- By CNI
- Category: ဆောင်းပါး
- Hits: 891
CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃
ဒီရက်ပိုင်း ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ သတင်းတိုင်းမှာ တန်းဆင်းဇုန်ဆိုတဲ့ အကြောင်းအရာဟာ မပါမဖြစ် ပါဝင်နေတာကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုတုန်းက ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေရတဲ့ ယူနိုက်တက် အသင်းရဲ့ လက်ရှိအနေအထားဟာ တန်းဆင်းဇုန်ထဲ မကျရောက်အောင် ရုန်းကန်နေရတဲ့ အနေအထားမျိုးကို ရောက်ရှိလာတယ်ဆိုတာ လက်သင့်ခံရမယ့် အခြေအနေပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အရေးနိမ့် ပြီးနောက် တန်းဆင်းဇုန်ထဲမှာရှိနေတဲ့ အသင်းတွေနဲ့ အမှတ်ကွာဟမှုက အများကြီးမရှိတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် နည်းပြအာမိုရင်က ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ထဲ ကျရောက်နိုင်မယ့် အန္တရာယ်မှာ ရှိနေတယ်လို့ ဝန်ခံခဲ့တာပါ။ ယူနိုက်တက်အသင်း ထိပ်တန်းလိဂ်ပြိုင်ပွဲကနေ နောက်ဆုံး တန်းဆင်းခဲ့တာက လွန်ခဲ့တဲ့အနှစ် ၅၀ က ဖြစ်တဲ့ ၁၉၇၃-၇၄ ရာသီအကုန်မှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမည်နဲ့ စတင်ကျင်းပခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းကနေ အခုအချိန်ထိ တန်းမဆင်းရသေးတဲ့ ၆ သင်းထဲက ၁ သင်းဖြစ်ပေမယ့် အခုအချိန်မှာတော့ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းရမယ့် အလားအလာတွေ ရှိလာနေတာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ကာ အဆိုးရွားဆုံး ပုံစံပြသနေပြီး နည်းပြအာမိုရင်လည်း အသင်းရဲ့ အခြေအနေကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက် ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ ရရှိနိုင်မယ့်ရမှတ် ၂၄ မှတ်ထဲက ၇ မှတ်သာ ရယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ ဒီနောက်ပိုင်းကိန်း ဂဏန်းတွေဟာ အသင်းပရိသတ်တွေအတွက် ကျေနပ်စရာတစ်ခုမှ မရှိခဲ့ပါဘူး။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စံချိန်မှတ်တမ်းဆိုးတွေကို ပြန်ပြီးရယူနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို အင်္ကျီစပွန်ဆာပေးတဲ့ Adidas ဆိုရင် အသင်းတန်းဆင်းခဲ့ရင် သူတို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ရပ်တန့်ဖို့အထိ စဉ်းစားနေတယ်လို့တောင် သတင်းတွေ ထွက်နေခဲ့တာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲပဲ ကစားထားရသေးပြီး နောက်ထပ်ပွဲစဉ် ၁၉ ပွဲ ကျန်ရှိနေသေးတာကြောင့် အချက်အလက်တွေ တွက်ချက်တဲ့ Opta ကတော့ ယူနိုက်တက်အသင်း တန်းဆင်းဖို့ ရာခိုင်နှုန်း အလွန်နည်း တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ပုံမှန်ခြေစွမ်းပြန်ပြပြီး နိုင်ပွဲတွေ ရယူနိုင်မယ်ဆိုရင် တန်းဆင်းဇုန်နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ ရပ်တန့်သွားနိုင်တာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ဖို့ဆိုရင် သူတို့ရဲ့ယုံကြည်မှုကို အမြင့်ဆုံး ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဒီလိုမှမလုပ်နိုင်ရင် နည်းပြအာမိုရင် အတွက်လည်း ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေကို ပြန်လည်ကောင်း မွန်အောင် လုပ်ဆောင်ပေးနိုင်ဖို့ ခက်ခဲနေဦးမှာပါ။
နည်းပြအာမိုရင်ဟာ လက်ရှိအချိန်မှာ အသင်းကို ပြန်လည် တည်ဆောက်နေတဲ့အတွက် ယူနိုက်တက်အသင်းရော ပရိသတ်တွေကပါ သူ့ကို စိတ်ရှည်ပြီး စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်နဲ့ ဝေးကွာအောင် လုပ်ရဦးမှာဖြစ်တဲ့အတွက် ရမှတ်တွေကို ရသလောက်စု ဆောင်းရဦးမှာပါ။
နှစ်အဟောင်းကို စိတ်ပျက်စရာတွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းအတွက် နှစ်အသစ်မှာ ဆီးကြိုနေ တဲ့ပွဲက လီဗာပူးလ်အသင်းနဲ့ ဖြစ်နေလို့ နောက်ထပ် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ထပ်ပြီး ဖြတ်သန်းရဦးမှာပဲ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 1069
CNI International Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃
မကြာသေးမီက ထိုင်းအစိုးရအိမ်တော်၏ သတင်းထောက်များက ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် အစိုးရအဖွဲ့ဝင်များကို အစဉ်အလာအတိုင်း အမည်ပြောင်များ ပေးခဲ့ခြင်းသည် ရိုးသားသည့် လှောင်ပြောင်သရော်မှု ဖြစ်ပုံပေါ်သော်လည်း ပေတုန်တန်၏ ခေါင်းဆောင်မှုအပေါ် လူထုအမြင်ကို ရိုက်ခတ်သွားစေခဲ့သည်။
ယခုနှစ်အတွင်း ပေတုန်တန်သည် ဇာတ်ညွှန်းများကို အားကိုးနေရသည့် ပေတုန်တန်ဟု အဓိပ္ပာယ်ရသော Paetongphoey ဟူသည့် အမည်ပြောင် အပေးခံခဲ့ရသည်။
ပေတုန်တန်သည် အရေးကြီးသည့် အစည်းအဝေးများ၊ ပွဲအခမ်းအနားများတွင် ကြိုတင်ရေးမှတ်လာသည့် စာရွက်စာတမ်းများကို မှီခိုနေရခြင်းကို သရော်သည့်အနေဖြင့် ထိုအမည်ပြောင် ပေးခံခဲ့ရခြင်းဖြစ်သည်။
ပေတုန်တန်ကမူ ထိုအမည်ပြောင်ကို ဟာသအမြင်ဖြင့်သာ ရှုမြင်ခဲ့ပြီး သူသည် မိန့်ခွန်းပြောကြားမှုများအတွက် iPad ကို အသုံးပြုနေရသဖြင့် ပေတုန်ပက် (Paetongpad) ဟူသည့် အမည်ပြောင်က ပိုသင့်တော်ကြောင်း အကြံပြုချက်များလည်း ထွက်ပေါ်ခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
ထို့ပြင် ပေတုန်တန်၏ အစိုးရအဖွဲ့ကို "အဖေ့အလိုကျ အစိုးရ" ဟု အဓိပ္ပာယ်ရသည့် "Por Liang government" ဆိုသည့် အမည်ပြောင်ပေးခဲ့ခြင်းက သူ့ဖခင်ဖြစ်သော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ ဩဇာလွှမ်းမိုးမှုကို မီးမောင်းထိုးဖော်ပြရာ ရောက်ခဲ့သည်။
ထိုအမည်ပြောင်သည် ထိုင်းအစိုးရအဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်တော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ပေတုန်တန်၏ ခေါင်ေးဆာင်မှုကဏ္ဍသည် သက်ဆင်၏ အရှိန်အဝါအောက်တွင် ရှိနေခြင်းကြောင့်ဖြစ်သည်။
မကြာသေးမီက သက်ဆင်၏ မှတ်ချက်စကားများနှင့် လုပ်ဆောင်ချက်များသည်လည်း ပေတုန်တန်၏ ဂုဏ်ရှိန် ထက် သာလွန်နေသည်။
ပေတုန်တန်သည် မိန့်ခွန်းပြောချိန်တိုင်းတွင် စာရွက်စာတမ်းများနှင့် iPad ကို ကြည့်ပြီး ပြောနေရခြင်းက ပြဿနာ တစ်ရပ် မဟုတ်ပေ။
သူ့အနေဖြင့် မိန့်ခွန်းကို လူနားလည်အောင် ကောင်းကောင်းမွန်မွန် ပြောဆိုတတ်လျှင် အဆင်ပြေနေဦးမည်ဖြစ်သည်။
ပေတုန်တန်ကို တွေ့ရစဉ်
သို့သော် စစ်မှတ်သည့် ခေါင်းဆောင်တိုင်းသည် စကားပြော ကျွမ်းကျင်ပါးနပ်မှုထက်ပိုသည့် ပြုမူပြောဆိုပုံများ၊ လုပ်ဆောင်ချက်များကို ပြသနိုင်ရမည်ဖြစ်သည်။
ပေတုန်တန်သည် နိုင်ငံအတွင်း ဖြစ်ပွားသည့် ရေလွှမ်းမိုးပြသနာကို စီမံခန့်ခွဲခြင်း၊ ရွေးကောက်ပွဲအကြို ကတိကဝတ်များကို ဖော်ဆောင်ခြင်း အပါအဝင် အဓိကအရေး ကိစ္စများကို ဖြေရှင်းချိန်တွင် လူထုနှင့် သဟဇာတ ဖြစ်မည့် အခြေအနေတစ်ခုကို ဖန်တီးရန် ကြိုးပမ်းခဲ့သော်လည်း မျှော်မှန်းထားသလောက် အရာမထင်ခဲ့ပေ။
ထိုင်းနိုင်ငံသားများသည်လည်း ၎င်းတို့၏ ဝန်ကြီးချုပ်ဖြစ်သည့် ပေတုန်တန်ထံဆီမှ အရည်အသွေးများကို မျှော်မှန်းထားသလောက် မြင်တွေ့ခဲ့ရခြင်းမရှိပေ။
အဓိကပြဿနာမှာ သက်ဆင်၏ ဩဇာလွှမ်းမိုးမှုက ပေတုန်တန်အတွက် ခွန်အားတစ်ခုလည်းဖြစ်သလို စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေသည်။
သက်ဆင်၏ အတွေ့အကြုံနှင့် အတွေးအခေါ်များသည် အသက် ၃၇ နှစ်သာရှိသေးသည့် ပေတုန်တန်ကို ကောင်းစွာ လမ်းပြနိုင်မည်ကို သံသယဖြစ်စရာမလိုပေ။
သို့သော် သက်ဆင်၏ ပုံမှန်ထက်လွန်ကဲသည့် ဩဇာအာဏာသည် ပေတုန်တန်၏ အရှိန်အဝါကို ဖုံးလွှမ်းနေသဖြင့် ပေတုန်တန်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်ရန်ထက် သက်ဆင်၏ လောင်းရိပ်အောက်တွင်သာ ရောက်ရှိ နေသည်။
သက်ဆင် ကိုယ်တိုင်ကလည်း သူသည် နေရာတကာတွင် ဝင်ပါတတ်သူဖြစ်ကြောင်း ဝန်ခံခဲ့ပြီး သူ့ကိုယ်သူ "Sor Tor Ror" ဟု အရွန်းဖောက်ပြောကြားခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
မြန်မာလို နားလည်အောင် ဘာသာပြန်ရမည်ဆိုပါက "ပါလေရာ ငပိချက်" ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ နေရာ တကာ ဝင်ပါတတ်သူ ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။
သက်ဆင်၏ သူ့ကိုယ်သူ အမည်ပြောင်ပေးခြင်းသည် ပေတုန်တန်၏ ခေါင်းဆောင်မှုကဏ္ဍနှင့် ပေတုန်တန်၏ ပုံရိပ်ကို အထောက်အကူ ဖြစ်စေခဲ့ခြင်းမရှိပေ။
ပေတုန်တန် အနေဖြင့် ဖခင်၏ လောင်းရိပ်အောက်မှ ထွက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချသူ၊ ကိုယ်ပိုင်တွေးခေါ် နိုင်သူ၊ ကိုယ်ပိုင်ဩဇာအာဏာ ရှိသူအဖြစ် ပုံဖော်ရမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် ရောက်ရှိလာသည်နှင့်အမျှ ပေတုန်တန်၏ အစိုးရအဖွဲ့သည် ပေတုန်တန်အပေါ် ရှုမြင်နေသည့် လူထု၏အမြင်ကို ပြန်လည်ပုံဖော်ရန် အခွင့်အလမ်းလည်း ရရှိနေပြီဖြစ်သည်။
ယခင်က ပေတုန်တန်၏ ဘေးတွင် သက်ဆင်နှင့် ဆက်ဆံရေး နီးစပ်သူ အများစုပါဝင်သည့် အကြံပေးပုဂ္ဂိုလ်များ က ဝိုင်းရံခဲ့ကြသည်။
ထိုကြောင့် ပေတုန်တန်သည် သူ၏ တမူထူးခြားသည့် ခေါင်းဆောင်မှု အရည်အသွေးကို ပြသရန် ကိုယ်ပိုင် အကြံပေးအဖွဲ့တစ်ဖွဲ့ကို လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်သည် ပေတုန်တန်အတွက် ခေါင်းဆောင်မှုကဏ္ဍတွင် ကိုယ်ပိုင်အစွမ်းအစကို ပြသရန် အတွက် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မည့် အခွင့်အရေးကို ရရှိနေပြီး သူ့ကိုယ်သူ ထိုင်းနိုင်ငံ၏ စစ်မှန်သည့် ဝန်ကြီးချုပ်အဖြစ် သက်သေပြရမည်ဖြစ်ပေသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 720
CNI Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra) ကို ၎င်း၏ အကြံပေးအဖွဲ့တွင် ထည့်သွင်း လိုက်ခြင်းအားဖြင့် ၎င်း၏ နိုင်ငံရေး ပါးရည်နပ်ရည်ရှိမှုကို ပြသလိုက်သည်။
ထိုဆုံးဖြတ်ချက်သည် ဒေသတွင်း အခြေအနေ၊ ခေါင်းဆောင်ဟောင်းများနှင့် သြဇာလွှမ်းမိုးမှုရှိသည့် ပုဂ္ဂိုလ်များက ဒေသတွင်း ကိစ္စရပ်များတွင် ဆက်လက် ပါဝင်နိုင်စွမ်း ရှိနေသေးသည်ဆိုသည့် အချက်ကို ပြသရာရောက်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ်၏ အကြံပေးအဖွဲ့ထဲတွင် စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်းများဖြစ်သည့် ဂျော့ချ် ယို (George Yeo) နှင့် ရတ်နို မာဆူဒီ (Retno Marsudi) အပါအဝင် လူသိများထင်ရှားသည့် အထင်ကရ ပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့သည်။
ထို့ပြင် ထိုအကြံပေးအဖွဲ့ထဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen)ပင် ပါဝင်ဖွယ်ရှိကြောင်း ထိုင်း မီဒီယာများက ထင်ကြေးပေး ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင်လည်း အာဆီယံ ခေါင်းဆောင်ဟောင်းများ ပါဝင်လာ ဖွယ်ရှိသည်။
မစ္စတာ အန်ဝါ၏ မဟာဗျူဟာမြောက် ရွေးချယ်ခန့်အပ်မှုများသည် မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို တာဝန်ယူရမည့် အချိန်အခါနှင့် တိုက်ဆိုင်နေသည်။
မလေးရှားနိုင်ငံအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့်အတူ များပြားသည့် စိန်ခေါ်မှုများက စောင့်ဆိုင်းနေ သည်။
ဦးစားပေး ဖြေရှင်းရမည့် အချက်မှာ အာဆီယံနှင့် စူပါပါဝါ နှစ်နိုင်ငံအကြား ဆက်ဆံရေးများဖြစ်သည်။ အာဆီယံ-အမေရိကန် ဆက်ဆံရေးနှင့် အာဆီယံ-တရုတ် ဆက်ဆံရေးများအကြား ပြိုင်ဆိုင်မှု မြင့်တက်လာဖွယ် ရှိသည်။
ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
ထို့အတူ အမေရိကန်တွင် ဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာမှုကြောင့် အမေရိကန်သည် တရုတ်အပေါ် တင်းကျပ်သည့် မူဝါဒများ ချမှတ်ရန် သေချာသလောက်ဖြစ်သည်။
တရုတ်သည် အာဆီယံနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုများ ဆက်လက် မြှင့်တင်နေချိန်တွင် အမေရိကန်၏ တရုတ်ရေးရာမူဝါဒများသည် အာဆီယံအပေါ်ကိုလည်း တိုက်ရိုက် သက်ရောက်မည်ဖြစ်သည်။
လက်ရှိတွင် အာဆီယံသည် တရုတ်၏ နံပါတ် ၁ ကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။
မစ္စတာအန်ဝါ အနေဖြင့် အကြံပေးအဖွဲ့ထဲတွင် ပါဝင်သူများကို အတည်ပြုမည်ဆိုပါက မလေးရှားသည် တရုတ်၏ ယုံကြည်မှုကို ရရှိမည်ဖြစ်သည်။
မလေးရှားသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် အာဆီယံ နိုင်ငံများထဲ၌ ပါဝင်နေသဖြင့် ထိုပြဿနာကို အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းခြင်း၊ တရုတ်နှင့်မလေးရှား အကြား တိုက်ရိုက်ဖြေရှင်းခြင်းတို့အတွက် ချဉ်းကပ်ဆောင်ရွက်ပုံများကို ပြသခဲ့ပြီးဖြစ်သည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့်သည် နိုင်ငံတကာ ဆက်ဆံရေးများကို ပြန်လည် ပုံဖော်နေမှုနှင့်အတူ လာမည့် သီတင်းပတ် အနည်းငယ်အတွင်း အာဆီယံသည် သိသာထင်ရှားသည့် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး အပြောင်းအလဲများကို မြင်တွေ့ရမည်ဖြစ်သည်။
မစ္စတာအန်ဝါ အနေဖြင့် ထိုအခြေအနေများကို ခွဲခြားသိရှိပြီး မလေးရှားနှင့် အာဆီယံအတွက် စူပါပါဝါနိုင်ငံများ ဒေသတွင်းနိုင်ငံများနှင့် ဟန်ချက်ညီသည့် ဆက်ဆံရေးကို ထိန်းသိမ်းရမည်ဖြစ်သည်။
အခြား အာဆီယံခေါင်းဆောင်များနှင့် မတူညီသည့် အချက်က အန်ဝါသည် အမေရိကန်၏ စံနှုန်းနှစ်မျိုး ကျင့်သုံး သည့် သံတမန် ဆက်ဆံရေးအပေါ် မကြာခဏ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
တရုတ်နဲ့ အမေရိကန်ကိုတွေ့ရစဉ်
ထို့ပြင် မလေးရှားသည် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ဖြေရှင်းရန် ကိုယ်ပိုင် နည်းလမ်းများဖြင့် ဆောင်ရွက်ဖွယ်ရှိသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ၁၂၀,၀၀၀ ခန့်သည် မလေးရှားနိုင်ငံ၌ ဒုက္ခသည်အဖြစ် ခိုလှုံလျက်ရှိသည်။
ထိုဒုက္ခသည်များသည် လွန်ခဲ့သည့်နှစ် များအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ခြင်းဖြစ်သည်။
အန်ဝါကမူ မြန်မာနိုင်ငံအနေဖြင့် မိမိတို့ ပြည်တွင်း ပြဿနာများအတွက် တာဝန်ယူဖြေရှင်းရန်နှင့် ဘင်္ဂါလီ လူနည်းစု၏ အခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။
ထိုသို့ လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိမှု၊ လွတ်လပ်ပြီး ပေါင်းစုံ ပါဝင်သည့် ရွေးကောက်ပွဲ ကျင်းပမှု၊ အမျိုးသားပြန်လည်ပေါင်းစည်းရေး၊ ပဋိပက္ခများ အဆုံးသတ်ရေး အစရှိသည့် အချက်များ ပြည့်စုံရန် လိုအပ်သည်။
မစ္စတာအန်ဝါနှင့် ထိုင်းခေါင်းဆောင်များအကြား ခိုင်မာသည့် ဆက်ဆံရေးများရှိနေပြီး၊ အန်ဝါသည် ထိုင်းနိုင်ငံရေး အခြေအနေအကြောင်းကို ကောင်းစွာသိရှိ နားလည်ထားသည်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။
သက်ဆင်အား ၎င်း၏ အကြံပေးအဖွဲ့ထဲတွင် ထည့်သွင်းခဲ့ခြင်းသည် မလေးရှားနှင့် ထိုင်းအကြား ဆက်ဆံရေး ခိုင်မာစေရန် လုပ်ဆောင်သည့် မဟာဗျူဟာတစ်ခုဖြစ်သည်။
ထို့ပြင် အန်ဝါသည် မြန်မာ့အရေးကို ဖြေရှင်းသည် ထိုင်းနိုင်ငံ၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ထောက်ခံခဲ့ပြီး မလေးရှား၏ အတွေ့အကြုံ ရင့်ကျက်သည့် သံတမန်တစ်ဦးဖြစ်သော ဒါတွတ် အော့စ်မန်ဟက်ဆန် (Datuk Othsman Hassan) ကိုလည်း မြန်မာ့အရေး မလေးရှားအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါကိုတွေ့ရစဉ်
မကြာသေးမီက ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးများတွင်လည်း မလေးရှားနိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်သည့် ၎င်း၏ အစီအစဉ်များကို ချပြခဲ့သည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် သောင်းကျန်းမှုများက ထိုင်းနှင့်မလေးရှား နှစ်နိုင်ငံစလုံးအတွက် စိန်ခေါ်မှုဖြစ်နေပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
ထို့ကြောင့် မလေးရှား၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းတွင် အန်ဝါ၏ ခေါင်းဆောင်မှုပိုင်းသည် ငြိမ်းချမ်းရေး မြှင့်တင်ရေးနှင့် ဒေသတွင် မိတ်ဖက်ဆက်ဆံရေးများအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။
ထို့ပြင် အန်ဝါသည် အာဆီယံ၏ စီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ကဲ့သို့ ဒေသတွင်း ခေါင်းဆောင်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ ထူထောင်ခြင်းဖြင့် ကမ္ဘာ့စင်မြင့်ထက်တွင် မလေးရှား၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။
မလေးရှားနှင့် အင်ဒိုနီးရှားသည် ပါလက်စတိုင်း ပြဿနာများနှင့်ပတ်သက်ပြီး တူညီသည့် သဘောထားရှိကာ ကျယ်ပြန့်သည့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ သံတမန်ဆက်ဆံရေးများရှိသည်။
ထို့ကြောင့် အန်ဝါအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းအတွင်း ရရှိမည့် အခွင့်အလမ်းများကို ကောင်းစွာ အသုံးချနိုင်ခဲ့မည်ဆိုပါက အာဆီယံအဖွဲ့အတွင်း မလေးရှား၏ အခန်းကဏ္ဍကို မြင့်တက်စေမည်ဖြစ် သလို ကမ္ဘာ့စင်မြင့်ထက်တွင်လည်း ကြီးမားသည့် အပြောင်းအလဲကို ဖြစ်စေခဲ့သည့် ခေါင်းဆောင်အဖြစ် နာမည် ကောင်းနှင့် သမိုင်းတွင်စေမည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 1043
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
မကြာခင် ရက်ပိုင်းအတွင်းမှာ အဆုံးသတ်တော့မယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ မြန်မာအသင်းရဲ့ မျှော်မှန်းချက်တွေ ဟာ ထင်သလိုမဖြစ်ခဲ့ဘဲ ဝေးကွာခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ပွဲပေါင်း ၁၂ ပွဲ ကစားခဲ့ပြီး နိုင်ပွဲ ၂ ပွဲသာရရှိကာ သရေ ၃ ပွဲနဲ့ ရှုံးပွဲ ၇ ပွဲအထိ ကြုံတွေ့ခဲ့ရတာပါ။
မြန်မာအသင်း အနိုင်ရရှိခဲ့တဲ့ ၂ ပွဲကတော့ သီရိလင်္ကာနဲ့ လာအိုအသင်းတို့ ပွဲစဉ်တွေဖြစ်ပြီး ဒီအသင်းတွေဟာ သူတို့ထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် နိမ့်တဲ့အသင်းတွေ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒီ ၂ ပွဲစလုံးကို အိမ်ကွင်းဖြစ်တဲ့ သုဝဏ္ဏကွင်းထဲမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့တာဖြစ်ပြီး အဝေးကွင်းမှာဆိုရင် နိုင်ပွဲရယူနိုင်ပါ့မလားတောင် ထင်ချင်စရာဖြစ်ခဲ့တာပါ။
မြန်မာအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ဆီးရီးယား၊ ဂျပန်နဲ့ ဗီယက်နမ်အသင်းတို့ကို ဂိုးပြတ်၊ ခြေပြတ် အရေးနိမ့်ခဲ့ တာ ဖြစ်ပါတယ်။
မြန်မာအသင်းကို တွေ့ရစဉ်
မြန်မာအသင်းဟာ ဒီနှစ်ထဲမှာ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်ရဲ့ နေရာမှာ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ဦးမျိုးလှိုင်ဝင်းဟာ မြန်မာအသင်းကို အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ် ၄ ပွဲနဲ့ ခြေစမ်းပွဲ ၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲ ရှုံးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ မြန်မာအသင်း ရရှိခဲ့တဲ့ နိုင်ပွဲ ၂ ပွဲဟာ နည်းပြ ဦးမျိုးလှိုင်ဝင်းရဲ့ လက်ထက်မှာ ရရှိခဲ့တာပါ။
ဒါပေမယ့် ဦးမျိုးလှိုင်ဝင်းဟာ မြန်မာအသင်းရဲ့အဓိက ပစ်မှတ်ဖြစ်တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ နောက်တဆင့် တက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ခြင်း မရှိသလို အသင်းဟာ ပွဲတိုင်းရုန်းကန်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ အမြဲတမ်းနီးပါး နိုင်နေကျဖြစ်တဲ့ လာအိုအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ အသည်းအသန် ကစားခဲ့ရပြီး မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ သွင်းယူတဲ့ ဂိုးတွေကြောင့်သာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။
မြန်မာအသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
ဗီယက်နမ်အသင်းကို ဂိုးပြတ် အရေးနိမ့်တဲ့ပွဲမှာတော့ မြန်မာအသင်းရဲ့ ဘောလုံးအဆင့်အတန်းဟာ အာဆီယံ ထိပ်သီးအသင်းတွေရဲ့ အနောက်မှာ အများကြီး ပြတ်ကျန်ခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။
လာအို၊ တီမောတို့ရဲ့ ဘောလုံး အဆင့်အတန်းတွေဟာ တိုးတက်လာချိန်မှာ မြန်မာအသင်း အနေနဲ့ အခုထက်ပိုပြီး တိုးတက်အောင် မလုပ်နိုင်ရင် အာဆီယံဒေသတွင်းထဲမှာ အဆင့်ရပ်တည်မှုတွေ ထပ်ပြီး ကျဆင်းသွားနိုင်တာပါ။
၂၀၂၄ ခုနှစ်ကို ရလဒ်ဆိုးတွေနဲ့ အဆုံးသတ်ခဲ့တဲ့ မြန်မာအသင်းကို ၂၀၂၅ ခုနှစ်ထဲမှာ အာရှဖလားခြေစစ်ပွဲက ဆီးကြိုနေတာ ဖြစ်ပါတယ်။
မြန်မာအသင်းကို တွေ့ရစဉ်
၂၀၂၇ အာရှဖလား ခြေစစ်ပွဲအဖြစ် မြန်မာအသင်းဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေတာပါ။ အိမ်ကွင်း၊ အဝေးကွင်း ကစားရမယ့် ဒီခြေစစ်ပွဲမှာ ထိပ်ဆုံးတစ်သင်းတည်းသာ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါး ဝေးကွာနေတဲ့ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိချင်တယ်ဆိုရင် အသင်းကို ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့ လိုအပ်နေပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ပရိသတ်တွေဟာ မြန်မာအသင်းရဲ့ ရလဒ်တွေကို အမြဲတမ်း စိတ်ပျက်နေရဦးမှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 806
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ပြီးခဲ့တဲ့ ရက်ပိုင်းက ဗြိတိန်မီဒီယာ အများအပြားရဲ့ခေါင်းကြီးပိုင်း သတင်းတွေမှာ ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက် အသင်းတို့ရဲ့ သတင်းတွေဟာ နေရာယူထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နည်းပြအာမိုရင်ဟာ ရက်ရှ်ဖို့ဒ်ကို မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ လူစာရင်း ကနေ ချန်လှပ်ခဲ့တာကနေ စပြီး ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အနာဂတ်သတင်းတွေဟာ အများအပြား ထွက်ပေါ်ခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ အရောင်းစာရင်း တင်သွင်းခြင်း ခံထားရတဲ့ ရက်ရှ်ဖို့ဒ်က သူဟာ စိန်ခေါ်မှု အသစ်တွေ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောကာ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်တာကြောင့် အသင်းပရိသတ် တွေရဲ့ အများကြီး မျှော်လင့်ခြင်း ခံထားရတဲ့ သူတစ်ဦးပါ။
အသက် ၂၇ နှစ် အရွယ်ရှိပြီဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ ကစားသမားဘဝဟာ အကောင်းဆုံး ဖြစ်နေရမှာ ဖြစ်ပေမယ့် အခုအချိန်ထိ ထင်သလို ဖြစ်လာခြင်း မရှိသေးပါဘူး။
ရက်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်အသင်း ကစားသမားဘဝ အစပိုင်းဟာ တောက်ပခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပိုင်း ကျဆင်းလာမှုကြောင့် ရုပ်သံဘောလုံး သုံးသပ်သူတွေရဲ့ ဝေဖန်မှုတွေ အများကြီးခံခဲ့ ရပြီး အင်္ဂလန်အသင်းမှာလည်း နေရာဆုံးရှုံးသွားခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပိုင်း ဘယ်လောက်ဆိုးဆိုး ယူနိုက်တက်အသင်းမှာ နေရာတစ်ခုကို ရရှိနေခဲ့ပေမယ့် နည်းပြ သစ် အာမိုရင် ရောက်ရှိလာချိန်မှာ သူ့အတွက် ဒါတွေက ပြောင်းလဲသွားခဲ့ပါတယ်။
နည်းပြ အာမိုရင်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
နည်းပြအာမိုရင်ဟာ ရက်ရှ်ဖို့ဒ်ကို နေရာပေးပြီး အသုံးပြုနေပေမယ့် သူ့ရဲ့တိုးတက်လာမှုမရှိတဲ့ ပုံစံတွေက စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။
ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ဒါဘီပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဗစ်တိုးရီးယား ပယ်လ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သူကစားခဲ့တဲ့ ခြေစွမ်းကို ကြည့်တဲ့သူတိုင်း ဒေါသထွက်ချင်စရာ ဖြစ်ခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ် အတွက်တော့ အခန့်မသင့်ရင် ဒီပွဲဟာ သူ့ရဲ့ ယူနိုက်တက်အသင်း ကစားသမားဘဝ နောက်ဆုံး ပွဲစဉ်တောင် ဖြစ်သွားနိုင်တာပါ။
နည်းပြအာမိုရင်က ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပေမယ့် စပါးအသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာလည်း လူစာရင်းကနေ ထပ်ပြီးချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့အတူ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဂါနာချိုတောင် စပါးအသင်းနဲ့ပွဲစဉ်မှာ ပြန်ပါဝင်ခဲ့ ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အသင်း လူစာရင်းမှာ မပါဝင်ခဲ့တာပါ။
နည်းပြ အာမိုရင်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အသင်း လူစာရင်းမှာ ပြန်ပါဝင်ချင်တယ်ဆိုရင် သူလုပ်ရမယ့်အရာက လေ့ကျင့်ရေး ကွင်းမှာ အကောင်းဆုံး ကြိုးစားပြီး အရာအားလုံး ပြီးပြည့်စုံဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ရက်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်အသင်း ကစားသမားဘဝဟာ အဆုံးသတ်သွားဖို့ များနေတာပါ။
ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အခြေအနေကို အသင်းအများအပြားက စောင့်ကြည့်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားပြီး ဒီပမာဏနဲ့ ကမ်းလှမ်းမယ်ဆိုရင် လက်လွှတ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အခြေအနေကို လာမယ့် ရက်ပိုင်းအတွင်းမှာ စောင့်ကြည့်မှုတွေ ပြုလုပ်ရမှာပါ။
၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ပွဲပေါင်း ၄၂၆ ပွဲ ပါဝင်ကစားထားပြီး ၁၃၈ ဂိုးသွင်းယူကာ ကလပ်ဂိုးသွင်း အများဆုံး စာရင်းရဲ့နံပါတ် ၁၂ နေရာမှာ ရပ်တည် နေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ FA ဖလားနဲ့ ကာရာဘောင်းဖလား ၂ ကြိမ်စီ၊ ယူရိုပါလိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီ ရယူနိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ် အနေနဲ့ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်ပြနိုင်ဖို့ ကြိုးစားမလား ဒါမှမဟုတ် လက်လျှော့ပြီး ထွက်ခွာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 876
CNI International Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ဆီးရီးယားနိုင်ငံတွင် အာဆက် (Assad) အစိုးရ ပြုတ်ကျသွားမှုအတွက် ဒမတ်စကတ် (Damascus) မြို့တော်တွင် အောင်ပွဲခံနေကြဆဲဖြစ်သည်။
နိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နေရာကွက်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှလွဲ၍ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သေဆုံးမှုများ ရပ်တန့်သွားပြီဖြစ်သည်။
ထိုအခြေအနေမျိုးတွင် အာဆတ် အစိုးရကိုဖြုတ်ချခဲ့သည့် လက်နက်ကိုင်များကို ဦးဆောင်ခဲ့သူဖြစ်သော အာမက် အယ်ရှာရာ (Ahmed al-Sharaa) အနေဖြင့် ဆီးရီးယားနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနှင့် ဒီမိုကရေစီတို့ကို ဆောင်ကြဉ်းပေးနိုင်မည်လော ဟူ၍ မေးခွန်းထုတ်ရမည်ဖြစ်သည်။
မကြာသေးမီ အချိန်အထိ အဘူ မိုဟာမက် အယ်ဂျိုလာနီ (Abu Mohammed al-Jolani) ဆိုသည့် အမည်ဖြင့် လူသိများခဲ့သော မစ္စတာရှာရာသည် အယ်အေဒါအဖွဲ့အတွင်း လက်နက်ကိုင်ဘဝကို စတင်ခဲ့သူဖြစ်သည်။
ထို့ကြောင့် သူသည် အကြမ်းဖက်သမားတစ်ဦး မဟုတ်သည့်တိုင် အကြမ်းဖက်သမားစာရင်း အသွင်းခံခဲ့ရသည်။
သို့သော် အစ္စလာမ်မစ် တစ်ဦးဖြစ်သည့် ရှာရာသည် ဒီမိုကရေစီနှင့် အမျိုးသမီး အခွင့်အရေးကို ခွင့်ပြုထားသော ခေတ်သစ် အစ္စလာမ် လုပ်နည်းလုပ်ဟန်များကို ငြင်းပယ်လိမ့်မည်ဖြစ်သည်။
HTS သူပုန်ခေါင်းဆောင် မစ္စတာရှာရာကို တွေ့ရစဉ်
ရှာရာအတွက် ဆီးရီးယား လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ဆွန်နီ မွတ်ဆလင်များနှင့် အဆင်ပြေရန် ခဲယဉ်း လိမ့်မည်ဖြစ်သည်။ ရှာရာကိုယ်တိုင်က ဆွန်နီ မွတ်ဆလင် တစ်ဦးဖြစ်သော်လည်း ၎င်း၏ အစ္စလာမ်မစ် လမ်းစဉ် သည် အစွန်းရောက်လှသည်။
ထို့ပြင် နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် အလာဝစ် (Alawites)၊ အစ္စမာအီလီ (Ismailis)၊ ရှီးယား မွတ်ဆလင် (Shia Muslims) ၊ ခရစ်ယာန် ( Christians)နှင့် ဒရုဇ် (Druze) တို့ကဲ့သို့ ဘာသာရေး လူနည်းစုများ ကိုလည်း စိုးရိမ်ထိတ်လန့်နေသည်။
အခြေအနေများ ပိုမိုဆိုးရွားစေနိုင်သည့် အချက်မှာ မွတ်ဆလင် လူနည်းစုဖြစ်သော အလာဝစ် လူမျိုးစုများသည် အာဆတ် မိသားစု၏ အုပ်ချုပ်မှုသက်တမ်း ၅၃ နှစ်အတွင်း ဆီးရီးယားကို ကြီးစိုးခဲ့ဖူးသည်။
ဆွန်နီ လူများစု၏ လွှမ်းမိုးမှုကို ထိတ်လန့်သည့် အခြားလူနည်းစုများကလည်း အလာဝစ် လူမျိုးစုကို ထောက်ခံခဲ့ ကြပြီး ထိုကာလများအတွင်း သိန်းနှင့်ချီသည့် ဆွန်နီမွတ်ဆလင် အများစု အပါအဝင် အပြစ်မဲ့ပြည်သူများ ညှင်းပန်း နှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ ရှိခဲ့သည်။
လက်ရှိတွင် အစ္စလာမ်မစ် ဆွန်နီအဖွဲ့ဟု အတိအလင်း ကြေညာခဲ့သည့် Hayat Tahrir al-Sham (HTS) အဖွဲ့သည် အာဆတ်အစိုးရကို ဖြုတ်ချခဲ့သည်။
မစ္စတာရှာရာကမူ လူနည်းစုအားလုံး၏ အခွင့်အရေးများကို လေးစားမည်ဖြစ်ကြောင်းနှင့် ဆီးရီးယားနိုင်ငံ အသစ် သည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မည်ဟု ကတိပြုခဲ့သည်။
ဆီးရီးယားနိုင်ငံ မြေပုံကိုတွေ့ရစဉ်
သို့သော် မည်သည့် အတိုင်းအတာအထိ ဒီမိုကရေစီကို ကျင့်သုံးမည်ဆိုခြင်းကို ပြောကြားခဲ့ခြင်းမရှိပေ။
ဆီရီးယားတွင် အာရပ်၊ ကာ့ဒ်၊ တာ့ခ်မန်၊ ဒရုဇ် ကဲ့သို့ လူမျိုးစုများ မတူကွဲပြားမှုနှင့် ၁၃ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် နိုင်ငံလူဦးရေ ထက်ဝက်ခန့်သည် ပြည်တွင်း/ပြည်ပတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရကာ တူရကီ၊ ရုရှား၊ အစ္စရေးနှင့် အမေရိကန် စစ်သားများကလည်း ဆီးရီးယားနိုင်ငံတွင် တပ်များ ဖြန့်ကြက်ချထား သည်။
ဒမတ်စကတ်မြို့တော်တွင် HTS အဖွဲ့က ရွေးချယ်ခဲ့သည့် အစိုးရအဖွဲ့သည်လည်း တူရကီက ထောက်ပံ့ပေးသည့် ငွေကြေးမှလွဲပြီး အခြားဝင်ငွေ အရင်းအမြစ် မရှိသေးပေ။
နိုင်ငံအတွင်းရှိ လူမျိုးစု အားလုံးသည်လည်း လက်နက်များကိုင်ထားကာ HTS တပ်ဖွဲ့များသည် လက်ရှိတွင် နိုင်ငံနယ်နိမိတ်၏ ၄ ပုံ ၁ ပုံခန့်ကိုသာ ထိန်းချုပ်ထားသည်။
အစ္စရေးကလည်း ဆီးရီးယားလေတပ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဆီးရီးယား နယ်စပ်ဒေသတစ်လျှောက်ရှိ နယ်မြေများကို ထိန်းချုပ်ထားသည်။
အာဆက် အစိုးရကို ထောက်ခံခဲ့သည့် ရုရှားတပ်ဖွဲ့များသည် ဆီးရီးယားမှ ထွက်ခွာဖွယ်ရှိသော်လည်း တာ့ခ်လူမျိုး များက နယ်စပ်ဒေသတစ်လျှောက် ဆီးရီးယားနယ်မြေပေါ်တွင် ကြားခံဇုန်အဖြစ် ဖန်တီးနေသည်။
သို့ဆိုလျှင် ဆီးရီးယား၏ အကြီးမားဆုံး ပြဿနာသည် ဘယ်အရာနည်း။
အထက်တွင် ဖော်ပြထားသည့် အကြောင်းအရာများသည် အကြီးမားဆုံးပြဿနာ မဟုတ်ပေ။
ဆီးရီးယားနိုင်ငံ လွတ်လပ်ခြင်းကို ဖော်ပြထားစဉ်
အကြီးမားဆုံးပြဿနာမှာ HTS သည် အာဖဂန်နစ္စတန်ကဲ့သို့ ဘာသာရေး အာဏာရှင်စနစ် ကျင့်သုံးမည့် အရေး ဖြစ်သည်။
ထိုအခြေအနေသည် အမေရိကန်၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အစွန်းမရောက်သည့် ဆွန်နီနိုင်ငံများ သာမက ရှီးယိုက်နိုင်ငံများနှင့် လူနည်းစုများအတွက်ပါ စိုးရိမ်ဖွယ် အခြေအနေဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ဆီးရီးယားသည် အကြမ်းဖက်နိုင်ငံအဖြစ် ဖယ်ကြဉ်ခံရဖွယ်ရှိပြီး ပြည်သူများ နောက်တစ်ကြိမ် ဒုက္ခရောက်ကြမည်ဖြစ်ကာ မဆုံးနိုင်သည့် တိုက်ပွဲများ ပြန်ဖြစ်လာဖွယ်ရှိသည်။
ထိုအခြေအနေကို တားဆီးရန်အတွက် ဘာသာရေးမနွှယ်သည့် ဒီမိုကရေစီကို ကျင့်သုံးရန်ဖြစ်သော်လည်း HTS အနေဖြင့် ထိုသို့ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်သည့်တိုင် အဖြစ်နိုင်ဆုံး ဖြေရှင်းနည်းဖြစ်သည့် ရှေးဟောင်း Ottoman millet စနစ်ကို၏ အချို့ပုံစံများကို ကျင့်သုံးရမည်ဖြစ်သည်။
ထိုစနစ်အရ ဘာသာရေးအုပ်စုတိုင်းသည် မိမိတို့ကိုယ်ပိုင် အရေးကိစ္စကို မိမိတို့ကိုယ်တိုင် စီမံရခြင်းဖြစ်သည်။
သို့သော် ဆွန်နီတာ့ခ်များက ကြီးမားသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည်။
ဆီးရီးယားနိုင်ငံအတွင်းက မြို့ပျက်ကြီးကိုတွေ့ရစဉ်
ဆီးရီးယား ဖြစ်စဉ်မျိုးတွင် ဆွန်နီအာရပ်များက ဆုံးဖြတ်ချက်များကို ချရမည်ဖြစ်ပြီး အခြားဘာသာရေး အုပ်စု များက ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင် ကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရမည်ဖြစ်သည်။
ထိုပုံစံမျိုးသည် ရှေးဟောင်း လက်ဘနွန်၏ ပုံစံမျိုးနှင့် ဆင်တူနေသည်။ လက်ဘနွန် နိုင်ငံသည်လည်း ၁၅ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အပြည့်အဝ နာလန်မထူနိုင်သေးပေ။
သို့သော် လက်ဘနွန်နိုင်ငံသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ တိုက်ပွဲကြားတွင် ကြားညပ်ခဲ့ခြင်း မရှိပါက ယနေ့ အချိန်တွင် နိုင်ငံတစ်ခုအဖြစ် အပြည့်အဝ လည်ပတ်နိုင်ဖွယ်ရှိသည်။
လက်ဘနွန်နိုင်ငံသည် ဒီမိုကရေစီ အပြည့်အဝ ကျင့်သုံးခြင်း မရှိသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ ရှိနေသေးသည်။
ထိုသို့ အလျှော့/အတင်းများကို ရှာရာနှင့် HTS တို့က လက်ခံရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေး အယူဝါဒ တင်းကျပ်သူများသည် ဘာသာရေး မနွှယ်သည့်နိုင်ငံကို ထူထောင်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။
မစ္စတာရှာရာ အနေဖြင့် သူ့ကိုယ်သူ ဒီမိုကရေစီနှင့် ဘာသာရေး မနွှယ်သည့်နိုင်ငံကို လက်ခံသူအဖြစ် ပုံဖော်ခဲ့မည် ဆိုသည့်တိုင် သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် HTS အဖွဲ့ဝင်များက ထိုအယူအဆကို လက်ခံမည် ဟုတ်/မဟုတ်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်