- By CNI
- Category: ဆောင်းပါး
- Hits: 660
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ဒူးဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်ထဲ ကစားဖို့ရှိနေတဲ့ ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ် ထိပ်တန်းလိဂ် လက်ကျန်ပွဲတွေကို ပါဝင်မကစားဖို့ ဆရာဝန်တွေရဲ့ အကြံပေးခြင်းကို ခံထားရပါတယ်။
ဒီအချိန်မှာ နေမာရဲ့ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ တန်းဆင်းဇုန်ထဲ ကျရောက်နေပြီး တန်းဆင်းရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
နေမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့သူ ဖြစ်တာကြောင့် ဆန်းတို့စ်အသင်းအတွက် ထပ်ပြီး ပါဝင်ကစားမယ်ဆိုရင် သူ့ရဲ့ဒဏ်ရာ အခြေအနေက ပိုပြီးဆိုးရွားသွားနိုင်တာပါ။
ဒါပေမယ့် နေမာကတော့ ဆရာဝန်တွေ သူ့ကိုအကြံပေးတာကို လျစ်လျူရှုပြီး တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ ဆန်းတို့စ်အသင်းကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းက Sport အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
ဒါ့ပြင် နေမာဟာ ဂိုးဖန်တီးမှု ၁ ကြိမ်ပါ ပြုလုပ်ပြီး ဆန်းတို့စ်အသင်းကို အဖိုးတန် နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းက ဂျူဗင်တူဒီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ နောက်ထပ် ဘရာဇီးလ် ထိပ်တန်း လိဂ် ပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ဒီပွဲမှာတော့ နေမာဟာ အသင်းရရှိတဲ့ ၃ ဂိုးစလုံးကို ဟက်ထရစ်အဖြစ် သွင်းယူခဲ့တာပါ။
ဒီဟက်ထရစ်ဟာ နေမာအတွက် ၂၀၂၂ ခုနှစ်က PSG အသင်းမှာ ကစားခဲ့ချိန်က နောက်ဆုံးအကြိမ် သွင်းယူ ပြီးနောက် ၃ နှစ်အကြာမှာ ပထမဆုံး ပြန်လည်သွင်းယူနိုင်တဲ့ ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။
နေမာဟာ ဒဏ်ရာကြောင့် နာကျင်မှုတွေ ရှိနေပေမယ့် ဆန်းတို့စ်အသင်း တန်းမဆင်းရအောင် အကောင်းဆုံး ပေးဆပ်နေတာပါ။
ဆန်းတို့စ်အသင်းဟာ ၂ ပွဲဆက် အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်အပြင်ကို ထွက်နိုင်ခဲ့ပြီး ဘရာဇီးလ် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဆန်းတို့စ်အသင်းဟာ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာက ဗစ်တိုးရီးယားအသင်းနဲ့ ၂ မှတ်သာ ကွာဟတာ ကြောင့် နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေသေးတာပါ။
ဆန်းတို့စ်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ခရူဇီယိုအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာကတော့ နောက်ဆုံး ပွဲစဉ်မှာလည်း ဆန်းတို့စ်အသင်းကို ရလဒ်ကောင်း ရယူပေးပြီး လာမယ့်ရာသီ ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းကို ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိအောင် ကူညီပေးပြီးရင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
နေမာဟာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ဘရာဇီးလ်အသင်း လူစာရင်းနဲ့ ၂ နှစ်ကျော်ကြာ ဝေးကွာနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လိုက်ပါနိုင်တဲ့ ကစားသမား စာရင်းထဲမှာ ပါဝင်နေပြီး သူ့အနေနဲ့ အပြီးသတ် လူစာရင်းထဲ ပါဝင်နိုင်ဖို့ ၆ လအချိန်ရှိတယ်လို့ ပြောထားတာပါ။
နေမာကတော့ အခုအချိန်မှာ ဆန်းတို့စ်အသင်းကို တန်းမဆင်းရအောင် ကူညီပေးဖို့ အာရုံစိုက်နေပြီး သူ့ရဲ့ငယ် ဘဝကလပ်ကို ဘရာဇီးလ်စီးရီးအေမှာ ဆက်ပြီး ရှိနေနိုင်အောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1076
CNI International Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉
အမေရိကန်သည် လာမည့် ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနှင့် ဆက်နွှယ်နေသည့် စစ်ဆင်ရေးများကို နောက်ထပ် အဆင့်သစ်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ရိုက်တာသတင်းအေဂျင်စီ၏ သတင်း တစ်ရပ်၌ ဖော်ပြခဲ့သည်။
ရိုက်တာသည် အမည်မဖော်လိုသည့် အမေရိကန် အရာရှိလေးဦးကို ကိုးကားပြီး ထိုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုအရာရှိ ၄ ဦးအနက် ၂ ဦးက ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) ကို ဆန့်ကျင်သည့် အစီအစဉ်တွင် လျှို့ဝှက်စစ်ဆင်ရေးများသည် ပထမအဆင့် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုသတင်းသည် လွန်ခဲ့သည့် ၁ လကျော်က ဗင်နီဇွဲလားတွင် လျှို့ဝှက်စစ်ဆင်ရေးများ ပြုလုပ်ရန် ဗဟိုထောက် လှမ်းရေး အေဂျင်စီ (CIA) ကို ညွှန်ကြားထားသည်ဟု ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကြေညာချက် အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ အမေရိကန်သည် မူးယစ်-အကြေမ်းဖက်မှုကို တိုက်ဖျက်ရန်ဆိုသည့် ကြေညာချက်ဖြင့် ကာရစ်ဘီယံဒေသတွင် စစ်အင်အား အလုံးအရင်း ဖြန့်ကြက်ချထားခဲ့သဖြင့် CIA ၏ စစ်ဆင်ရေး အစီအစဉ်ကို အများစုက ခန့်မှန်းသိရှိခဲ့ပြီးဖြစ်သည်။
စက်တင်ဘာလ အစောပိုင်းကတည်းက ထရမ့်သည် ကာရစ်ဘီယံ ပင်လယ်ပြင်၌ မူးယစ်ဆေးဝါး မှောင်ခိုကူးသည် ဟု ယူဆရသည့် သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။

အမေရိကန် လေယာဉ်အုပ်စုကို တွေ့ရစဉ်
ထိုလုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေနှင့် အမေရိကန်၏ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှု များသည် ဒေသခံ ငါးဖမ်းသမားများကိုသာ ထိခိုက်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်း၏ စစ်ရေး လုပ်ဆောင်ချက်များကို တရားမျှတကြောင်း ပြသနိုင်ရန်နှင့် နိုင်ငံရေး ထိန်းချုပ် မှုကို ပိုမိုခိုင်မာစေရန် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို အကြောင်းပြပြီး လုပ်ဆောင်ခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ ဖူးသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
ထို့ပြင် CIA သည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ပတ်သက် ဆက်နွှယ်မှုရှိနေကြောင်း The New York Times သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် The CIA Drug Connection Is as Old as the Agency ဟူသည့် ဆောင်းပါးဖြင့် ဖော်ပြထားသည်။
ထရမ့်က သူသည် ပြည်ပနိုင်ငံများတွင် စစ်ပွဲဆင်နွှဲမည် မဟုတ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သည်။
သို့သော် သူသည် အာဏာရလာခဲ့ပြီးနောက် အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး လက်ရှိတွင် ဗင်နီဇွဲလားတွင် လည်း နောက်ထပ် ပဋိပက္ခတစ်ခုကို စတင်ရန် ပြင်ဆင်နေပုံပေါ်သည်။
အမေရိကန်သည် မာဒူရိုအား ပစ်မှတ်ထားနေသည့် အကြောင်းပြချက်မှာ ကျိုးကြောင်းခိုင်လုံမှု အားနည်းသည်။
အမေရိကန်တွင် ဖြစ်ပွားနေသည့် ဖန်တနိုင်းလ် မူးယစ်ဆေးဝါး ပြဿနာအတွက် ထရမ့်အစိုးရအဖွဲ့က မာဒူရိုကို အပြစ်ပုံချသည်။
သို့သော် ဗင်နီဇွဲလားနိုင်ငံတွင် ဖန်တနိုင်းလ် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း မရှိပေ။
ဗင်နီဇွဲလား မူးယစ်မှောင်ခိုဂိုဏ်းများသည် ကိုကင်း အများစုကို ဥရောပသို့ တင်ပို့နေခြင်းဖြစ်ပြီး အမေရိကန်ကို ဖန်တနိုင်းလ်များ တင်ပို့ခြင်းမရှိကြောင်း NBC News အပါအဝင် အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
သို့သော် နိုဝင်ဘာ ၁၃ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) က ဗင်နီဇွဲလား နိုင်ငံအနီးတွင် အမေရိကန်၏ စစ်အင်အား တိုးမြှင့်မှုသည် မိမိတို့၏ အမိမြေကို ကာကွယ်ရန်နှင့် မူးယစ်-အကြမ်း ဖက်မှုကို တိုက်ဖျက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန်အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် ဆင်းရဲချို့တဲ့သည့် အမေရိကန်နိုင်ငံသားများကို အစား အစာ ထောက်ပံ့မှုများ လျှော့ချမည်ဟု ပြောကြားခဲ့သည့် ထရမ့်အစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီးတစ်ဦးက အမိမြေ ကာကွယ်ရေးဆိုသည့် မှတ်ချက်စကားကို ပြောကြားခဲ့ခြင်းသည် ရှေ့၊နောက် ညီညွတ်မှု ရှိမနေပေ။
ထို့ပြင် အမေရိကန်အစိုးရသည် နိုင်ငံအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်တိုင် သေနတ်ကိုင် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးအတွက် ရန်ပုံငွေကို လျှော့ချဖြတ်တောက်ခဲ့သည်။
ထို့ကြောင့် ပြည်တွင်း ပြဿနာများကို ဖြေရှင်းခြင်းထက် မာဒူရိုကို အပြစ်ပုံချခြင်းသည် ပိုမိုလွယ်ကူနေသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
မာဒူရိုသည် ယခင်သမ္မတ ဟူဂိုချာဗက်ဇ် (Hugo Chávez) ကဲ့သို့ အမေရိကန် ခေါင်းဆောင်များကို မျက်စိစပါးမွေး စူးစေသူဖြစ်သည်။
လက်ရှိတွင် အမေရိကန်က မာဒူရိုအား မူးယစ် အကြမ်းဖက် သမားတစ်ဦးအဖြစ် တံဆိပ်ကပ်ရန် ကြိုးပမ်းနေကြ သည်။
ဗင်နီဇွဲလားတွင် အမေရိကန်၏ လှုပ်ရှားမှု အစီအစဉ်များအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို လည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည်။
ရူဘီယိုသည် ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်သည့် လက်ယာယိမ်း ဗင်နီဇွဲလား နိုင်ငံသားများနှင့် ကျူးဘား ပြည်ပြေးများ အများအပြား နေထိုင်နေသည့် ဖလော်ရီဒါတွင် နိုင်ငံရေးထောက်ခံမှုကို ပိုမိုရရှိရန် ကြိုးပမ်းနေ ဖွယ်ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
မာဒူရိုကို ဖြုတ်ချမှုသည် အောင်မြင်ခဲ့မည်ဆိုပါက ရူဘီယိုသည် အမေရိကန်ရှိ မာဒူရို ဆန့်ကျင်သည့် ဗင်နီဇွဲလား နိုင်ငံသားများ၏ ထောက်ခံမှုကို ပိုမိုရရှိပြီး နိုင်ငံရေး အမြတ်ထွက်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
ထို့ပြင် အမေရိကန်သည် စိတ်ဓာတ်စစ်ဆင်ရေး အနေဖြင့် ဗင်နီဇွဲလား၏ ကာရာကက်စ် (Caracas) မြို့တော်ပေါ် သို့ ဝါဒဖြန့် စာစောင်များ ကြဲချရန် စီစဉ်ခဲ့သည်ဟုလည်း The Washington Post သတင်းစာက ဖော်ပြခဲ့သည်။
ထရမ့် အစိုးရအဖွဲ့ အနေဖြင့် ၎င်းတို့၏ အစီအစဉ်များကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက မတည်ငြိမ်မှုသာ ဖြစ်လာနိုင်ခြေရှိသည်။
ထို့ပြင် ထိုလုပ်ဆောင်ချက်များသည် အမေရိကန်ကို ပိုမိုဘေးကင်းလုံခြုံ စေမည်မဟုတ်ဘဲ ဗင်နီဇွဲလား ပြည်သူများ အတွက်လည်း ကောင်းကျိုးရှိလိမ့်မည် မဟုတ်ပေ။
Source: Al Jazeera
- By CNI
- Category: ဆောင်းပါး
- Hits: 787
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ PSV အသင်း ကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နှစ်ပေါင်း ၇၁ နှစ်အတွင်း အဆိုးရွားဆုံး အခြေအနေ ကြုံတွေ့နေ ရပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့ကြေး အများအပြား သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ထားတဲ့ လီဗာပူးလ် အသင်းရဲ့ လက်ရှိ အခြေအနေဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီအစ ကစားခဲ့တဲ့ ၇ ပွဲစလုံး အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို ပစ်မှတ်ထားနိုင်မယ့် အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် ဒီနောက်ပိုင်း ကစားခဲ့တဲ့ပွဲတွေမှာ လီဗာပူးလ်အသင်းရဲ့ ရလဒ်တွေဟာ အလွန်ဆိုးရွားသွားခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၆ ပွဲအရေးနိမ့်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်မယ့် အခြေအနေကနေ အဆင့် ၁၀ အပြင်ဘက် ကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲမှာဆိုရင် ၉ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။
ဒါဟာ လီဗာပူးလ်အသင်းအတွက် ၁၉၅၃-၅၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံး အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ဘယ်ပြိုင်ဘက် အသင်းမဆို အနိုင်ယူဖို့ ခက်ခဲတဲ့ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းဟာ ဒီရာသီ ၄ ပွဲအထိ ရှုံးနိမ့်ထားတာပါ။
ပရီးမီးယားလိဂ် ချန်ပီယံအသင်းတစ်သင်း ဒီလောက်အထိ ကျဆင်းသွားအောင် ဘာတွေ မှားယွင်းနေလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တုန်းက ဒတ်ချ်လူမျိုး အာနီဆလော့ဟာ နည်းပြဟောင်း ကလော့ပ် အထိုင်ကျပေးခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ မလုပ်ဘဲ ကိုင်တွယ်ခဲ့ရတာပါ။
ဒီရာသီ မတိုင်မီမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီယက်ဇ်၊ အာနိုးလ်၊ ဒါဝင်နူနက်ဇ်တို့ ထွက်ခွာခဲ့ပြီး ဂျိုတာက သေဆုံးသွားခဲ့ပါတယ်။
ဒီကစားသမားတွေ မရှိတော့တာဟာ လီဗာပူးလ်အသင်းအပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိခဲ့ပြီး သူတို့ရဲ့ နေရာတွေမှာ ပြန်ဖြည့်ခဲ့ရတဲ့ ကစားသမားတွေဟာ အခုအချိန်ထိ အသားကျဖို့ ရုန်းကန်နေရတာပါ။

နည်းပြ အာနီဆလော့ကို တွေ့ရစဉ်
အဲ့ဒါကြောင့် အာနီဆလော့လည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အသင်းကို ရလဒ်ကောင်းတွေ ပြန်ရယူပေး နိုင်ဖို့ ခက်ခဲနေတာလို့ ပြောရမှာဖြစ်ပါတယ်။
ပြီးတော့ ခံစစ်ပိုင်းက ဗန်ဒိုက်နဲ့ ကိုနာတေးအတွဲဟာ ဒီရာသီမှာ အမှားများနေတာက လီဗာပူးလ်အသင်း ပေးဂိုး များနေရတဲ့ အချက်တွေထဲက တစ်ခုပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ မာခ့်ဂူဟီကို အရ မခေါ်နိုင်ခဲ့တာက အသင်းအတွက်ကြီးမားတဲ့ နစ်နာမှုဖြစ်ပါတယ်။
နောက်တစ်ခုကတော့ လီဗာပူးလ်အသင်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဆာလက်ရဲ့ ခြေစွမ်း အလွန်ကျဆင်းသွားခဲ့တာပါ။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ဂိုးအများအပြား သွင်းယူနိုင်တဲ့သူ ဖြစ်တာကြောင့် သူ့ဆီကနေ သွင်းဂိုး တွေ မရတာဟာ လီဗာပူးလ်အသင်း ရလဒ်ကောင်းတွေ မရရှိတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
နွေရာသီမှာ ခေါ်ယူထားတဲ့ အစ်ဆက်၊ ဖလော်ရီယန်ဗစ်ဇ်၊ ကာကတ်ဇ်နဲ့ ဖရင်ပေါင်တို့ ကောင်းမွန်စွာ မစွမ်း ဆောင် နိုင်သေးတာက နည်းပြအာနီဆလော့ အပေါ်မှာ ဖိအားတွေ ပိုပြီးတိုးစေပါတယ်။
လီဗာပူးလ်အသင်း ဂန္ထဝင် စတီဗင်ဂျရတ်က အသင်းဟာ အခြေအနေ ဆိုးရွားနေပြီး ယုံကြည်မှုကလည်း အနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် စတီဗင်ဂျရတ်က အာနီဆလော့ အနေနဲ့ အသင်းမှာ အဖြေတွေနဲ့ တည်ငြိမ်မှုကို ရှာမတွေ့နိုင်သေးဘူးဆိုရင် ဒီအခြေအနေက ဆက်ဖြစ်နေဦးမယ်လို့ ပြောခဲ့တာပါ။
PSV အသင်းနဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်း ပိုင်ရှင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ အာနီဆလော့က ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့အနေနဲ့ လာမယ့်ပွဲတွေမှာ လီဗာပူးလ်အသင်းကို အခြေအနေ ဆိုးတွေကနေ အမြန်ဆုံး ရုန်းထွက် နိုင်အောင် ကိုင်တွယ်ဖို့ လိုအပ်ပြီး ဒီလိုမလုပ်နိုင်ရင် သူ့ရဲ့လီဗာပူးလ်အသင်း နည်းပြရာထူးဟာ အဆုံးသတ်သွား မယ့် အခြေအနေမှာ ရှိနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1231
CNI Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သည် တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ နယ်မြေအဖြစ် ၂၀၂၁ ခုနှစ်နောက်ပိုင်း ထင်ရှားလာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သည် ၂၀၂၀ ပြည့်နှစ် ရှေ့ပိုင်း ကာလများတွင် တည်ငြိမ် အေးချမ်းလှပြီး တော်လှန်သူများ (ဝါ) သူပုန်များ မကြီးစိုးနိုင်သော နယ်မြေဖြစ် ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ တော်လှန်သူများ (ဝါ) သူပုန်များ အဖွဲ့အစည်းပေါင်း မရေအတွက်နိုင် လောက်အောင်ကို ပေါ်ပေါက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများအထိ စစ်မီးများ တောက်လောင်လာခဲ့ကာ လူပေါင်း သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်၍ စစ်ဘေးရှောင်နေကြရသည်။
ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ မလုပ်နိုင်တော့သလို ကုန်စည် စီးဆင်းမှုများလည်း ပြတ်တောက်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်စည်ရှားပါးမှု ဒဏ်များ ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင် ၅/ ကိုင်ဆောင်သူများနှင့် ချင်းပြည်နယ် ၄/ ကိုင်ဆောင်သူများသည် တခြားသော ဒေသများကို သွားရောက်သည့်အခါမှာ စစ်ဆေးမေးမြန်းမှု တင်းကြပ်ခံရမှုများကိုလည်း ရင်ဆိုင် လာကြရသည်။
အဆိုပါ အခြေအနေများသည် အနောက်မြောက်ဒေသ တစ်လျှောက် မတည်ငြိမ်မှုများနှင့် စစ်ပွဲများကြောင့် ဖြစ်သည်။

လက်နက်ကိုင် အင်အားစုများ ထိန်းချုပ်ထားသော မြို့များကို ပြသထားစဉ်
ထိုစစ်ပွဲများ ချုပ်ငြိမ်းရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်တိုင်းသည် အဓိက တာဝန်ရှိသည်။ ထို့ကြောင့် နမခစစ်တိုင်းသည် တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ အနောက်မြောက်ဒေသ တည်ငြိမ်အေးချမ်းရေး မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမလဲဆိုသော ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်း ရမည်ဖြစ်သည်။
ဤပုစ္ဆာကို မဖြေရှင်းနိုင်ခြင်းနှင့် အခွင့်ရေးယူကာ ငွေရှာခြင်းကို ပြုလုပ်သည့်အတွက် နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး ရာထူးမှ အနားပေးခံလိုက်ရသည်။ ဗိုလ်မှူးချုပ် မျိုးမင်းထွေး မရှိတော့သည့် နောက်မှာတော့ နမခတိုင်းမှူး အဖြစ် ဗိုလ်ချုပ်ကျော်သူရက တာဝန်ယူလာခဲ့သည်။
ထို့ကြောင့် နမခတိုင်းမှူး ဗိုလ်ချုပ်ကျော်သူရသည် အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်အတွင်းက စစ်ပွဲများ ချုပ်ငြိမ်းရေးနှင့် နယ်မြေတည်ငြိမ်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်ရမည့် အခြေ အနေမှာ ရှိနေနိုင်ပါသည်။
နမခစစ်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက သူပုန်များ ထိန်းချုပ်ထားသည့် အင်းတော်မြို့၊ ဗန်းမောက် မြို့၊ ပင်လည်ဘူးမြို့၊ ရွှေပြည်အေးမြို့၊ ဖောင်းပြင်မြို့၊ ခမ်းပတ်မြို့ တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သလို မုံရွာ-မန္တလေးလမ်းမကြီး၊ ရွှေဘို-မန္တလေးလမ်းမကြီး၊ မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းမကြီး ထိန်းချုပ်နိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်ရမည့် အခြေအနေမှာ ရှိနေသည်။
ထို့နောက် တမူး-ခမ်းပတ်-မုံရွာ ယာကြီးလမ်းနှင့် ဟိမန္တာလမ်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနိုင်သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ချင်းပြည်နယ်သို့ ဝင်ပေါက် နယ်မြေများကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ချင်းပြည်နယ်အတွင်းက တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ နယ်မြေများကို ဆက်လက် ထိုးစစ်ဆင်နိုင် မည်ဟု တွေးကာ ကြိုးပမ်းလာနိုင်သည်။
သို့သော် နမခစစ်တိုင်းသည် အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းက တော်လှန်သူများ (ဝါ) သူပုန်များကို ထိုးစစ်ဆင်ဖို့ရန် အင်အား အလုံအလောက်ရှိပါ့မလား၊ အင်အား အလုံ အလောက်မရှိရင် ဘယ်လို အင်အားစုစည်းမလဲ၊ မည်သည့် အင်အားစုများကို မိတ်ဖွဲ့၍ အင်အားစုစည်းမလဲ ဆိုသည်မှာလည်း စဉ်းစားရန် လိုအပ်သည့် အချက်ဖြစ်လာနိုင်သည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ(NSCN-IM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ဟန် ရှီရမ်ဆန်း(NSCN-IM/HS)နှင့် ကသည်း လက်နက်ကိုင်များသည် ကြားနေအဖြစ် ရပ်တည်လျက်ရှိသည်။
ကူကီးအမျိုးသားများတပ်မတော်(KNA/KNO)၊ အရှေ့နာဂအမျိုးသားများအဖွဲ့အစည်း(ENNO/ENDA)၊ နာဂ PDF၊ ဟုမ္မလင်း- ခန္တီး- ဖောင်းပြင်- မော်လိုက်- တမူး- ကလေး- မင်းကင်- ကသာ- အင်းတော်- ဗန်းမောက်- ရွှေဘို- မုံရွာ- ယင်းမာပင်- ပုလဲ- ဝက်လက်- ထီးချိုင့်- ခမ်းပတ် စသည့် မြို့နယ်များမှ PDF များ စသည့် လက်နက်ကိုင် အင်အား စုများသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်အောက်ခံ သို့မဟုတ် မဟာမိတ်အဖြစ် ရပ်တည်ကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
အလားတူ အာရက္ခတပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားကာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
ချင်းပြည်နယ်အတွင်းမှာတော့ ဇိုမီးအမျိုးသားတော်လှန်ရေးတပ်မတော်(ZRA/ZRO)နှင့် ကသည်း လက်နက်ကိုင် များသည် ကြားနေအဖြစ် ရပ်တည်လျက်ရှိပြီး CNF၊ AA အပါအဝင် ချင်းမျိုးနွယ်စု PDF များကတော့ မြန်မာ့တပ် မတော်ကို တိုက်ခိုက်လျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
ထိုသို့ များပြားလှသော တော်လှန်သူများ (ဝါ) သူပုန်များ ကြီးစိုးရာ နယ်မြေ အနောက်မြောက်ဒေသကို နမခစစ် တိုင်းက တည်ငြိမ်အောင် သို့မဟုတ် စစ်ပွဲများ ချုပ်ငြိမ်းအောင် လုပ်နိုင်ဖို့ရန် ခက်ခဲလှသလို ဖြေရှင်းရန်လည်း ခက်ခဲလှသော ပုစ္ဆာတစ်ပုဒ် ဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သည် ၂၀၂၀ ပြည့်နှစ် ရှေ့ပိုင်းက အခြေအနေမျိုးထိ ပြန်လည်ရောက်ရှိရန်မှာတော့ မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီရှိနေခြင်းကြောင့် ဖြစ်သလို အားလုံးကို လက်နက်ဖြုတ်သိမ်းနိုင် သည့် အခြေအနေမရှိခြင်းကြောင့် ဖြစ်သည်။
အဆိုပါ အခြေအနေကို နမခစစ်တိုင်းသည် ရွေးကောက်ပွဲအလွန်မှာလည်း ဖြေရှင်းနိုင်ရန် အခက်အခဲများ ရှိနေ နိုင်ပါသည်။
ထို့ကြောင့် နမခစစ်တိုင်း ဖြေရှင်းရမည့် ပုစ္ဆာသည် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလတွင် အဖြေထွက်နိုင်မလားဆိုသည်ကိုတော့ စောင့်ကြည့်ရပေတော့မည် သို့မဟုတ်ပါက နမခစစ်တိုင်းအတွက် ဦးနှောက်ခြောက်စရာ ပုစ္ဆာအဖြစ် ရှိနေနိုင်သည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1058
CNI International Article
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၂၂
အမေရိကန်သည် ဆော်ဒီအာရေဗျနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဆော်ဒီသည် အမေရိကန်နှင့် တရားဝင် ကာကွယ်ရေးစာချုပ်ချုပ်ဆိုသည့် တစ်ခုတည်းသော် အာရပ်နိုင်ငံဖြစ်လာခဲ့သည်။
ထိုစာချုပ်သည် အမေရိကန်၏ ရေရှည် လုံခြုံရေး ကတိကဝတ်တစ်ခု ဖြစ်လာမည်ဖြစ်သော်လည်း နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများကမူ ထိုစာချုပ် ချုပ်ဆိုမှုကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ကြကာ အမေရိကန်မဲဆန္ဒရှင် အများစုကလည်း ထောက်ခံခဲ့ခြင်းမရှိပေ။
သို့သော် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒ ချမှတ်သည့် ခေါင်းဆောင်များက အမေရိကန်သည် အရှေ့ အလယ်ပိုင်းဒေသတွင် အဓိက စစ်အင်အားကြီး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သင့်သည်ဟု ထင်မြင်ယူဆနေဆဲ ဖြစ်သည်။
၎င်းတို့၏ အယူအဆသည် ခေတ်မမီတော့ဘဲ အမေရိကန်၏ အကျိုးစီးပွားများအတွက်လည်း အထောက်အကူ မဖြစ်တော့သည့် အချက်ကို မေ့လျော့နေကြဖွယ်ရှိသည်။
ဆော်ဒီနှင့် ချုပ်ဆိုသည့် စာချုပ်ကို ထောက်ခံသူ အချို့ကမူ အမေရိကန်သည် အီရန်ကို တန်ပြန်ရန်၊ တရုတ်၏ သြဇာလွှမ်းမိုးမှုကို ရပ်တန့်ရန်၊ ဆော်ဒီနှင့် အစ္စရေးကြား ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ရေးကို ကူညီပေး ရန် ထိုစာချုပ်ကို လိုအပ်ကြောင်း ပြောကြားနေကြသည်။
ထိုအကြောင်းပြချက်များသည် လက်တွေ့တွင် စစ်မှန်မှုမရှိပေ။
အီရန် အရေးနှင့်ပတ်သက်ပြီး သုံးသပ်ရမည်ဆိုပါက ဆော်ဒီနှင့် အီရန်ကြား အားပြိုင်မှုသည် ဒေသတွင်း အရေး ကိစ္စ တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဆော်ဒီနှင့် အီရန်ကြား ပြဿနာသည် ဘာသာရေး အယူအဆ ကွဲပြားမှုနှင့် မွတ်ဆလင်ကမ္ဘာတွင် ခေါင်းဆောင်မှု ရရှိရေးအပေါ် အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့ကြောင့် ဆော်ဒီ-အီရန် ပြဿနာသည် အမေရိကန်အတွက် အဓိက ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။
အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ ပါဝင်မှုကို လျှော့ချခဲ့ချိန်၌ ထိုဒေသရှိ နိုင်ငံများသည် ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းခဲ့ကြသည်။
တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့သည့် ဆော်ဒီနှင့် အီရန်ကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရေး သဘော တူညီချက်သည် ဥပမာတစ်ခုဖြစ်သည်။
ထိုသဘောတူညီချက်က အရှေ့အလယ်ပိုင်း နိုင်ငံများသည် အငြင်းပွားမှုများကို အမေရိကန် မပါဘဲ ဖြေရှင်း နိုင်စွမ်းရှိသည်ကို ပြသရာ ရောက်သည်။
သို့သော် အမေရိကန်-ဆော်ဒီ ကာကွယ်ရေး သဘောတူညီချက်က ထိုကဲ့သို့ တိုးတက်မှု ရှိနေသည့် အခြေအနေကို လျော့ပါးစေမည်ဖြစ်သည်။
ဆော်ဒီနှင့် ချုပ်ဆိုသည့် ကာကွယ်ရေးစာချုပ်အရ အမေရိကန်ကို ဒေသတွင်း ပဋိပက္ခများအတွင်းသို့ ပြန်လည် ဆွဲခေါ်ရာ ရောက်စေမည်ဖြစ်သည်။
ဆော်ဒီ အနေဖြင့်လည်း အမေရိကန်၏ အကာအကွယ်ဖြင့် ပိုမို အရဲစွန့် လှုပ်ရှားလာနိုင်သည်။
ဥပမာအနေဖြင့် ယီမင်တွင် ဆော်ဒီဦးဆောင်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေး ပုံစံများကို အရှိန်တိုး မြှင့် လာနိုင်သည်။
အမေရိကန်ကသာ ဆော်ဒီ၏ လုံခြုံရေးကို အာမခံ ပေးထားမည်ဆိုပါက ဆော်ဒီ ခေါင်းဆောင်များကလည်း အနု နည်းရော အကြမ်းနည်းပါ သုံးရန် ဝန်လေးမည် မဟုတ်ပေ။

ဆော်ဒီ အိမ်ရှေ့စံမင်းသားကို တွေ့ရစဉ်
တရုတ် အရေးနှင့်ပတ်သက်ပြီး သုံးသပ်ရမည်ဆိုပါက အမေရိကန်သည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုရန် လိုအပ်လိမ့်မည်ဟု အချို့က ပြောနေကြသည်။
ထိုပြောကြားမှုသည် ကျိုးကြောင်းခိုင်လုံမှု အလွန်အားနည်းသည့် အယူအဆဖြစ်သည်။ တရုတ်သည် ယခင် ကတည်းက ဆော်ဒီအာရေဗျ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
ထို့ကြောင့် အမေရိကန်နှင့် ဆော်ဒီကြား ကာကွယ်ရေးစာချုပ်သည် တရုတ်နှင့် ဆော်ဒီကြား ကုန်သွယ်ရေးကို ပြောင်းလဲစေမည် မဟုတ်ပေ။
စင်စစ်တွင် အမေရိကန်နှင့် ဆော်ဒီ၏ ကာကွယ်ရေးစာချုပ်သည် တရုတ်ကို တစ်ဖက်တစ်လမ်းမှပင် အထောက် အကူပြုရာ ရောက်နေသည်။
ထိုစာချုပ်အရ အမေရိကန်သည် ဆော်ဒီနှင့် ပင်လယ်ကွေ့ဒေသကို ကာကွယ်ပေးထားမည်ဖြစ်သည်။
ထိုအချိန်အတွင်း တရုတ်က လုံခြုံရေး အကာအကွယ်အတွက် တစ်ပြားမှ ကုန်စရာမလိုဘဲ ပင်လယ်ကွေ့မှ ရေနံ များကို ဆက်လက် ဝယ်ယူနေမည်ဖြစ်သည်။
ပင်လယ်ကွေ့တွင် အမေရိကန်၏ အကာအကွယ်ဖြင့် တရုတ်က ရေနံများကို လွတ်လပ်စွာ ဝယ်ယူပြီး သယ်ယူပို့ ဆောင် နေမည်ဖြစ်သည်။
အကယ်၍ အမေရိကန် အနေဖြင့် တရုတ်ကို ယှဉ်ပြိုင်လိုပါက တရုတ်၏ စွမ်းအင်လမ်းကြောင်းများကို အခမဲ့ အကာအကွယ်ပေးနေခြင်း မဖြစ်သင့်ပေ။
ဆော်ဒီ-အမေရိကန် ကာကွယ်ရေးစာချုပ်၏ စိုးရိမ်မှု အရှိဆုံးအပိုင်းမှာ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသားကို တွေ့ရစဉ်
ဆော်ဒီက ပြည်တွင်းတွင် ယူရေနီယံ သန့်စင်ခွင့်ကို ရရှိရန် ဆန္ဒရှိနေသည်။ ထိုအချက်က ဆော်ဒီအတွက် နျူကလီးယား လက်နက် စီမံကိန်းကို ဦးတည်သွားစေနိုင်သည်။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman) ကလည်း အီရန်သည် နျူကလီးယား လက်နက်များကို ရရှိခဲ့မည်ဆိုပါက ဆော်ဒီကလည်း နျူကလီးယား လက်နက်များ ရရှိအောင် ကြိုးပမ်းမည်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးသည်။
အီရန်သည် နျူကလီးယား လက်နက်များ ရရှိရန် အလွန်နီးစပ်နေပြီဖြစ်သဖြင့် ဆော်ဒီ-အမေရိကန် ကာကွယ်ရေး စာချုပ်သည် ပင်လယ်ကွေ့တွင် နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို ဖြစ်စေနိုင်လိမ့်မည်။
အမေရိကန် အနေဖြင့်လည်း နျူကလီးယားလက်နက် ပျံ့ပွားမည့် အန္တရာယ်ကို အရဲစွန့်ပြီး သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သည့် ဆော်ဒီနိုင်ငံကို ကာကွယ်ပေးမည် ဟုတ်၊ မဟုတ် မေးခွန်းထုတ်ရမည်ဖြစ်သည်။
ထိုစာချုပ်ကြောင့် အမေရိကန်ပြည်တွင်းတွင် ဒီမိုကရက်တစ်ပါတီနှင့် အာရပ်အမေရိကန်များ၊ မွတ်ဆလင် အမေရိကန်များကဲ့သို့ အဓိက မဲဆန္ဒအင်အားစုများကြား သဘောထားများ ကွဲလွဲစေမည်ဖြစ်သည်။
ထိုအင်အားစုများသည် ဂါဇာကမ်းမြောင် ဒေသအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒကို ယခင်ကတည်းက ဆန့်ကျင်ခဲ့ကြသူများ ဖြစ်သည်။
ယခုကဲ့သို့ ဆော်ဒီအာရေဗျနှင့် တရားမဝင် မဟာမိတ်ဖွဲ့မှုသည် အမေရိကန် မဲဆန္ဒရှင်များ၏ မကျေနပ်ချက်များကို ပိုမို မြင့်တက်စေလိမ့်မည်ကို အမေရိကန် ခေါင်းဆောင်များက သတိပြုသင့်ပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 876
CNI Sport Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁
နိုဝင်ဘာလ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရတဲ့ နိုင်ငံအသင်းတွေ အများ အပြား ထွက်ပေါ်လာခဲ့ပြီး ပူးတွဲအိမ်ရှင် ၃ နိုင်ငံ အပါအဝင် ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအရေအတွက်က ၄၂ သင်းအထိ ရှိလာခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမှာဖြစ်လို့ လက်ကျန်ဝင်ခွင့် နေရာအတွက် ၆ နေရာသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
လက်ကျန် ၆ နေရာအတွက် ဥရောပဇုန် ပလေးအော့ဖ် ပွဲတွေကနေ ၄ နေရာနဲ့ Inter-confederation ပလေးအောဖ့်ကနေ ၂ နေရာရရှိမှာပါ။
ဒီပွဲစဉ်တွေကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ ယှဉ်ပြိုင်ပြီးရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမယ့် အသင်းအရေအတွက်အားလုံး ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ အသင်း ၄၂ သင်းကို ပြောပြပေးချင်ပြီး ဒီအထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါအသင်းတို့ဟာ ဒီပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ ခြေစစ်ပွဲ ယှဉ်ပြိုင်စရာ မလိုဘဲ အလိုအလျောက် ဝင်ခွင့်ရခဲ့ပါတယ်။
အာရှဇုန်ကနေ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်းတွေကတော့ ဂျပန်၊ အီရန်၊ ဥဇဘတ်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ကာတာနဲ့ ဆော်ဒီအသင်းတို့ပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်သွားတဲ့ အသင်းကို တွေ့ရစဉ်
ဥဇဘတ်ကစ္စတန်နဲ့ ဂျော်ဒန်အသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
တောင်အမေရိကဇုန်မှာတော့ လက်ရှိ ချန်ပီယံ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ပါရာဂွေး အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
အာဖရိကဇုန်မှာတော့ အီဂျစ်၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ကိတ်ဗာဒီ၊ မော်ရိုကို၊ အိုင်ဗရီကို့စ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဂါနာအသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ကိတ်ဗာဒီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ကွန်ကာကပ်ဖ်ဇုန်မှာဆိုရင် ပနားမား၊ ကူရာဆာအိုနဲ့ ဟေတီအသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကူရာဆာအို အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
သမုဒ္ဒရာပိုင်းဇုန်မှာတော့ နယူးဇီလန်အသင်း တစ်သင်းတည်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။
ဥရောပဇုန်မှာတော့ ဂျာမနီ၊ ဆွစ်ဇာလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ သြစတြီးယား၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
စကော့တလန်၊ နော်ဝေနဲ့ သြစတြီးယားအသင်းတို့ဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်နိုင်ငံတွေကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ကျန်ရှိနေတဲ့ လက်ကျန် ၆ နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဒီဝင်ခွင့်အတွက် ကစားရမယ့် ပလေးအော့ဖ် ပွဲတွေကို မဲခွဲမှုပြုလုပ်ခဲ့ပါတယ်။
ဥရောပဇုန်ဝင်ခွင့် ၄ နေရာအတွက် လမ်းကြောင်း ၄ ခုခွဲခဲ့ပြီး လမ်းကြောင်းတစ်ခုစီမှာ အနိုင်ရတဲ့အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရမှာပါ။
ပထမလမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် အီတလီနဲ့ မြောက်အိုင်ယာလန်၊ ဝေးလ်စ်နဲ့ ဘော့စနီးယားတို့ တွေ့ဆုံ နေပါတယ်။
ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့ အသင်းတွေဟာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာပါ။
ဒုတိယလမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် ယူကရိန်းနဲ့ဆွီဒင်၊ ပိုလန်နဲ့ အယ်လ်ဘေးနီးယား၊ တတိယ လမ်း ကြောင်းရဲ့ ဆီမီးဖိုင်နယ်အဖြစ် ဆလိုဗက်ကီးယားနဲ့ ကိုဆိုဗို၊ တူရကီနဲ့ ရိုမေးနီးယား၊ စတုတ္ထ လမ်းကြောင်းရဲ့ ဆီမီးဖိုင်နယ်မှာ ချက်နဲ့အိုင်ယာလန်၊ ဒိန်းမတ်နဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
ဒီလမ်းကြောင်းတစ်ခုစီမှာ အနိုင်ရတဲ့ အသင်းတွေဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်နေရာကို ရရှိမှာပါ။
Inter-confederation ပလေးအော့ဖ်မှာတော့ နယူးကာလီဒိုးနီးယားနဲ့ ဂျမေကာအသင်းတို့ ဆီမီးဖိုင်နယ်ကစားပြီး အနိုင်ရတဲ့အသင်းဟာ ကွန်ဂိုနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ရဲ့ဆီမီးဖိုင်နယ်မှာ အနိုင်ရတဲ့အသင်းဟာ အီရတ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်း ၂ သင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့် ၂ နေရာကို ပိုင်ဆိုင်မှာပါ။
အဲ့ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်လက်ကျန် ၆ နေရာအတွက် ပလေးအော့ဖ် ပွဲစဉ်တိုင်းဟာ ဗိုလ်လုပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်မှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မယ့် အသင်းအရေအတွက် အားလုံးပြည့်မယ့် လက်ကျန် ၆ နေရာကို ဘယ် အသင်းတွေ ရယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
