
- By CNI
- Category: ဆောင်းပါး
- Hits: 947
CNI International Article
ဝါရှင်တန်၊ ဒီဇင်ဘာ ၆
တရုတ်၏ သွင်းကုန်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်း၊ ကျန်နိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု ကတိပြုခဲ့သည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မဲဆွယ် ကတိကဝတ်သည် အများပြည်သူများအကြား အငြင်းအခုန်များကို ဖြစ်ပွားစေခဲ့သည်။
ထိုမူဝါဒများသည် အမှန်တကယ် ဆိုးရွားနေခြင်း ဟုတ်၊ မဟုတ်ကို အချေအတင် ဆွေးနွေးမှုများ ပေါ်ပေါက် လာခဲ့သည်။
ထိုအခွန်ကောက်ခံမှုသည် စားသုံးခွန်ဖြစ်ပြီး စီးပွားရေးပညာရှင်အများစုက စားသုံးခွန်ကို ဝင်ငွေခွန်ထက် ပိုမို ဦးစားပေးလေ့ရှိသည်။
သို့သော် သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသော အခွန်တွင် သိသာသည့် အားနည်းချက်များလည်း ရှိသည်။
ပြည်ပမှ တင်ပို့လာသော သွင်းကုန်များအပေါ် ကောက်ခံသည့် အခွန်ဖြစ်သဖြင့် ယင်းကုန်စည်များသည် စျေးကွက် များကို ပုံစံပျက်သွားစေနိုင်သည်။
အကျိုးများသည့် ပြည်ပ ကုန်စည် ထုတ်လုပ်သူထံမှ အားနည်းသော ပြည်တွင်း ကုမ္ပဏီများထံ အရင်းအမြစ်များ ပြောင်းလဲသွားခြင်းဖြင့် စျေးကွက်ကို ထိခိုက်စေမည်ဖြစ်သည်။
ထိုကဲ့သို့ အားနည်းသည့် အခြေအနေက စားသုံးသူများကို ထိခိုက်စေမည်ဖြစ်သည်။
စားသုံးခွန်များကဲ့သို့ သွင်းကုန် စည်းကြပ်ခွန်များသည် ခေတ်နောက်ပြန်ဆွဲ နေခြင်းဖြစ်ပြီး ဝင်ငွေနည်းသည့် အိမ်ထောင်စုများအပေါ် ဝန်ပိ စေမည်ဖြစ်သည်။
တိုးတက်နေသည့် နိုင်ငံများတွင် ဂလိုဘယ်လိုက်ဇေးရှင်းကို ဝေဖန်သူများက စိုးရိမ်နေကြသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကုန်သွယ်ရေး ဖြေလျှော့မှုများမှ ရရှိသည့် အကျိုးအမြတ်သည် အနည်းငယ်သာရှိပြီး ဆိုးကျိုးနှင့် ကောင်းကျိုးမှာ တန်းတူသာရှိနေကြောင်း ဝေဖန်ခဲ့ကြသည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်စားသုံးသူများသည် ပြည်ပမှ သွင်းကုန်များ အထူးသဖြင့် တရုတ်၏ သွင်းကုန်များကို စျေးနှုန်း သက်သက်သာသာဖြင့် ဝယ်ယူနိုင်သည့် အကျိုးအမြတ်များ ရရှိခဲ့ချိန်တွင် တစ်ဖက်တွင်လည်း သွင်းကုန် ယှဉ်ပြိုင်မှု၏ သက်ရောက်မှုများကို ခံရသည့် နေရာများ၌ စက်ရုံများပိတ်ခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးခြင်း အစရှိသည့် ဆိုးကျိုးများလည်း ရှိခဲ့သည်။
ထိုကဲ့သို့ အချေအတင် ဆွေးနွေးမှုများနှင့်အတူ ပြဿနာတစ်ခုမှာ ၎င်းတို့သည် လက်ရှိ ကျယ်ပြန့်သော အမြင်ဖြင့် စီးပွားရေးဆိုင်ရာ လေ့လာမှုနှင့် ဆက်စပ်စဉ်းစားရမည့် အခြေအနေကို လျစ်လျှူရှုထားကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၃ နှစ်အတွင်း ငွေကြေးဖာင်းပွမှု အခြေအနေက စားသုံးသူကဏ္ဍတွင် ထိလွယ်ရှလွယ်ရှိသည့် စျေးနှုန်း အပြောင်းအလဲများကို မြင့်တက်စေခဲ့သည်။
လက်ရှိတွင် မဲဆန္ဒရှင်များအကြား သွင်းကုန်စည်းကြပ်ခွန်သည် စျေးနှုန်းများကို မည်သို့မည်ပုံ မြင့်တက် စေသည်ဆိုသည့် အချက်ကို သတိထားမိလာကြပြီ ဖြစ်သည်။
သွင်းကုန်စည်းကြပ်ခွန်ကို ထောက်ခံသူများကမူ တရုတ်သည် ဖြစ်လာနိုင်ခြေရှိသည့် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး များကို ခံနိုင်ကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ၂၀၁၈-၂၀၁၉ သွင်းကုန် စည်းကြပ်ခွန် ကောက်မှု၏ ရလဒ်များအရ အမေရိကန် စားသုံးသူများ ဘက်မှ ပိုပြီးအထိနာခဲ့သည်ကို ပြသနေသည်။
အကယ်၍ အမေရိကန်စျေးနှုန်းများ မပြောင်းလဲဘဲ ဆက်ထားမည် ဆိုသည့်တိုင် မမျှော်မှန်းနိုင်သည့် နောက်ဆက် တွဲ အကျိုးဆက်များလည်း ရှိလာနိုင်သည်။
သွင်းကုန်စည်းကြပ်ခွန်ကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံမည်ဆိုပါက တရုတ်၏ ငွေတန်ဖိုးကို ကျဆင်းစေမည် ဖြစ်သည်။
ထိုအချိန်တွင် တန်ဖိုးမမြင့်သည့် ဒေါ်လာကြောင့် တရုတ်သွင်းကုန်များသည် စျေးပေါလာမည်ဖြစ်သည်။
ထိုအခြေအနေက အမေရိကန်၏ ထုတ်ကုန်ကဏ္ဍ မြှင့်တင်ရေး ရည်မှန်းချက်ကို အားနည်းစေမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဒေါ်လာငွေတန်ဖိုး မာနေခြင်းက အမေရိကန်၏ ပို့ကုန်ကဏ္ဍအပေါ် ထိခိုက်စေမည်ဖြစ်ကာ ကုန်သွယ်ရေး လိုငွေပြမှုကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။
သွင်းကုန်စည်းကြပ်ခွန်များသည် ကုန်ထုတ်လုပ်မှုကို မူလ အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရေး၊ ကုန်သွယ်ရေး လိုငွေပြမှုလျှော့ချရေး၊ ဝင်ငွေများရရှိရေး၊ တရုတ်အပေါ် မှီခိုအားထားမှု လျှော့ချရေးနှင့် တရုတ်အား ဆွေးနွေးညှိနှိုင်းရန် တွန်းအားဖြစ်စေရေးကဲ့သို့ ရည်ရွယ်ချက် အများအပြားအတွက် ဖြစ်သည်ဟု နိုင်ငံရေးသမား များက ပြောကြားနေသည်။
မည်သို့ပင်ဆိုစေ ထိုရည်ရွယ်ချက်များသည် တစ်ခုနှစ်တစ်ခု ပွတ်တိုက်မှုများလည်း ရှိလာနိုင်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
သွင်းကုန် စည်းကြပ်ခွန်သည် အခွန်များကို တိုးမြှင့်ခြင်းဖြင့် အမေရိကန်၏ စီးပွားရေးကို သက်ရောက်မှုရှိစေသည်။
အမေရိကန်၏ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး၊ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရေးတို့အတွက် သွင်းကုန်စည်းကြပ်ခွန်ကို တိုးမြှင့်ရမည်ဟု နိုင်ငံရေးသမားများက ပြောနေကြသည်။
သို့သော် ထိုအယူအဆသည် ယနေ့ ခေတ်ကာလတွင် နိုင်ငံရေးအရ အဆိပ်အတောက်ဖြစ်စေသည့် အကျိုးရလဒ် တစ်ခုဖြစ်သည်။
တရုတ်အပေါ် အမေရိကန်၏ မှီခိုမှုကို လျှော့ချရေးသည် အလွန်ရှုပ်ထွေးလှသည်။
တရုတ်လုပ် အလယ်အလတ်တန်းစား ကုန်စည်များသည် တတိယနိုင်ငံများမှတဆင့် အမေရိကန်ကို တင်ပို့သည့် ပို့ကုန်အများစုတွင် ကြားညှပ်ပါဝင်ခဲ့သည်။
၂၀၁၈-၁၉ ခုနှစ်အတွင်း တရုတ်နှင့် အခြားနိုင်ငံများသည် သွင်းကုန် စည်းကြပ်ခွန် တိုးမြှင့်ခံခဲ့ရသည့်တိုင် ပို့ကုန် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့သည်။
ထရမ့်က အဆိုပြုခဲ့သည့် သွင်းကုန်စည်းကြပ်ခွန် အသစ်များသည် တရုတ်၏ ပို့ကုန်များကိုသာ တိုက်ရိုက် ထိခိုက် နိုင်ခြေရှိပြီး အခြားနိုင်ငံများကို တိုက်ရိုက် ထိခိုက်ဖွယ်မရှိပေ။
သွင်းကုန်စည်းကြပ်ခွန်ကို အသုံးပြုပြီး ဝင်ငွေကို မြှင့်တင်မည့် အိုင်ဒီယာသည် စိတ်ဝင်စားစရာ ကောင်းသော် လည်း အားနည်းချက်များရှိခဲ့သည်။
သွင်းကုန်စည်းကြပ်ခွန်သည် ဝင်ငွေခွန်နေရာကို အစားမဝင်နိုင်ပေ။
ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် ဝင်ငွေခွန်သည် သွင်းကုန်များထက် ပိုမိုကြီးမားနေခြင်းကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သွင်းကုန်စည်းကြပ်ခွန် တိုးမြှင့်မှုကို ရေတိုမဟာဗျူဟာအနေဖြင့် အသုံးပြုမည်ဆိုပါက တရုတ် အပေါ် စီးပွားရေးဖိအားများ ပေးနိုင်မည်ဖြစ်ကာ ဝင်ငွေအချိုကလည်း ရရှိနိုင်သည်။
သွင်းကုန်စည်းကြပ်ခွန်သည် ဆွေးနွေးညှိနှိုင်းမှုများတွင် အမေရိကန်အတွက် အသာစီးရစေခဲ့သည်။
၂၀၁၈-၂၀၁၉ စည်းကြပ်ခွန်ကာလက တရုတ်နှင့် အမေရိကန်အကြား သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး တရုတ် သည် အမေရိကန်၏ ကုန်စည်များကို ပိုမိုဝယ်ယူရန်နှင့် အသိဉာဏ်ပစ္စည်းများကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် ကတိပေးခဲ့ရသည်။
မည်သို့ပင်ဆိုစေ စည်းကြပ်ခွန် တိုးမြှင့်ခြင်းသည် အမေရိကန်အတွက်လည်း နောက်ဆက်တွဲ ဆိုးကျိုးအချို့ရှိ သည်။
ဥပမာအားဖြင့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ထိခိုက်ခြင်း၊ တင်းမာမှုများကို မြင့်တက်စေခြင်း၊ တရုတ်ကို ရုရှား၊ အီရန်တို့နှင့် ဆက်ဆံရေး ပိုမိုနီးစပ်သွားစေခြင်းနှင့် အာရှဆန့်ကျင်ရေး သဘောထားများ ပြန့်နှံ့လာခြင်း အစရှိသည့် ဆိုးကျိုးများရှိခဲ့သည်။
ထို့ကြောင့် အမေရိကန်အနေဖြင့် သွင်းကုန်စည်းကြပ်ခွန်နှင့်ပတ်သက်ပြီး ၎င်းတို့လိုချင်သည့် ရည်ရွယ်ချက်များကို မဟာဗျူဟာ သေချာရေးဆွဲပြီး ဟန်ချက်ညီညီ ချမှတ်ကျင့်သုံးရန်လိုအပ်ပေသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 1414
CNI International Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉
မကြာသေးမီက ရုရှားနိုင်ငံအတွင်းပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား အမေရိကန်လုပ် ATACMS ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့သည့် ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ကြောင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်ပြီး ဘိုင်ဒန်အစိုးရအဖွဲ့သည် ဘာတွေ ကြံနေသလဲဆိုသည့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
ထိုလက်နက်များသည် စစ်ရေးအရ တန်ဖိုးကြီးမားသည်ကို လက်ခံရမည်ဖြစ်သော်လည်း လက်နက်များ အသုံး ပြုခွင့်ပေးသည့် အချိန်နှင့် မဟာဗျူဟာ ရှုပ်ထွေးမှုများကြောင့် ဘိုင်ဒန်အစိုးရအဖွဲ့၏ ကျယ်ပြန့်သော ရည်မှန်းချက် များကို ကျွမ်းကျင်သူများက မေးခွန်းထုတ်လာခဲ့ကြသည်။
စစ်ရေးရှုထောင့်မှ ကြည့်မည်ဆိုပါက ATACMS ဒုံးကျည်များ၏ သက်ရောက်မှုကို အတိအကျ သိရဖွယ် မရှိသော် လည်း ထိုဒုံးကျည်များသည် ယူကရိန်းအတွက် တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို မြင့်တက်စေမည်ဖြစ်သည်။
ထိုဒုံးကျည်များနှင့် ယူကရိန်းက တောင်းဆိုထားသည့် လက်နက်စနစ်များကို စစ်ပွဲအစပိုင်း ကတည်းက အသုံးပြု ခွင့်ပေးခဲ့မည်ဆိုပါက ယူကရိန်းအတွက် အသာစီးရနိုင်သော အနေအထားတွင် ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် ရုရှားသည် ခံစစ်ကို အခိုင်အမာ ပြင်ထားခဲ့ပြီဖြစ်သဖြင့် ယူကရိန်းတပ်ဖွဲ့များသည် မြင့်တက်လာသည့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ဘိုင်ဒန်အစိုးရအဖွဲ့များက ထိုကဲ့သို့သော အဓိကလက်နက်များကို ထောက်ပံ့ပေးရန် နှောင့်နှေးခဲ့ခြင်းသည် အခွင့်အရေးကို ဖြုန်းတီးပစ်ရာ ရောက်နေသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
မကြာသေးမီက မြေမြှုပ်မိုင်းများ ထောက်ပံ့မှုကဲ့သို့ အမေရိကန်၏ လုပ်ဆောင်ချက်များအရ အမေရိကန်သည် ယူကရိန်းအတွက် ဆိုးရွားနေသည့် စစ်မြေပြင် အခြေအနေကို ချိန်ညှိရန် ရုန်းကန်နေရပုံအား ပြသနေသည်။
အမေရိကန်အစိုးရကမူ ၎င်းတို့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ဖြေရှင်းချက် အနည်းငယ်သာ ပေးခဲ့သဖြင့် လေ့လာသူများအကြား အဓိက သီအိုရီ ၂ ခု ပေါ်ထွက်လာခဲ့သည်။
ပထမသီအိုရီမှာ အမေရိကန်သည် ရုရှားကို အပြစ်ပေးရန်အတွက် ယူကရိန်းအား ATACMS ဒုံးကျည်များ အသုံးပြု ခွင့်ပေးပြီး ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ရုရှားက မြောက်ကိုရီးယားစစ်သားများကို ယူကရိန်းတွင် ဖြန့်ကြက်ချထားမှု၊ အီရန်နှင့် တရုတ်ထံမှ စစ်ရေး အထောက်အပံ့များကို ဆက်လက် ရယူနေမှုတို့ကို တုန့်ပြန်ရန် ATACMS ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့ ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများ ပြောကြားခဲ့သည်။
ဒုတိယသီအိုရီမှာ နောက်တက်လာမည့် ထရမ့်အစိုးရအဖွဲ့ကို အကြပ်ရိုက်စေရန် ဖြစ်သည်။
ထရမ့်သည် အာဏာရလာခဲ့မည်ဆိုပါက ယူကရိန်းအတွက် အမေရိကန်၏ ထောက်ပံ့မှုကို လျှော့ချခြင်း၊ ယူကရိန်း ကို ဖိအားပေးပြီး ရုရှားနှင့် သဘောတူညီချက်ရရန် ညှိနှိုင်းခြင်းတို့ ပြုလုပ်လာနိုင်သည်။
ထိုအခြေအနေကို ဟန့်တားရန်နှင့် ယူကရိန်းကို ရောင်းစားမည့် ထရမ့်၏ ရည်ရွယ်ချက်ကို အခက်တွေ့စေရန် ATACMS ဒုံးကျည်များ အသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများ သုံးသပ်ခဲ့ကြသည်။
ATACMS ဒုံးကျည် ပစ်လွှတ်နေစဉ်
သို့သော် ထိုသီအိုရီ ၂ ခုစလုံးသည် အရဲစွန့်လုပ်ရသည့် လှုပ်ရှားမှုဖြစ်သည်။ အထူးသဖြင့် နျူကလီးယား အန္တရာယ် လည်း ပိုမိုမြင့်တက်လာခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အနေဖြင့်လည်း ထိုအခြေအနေမျိုးကို ထိုင်ကြည့်နေမည် မဟုတ်ပေ။
အမေရိကန်က ယူကရိန်းကို ATACMS ဒုံးကျည်များ အသုံးပြုခွင့်ပေးကြောင်း ကြေညာချက်နှင့်အတူ ပူတင် ကလည်း နျူကလီးယား လက်နက်များ အသုံးပြုသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထို့ကြောင့် ATACMS ဒုံးကျည်များ အသုံးပြုခွင့်ပေးသည့် ဆုံးဖြတ်ချက်သည် ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒတွင် ကျယ်ပြန့်သည့် ဆန်းစစ်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ပရမ်းပတာ ဆုတ်ခွာသွားခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ကမ္ဘာ့စင်မြင့် ထက်တွင် အမေရိကန်အပေါ် မှီခိုအားထားနိုင်စွမ်းသည် လျော့ကျသွားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသသည် တည်ငြိမ်သွားပြီဟု ပြောကြားနေသည့် အမေရိကန်အရာရှိများ၏ အသံများ ပျောက်ကွယ်မသွားမီ အချိန်မှာပင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစပြီး အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားလာခဲ့သည်။
ထိုအချိန်တွင် ပူတင်သည် အနောက်နိုင်ငံများ၏ ပျော့ကွက်ကို နင်းပြီး အရှေ့အလယ်ပိုင်းဒေသနှင့် ယခင် ဆိုဗီယက် ပြည်ထောင်စု နယ်စပ်တစ်လျှောက် ဒေသတွင်းနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးမှု ပြန်လည်ထိန်းသိမ်းရန် လုပ်ဆောင်နေသည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ထို့ပြင် ရုရှား-တရုတ်-အီရန်-မြောက်ကိုရီးယားအကြား မဟာမိတ်ဆက်ဆံရေး ပိုမိုမြင့်တက်လာသည့် အခြေအနေ သည် အနောက်ဒီမိုကရေစီ နိုင်ငံများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။
မြောက်ကိုရီးယားစစ်သားများ ရုရှားသို့ ရောက်ရှိလာမှု၊ အာဖရိကနှင့် လက်တင်အမေရိကတွင် တရုတ်၏ နိုင်ငံရေး ဩဇာ ကြီးမားလာမှုများသည် အနောက်နိုင်ငံများအတွက် စိုးရိမ်စရာ အခြေအနေများဖြစ်သည်။
တည်ငြိမ်မှုနှင့် လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားမည်ဟု ကတိပြုခဲ့သည့် ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒအဖွဲ့သည် လက်ရှိတွင် ပဋိပက္ခကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်သည့် အခြေအနေများအတွက် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေ ရသည်။
ဘိုင်ဒန်အစိုးရအဖွဲ့အနေဖြင့် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယူကရိန်းအား ATACMS ဒုံးကျည်များ အသုံးပြုခွင့် ပေးခြင်းသည် တတိယကမ္ဘာစစ် ဖြစ်လာနိုင်မည့် အခြေအနေအထိ စိုးရိမ်မှုများကို မြင့်တက်စေခဲ့ သည်။
လာမည့်နှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် စတင်ရုံးထိုင်မည့် ထရမ့်အနေဖြင့် အလွန်အက်ကွဲနေသည့် ပထဝီ နိုင်ငံရေး အခင်းအကျင်းကို ဘိုင်ဒန်အစိုးရအဖွဲ့ထံမှ အမွေဆက်ခံရမည် ဖြစ်သည်။
ထရမ့်သည် ဘိုင်ဒန်အစိုးရအဖွဲ့ ရှုပ်ထားခဲ့သမျှကို ရှင်းလင်းရမည်ဖြစ်သည်။ ထိုအရှုပ်များကို ရှင်းရန် ထရမ့် အတွက် ဂေါ်ပြားကြီးကြီး လိုအပ်လိမ့်မည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1719
CNI Sport Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉
ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ ကြီးစိုးနေခဲ့တဲ့ မန်စီးတီးအသင်းရဲ့ မကြာသေး ခင်က ရလဒ်တွေဟာ မယုံနိုင်လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၆ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဒီပွဲတွေမှာ ၅ ပွဲရှုံး၊ ၁ ပွဲ သရေကျကာ အလွန် ဆိုးရွားနေခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ အတွက်လည်း သူ့ရဲ့နည်းပြဘဝမှာ ဒီလောက်အထိ ဆိုးရွားတဲ့ မှတ်တမ်းမျိုး ကို အခုအချိန်မှ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖီယင်နုအသင်းကို ပွဲချိန် ၇၅ မိနစ်အထိ ၃ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာ ၃ ဂိုးစီ သရေကျခဲ့တာဟာ အားလုံးကို အံ့အားသင့်စေခဲ့တာပါ။
ပုံမှန်ဆိုရင် မန်စီးတီးအသင်းဟာ ၃ ဂိုးပြတ်နဲ့ နိုင်ပြီဆိုရင် ပွဲကို အကောင်းဆုံး ထိန်းချုပ်ကာ ဂိုးတောင် ထပ်သွင်း နိုင်မယ့် အခြေအနေမျိုးမှာရှိပေမယ့် အခုအခြေအနေဟာ ယုံကြည်မှုပါ ပျောက်ဆုံးနေပြီလို့ ထင်ရပါတယ်။
နည်းပြ ဂွာဒီယိုလာတောင် မန်စီးတီးအသင်းရဲ့ အခြေအနေကို စိတ်ပျက်ပြီး ဖီယင်နုအသင်းနဲ့ပွဲမှာ သူ့ရဲ့ဦးခေါင်းနဲ့ နှာခေါင်းကို ကုတ်ခြစ်ပြီး ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တာပါ။
မန်စီးတီးလို ထိပ်သီးအသင်းအတွက် ၆ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာဟာ တစ်စုံတစ်ခု မှားယွင်းနေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။
ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊ ကိုဗာချစ်၊ ရူဘင်ဒီယက်စ်တို့ ဒဏ်ရာရရှိနေပြီး ဒီဘရိုင်း၊ ဂရီလစ်ရှ်တို့ကလည်း မကြာသေးခင်ကမှ အသင်းအတွက် ပြန်ကစားနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာရင် ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့ လက်ရှိ လူစာရင်းက ဒီကစားသမားတွေ မပါရင်တောင် နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင်ရအောင် ယူနိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် နိုင်ပွဲရယူနိုင်ပေမယ့် ဒီရာသီမှာတော့ ကံကြမ္မာက သူတို့ဘက်မှာ ရှိမနေလောက်အောင် ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါကို ပြီးခဲ့တဲ့ ၆ ပွဲစလုံးမှာ တွေ့ခဲ့ရပြီး မန်စီးတီးအသင်းဟာ ဒီပွဲတွေမှာ အနိုင်ရယူနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်အသင်းတွေကို အခွင်အရေးတွေ ပြန်ပေးပြီး ရလဒ်တွေဆိုးခဲ့တာပါ။
မန်စီးတီးအသင်းအနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေကို အမြန်ဆုံး ပြန်ကောင်းအောင် လုပ်ဆောင် နိုင်မှသာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ သူတို့ရဲ့စိန်ခေါ်မှုတွေကို ပြန်ပြီးတွေ့ရမှာဖြစ်ပါတယ်။
မန်စီးတီးတိုက်စစ်မှု ဟာလန်းစိတ်ပျက်နေစဉ်
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် အမှတ်ပေးဇယား အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၈ မှတ် ကွာဟနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရပ်တည်နေတာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရေး နိမ့်ခဲ့ရင် ၁၁ မှတ်အထိ ကွာဟသွားမှာဖြစ်လို့ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ကြီးစိုးမှု အဆုံးသတ် သွားနိုင်တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ဟာ မန်စီးတီးအသင်းအတွက် အလွန်အရေးပါနေပြီး ရလဒ်ထပ်ဆိုးခဲ့ရင် သူတို့အတွက် အလွန်ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတော့မှာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း မန်စီးတီးအသင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး လက်ကျန် ၃ ပွဲမှာ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီအသင်းတို့နဲ့ တွေ့ဆုံရမယ့် ပွဲတွေ ပါဝင်နေတာကြောင့် အမှားအယွင်းတွေ ထပ်ပြီးလုပ်လို့ မရတော့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း ပွဲအပြီး အခြေအနေကို မြင်တွေ့ရစဉ်
မန်စီးတီးအသင်းအနေနဲ့ အမှားအယွင်းတွေလုပ်ပြီး ရလဒ်တွေ ထပ်ဆိုးခဲ့ရင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာ ရနိုင်မယ့် အခြေအနေနဲ့ ကြုံတွေ့ရနိုင်တာပါ။ အဲဒါကြောင့် လာမယ့်ပွဲတိုင်းဟာ မန်စီးတီးအသင်းအတွက် အလွန် အရေးပါနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
ဒါပေမယ့် မန်စီးတီးအသင်းဟာ ရလဒ်တွေ ကောင်းပြီဆိုရင်လည်း ဘယ်အသင်းကမှ ရပ်တန့်လို့ မရတော့တဲ့အထိ ဖြစ်ပြီး ရမှတ်တွေ အများကြီး ကွာဟနေတာတောင်မှ ချန်ပီယံဆုရယူနိုင်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့် မန်စီးတီးအသင်းဟာ အမှားအယွင်း ဖြစ်နေတဲ့ အရာတွေကို ပြင်ပြီး အရင်ကလို ပြန်လာနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 874
CNI International Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ယူကရိန်းအား ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့် ပေးခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် ယူကရိန်းအား ဂျာမနီလုပ် Taurus ဒုံးကျည်များပေးပို့ရန် ငြင်းဆိုခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) ၏ ဆုံးဖြတ်ချက်နှင့် သိသိသာသာ ဆန့်ကျင်ခဲ့သည်။
ထို့ကြောင့် ဂျာမနီအစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့ကာ ရှောဇ်၏ ပြည်တွင်း ထောက်ခံမှုနှုန်း အပေါ် ကြီးမားစွာ ထိခိုက်စေခဲ့သည်။
ဘိုင်ဒန်သည် ATACMS ဒုံကျည်များကို အသုံးပြုခွင့် ပေးတော့မည့် အခြေအနေကို ရှောဇ်က သိရှိခဲ့ဖွယ်ရှိသည်။
ထို့ကြောင့်ပင် ဘိုင်ဒန်က ATACMS ဒုံကျည်များကို ယူကရိန်းအား အသုံးပြုခွင့်မပေးမီ ရှောဇ်က ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဖုန်းဆက်သွယ် စကားပြောဆိုခဲ့ခြင်းဖြစ်သည်။
၁ နာရီခန့် ကြာမြင့်ခဲ့သည့် ရှောဇ်နှင့် ပူတင်တို့၏ ဖုန်းဆက် သွယ်ပြောဆိုမှုတွင် မည်သည့် အကြောင်းအရာများကို ပြောဆိုခဲ့သည်ဆိုခြင်းကိုမူ မည်သူကမျှ အတိအကျ မသိခဲ့ပေ။
ထို့ပြင် ပူတင်သည် ဂျာမန်ဘာသာစကား ပြောဆိုတတ်သဖြင့် ၎င်းတို့ ၂ ဦးအကြား ဖုန်းဆက်သွယ် ပြောဆိုမှုတွင် စကားပြန်မလိုဘဲ တိုက်ရိုက် ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ဘိုင်ဒန်၏ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ရုရှားက ပစ်မှတ်ထားမည့် စာရင်းထဲမှ ဂျာမနီနိုင်ငံကို ပယ်ဖျက် ပေးစေရန် ရှောဇ်က ဆန္ဒရှိနေပုံရသည်။
ရုရှားကလည်း ပွင့်ပွင့်လင်းလင်း ကြေညာထားပြီး ဖြစ်သည်။ အမေရိကန်လုပ် လက်နက်များဖြင့် ရုရှားမြေပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုသည် လုံးဝ လက်မခံနိုင်စရာကိစ္စ ဖြစ်ကြောင်းနှင့် နေတိုးသည် ရုရှားနှင့် တိုက်ရိုက် စစ်ပွဲ ဖြစ်ပွားနေသည်ဟု ယူဆမည်ဖြစ်ကြောင်း ပြောကြားထားသည်။
HIMARS ဒုံးပစ်စနစ်များဖြင့် ပစ်ခတ်ရသည့် ATACMS ဒုံးကျည်များကို ယူကရိန်းစစ်သားများက ထိန်းချုပ် ပစ်ခတ်ခြင်း မဟုတ်ဘဲ နေတိုးအဖွဲ့၏ နည်းပညာရှင်များက ထိန်းချုပ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ရုရှားက ပြောကြားခဲ့သည်။
ရုရှား၏ ပြောကြားချက်သည် ယုတ္တိတန်သည်။
အကယ်၍ ယူကရိန်းတပ်ဖွဲ့များသာ HIMARS လောင်ချများဖြင့် ATACMS ဒုံးကျည်များကို ထိန်းချုပ် ပစ်ခတ်နိုင်မည်ဆိုပါက ယူကရိန်းတပ်ဖွဲ့များသည် ကာ့စ် (Kursk) နျူကလီးယား စက်ရုံကဲ့သို့ ရုရှားပစ်မှတ်များကို အစောပိုင်းကတည်းက ပစ်ခတ်လိမ့်မည်ဖြစ်သည်။
ရုရှားအတွက် သတင်းကောင်းတစ်ခုမှာ ယူကရိန်းတပ်ဖွဲ့များသည် HIMARS ဒုံးပစ် လောင်ချာစနစ်ကို ထိန်းချုပ် အသုံးမပြုတတ်ခြင်းဖြစ်သည်။
ATACMS ဒုံးကျည်များ အသုံးပြုမှုသည် စစ်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲသွားလိမ့်မည် မဟုတ်သလို ရလဒ်ကို လည်း ပြောင်းလဲနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဘိုင်ဒန်၏ အံ့အားသင့်ဖွယ် ကြေညာချက်သည် ယူကရိန်းစစ်ပွဲထက် ပိုမိုကြီးမားသည့် နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်ကို တွေ့ရစဉ်
စစ်ပွဲကာလအတွင်း ရုရှားတပ်ဖွဲ့များသည် နေတိုး၏ ထောက်ပံ့ရေးစခန်း တစ်ခုတစ်လေကိုမျှ တိုက်ခိုက်ခဲ့ခြင်း မရှိပေ။
အမေရိကန်နှင့် နေတိုးမဟာမိတ်များကလည်း ရုရှားနယ်နိမိတ်ကို တိုက်ခိုက်ခဲ့ခြင်း မရှိသော်လည်း ပင်လယ်နက် အတွင်းရှိ ရုရှားသင်္ဘောများကို တိုက်ခိုက်မှုများ တာဝေးပျံသန်းသည့် ဒရုန်းများဖြင့် ရုရှား လေပိုင်နက်အတွင်း ဝင်ရောက်မှုများ လုပ်ဆောင်ခဲ့ပြီး စည်းကျော်ခဲ့ကြသည်။
လက်ရှိတွင် ဘိုင်ဒန်၏ ဆုံးဖြတ်ချက်မှားကြောင်း သက်သေပြရန် ရုရှားတွင် ရွေးချယ်စရာ အများအပြား ရှိနေ သည်။
ဥပမာအနေဖြင့် ရုရှားသည် ယူကရိန်းပြင်ပ ပိုလန်နိုင်ငံရှိ အမေရိကန်နှင့် နေတိုး စစ်စခန်းများကို တိုက်ခိုက်နိုင် သည်။
ထိုအခြေအနေသို့ ရောက်ရှိမည်ဆိုပါက ဥရောပစစ်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း ရုရှားဘက်က အသာစီး ရနိုင်ကာ ဥရောပတိုက် ပြိုကွဲသွားနိုင်သည်။
ဥရောပဘက်မှ ဆုံးရှုံးမှုသည်လည်း ရုရှား၏ ဆုံးရှုံးမှုထက် ပိုမိုများပြား လိမ့်မည်ဖြစ်သည်။
ရုရှားသည် ဥပမာပြသည့် အနေဖြင့် ကိယက်ဗ် (Kyiv) မြို့တော်ကို ဖျက်ဆီးကာ ယူကရိန်းစစ်ပွဲကို အာရုံစိုက် တိုက်ခိုက်နိုင်မည့် အခွင့်အရေးလည်း ရှိသည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ကိယက်ဗ်မြို့တော်ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုပါက လူပေါင်းများစွာ သေဆုံးမည်ဖြစ်ကာ အကြီးအကျယ် ပျက်စီးလိမ့်မည်ဖြစ်သည်။
ATACMS များ ထောက်ပံ့ပေးမှုသည် အကန့်အသတ်နှင့်ဖြစ်သည်။ ထိုဒုံးကျည်များသည် အမေရိကန်၏ ကာကွယ်ရေးကဏ္ဍ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသည်။
ထိုင်ဝမ်သည်လည်း ATACMS ဒုံးကျည်များ ရရှိနေသော်လည်း ထောက်ပံ့သည့် အရှိန်မှာ အလွန်နှေးကွေးနေကာ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ချိန်တွင် ကာကွယ်တားဆီးရန်အတွက် ဂျပန်၏ အိုကီနာဝါ (Okinawa) ကျွန်းပေါ်တွင် တပ်စွဲထားသည့် အမေရိကန်စစ်တပ်သည် ထိုဒုံးကျည်များကို လိုအပ်မည်ဖြစ်သည်။
ဂျပန်ရှိ အမေရိကန်တပ်များသည် ထိုင်ဝမ်နှင့် ၁၁၁ ကီလိုမီတာ (၆၉ မိုင်) သာ ကွာဝေးသည့် ယိုနာဂူနီ (Yonaguni) ကျွန်းပေါ်တွင် ရေဒါစခန်းတစ်ခု တည်ဆောက်ခဲ့သည်။
အကယ်၍ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်မည့် အခြေအနေမျိုးတွင် ဂျပန်ရှိ အမေရိကန်တပ်များသည် HIMARS ဒုံးပစ်လောင်ချာများကို ယိုနာဂူနီကျွန်းသို့ ပြောင်းရွှေ့ချထားမည်ဖြစ်သည်။
အမေရိကန်သည် ပြီးခဲ့သည့် နွေဦးရာသီကတည်းက ATACMS ဒုံးကျည်များကို ယူကရိန်းသို့ လျှို့ဝှက်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းတို့ စစ်မရှုံးစေရန် နောက်ဆုံး အားထုတ်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထိုဒုံးကျည်များကို ပေးပို့ခဲ့ခြင်းဖြစ်သည်။
HIMARS ဒုံးပစ်လောင်ချာစနစ်ကို တွေ့ရစဉ်
မိုင် ၁၉၀ အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ထိုဒုံးကျည်များသည် ရုရှား လေကြောင်း ကာကွယ်ရေး စနစ်များ၏ ကြားဖြတ်ပစ်ချခြင်းကို မခံရပါက ကြီးမားသည့် ထိခိုက်ပျက်စီးမှုများကို ဖြစ်စေနိုင်သည်။
ယူကရိန်းသည် ရုရှား၏ ကာ့စ် (Kursk) ဒေသကို ကျူးကျော် တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း ATACMS ဒုံးကျည်များကို အသုံးပြုဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားတပ်ဖွဲ့များသည် ကာ့စ်ဒေသမှ ယူကရိန်းတပ်များကို ပြန်လည် တိုက်ထုတ်ခဲ့ပြီး ယူကရိန်းတပ်များ တပ်စွဲထားသည့် နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက် သေဆုံးသူ များပြားခဲ့သည်ဟုဆိုသည်။
ယူကရိန်းတပ်ဖွဲ့များသည် ကာ့စ်ဒေသကို ဝင်ရောက် တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် စစ်သားပေါင်း ၃၂,၀၀၀ ခန့် ထိခိုက်ခြင်း သို့မဟုတ် သေဆုံးခြင်း ရှိခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။
ရုရှားဘက်တွင်လည်း စစ်သား အများအပြား ဆုံးရှုံးခဲ့သော်လည်း အရေအတွက် အတိအကျကို မသိရပေ။
မည်သို့ပင်ဆိုစေ ကာ့စ်စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်ရန် ယူကရိန်းတွင် စစ်အင်အား အများအပြား မရှိတော့သဖြင့် အင်အားမမျှသည့် စစ်ပွဲသည် ပိုမိုထင်ရှားလာဖွယ်ရှိသည်။
ထို့ကြောင့် အနောက်နိုင်ငံများက ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းကို ၎င်းတို့၏ လက်နက်များ အသုံးပြုခွင့် ပေးလိုက်ခြင်းသည် ရုရှားအာဏာပိုင်များ ပြောသကဲ့သို့ စည်းကျော်သည့် လုပ်ဆောင် ချက် ဖြစ်လာခဲ့ပြီး ရုရှားဘက်က မည်ကဲ့သို့ တုန့်ပြန်မည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1521
CNI Sport Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂
တင်းနစ်လောကရဲ့ ဂန္ထဝင်ကစားသမားကြီး တစ်ဦးဖြစ်တဲ့ ရာဖေးလ်နာဒယ်လ်ဟာ စပိန်အသင်းနဲ့အတူ Davis Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် သူ့ရဲ့တင်းနစ် ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာဖေးလ်နာဒယ်လ်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာရှည်ခဲ့တဲ့ သူ့ရဲ့တင်းနစ် ကစားသမား ဘဝမှာ အမွေအနှစ်တွေကို ချန်ထားပြီး အနားယူသွားခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်ဆိုရင် တင်းနစ်အားကစားကို စိတ်ဝင်စားတဲ့သူတိုင်း မသိတဲ့သူ မရှိတဲ့အထိ နာမည်ကျော်ကြား တဲ့သူဖြစ်ပြီး မြေစေးကွင်းဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို အခုအချိန်ထိ ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ အသက် ၁၅ နှစ်အရွယ် ၂၀၀၁ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ပထမဆုံးဆုဖလားကို စတင်ရယူနိုင်ခဲ့တဲ့သူပါ။
စပိန်တင်းနစ် ကစားသမားဟာ ဒီအချိန်ကနေ စပြီး တင်းနစ်အားကစားလောကကို ကြီးစိုးပြီး အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ ATP ရဲ့ တစ်ဦးချင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁ နေရာကို ရက်သတ္တပတ် ပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့သလို ရာသီအစကနေ အဆုံးထိ နံပတ် ၁ နေရာကို ၅ ကြိမ်အထိ ရယူပြီး အဆုံးသတ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်ဟာ ဂရမ်းဆလမ်း ဆုဖလားကို ၂၂ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ဂျိုကိုဗစ်ပြီးရင် ဒုတိယမြောက် ဂရမ်းဆလမ်း အများဆုံးရရှိတဲ့ အမျိုးသားတစ်ဦးချင်း တင်းနစ်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ရာဖေးလ်နာဒယ်လ်ကို တွေ့ရစဉ်
ရာဖေးလ်နာဒယ်လ် ရရှိခဲ့တဲ့ ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ်မှာ မြေစေးကွင်းဖြစ်တဲ့ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်အထိ ရရှိခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်ဟာ မြေစေးကွင်းမှာ ၈၁ ပွဲဆက် အနိုင်ရခဲ့ပြီး ပြင်သစ်အိုးပန်းဖြစ်တဲ့ Roland Garros မှာ သူ့ကို အနိုင်ရတဲ့သူ ၃ ဦးပဲရှိခဲ့ပါတယ်။
သူတို့တွေကတော့ ၂၀၀၉ က ဆိုဒါလင်း၊ ၂၀၁၅ နဲ့ ၂၀၂၁ မှာ ဂျိုကိုဗစ်၊ ၂၀၂၄ မှာ အယ်လ်ကာရက်ဇ်တို့ပါ။
ရာဖေးလ်နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းမှာ ကစားခဲ့တဲ့ပွဲပေါင်း ၁၁၆ ပွဲမှာ ၁၁၂ ပွဲ အနိုင်ရခဲ့တဲ့အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် မြေစေးကွင်းဘုရင်အဖြစ် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် မြေစေးကွင်းမှာ ဆုဖလားပေါင်း ၆၃ ခုအထိ ရယူနိုင်ခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်ဟာ မြေစေးကွင်းမှာ ဘုရင်ဖြစ်သလို တခြားကွင်းတွေမှာလည်း အနိုင်ရတဲ့ မှတ်တမ်းကောင်း တွေရှိခဲ့ပြီး Golden Slam လို့ခေါ်တဲ့ အောင်မြင်မှုကို ရယူနိုင်တဲ့ အမျိုးသားတင်းနစ် ကစားသမား ၃ ဦးထဲက ၁ ဦး လည်း ဖြစ်ပါတယ်။
Golden Slam ဆိုတာက သြစတြေးလျ၊ ပြင်သစ်၊ ဝင်ဘယ်လ်ဒန်၊ အမေရိကန်အိုးပန်းနဲ့ အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ခဲ့တဲ့သူကို သတ်မှတ်တာပါ။
ရာဖေးလ်နာဒယ်လ်ကို တွေ့ရစဉ်
ဒီအောင်မြင်မှုကို ရာဖေးလ်နာဒယ်လ်အပြင် အဂ္ဂါဆီနဲ့ ဂျိုကိုဗစ်တို့က ရရှိခဲ့ကြတာဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ တစ်ဦးချင်းပြိုင်ပွဲတွေမှာ ဆုဖလားပေါင်း ၉၂ ခု ရယူနိုင်ခဲ့ပြီး နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ဆုဖလားပေါင်း ၁၁ ခုရယူနိုင်ခဲ့တာပါ။
ဒါအပြင် ရာဖေးလ်နာဒယ်လ်ဟာ စပိန်အသင်းနဲ့ Davies Cup ချန်ပီယံဆု ၄ ကြိမ်၊ အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံအသင်း အတွက် ရွှေတံဆိပ် ၂ ကြိမ်ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ ဆုဖလား အားလုံးနီးပါးကို ရယူနိုင်ခဲ့ပေမယ့် ဆုဖလား ၁ ခုကိုတော့ သူအနားယူတဲ့ အချိန်ထိ ရယူသွားနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါကတော့ ရာသီပိတ် နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ ATP Finals ပြိုင်ပွဲဖြစ်ပြီး စပိန်တင်းနစ်သမားဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို မရယူနိုင်ခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်ဟာ ၂၀၁၀ နဲ့ ၂၀၁၃ မှာ ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို ၂ ကြိမ်တက်နိုင်ခဲ့ပြီး ဖက်ဒဲရားနဲ့ ဂျိုကိုဗစ်တို့ကို အရေးနိမ့်ခဲ့ပါတယ်။
ရာဖေးလ်နာဒယ်လ်ကို တွေ့ရစဉ်
ရာဖေးလ်နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေကြောင့် ခွဲစိတ်မှုတွေခံယူခဲ့ရပြီး အနားယူခဲ့ ရမှုတွေက သူ့ကို တင်းနစ် ကစားသမားဘဝကနေ အနားယူဖို့အထိ ဖြစ်လာခဲ့တာပါ။
အချက်အလက်တွေအရ ရာဖေးလ်နာဒယ်လ်ဟာ ဒဏ်ရာတွေ၊ ဖျားနာမှုတွေကြောင့် အဓိကပြိုင်ပွဲကြီး ၁၅ ခုကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။
ရာဖေးလ်နာဒယ်လ်ဟာ အခုအချိန်မှာတော့ သူချစ်တဲ့ တင်းနစ် ကစားသမားဘဝကို နှုတ်ဆက်ပြီး မြေစေးကွင်း ဘုရင်ရဲ့ခေတ်တစ်ခုကို အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။
နာဒယ်လ်ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ပေမယ့် တင်းနစ်အားကစားကို တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် ဆက်ပြီးရှိနေဦးမယ်လို့ ကတိပြုထားတာ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 5518
CNI International Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် အမေရိကန်-ထိုင်း-အာဆီယံ ဆက်ဆံရေး ကို ပုံဖော်မည့် အဓိက အကြောင်းရင်း ၃ ချက်မှာ ကုန်သွယ်ရေး မညီမျှမှု ကြီးထွားလာမှု၊ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာမှုနှင့် အာဆီယံ၏ Community Vision 2045 အောက်ရှိ ရေရှည်ရည်မှန်းချက်များ အစ ရှိသည့် အချက် ၃ ချက်ဖြစ်သည်။
ထရမ့်၏ "အမေရိကန် ပထမ" မူဝါဒဖြင့် ချဉ်းကပ် လုပ်ဆောင်မှုသည် စိန်ခေါ်မှုများကို ပေါ်ပေါက်လာစေနိုင်သည်။
ထရမ့်၏ သမ္မတဒုတိယသက်တမ်းကာလတွင် ကျင့်သုံးမည် မဟာဗျူဟာကို အပြည့်အစုံ ရှင်းလင်းစွာ မသိရသေး သည့်တိုင် ထိုင်းနိုင်ငံအနေဖြင့် မည်သည့် အခြေအနေများ ဖြစ်ပွားလာမည်ကို မျှော်မှန်းတွေးဆနိုင်သည်။
ထရမ့်သည် အမေရိကန်၏ အကျိုးစီးပွားများကို ဦးစားပေးမည်ဖြစ်ပြီး အဖွဲ့လိုက် သဘောတူညီချက်များနှင့် ပတ်သက်ပြီး အပြန်အလှန် ထိတွေ့ဆက်ဆံမှုများကို ပြုလုပ်မည်ဖြစ်သည်။
ထရမ့်၏ အမေရိကန်ဗဟိုပြု ချဉ်းကပ်ဆောင်ရွက်ပုံသည် ထိုင်းနှင့် အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် အမေရိကန်နှင့် ကုန်သွယ်မှုပိုလျှံနေသည့် နိုင်ငံများအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်သည်။
လာမည့်နှစ်မှ စတင်ပြီး အမေရိကန်နှင့် ကုန်သွယ်ဖက် နိုင်ငံများသည် ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံ မည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထရမ့်သည် ကုန်သွယ်ရေး လိုငွေပြမှုများကို လျှော့ချရန် အာရုံစိုက်ခဲ့သဖြင့် အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန်နှင့် ဟန်ချက်ညီသည့် ကုန်သွယ်မှုကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ထို့ပြင် အမေရိကန်သည် တရုတ်ထံမှ တင်သွင်းသည့် ကုန်စည်များကို အခွန်များ တိုးမြှင့်ဖွယ်ရှိသဖြင့် အာဆီယံ နိုင်ငံများကို ထိခိုက်နစ်နာစေနိုင်သည်။
တရုတ်သည် ထရမ့်၏ အဓိကပစ်မှတ်ဖြစ်သော်လည်း ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့ကဲ့သို့ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများရှိသည့် နိုင်ငံများသည်လည်း နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကို ခံရမည်ဖြစ်သည်။
အမေရိကန်အနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် တရုတ်နှင့်ဆက်ဆံရေးရှိသည့် နိုင်ငံများအပေါ် ကုန်သွယ်ရေးကဏ္ဍတွင် ပြစ်ဒဏ်များ ချမှတ်မည်ဆိုပါက အမေရိကန်နှင့် အာဆီယံအကြား ဆက်ဆံရေး တင်းမာ လာနိုင်သည်။
သို့သော်လည်း အာဆီယံသည် ၎င်း၏ စီးပွားရေးဆိုင်ရာ အရေးပါမှုကို အလေးပေးရန်အတွက် အမေရိကန်နှင့် ဆက်လက် ဆွေးနွေးရန် လိုအပ်မည်ဖြစ်သည်။
အာဆီယံသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေး အင်အားအကြီးဆုံး အစုအဖွဲ့ဖြစ်လာစေရန် ရည်မှန်းထားသည်။
၂၀၂၂ ခုနှစ်က အမေရိကန်-အာဆီယံ ကုန်သွယ်မှုတန်ဖိုးသည် ၃၉၅ ဒသမ ၉ ဘီလျံရှိခဲ့ပြီး အာဆီယံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများ ၇၄ ဒသမ ၄ ဘီလျံရှိခဲ့သည်။
လာမည့်နှစ်တွင် အာဆီယံ၏ ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင် သဘောတူညီချက် (DEFA) ကို အပြီးသတ် ချုပ်ဆိုမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် စီးပွားရေးတန်ဖိုးသည် ၁ ထရီလျံအထိ မြင့်တက်သွား စေနိုင်သည်။
ထရမ့်၏ ပထမသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ထိုင်းသည် ကုန်သွယ်ရေး လိုငွေပြမှုများကို ဖြေရှင်းရန်အတွက် အဓိကပစ်မှတ်ထားခံခဲ့ရသည့် အာဆီယံနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
ထိုင်းသည် အမေရိကန်နှင့်ကုန်သွယ်ရေးတွင် ပိုလျံမှုရှိခဲ့ပြီး ကပ်ရောဂါ ကာလအတွင်း နှစ်စဉ် ကုန်သွယ်ရေး ပိုငွေပြမှုသည် ဒေါ်လာ ၂၉ ဘီလျံ ပျမ်းမျှရှိခဲ့သည်။
ယခုနှစ်ပထမ ၁၀ လတာ ကာလအတွင်းတွင်လည်း ထိုင်းနှင့်အမေရိကန် ကုန်သွယ်ရေးတွင် ထိုင်းဘက်မှ ကုန်သွယ်ရေး ပိုငွေပြမှု ဒေါ်လာ ၂၂ ဘီလျံရှိခဲ့သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုင်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး Cobra Gold စစ်ရေး လေ့ကျင့်မှု များကို နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ ထိုအချက်က အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ထိုင်းဘက်မှ အလျှော့အတင်း ပြုလုပ်နိုင်မည့် အချက်ဖြစ်သည်။
အမေရိကန်-ထိုင်း ဆက်ဆံရေးအတွက် ထရမ့်၏ လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများသည်လည်း အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။
ထရမ့်၏ လုံခြုံရေးအဖွဲ့ထဲတွင် ဂျိမ်းစ်မက်တစ် (James Mattis) သို့မဟုတ် အိတ်ချ်အာ မက်မာစတာ (HR McMaster) တို့ကဲ့သို့ ကာကွယ်ရေးကဏ္ဍတွင် ထိပ်သီးပုဂ္ဂိုလ်များ ပါဝင်လာခဲ့မည်ဆိုပါက အမေရိကန်၏ မဟာဗျူဟာတွင် ထိုင်း၏ အခန်းကဏ္ဍသည် ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။
အကယ်၍ ထရမ့်၏ အဖွဲ့ထဲတွင် ပိုမိုရန်လိုသည့် အကြံပေးများ ပါဝင်လာခဲ့မည်ဆိုပါက ထိုင်းအနေဖြင့် တရုတ်နှင့် စီးပွားရေး၊ စစ်ရေး ဆက်ဆံမှုများပြုလုပ်ရာတွင် ခက်ခဲသည့် ရွေးချယ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထရမ့်သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည် အသက်သွင်းပါက အာဆီယံနိုင်ငံများသည်လည်း ဂယက်ရိုက်ခတ်ခံရမည်ဖြစ်သည်။
ထို့ပြင် ဘိုင်ဒန်၏ အစိုးရအဖွဲ့လက်ထက် အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည့် ကုန်သွယ်ရေး စာချုပ်ဖြစ်သည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF) ကိုလည်း ဂယက်ရိုက်ခတ်လိမ့်မည်ဖြစ်သည်။
အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များကိုတွေ့ရစဉ်
အမေရိကန်သည် အာဆီယံ အသိုင်းအဝိုင်းအတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန်ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ကပ်ရောဂါကာလအတွင်းက ဖြစ်သည်။
သို့သော် တရုတ်သည် အာဆီယံနှင့် ခိုင်မာသည့် ကုန်သွယ်ရေး ဆက်ဆံမှုများက အမေရိကန်၏ အားထုတ် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့သည်။
တရုတ်အပေါ် အမေရိကန်၏ ရပ်တည်ချက် ပိုမိုတင်းမာလာပါက တရုတ်နှင့် အာဆီယံအကြား ဆက်ဆံမှုများ အနှောင့်အယှက် ဖြစ်လာနိုင်ပြီး အာဆီယံနိုင်ငံများကို နစ်နာစေမည်ဖြစ်သည်။
ထရမ့်၏ အစွန်းရောက် စျေးကွက် ကာကွယ်ရေး မူဝါဒများသည် အာဆီယံ၏ ပို့ကုန်များအတွက် အဟန့်အတား ဖြစ်လာနိုင်စေသည်။
ထို့ကြောင့် အာဆီယံနိုင်ငံများသည် အမေရိကန်နှင့် တရုတ်အပေါ် မှီခိုမှုကို လျှော့ချရန် ကုန်သွယ်ရေး ဆက်ဆံ မှုများကို အခြားနိုင်ငံများနှင့် ပြောင်းလဲဆက်ဆံလာကြသည်။
အထူးသဖြင့် အာဆီယံ ၄ နိုင်ငံဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် အနောက်အုပ်စု၏ လွှမ်းမိုးမှုကို တန်ပြန်ချိန်ညှိသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော BRICS စီးပွားရေး မဟာမိတ်အဖွဲ့၏ မိတ်ဖက်နိုင်ငံများ ဖြစ်လာခဲ့သည်။
အချုပ်ဆိုပါက ဒေသတွင်း ချိတ်ဆက်မှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုများ ခိုင်မာနေသည့် အာဆီယံသည် ထရမ့်၏ လက်ထက်တွင် အမေရိကန်နှင့်တရုတ်အကြား ဟန်ချက်ညီညီ ချဉ်းကပ် ဆောင်ရွက် သွားရန် လိုအပ်ပေသည်။
Source: Bangkok Post