရှိတဲ့နောက် နည်းပြအာမိုရင်နဲ့ အသင်းအကြီးအကဲ ဝီလ်ကော့စ်တို့အကြား တင်းမာမှုတွေရှိခဲ့ကြပါတယ်။
အဲ့ဒါကြောင့် အာမိုရင်ဟာ အသင်း အကြီးအကဲတွေကို ဝေဖန်ခဲ့တဲ့အတွက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရ ပါတယ်။
ယူနိုက်တက်အသင်းဟာ ဖာဂူဆန် နောက်ပိုင်းမှာ ဘယ်နည်းပြကိုမှ အချိန်အကြာကြီး မပေးတော့တာကလည်း အသင်းအောင်မြင်မှုနဲ့ ဝေးကွာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့ပြောရမှာပါ။

နည်းပြအာမိုရင်ကို တွေ့ရစဉ်
ဘာလို့လဲဆိုရင် နည်းပြတစ်ဦးပြီး တစ်ဦး ပြောင်းလဲတိုင်း ကစားသမားသစ်တွေ အားဖြည့်လိုက် ကစားကွက် ပြန်တည်ဆောက်လိုက်နဲ့ အချိန်တွေသာ ကုန်ပြီး မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာခြင်းမရှိသေးတာ ဖြစ်ပါ တယ်။
ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ယူနိုက်တက်အသင်းဟာ အမှတ်ပေးဖလားကို ပြန်ရဖို့အတွက် နောက်ထပ် ၁၀ နှစ် ဒါမှမဟုတ် ၁၁ နှစ် အချိန်ယူရနိုင်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ နည်းပြတစ်ဦးတည်းကို အချိန်ပေးပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက် မယ်ဆိုရင် နည်းပြကြီး ဖာဂူဆန်ပြောတဲ့ အချိန်ထက်စောပြီး ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ခွင့် ရှိလာမှာပါ။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ဒီလိုမျိုး ဖြစ်လာဖို့အတွက် ရာသီကုန်အထိ ယာယီနည်းပြနဲ့ ဆက်သွား ပြီး အမြဲတမ်းနည်းပြကို နွေရာသီရောက်မှ ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။
ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့အဖွဲ့ဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ချိန်က အာမိုရင် ကို မြန်မြန်ဆန်ဆန် ခန့်အပ်ခဲ့တာကြောင့် နောက်ထပ် အမှားအယွင်းမဖြစ်ဖို့ အချိန်ယူဖို့ ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိ ဘုတ်အဖွဲ့အနေနဲ့ အသင်းကို သေသေချာချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အတိတ်ကအောင်မြင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို ပြန်လည်ရနိုင်ဖို့ မျှော်လင့်ခွင့်ရှိနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 646
CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
အီတလီလူမျိုးနည်းပြ မာရက်စ်ကာဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးနေ့မှာ ချယ်လ်ဆီးအသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ပြီး ထွက်ခွာသွားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ချယ်လ်ဆီးအသင်းကို နည်းပြသစ်အဖြစ် စတင် တာဝန်ယူခဲ့တဲ့ မာရက်စ်ကာဟာ အသင်းကို ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူပေးပြီး ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာနဲ့အတူ အသင်း အကြီးအကဲတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့တာက နည်းပြမာရက်စ်ကာကို ထွက်ခွာစေဖို့ ဖြစ်ခဲ့ပါတယ်။
မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ ဖျားနာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုကို တက်ရောက်ခဲ့ခြင်းမရှိတာပါ။

မာရက်စ်ကာကို တွေ့ရစဉ်
မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သူဟာ အသင်း ကို ရောက်ရှိလာပြီးကတည်းက အဆိုးရွားဆုံး ၄၈ နာရီကို ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဒီလိုပြောခဲ့မှုကြောင့် အစောပိုင်းကတည်းက တင်းမာနေတဲ့ ချယ်လ်ဆီးအသင်း အကြီးအကဲတွေနဲ့ မာရက်စ်ကာရဲ့ ဆက်ဆံရေးဟာ ပိုပြီးဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာဟာ ကလပ်ပြင်ပက အခွင့်အလမ်းတွေကနေ တဆင့် ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေ အနောက်မှာ သူ့ရဲ့ပရိုဖိုင်ကို မြှင့်တင်နိုင်ဖို့လည်း မျှော်လင့်ခဲ့ပါတယ်။
မာရက်စ်ကာဟာ စာအုပ် တစ်အုပ်ထုတ်ဖို့ စီစဉ်ခဲ့သလို အသင်းခွင့်ပြုချက်မရဘဲ La Gazzetta dello Sport က ပြုလုပ်ခဲ့တဲ့ပွဲမှာ စကားပြောခဲ့တာတွေ ရှိခဲ့ပါတယ်။
ရာသီကြိုမှာ အဓိက နောက်ခံလူ ကိုဝဲလ် ဒဏ်ရာရခဲ့ပြီး သူ့ရဲ့နေရာမှာ ကလပ်အသင်းက အစားထိုးမယ့်သူ မခေါ်ယူခဲ့တာကို သဘောမတူဘူးလို့လည်း မာရက်စ်ကာက လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
မာရက်စ်ကာရဲ့ အေးဂျင့်ပြောင်းလဲမှုတွေ၊ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ နေရာမှာ ဆက်ခံမယ့် သတင်းတွေက ချယ်လ်ဆီးအသင်း အကြီးအကဲတွေကို ဒေါသထွက်စေခဲ့ပါတယ်။

မာရက်စ်ကာကို တွေ့ရစဉ်
မာရက်စ်ကာဟာ ဒီသတင်းတွေကို ငြင်းဆန်ခဲ့သလို ချယ်လ်ဆီးအသင်း အကြီးအကဲတွေနဲ့ အဆင်မပြေဘူးဆိုတဲ့ အကြောင်းကို မီဒီယာသမားတွေ မေးမြန်းချိန်မှာ ဖြေခဲ့ခြင်းမရှိပါဘူး။
မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်း အကြီးအကဲတွေနဲ့ အဆင်မပြေမှုကြောင့် နောက်ပိုင်းမှာ ကလပ်အသင်း ဝတ်စုံကို ရှောင်ကြဉ်ပြီး သူ့ရဲ့ကိုယ်ပိုင် အဝတ်အစားတွေကိုသာ ဝတ်ဖို့ ရွေးချယ်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ရလဒ်တွေ ပိုပြီးကောင်းလာရင် ရာသီကုန်ချိန်မှသာ မာရက်စ်ကာရဲ့ ရာထူးကို အကဲဖြတ်ဖို့ ရည်ရွယ်ထားပေမယ့် နည်းပြရဲ့ မပျော်ရွှင်မှုတွေက အခုလို စောစီးစွာလမ်းခွဲဖို့ ဖြစ်လာခဲ့တာပါ။
မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို ပြိုင်ပွဲစုံ ၉၂ ပွဲ ကိုင်တွယ်ခဲ့ပြီး ၅၅ ပွဲအနိုင်ရကာ ၁၆ ပွဲသရေနဲ့ ၂၁ ပွဲ အရေး နိမ့်ခဲ့ပြီး အနိုင်ရာခိုင်နှုန်း ၅၉.၇၈ ရှိခဲ့ပါတယ်။
ဒီရာသီမှာ ရလဒ်ပိုင်း အနည်းငယ် ကျဆင်းနေတဲ့ ချယ်လ်ဆီးအသင်းကို မာရက်စ်ကာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာမယ့် နည်းပြသစ်က အကောင်းဆုံး ကိုင်တွယ်ပေးပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိအောင် ပြန်ပို့ ဆောင် ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 750
CNI International Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
၂၀၂၅ ခုနှစ်သည် ထိုင်းနိုင်ငံအတွက် သာမန်ဆိုးရွားသောနှစ်ဟု ပြောမည်ဆိုပါက လုံလောက်မည် မဟုတ်ပေ။
အချို့ကမူ ထိုနှစ်ကို ဆိုးရွားသည့်အရာများ တစ်ပြိုင်နက်တည်း ကျရောက်လာသောကြောင့် "မြေပြင်ပေါ်က ငရဲ" သို့မဟုတ် ထိုင်းဘာသာဖြင့် Narok bon din ဟုပင် ခေါ်ဆိုသင့်ကြောင်း ပြောကြားခဲ့ကြသည်။
သို့သော်လည်း ထိုင်းနိုင်ငံသည် ထိုကဲ့သို့ ခက်ခဲသော အခြေအနေကို ရှင်သန်ကျော်ဖြတ်နိုင်ခဲ့သည်။
နောက်ကြောင်းပြန်ကြည့်လျှင် အကျပ်အတည်း ကာလအတွင်း မည်သို့ ရှင်သန်နေထိုင်ရမည်ကို လမ်းညွှန်ပေးခဲ့ သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ကျေးဇူးတော်ကို ပြန်ပြောင်း အောင့်မေ့နိုင်မည်ဖြစ်သည်။
"သည်းခံခြင်း"သည် ယခုကဲ့သို့ ခက်ခဲသောအချိန်ကို ရုန်းကန်ကျော်ဖြတ်နိုင်ရန် မိမိတို့ကို ကူညီပေးခဲ့သည်။
၁၉၉၇ ခုနှစ် တုံယမ်းကွန်း စီးပွားရေး အကျပ်အတည်း (Tom Yum Kung financial crisis) ကာလက ကဲ့သို့ပင် ယခုအခါတွင်လည်း ထိုင်းနိုင်ငံသည် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သည့် ချိုမြိန်သော အခိုက်အတန့်များ၊ စိတ် အချဉ်ပေါက်ရသည့် စိတ်ပျက်စရာကိစ္စများ၊ ပြင်းထန်သော ပဋိပက္ခများနှင့် ကြာရှည်နေသော မရေရာမှုများကဲ့သို့ အကောင်း၊ အဆိုး အားလုံးကို ရင်ဆိုင်နေရသည်။
တစ်ချိန်တည်းမှာပင် ပြည်တွင်းပြည်ပမှ ဝေဖန်ရေးသမားများက ထိုင်းနိုင်ငံသည် အရည်အချင်း မရှိသော နိုင်ငံရေး သမားများကို သည်းခံစောင့်ကြည့်ရင်းနှင့်ပင် ယခုကဲ့သို့ ထပ်တလဲလဲ ကျရောက်နေသော အကျပ်အတည်းများ အား မည်သို့ ရှင်သန်ကျော်ဖြတ်နိုင်သနည်းဟု မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။
ဤမေးခွန်း၏ အဖြေမှာ ထိုင်းနိုင်ငံ၏ ရှည်လျားလှသော သမိုင်းကြောင်းနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သမိုင်းကြောင်းထဲတွင် ရှိနေသည်။

ထိုင်းအမျိုးသားရေးစိတ်ဓာတ်ကို ပြသနေစဉ်
တစ်ချိန်က "ဆိုင်အမ်" (Siam) ဟု လူသိများခဲ့သော ထိုင်းနိုင်ငံ၏ သမိုင်းကြောင်းသည် အခက်အခဲများကို ရင်ဆိုင် နည်း၊ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နည်းနှင့် မည်သည့် အခြေအနေတွင်မဆို ကြံဖန်ဖြေရှင်းနည်းတို့ကို သိရှိသော "ဒူပေနာပေခံနိုင်သည့် လူမျိုး" (Resilient people) ၏ ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့သည်။
သို့သော် ၂၀၂၅ ခုနှစ်တွင်မူ ထိန်းချုပ်မရနိုင်သည့် စိန်ခေါ်မှုများ ထွက်ပေါ်လာခဲ့ပြီး ဖိအားများနှင့် ဝရုန်းသုန်းကား အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။
၂၀၂၅ ခုနှစ်၏ ပထမဆုံးလသည် ရာဇဝတ်မှု တစ်ခုနှင့် စတင်ခဲ့သည်။ ထိုဖြစ်စဉ်မှာ တရုတ်ရုပ်ရှင် သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ပြန်ပေးဆွဲခံရမှု ဖြစ်သည်။
သူသည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာပြီးနောက် မကြာမီမှာပင် ပြန်ပေးဆွဲခံခဲ့ရပြီး၊ ထိုင်းနိုင်ငံ အနောက် ဘက် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများ အခြေစိုက်သည့် မြဝတီမြို့သို့ လူကုန်ကူးခြင်း ခံခဲ့ရ သည်။
တရုတ်အင်တာနက် အသုံးပြုသူများက ဝမ် ပျောက်ဆုံးနေသည့် သတင်းကို မဖော်ထုတ်မီအထိ လူအနည်းငယ်က သာ ကျားဖြန့်ပြဿနာကို အာရုံစိုက်ခဲ့ကြသည်။
ထိုအချိန်မှစ၍ ဝမ်ရှင်း ပြန်ပေးဆွဲခံရသည့် အမှုသည် ဒေသတွင်း လည်ပတ်နေသော နယ်စပ်ဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးများ၏ ကြောက်စရာကောင်းသည့် အတိုင်းအတာကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။
ထိုဖြစ်ရပ်က ထိုင်းနိုင်ငံသည် ရာဇဝတ်ဂိုဏ်းများအတွက် လူကုန်ကူးရန်နှင့် ငွေကြေးလွှဲပြောင်းရန် အရေးပါသော ဗဟိုချက်တစ်ခု ဖြစ်လာနေကြောင်း ပြသရာရောက်ခဲ့သည်။
ရာဇဝတ်ဂိုဏ်းများ၏ အဓိက ဦးတည်ချက် နေရာများမှာ ကာစီနိုရုံများနှင့် ကျားဖြန့်စင်တာများ မှိုလိုပေါက်နေ သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။
ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများတွင် လူပေါင်း သိန်းနှင့်ချီ၍ အလုပ်လုပ် ကိုင်နေကြသည်ဟု ယူဆရပြီး ဒေသတွင်း ကမ္ဘာ့အကြီးဆုံး တရားမဝင်လုပ်ငန်း ဗဟိုချက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ထို့ပြင် ဝမ်ရှင်း၏ အမှုသည် ထိုင်းနိုင်ငံမှတဆင့် စီးဆင်းစေသည့် အကျင့်ပျက် ရင်းနှီးမြှုပ်နှံသူများ၏ ငွေမည်းများ သို့မဟုတ် ငွေကြေးခဝါချမှုများ၏ အခန်းကဏ္ဍကိုလည်း တစ်ဖန်အာရုံစိုက်လာစေခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
လွန်ခဲ့သော လပေါင်းများစွာကတည်းက သတင်းမီဒီယာများတွင် ကျားဖြန့်လုပ်ငန်းများ၏ သဘောသဘာဝနှင့် ကြီးမားသော အတိုင်းအတာကို အလေးပေးဖော်ပြခဲ့ကြသည်။
မတ်လအတွင်းတွင်မူ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဘန်ကောက်မြို့တော်၌ ၃၀ ထပ်မြင့်သည့် နိုင်ငံတော်စာရင်းစစ်ရုံးဌာနချုပ် အဆောက်အအုံ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။
ထိုဖြစ်ရပ်က ထိုင်းနိုင်ငံရှိ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ၏ လုံခြုံစိတ်ချရမှု အပေါ် ကြီးမားသော မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။
နှစ်ဆန်းပိုင်းတွင် ကြုံတွေ့ခဲ့ရသော ကျားဖြန့်ဂိုဏ်းများနှင့် စာရင်းစစ် အဆောက်အအုံ ပြိုကျမှုများသည် ထိတ်လန့် စရာ ဖြစ်စဉ်များဖြစ်ခဲ့ပြီး နှစ်လယ်ပိုင်းတွင်မူ နိုင်ငံရေးပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
မေလနှောင်းပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်များအကြား နယ်စပ်ဒေသများတွင် အပြန်အလှန် တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့သည်။
ဇူလိုင်လလယ်တွင်မူ ထိုအချိန်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) တို့၏ ဖုန်းပြောဆိုသည့် အသံဖိုင်ပေါက်ကြားလာခဲ့သည်။
ထိုအသံဖိုင်ထဲတွင် ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟု ခေါ်ဆိုခဲ့ကာ ထိုင်းစစ်တပ် အကြီးအကဲတစ်ဦးကို ဝေဖန်ခဲ့သဖြင့် လူထုကြား ဒေါသများမြင့်တက်ခဲ့ပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်က ပေတုန်တန် အစိုးရအဖွဲ့ကို ပြိုကွဲစေခဲ့ပြီး အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေတုန်တန်၏ လုပ်ဆောင်ချက်များသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို အရှက်ရစေပြီး အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်ဟု ဆုံးဖြတ်ကာ ၎င်းကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သည်။
ပေတုန်တန် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ယခင် ညွန့်ပေါင်းမဟာမိတ်ဟောင်းဖြစ်သော ဘူဂျထိုင်း (Bhumjaithai Party) ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
သို့သော် အနူတင် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ယာယီသဘောသာ ဖြစ်သည်။
အတိုက်အခံ ပြည်သူ့ပါတီ (People's Party) နှင့် သဘောတူညီချက်အရ အနူတင်၏ အစိုးရသည် အာဏာကို ၄ လကြာသာ ရယူထားမည်ဖြစ်ပြီး ထို့နောက်တွင် လွှတ်တော်ကို ဖျက်သိမ်းကာ အထွေထွေရွေးကောက်ပွဲသစ် ကျင်းပပေးရမည် ဖြစ်သည်။
ပေတုန်တန်နှင့် ဟွန်ဆန်တို့၏ ဖုန်းပြောဆိုမှု အသံဖိုင် ပေါက်ကြားခဲ့ခြင်းသည် ကမ္ဘောဒီးယားအပေါ် ထားရှိသော ထိုင်းပြည်သူတို့၏ သဘောထားကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။
ထိုင်းပြည်သူများ၏ မယုံကြည်မှုများသည် ဖိနှိပ်ချုပ်တည်းထားရသည့် ပေါက်ကွဲခါနီး ဗုံးတစ်လုံးကဲ့သို့ ဖြစ်လာခဲ့ သည်။
ဇူလိုင်လနှောင်းပိုင်းတွင် နယ်စပ်တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ နယ်စပ်တစ်လျှောက် အသစ်ထောင်ထား သော မြေမြှုပ်မိုင်းများကြောင့် ထိုင်းစစ်သည်များ ပိုမိုဒဏ်ရာ ရရှိလာခြင်းက ထိုင်းလူမျိုးများ၏ ဒေါသနှင့် အမျိုးသားရေး စိတ်ဓာတ်ကို မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့သည်။
ဒီဇင်ဘာလ အစောပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားခဲ့ သည်။ နှစ်ဖက်စလုံးက တစ်ဖက်မှ အရင် စတင်ပစ်ခတ်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
တစ်ချိန်က အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သော ဖြစ်ရပ်များသည် ယခုအခါတွင်မူ အပြန်အလှန် လက်စားချေခြင်း နှင့် အန္တရာယ်ရှိသော စစ်ရေး ကစားကွက်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ပဋိပက္ခတစ်လျှောက်လုံးတွင် ကမ္ဘောဒီးယားသည် သတင်းအချက်အလက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး မီဒီယာများကို ကန့်သတ်ခြင်းနှင့် သေဆုံးသူနှင့် ဒဏ်ရာရသူစာရင်းကို လျှို့ဝှက်ထားခြင်းတို့ လုပ်ဆောင်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန်ကို တွေ့ရစဉ်
ကမ္ဘောဒီးယားသည် လူမှုမီဒီယာပေါ်တွင် ထိုင်းနိုင်ငံကို ကျူးကျော်သူအဖြစ် ပုံဖော်ပြီး အင်အားအလွန်အကျွံ သုံးသည်ဟု စွပ်စွဲကာ ဗျူဟာမြောက် လှုပ်ရှားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယား မီဒီယာများက ထိုင်းနိုင်ငံသည် ဓာတုလက်နက်များ သုံးစွဲနေသည်ဟုပင် စွပ်စွဲခဲ့ကြသည်။
သို့သော်လည်း ဂျီနီဗာမြို့တွင် ကျင်းပသော အော့တဝါကွန်ဗင်းရှင်း (Ottawa Convention) ညီလာခံ၌ ထိုင်းနိုင်ငံ က စုဆောင်းထားသည့် ကမ္ဘောဒီးယား၏ မြေမြှုပ်မိုင်း သက်သေ အထောက်အထားများကို တင်ပြနိုင်ခဲ့ချိန်မှသာ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။
ကမ္ဘောဒီးယား၏ လုပ်ရပ်များမှာ လူသိရှင်ကြား ပေါ်ပေါက်သွားခဲ့သည်။ ထိုအချိန်မှစ၍ ထိုင်းစစ်တပ်သည် ပိုမို ထိရောက်သော မဟာဗျူဟာမြောက် သတင်းစကားများဖြင့် တုန့်ပြန်လာနိုင်ခဲ့သည်။
ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းတွင် ထိုင်းနိုင်ငံသည် နယ်စပ် အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ် သတင်း စာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ပွင့်လင်းမြင်သာသော ချဉ်းကပ်မှုမျိုးကို ကျင့်သုံးခဲ့သည်။
သို့သော် သတင်းအချက်အလက် စစ်ပွဲ (Information War) တွင်မူ လူအများ၏ စိတ်ဝင်စားမှုကို ရရှိရန် နှေးကွေး နေဆဲ ဖြစ်သည်။
အကြောင်းမှာ ပြောရေးဆိုခွင့်ရှိသူ အများအပြားက တစ်ပြိုင်နက်တည်း စကားပြောနေကြပြီး၊ သတင်းတင်ဆက် သူများနှင့် ဝေဖန်သုံးသပ်သူများကလည်း နာရီအလိုက် ထွက်ပေါ်လာသော သတင်းများအပေါ် အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြခြင်းကြောင့် လူထုကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် အနူတင်သည် ၎င်း၏ ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး မြင့်တက်လာသည့် ဝေဖန်မှုများကို ရေရှည်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
ဒီဇင်ဘာ ၁၁ ရက်တွင် အတိုက်အခံ ပြည်သူ့ပါတီ၏ ထောက်ခံမှု ဆုံးရှုံးသွားပြီးနောက် အနူတင်သည် လွှတ်တော် ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သည်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့သဖြင့် ထိုင်းနိုင်ငံ သည် နိုင်ငံရေး အကျပ်အတည်း ကာလ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်းသို့ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့သည်။
ယခုတွင် အနုတင်သည် လက်ရှိ အာဏာရရှိထားသည့် အားသာချက်ကို အသုံးပြုပြီး ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရန် မျှော်လင့်နေသည်။
သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှာ ကြီးမားနေဆဲ ဖြစ်သည်။
ကမ္ဘောဒီးယား နယ်စပ်သည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် အခြေအနေတွင် ရှိနေပြီး၊ မြန်မာနိုင်ငံ၏ အခြေအနေ မှာလည်း မည်သို့ ဖြစ်လာမည်ကို ခန့်မှန်း၍ မရနိုင်သေးပေ။
မြန်မာနိုင်ငံတွင်မူ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ပထမအဆင့် မဲပေးမှုစတင်ခဲ့သည်။
ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘီလာရုစ်၊ နီကာရာဂွါ နှင့် ကာဇက်စတန် အပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လေ့လာရန် စေလွှတ်ခဲ့ကြသည်။
ဇန်နဝါရီ ၁၁ ရက်တွင် ဒုတိယအဆင့် မဲပေးမှုနှင့် ဇန်နဝါရီ ၂၅ ရက်တွင် နောက်ဆုံးအဆင့် မဲပေးမှုများ ပြုလုပ်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု ရှိလာမည်မှာ သေချာသည်။
တစ်ချိန်တည်းမှာပင် နိုဝင်ဘာလအတွင်း ဟတ်ယိုင် (Hat Yai) နှင့် ထိုင်းတောင်ပိုင်း တစ်ခွင်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရေကြီးမှုများသည် ဝန်ကြီးချုပ် အနူတင်၏ အစိုးရအပေါ် ဖိအားများ ကျရောက်ခဲ့သည်။
အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် နှောင့်နှေး ကြန့်ကြာခြင်းတို့ကြောင့် နိုင်ငံရေး အတိုက်အခံများနှင့် မီဒီယာများ၏ ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။
ရေကြီးမှုဒဏ်များ ကျရောက်ပြီးနောက် ကမ္ဘောဒီးယားနှင့် နယ်စပ်တိုက်ပွဲများမှာ တစ်ကျော့ပြန် စတင်လာခဲ့ပြီး ပိုမိုပြင်းထန်လာခဲ့သည်။
ထို့နောက် လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းက ဆင့်ကဲကျရောက်နေသော အကျပ်အတည်းများကြားတွင် နိုင်ငံကို နောက်ထပ် ရွေးကောက်ပွဲ သံသရာတစ်ခုထဲသို့ တွန်းပို့ရာရောက်ခဲ့သည်။
ရက်ပေါင်း ၂၀ ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက်၊ ဒီဇင်ဘာ ၂၇ တွင် ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို့နောက် အပစ်အခတ်ရပ်စဲပြီး ၇၂ နာရီကျော် ကြာမြင့်လာချိန်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးထားသည့် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ဒီဇင်ဘာ ၃၁ ရက်၌ ပြန်လွှတ်ပေးခဲ့သည်။
လာမည့် နှစ်များတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အနေဖြင့် အဖက်ဖက်မှ သဘောထား ကွဲလွဲမှုများကို ပြန်လည် စေ့စပ်ညှိနှိုင်းပြီး ရင်းနှီးသော ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် လိုအပ်မည်ဖြစ်သည်။
၂၀၂၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် နိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးမှာ စိုးရိမ်နေ ရဆဲ ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော အခြေအနေများကြားတွင် နိုင်ငံရေးစနစ်နှင့် လူ့အဖွဲ့အစည်းသည် ပြိုကွဲမသွားဘဲ စည်းလုံး ညီညွတ်စွာဖြင့် ရှေ့သို့ ဆက်လက် ချီတက်နေဆဲဖြစ်သည်မှာ အံ့ဩစရာပင် ဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံသည် မည်သို့သော အခက်အခဲမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြန်သည်။
မည်သည့် အခြေအနေမျိုးကိုမဆို ကြံကြံခံနိုင်သည့် "တက်ဖလွန် ထိုင်းနိုင်ငံ" (Teflon Thailand) ဟူသော ဂုဏ်ပုဒ်မှာ ယခုထက်တိုင် တောက်ပနေဆဲပင် ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ကြံ့ကြံ့ခံနိုင်ရည်ရှိမှုသည် ထိုင်းနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် နှင့် လူမှုစီးပွားရေးအရ ပိုမိုကောင်းမွန်လာစေရန် လုံလောက်ပါမည်လောဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။
သို့မဟုတ်ပါက ထိုကဲ့သို့သော ရှင်သန်နိုင်စွမ်းက မိမိတို့ကို အခက်အခဲများနှင့် အသားကျသွားစေနိုင်ပြီး ရှေ့လည်း မတိုးနိုင်၊ နောက်လည်း မဆုတ်နိုင်သည့် သံသရာ ဝဲဂယက်အတွင်း တစ်နှစ်ပြီး တစ်နှစ် လည်ပတ်နေမည့် အခြေအနေကို ရောက်ရှိသွားစေနိုင်သည်။
Source: Bangkok Post
- By CNI
- Category: ဆောင်းပါး
- Hits: 808
CNI International Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) ကို ရာထူးမှ ပြုတ်ကျစေခဲ့သည့် ဆူပူအုံကြွ မှုများ ဖြစ်ပွားခဲ့ပြီး တစ်နှစ်ခွဲခန့်အကြာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံရေး ပြန်လည် တည်ငြိမ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
သို့သော် ၂၀၂၄ ခုနှစ်က ဟာဆီနာ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှုများ အတွင်း ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် ရှာရစ်ဖ် အော့စ်မန် ဟာဒီ (Sharif Osman Hadi) သည် ဒါကာမြို့တော်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီးနောက် တင်းမာမှုများ ပြန်လည်မြင့်တက် လာခဲ့သည်။
ဟာဒီသည် ဒီဇင်ဘာ ၁၂ ရက်က ဒါကာမြို့တော်တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီးနောက် စင်္ကာပူ နိုင်ငံရှိ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူရင်း ဒီဇင်ဘာ ၁၈ ရက်၌ ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး အခင်းအကျင်းသည် ဆူပူအုံကြွမှုများ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ယခုအကြိမ် ရွေးကောက်ပွဲတွင်လည်း ထိုဖြစ်စဉ်များသည် ထူးမခြားနားပင် ဖြစ်လာလိမ့်မည်။
အစ္စလာမ်မစ်နိုင်ငံရေး အုပ်စုများ၏ အသံများသည် ပိုမိုကျယ်လောင်လာပြီး အိန္ဒိယဆန့်ကျင်ရေး လှိုင်းလုံးသည် လည်း ပိုမိုအားကောင်းလာခဲ့သဖြင့် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက် စေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ တင်းမာမှုမှ ထွက်ပေါ်လာမည့် ရလဒ်များသည် ဒေသတစ်ခုလုံးကို ရိုက်ခတ်သွားစေနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယ ဆက်ဆံရေး သာမကဘဲ တောင်အာရှ၏ ကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး အခြေအနေ၊ တရုတ်နှင့် ဆက်ဆံရေးတို့ကိုပါ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကိုတွေ့ရစဉ်
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို လှစ်ဟပြနေသည့် အကျပ်အတည်း
****************************************************************
ဟာစီနာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၏ ဆက်ဆံရေးသည် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုဖြစ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်က ဟာဆီနာသည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ဟာဆီနာသည် ဆန္ဒပြမှုများအတွင်း လူပေါင်းများစွာ သေဆုံးခဲ့သည့် အင်အားသုံး ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး နိုဝင်ဘာလက သေဒဏ် ချမှတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ခံရနိုင်ခြေမရှိပေ။
ဘင်္ဂလားဒေ့ရှ်အစိုးရကမူ ဟာဆီနာကို လွှဲပြောင်းအပ်နှံရန် အိန္ဒိယကို တောင်းဆိုထားသော်လည်း အိန္ဒိယက တုန့်ပြန်ခြင်း မရှိခဲ့ပေ။
ထိုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည့် ဖြစ်စဉ်မှာ ဒေါသထွက်နေသည့် လူအုပ်ကြီးသည် ဟာဒီ လုပ်ကြံသတ်ဖြတ် ခံရမှုနှင့်ပတ်သက်ပြီး အိန္ဒိယအပေါ် အပြစ်ပုံချခဲ့ခြင်းဖြစ်သည်။
ဟာဒီ သေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ဒေါသထွက်နေသည့် လူအုပ်ကြီးက အိန္ဒိယလိုလားသည်ဟု စွပ်စွဲခဲ့သော သတင်းစာတိုက်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဟိန္ဒိူအမျိုးသားတစ်ဦးသည် အုပ်စုလိုက် ဝိုင်းဝန်း သတ်ဖြတ်ခံခဲ့ရသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် နောက်ထပ် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုတာလက် ဆစ်ဒါး (Motaleb Sikder) သည် ဦးခေါင်းကို သေနတ်ထိမှန်ခဲ့သည်။
သို့သော် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား တင်းမာမှုများသည် လွန်လေသော နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ လွတ်လပ်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက တစ်နိုင်ငံ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုခဲ့ ကြသည်။
အိန္ဒိယကမူ ဘင်္ဂလားဒေ့ရှ်သည် ကျေးဇူးမသိတတ်ကြောင်း ယူဆထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယ၏ မတူသလို၊ မတန်သလို ဆက်ဆံမှုကို မကျေနပ်ခဲ့ပေ။
ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယသည် တရားမဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းများကို အတင်းအကျပ် နေရပ်ပြန်ပို့ခဲ့ သည်။ ဝေဖန်ရေးသမားများကမူ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းများအား နေရပ်ပြန်ပို့သည့် အိန္ဒိယ၏ လုပ်ဆောင် ချက်သည် တရားရေး လုပ်ငန်းစဉ်များ အားနည်းနေကြောင်း ဝေဖန်ခဲ့ကြသည်။
ဟာဆီနာနှင့် ၎င်း၏ Awami League ပါတီတို့ ဖြုတ်ချခံခဲ့ရပြီး ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမား အချို့သည် အိန္ဒိယဆန့်ကျင်ရေး မှတ်ချက်များကို အရှိန်မြှင့် ပြောဆိုလာခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် သံတမန်ရေးအရ အဖုအထစ်ဖြစ်စေသည့် မှတ်ချက်များကို ပြောခဲ့ပြီး ဘာသာရေး အငြင်းပွားမှုများလည်း ယှက်နွယ်လာခဲ့သည်။

အကြီးဆုံးသားဖြစ်သူ တာရစ် ရာမန်ကို တွေ့ရစဉ်
တရုတ်နှင့် ပါကစ္စတန်တို့၏ အခန်းကဏ္ဍ
*************************************
ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် ဆက်ဆံရေး ကောင်းမွန်နေချိန်က တရုတ်၊ ပါကစ္စတန်တို့နှင့် ဆက်ဆံရေးကို အဆင်မပြေသည့် ပုံစံမျိုးကို ပြသခဲ့သည်။
ထိုအချက်ကြောင့် အိန္ဒိယသည် ဟာဆီနာနှင့် Awami League ကို ဆယ်စုနှစ်နှင့်ချီ ထောက်ခံခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် လက်ရှိ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) သည် မတ်လအတွင်းက တရုတ်သို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်သည် ဟာဆီနာ အစိုးရအလွန် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် ကြား ဆက်ဆံရေးကို ပြန်လည်ချိန်ညှိခြင်းဖြစ်ကြောင်း ယူဆခံခဲ့ရသည်။
ယူနွတ်၏ တရုတ်ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်သည့် တရုတ်သည် ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ တန်ဖိုးရှိသည့် ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ထောက်ပံ့မှုများ ပေးမည်ဟု ကတိပြုခဲ့သည်။
ထို့နောက် ဇွန်လတွင် တရုတ်နိုင်ငံ ကူမင်း (Kunming) မြို့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး များသည် တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ယခင် ဟာဆီနာနှင့် Awami League ပါတီတို့က ဦးဆောင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လက်ရှိ ယူနွတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို နှိုင်းယှဉ်ကြည့်ပါက ယူနွတ်အစိုးရအဖွဲ့သည် အိန္ဒိယ၏ ရန်ဘက် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုနီးစပ်လာခဲ့သည်။
နိုဝင်ဘာလကလည်း ပါကစ္စတန် ရေတပ် သင်္ဘောတစ်စင်းသည် ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်၏ ချက်တိုဂရမ် (Chattogram) မြို့၏ ကမ်းလွန်ရေပြင်တွင် ကျောက်ချရပ်နားခဲ့သည်။
ထိုဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် လွတ်လပ်ရေး မရမီက အရှေ့ပါကစ္စတန်ဟု လူသိများခဲ့သည့် ဒေသကို ပါကစ္စတန်စစ်တပ်က လာရောက်ခဲ့သည့် ၁၉၇၁ ခုနှစ်နောက်ပိုင်း ပထမဆုံး ပါကစ္စတန်ရေတပ်သင်္ဘော လာရောက်မှုဖြစ်သည်။
ဟာဆီနာသည် အစ္စလာမ်အစွန်းရောက်မှုကို ဘေးချိတ်ပြီး ရန်လိုသည့် ပတ်ဝန်းကျင်တွင် တည်ငြိမ်စွာ ကိုင်တွယ် ဖြေရှင်းခဲ့ကာ စစ်ဘက်-အရပ်ဘက် ဟန်ချက်ညီမှုကို ထိန်းသိမ်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေး၊ ပထဝီ နိုင်ငံရေး အခြေအနေတို့တွင် ခန့်မှန်းနိုင်သည့် အနေအထားမျိုး ဖန်တီးနိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဘာသာရေး မနွယ်သည့် အသိုင်းအဝိုင်းများနှင့် ဘာသာရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီများကြား၊ အရပ်ဘက်နိုင်ငံတော်နှင့် စစ်တပ်၊ လုံခြုံရေး အေဂျင်စီများကြားတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော မကျေနပ် ချက်များနှင့် ပြည်တွင်း တင်းမာမှုများသည် ကြီးထွားလာခဲ့သည်။
ယခုအခါ Awami League ကို ဖြုတ်ချလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) သည် ဖေဖော်ဝါရီ ရွေးကောက်ပွဲအပြီးတွင် အစိုးရဖွဲ့ရန်နှင့် ဦးဆောင်ရန် မဲရလဒ် အလုံအလောက်ဖြင့် အနိုင်ရမည်ဟု မျှော်လင့်ထားသည်။
BNP ခေါင်းဆောင်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) ၏ အကြီးဆုံးသားဖြစ်သူ တာရစ် ရာမန် (Tarique Rahman) သည် ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။
တစ်ချိန်က ဟာဆီနာ အစိုးရအဖွဲ့၏ ပိတ်ပင်ခြင်း ခံခဲ့ရသည့် သဘောထား တင်းမာသော ဘာသာရေးပါတီဖြစ် သည့် Jamaat-e-Islami Bangladesh (JIB) သည် ဟာဆီနာ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း အင်အားကြီးထွားလာ ခဲ့သည်။
ထို့ကြောင့် JIB ပါတီသည် BNP ပါတီ၏ စိန်ခေါ်မှု ဖြစ်လာနိုင်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်
ရွေးချယ်ခွင့် နည်းပါးခြင်း
**********************
အိန္ဒိယရော ဘင်္ဂလားဒေ့ရှ်နိုင်ငံပါ ပထဝီနိုင်ငံရေး၏ လက်ရှိ အမှန်တရားဖြစ်သည့် တည်ငြိမ်သည့် အိမ်နီးချင်း ဆက်ဆံရေးကို ထူထောင်ရန် လိုအပ်သော အချက်အောက်မှ ရှောင်လွှဲပြေးနိုင်မည် မဟုတ်ပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၂၇၁ ကီလိုမီတာ နယ်စပ်ဒေသမှလွဲပြီး ကျန်သည့် ၄,၀၀၀ ကီလိုမီတာရှည်လျားသော နယ်စပ်တစ်လျှောက်လုံးတွင် အိန္ဒိယနိုင်ငံ၏ ဝန်းရံခြင်းကို ခံထားရသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသသည် မြို့တော်နယူးဒေလီနှင့် ယဉ်ကျေးမှုအရရော ပထဝီဝင်အရပါ အလှမ်းကွာဝေးနေပြီး မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုကို ခံရနိုင်ခြေရှိသည့်အပြင် တရုတ်နိုင်ငံကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အချို့နယ်မြေ အစိတ်အပိုင်းများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။
အိန္ဒိယအတွက် စိန်ခေါ်မှုမှာ ၎င်း၏ အရှေ့မြောက်ပိုင်းဒေသကို အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းသို့ ဆက်သွယ် ပေးမည့် လမ်းကြောင်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး တည်ငြိမ်မှုသည် မရှိမဖြစ် အခန်းကဏ္ဍတွင် ပါဝင်နေသည်။
အကယ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မတည်မငြိမ်ဖြစ်ပါက လက်နက်ကိုင် သောင်းကျန်းမှုများသည် နယ်စပ်များကို ကျော်ဖြတ် ပျံ့နှံ့သွားမည်ဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ခွဲထွက်ရေးသမားများကို ခိုလှုံခွင့် ရရှိစေလိမ့်မည် ဖြစ်ကြောင်း အသစ်ဖွဲ့စည်းခဲ့သည့် National Citizen Party (NCP) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမား ဟတ်စနတ် အဗ္ဗဒူလာ (Hasnat Abdullah) က ပြီးခဲ့သည့်အပတ်က ဒါကာမြို့တွင် ပြုလုပ်သော လူထုစည်းဝေးပွဲတစ်ခု၌ သတိပေးခဲ့သည်။
၎င်း၏ ပြောကြားချက်သည် အိန္ဒိယအစိုးရအတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ ကြား ဆက်ဆံရေး ပျက်ပြားသွားခြင်းကို တရုတ်နှင့် ပါကစ္စတန်တို့က အခွင့်ကောင်းယူ အသုံးချသွားမည်ကို အိန္ဒိယကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
လက်ရှိအချိန်တွင် အိန္ဒိယ၏ တုန့်ပြန်မှုသည် ဥပဒေကြောင်းအရ ခိုင်မာပြီး မဟာဗျူဟာမြောက် အမြော်အမြင် ရှိရှိဖြင့် စနစ်တကျ ချိန်ဆထားသည့် ထိတွေ့ဆက်ဆံမှုအပေါ် အခြေခံရမည်ဟု ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းဖြစ်ပြီး လက်ရှိ အိန္ဒိယအထက်လွှတ်တော်အမတ် ဟာ့ရှ် ဗာဒန် ရှရင်ဂလာ (Harsh Vardhan Shringla) က ဒေလီအခြေစိုက် သတင်းစာတစ်စောင်တွင် ရေးသားဖော်ပြခဲ့သည်။
"နောက်ဆုံးမှာတော့ ရွေးကောက်ပွဲပြီးသွားရင် အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်အစိုးရတက်တက် ဆွေးနွေး ရမှာပဲ။ ဘာလို့လဲဆိုတော့ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ကို ဦးတည်ချက်မဲ့အောင် ပစ်ထားလို့မရသလို တရုတ်ဘက် ကို အပြီးအပိုင် ပါသွားအောင်လည်း အဖြစ်မခံနိုင်လို့ပဲ" ဟု ဝါရှင်တန်ရှိ Hudson Institute မှ အိန္ဒိယနှင့် တောင်အာရှရေးရာ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာ အပါနာ ပန်ဒီ (Dr Aparna Pande) က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၌ ရွေးကောက်ပွဲ အကြိုကာလတွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာနိုင်ခြေ ရှိနေသည်။
သို့သော် ဤအကျပ်အတည်းသည် ပိုမိုထိခိုက်လွယ်လာသော ဒေသတွင်း အခြေအနေများအတွက် သင်ခန်းစာကြီး တစ်ခုလည်း ဖြစ်သည်။
မကြာသေးမီ လများအတွင်း အိမ်နီးချင်း နိုင်ငံများအကြား နယ်စပ်ပဋိပက္ခနှစ်ခု (အိန္ဒိယ-ပါကစ္စတန် ၊ ထိုင်း-ကမ္ဘောဒီးယား) ပေါ်ပေါက်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း ကာလရှည် ပြည်တွင်းစစ် ဖြစ်ပွားနေသည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး မတည်ငြိမ်မှု အန္တရာယ်သည် ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် သာမက ဒေသ တစ်ခုလုံး အတွက်ပါ လျှော့တွက်၍ မရနိုင်သော အန္တရာယ်တစ်ခုဖြစ်ပေသည်။
Source: CAN
