
- By CNI
- Category: ဆောင်းပါး
- Hits: 2801
CNI International Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ရက်ပိုင်းသာ လိုတော့ချိန်တွင် နိုင်ငံရေးနှင့် ရွေးကောက်ပွဲစနစ် ကို အန္တရာယ်ပေးနိုင်သည့် သတင်းအမှန်၊ အမှား ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကို ကျွမ်းကျင်သူများက "ဒဿနရေးရာ အကျပ်အတည်း" အဖြစ် ခေါင်းဆောင်တပ်ခဲ့ကြသည်။
အဓိပ္ပာယ်မှာ အခြေခံ အကြောင်းတရားများအပေါ် မတူကွဲပြားသည့် အမှန်တရားများကို မတူကွဲပြားသည့် လူပုဂ္ဂိုလ်များက ယုံကြည်နေကြသဖြင့် အခြေခံကျသည့် အမှန်တရားများအပေါ် အများသဘောဆန္ဒအရ တူညီသော ယုံကြည်မှုရရန် မဖြစ်နိုင်သည့်အခြေအနေကို စိတ်ပညာရှုထောင့်မှ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ အစွန်းရောက် စိတ်ဝမ်းကွဲပြားမှု၏ အကျိုးဆက်မှာ ဆိုးရွားလှပြီး နိုင်ငံကို ၂ ခြမ်း ကွဲသွားစေမည့် အခြေအနေသို့ ဦးတည်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ထင်ရှားသည့် ဥပမာတစ်ခုမှာ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်သူများအကြား မတူညီသော ယုံကြည်ချက်များ၊ တရားသေခံယူချက်များ ယနေ့တိုင် ဆက်ရှိနေ ခြင်းဖြစ်သည်။
စစ်တမ်းများအရ ထိုရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို ထောက်ခံသော ရီပတ်ဘလစ်ကန်များထဲမှ ၆၉ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲ၌ မဲမသမာမှု ရှိနေသည်ဆိုသည့် အယူအဆအား ဆက်လက်ကိုင်စွဲထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန် (Joe Biden) အနိုင်ရရှိခဲ့သည်ဟု အများက လက်ခံထားသည့် ရလဒ်ကို ဆန့်ကျင်နေသော ထိုအယူအဆအား ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ဆက်လက် မြင်တွေ့ရနိုင်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိခိုက်နစ်နာစေလိုသည့် ရည်ရွယ်ချက်မပါဘဲ သတင်းအမှားဖြန့်သည့် Misinformation နှင့် ထိခိုက်နာစေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းအမှားဖြန့်သည့် disinformation တို့သည် နည်းပညာများ တိုးတက်လာသော မျက်မှောက်ခေတ်ကာလတွင် ပိုမိုဖြေရှင်းရ ခက်ခဲလာသည့် ပြဿနာများဖြစ်သည်။
AI နည်းပညာသုံးပြီး ဖြတ်၊ညှပ်၊ကပ် လုပ်ထားသည့် ဓာတ်ပုံများ၊ ဗွီဒီယိုများ၊ AI နည်းပညာဖြင့် ဖန်တီးထားသော ဓာတ်ပုံများနှင့် အသံတုများသည် အမှန်တရားနှင့် လုပ်ကြံဖန်တီးထားသည့် အမှားအကြား တားထားသောစည်း ကို တစ်စထက်တစ်စ မှေးမှိန်လာစေခဲ့သည်။
ထိုအခြေအနေများကြောင့် မဲဆန္ဒရှင်များအတွက် အမှန်တရားကို ညွှန်ပြသည့် သမားရိုးကျ စံနှုန်းများဖြင့် အကြောင်းအရာတစ်ခုကို တိုင်းတာနိုင်တော့မည် မဟုတ်ဘဲ လူမှုမီဒီယာပေါ်တွင် ကိစ္စတစ်ခုကို မြင်ရုံ၊ ကြားရုံမျှ ဖြင့် အမှန်တရားဟု ယူဆရန် ခက်ခဲလာခဲ့သည်။
အထူးသဖြင့် အကြောင်းကိစ္စ တစ်ခုသည် အမှန်တရား ဖြစ်နေသည့်တိုင် အမှန်တရားရော ဟုတ်မှ ဟုတ်ပါ့မလား ဟု သံသယများ ဝင်လာခြင်းသည် အဆိုးဆုံးဖြစ်သည်။
ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်တွင် ထရမ့်၏ မဲဆွယ်စည်းရုံးပွဲသည် AI နှင့်ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံကို အွန်လိုင်း တွင် ဖြန့်ခဲ့သည်။
ထိုဓာတ်ပုံမှာ နာမည်ကြီး ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ် (Taylor Swift)က ထရမ့်ကိုမဲပေးရန် ထောက်ခံနေ သည့်ပုံ ဖြစ်သည်။
တေလာဆွစ်ဖ်သည် ထရမ့်၏ ပြိုင်ဘက် ဟားရစ်ကို အားပေးသူ ဖြစ်သည့်တိုင် ထိုကဲ့သို့ ဓာတ်ပုံထွက်လာခဲ့ ခြင်းကြောင့် မဲဆန္ဒရှင်များကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ထိုလုပ်ဆောင်မှုများသည် သတင်းမီဒီယာများအတွက်လည်း အတည်မပြုနိုင်သည့် အကြောင်းအရာများကို ခွဲခြားစိစစ်ရန် ခက်ခဲစေမည်ဖြစ်သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
အမေရိကန်သည် နောက်ထပ် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ပြည်ပနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုကလည်း အဓိကအခမ်းကဏ္ဍမှ ပါဝင်နေသည်။
ပြည်ပနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုများသည် ပြည်တွင်း သတင်းမှား ဖြန့်မှုများအပေါ် "ဘူးလေးရာဖရုံဆင့်" ဆို သကဲ့သို့ အမှန်တရားကို ဖုံးကွယ်သည့် နောက်ထပ် အမည်းရောင် ကန့်လန့်ကာတစ်ခု ဖြစ်လာခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ထွက်ပေါ်ခဲ့သည့် ထောက်လှမ်းရေး သတင်းများအရ အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မည့် ခြိမ်းခြောက်မှုများသည် ရုရှားတစ်နိုင်ငံတည်းမှ မဟုတ်ဘဲ အီရန်နှင့် တရုတ်တို့မှလည်း ထွက်ပေါ်နေသည်ဟု ဖော်ပြခဲ့သည်။
ထရမ့် အနိုင်ရပါက ယူကရိန်းနှင့်ပတ်သက်သည့် အမေရိကန်၏ မူဝါဒအပေါ် သက်ရောက်လာနိုင်သဖြင့် ရုရှားသည် ထရမ့်ကို အနိုင်ရစေချင်နေသည်မှာ ထင်ရှားလှသည်။
ရုရှားနိုင်ငံပိုင် RT ရုပ်သံကလည်း မကြာသေးမီက အမေရိကန်၏ တန်နက်ဆီ (Tennessee) ပြည်နယ်အခြေစိုက် ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁၀ သန်းပေးပြီး အမေရိကန်လူမှု မီဒီယာများတွင် ရုရှားလိုလားသည့် အကြောင်းအရာ များကို ဖြန့်ရန် စေခိုင်းခဲ့သည်။
ထိုလှုပ်ရှားမှုတွင် အွန်လိုင်းပေါ်မှ နာမည်ကြီး ထင်ရှားသူများကို အသုံးချကာ လူမှုကွန်ရက် အသုံးပြုသူများ အကြား ရုရှားလိုလားသည့် အတွေးအမြင်များအား ဖြန့်ခဲ့ခြင်းဖြစ်သဖြင့် အမေရိကန်ပြည်သူများ၏ အမှား၊အမှန် ခွဲခြားနိုင်စွမ်းကို ရှုပ်ထွေးစေခဲ့သည်။
ထိုကဲ့သို့ ပြောင်းလဲနေသည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် အမေရိကန်အစိုးရအနေဖြင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရ သည်။
ဒေါ်နယ်ထရမ့်နဲ့ ဟားရစ်ကို တွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် အလွန်အကဲဆတ်သည့် ထောက်လှမ်းရေး သဘောသဘာဝနှင့် အမျိုးသားလုံခြုံရေးနှင့် အတူ ပွင့်လင်းမြင်သာမှုကို ထိန်းညှိဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။
အမေရိကန်အစိုးရသည် ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှုကို တုန့်ပြန်ရန် စီမံကိန်းမျာနှင့် လုပ်ဆောင်နေချိန်တွင် ပြည်တွင်းရေး သဘောားကွဲလွဲမှုများ၊ ထရမ့်ဘက်မှ အလွန်ဩဇာကြီးမားသူများ၏ လွှမ်းမိုးမှုများကိုလည်း ရင်ဆိုင် နေရသည်။
ထို့ကြောင့် ယခုရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
မကြာသေးမီက ပြုလုပ်သည့် စစ်တမ်းတစ်ခု၌ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ အပြီးတွင် ဆူပူအုံကြွမှု ဖြစ်လာနိုင်ကြောင်း အမေရိကန်ပြည်သူအများစုက ယူဆထားကြသည်ဟု ဖော်ပြခဲ့သည်။
မဲဆန္ဒရှင်များအနေဖြင့် သူတို့ သိရှိထာသည့် အကြောင်းအရာသည် အမှန် ဟုတ်/မဟုတ်ကို သိခွင့်ရှိသင့်သည်။
သို့သော် သတင်းအမှား ဖြန့်မှုများကြောင့် အကြောင်းရင်း အမှန်သည် ဝေဝါးနေပြီး ထိုအခြေအနေ၏ နောက်ဆက်တွဲ ဂယက်သည် ပြင်းထန်စွာ ရိုက်ခတ်လာနိုင်မည်မှာ သေချာလှပေသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 2293
CNI Sport Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
ယူနိုက်တက်အသင်းမှာ ကစားသမားဘဝအဖြစ် ၅ ရာသီကြာဖြတ်သန်းပြီး သွင်းဂိုးပေါင်း ၁၅၀ သွင်းယူကာ ပရီးမီးယားလိဂ်၊ FA ဖလား အပါအဝင် ဆုဖလားအချို့ကို ရယူနိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ နွေရာသီက အသင်း ဟောင်းထံ လက်ထောက်နည်းပြအဖြစ် ပြန်ရောက်လာခဲ့ပါတယ်။
ဂိုးဧရိယာထဲမှာ အဆုံးသတ်ပုံ ကောင်းမွန်ပြီး ဂိုးသွင်းစက်ဖြစ်ခဲ့တဲ့ နစ္စတယ်ရွိုင်း ပြန်ရောက်လာတာကို ယူနိုက်တက်အသင်း ပရိသတ်တိုင်း ကြိုဆိုခဲ့ကြပါတယ်။
နစ္စတယ်ရွိုင်းဟာ နည်းပြဟောင်း တန်ဟတ်ကို အကူအညီပေးဖို့နဲ့ အသင်းရဲ့တိုက်စစ်ကို သွင်းဂိုးတွေ ရရှိအောင် အကူအညီပေးဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နစ္စတယ်ရွိုင်းရဲ့ ယူနိုက်တက်အသင်း လက်ထောက်နည်းပြဘဝအစဟာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် လှပခဲ့ခြင်းတော့ မရှိပါဘူး။
နစ္စတယ်ရွိုင်းဟာ အဲရစ်တန်ဟတ်ကို အကူအညီ မဖြစ်သလို သူ့ရဲ့နေရာကို ရယူဖို့ ရောက်လာခဲ့တယ်ဆိုပြီး ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြခြင်းကိုလည်း ခံခဲ့ရတာပါ။
နစ္စတယ်ရွိုင်းဟာ လက်ထောက်နည်းပြအဖြစ်နဲ့ သူ့ရဲ့အသင်းဟောင်းကို အကောင်းဆုံး အကူအညီပေးဖို့ ကြိုးစား ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘဲ သူ့ကို ခေါ်ယူခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဒီအချိန်မှာ ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ရလဒ်ဆိုးနေတဲ့ အသင်းကို တာဝန်ယူဖို့ နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
အားလုံးက နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေရအောင် ကိုင်တွယ်ပြီး အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံရမယ်လို့ ထင်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အသင်းဘက်က နည်းပြသစ်ကို အလျင်အမြန် ရှာဖွေခဲ့ပြီး နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ်သာ တာဝန်ပေးခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်ကို နည်းပြသစ်အဖြစ် တာဝန်ပေးမှာဖြစ်လို့ နစ္စတယ်ရွိုင်းအတွက်တော့ ယာယီနည်းပြ အဖြစ်ကနေ အများကြီး မျှော်လင့်စရာ မရှိတော့တာဖြစ်ပါတယ်။
အာမိုရင် ရောက်လာခဲ့ရင် နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ်လို့လည်း သတင်းတွေ အများအပြားက ဖော်ပြခဲ့ပါတယ်။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ လက်စတာအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲအပြီးမှာ သူဟာ အသင်းမှာ ဆက်ပြီးရှိနေဖို့ အဆင်သင့် ဖြစ်နေတယ် လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်နဲ့ နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
နစ္စတယ်ရွိုင်းက သူဟာ ယူနိုက်တက်အသင်းကို အကူအညီပေးဖို့နဲ့ အရာအားလုံးကိုပေးဖို့ ရောက်လာခဲ့တာ ဖြစ်တာကြောင့် ဘယ်အခန်းကဏ္ဍနဲ့မဆို ဆက်ပြီးရှိချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အာမိုရင်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ယူနိုက်တက်အသင်းကို ရောက်လာမှာဖြစ်လို့ နစ္စတယ်ရွိုင်း အနေနဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ဆက်ပြီး ပါဝင်လို့ရမလားဆိုတာ စဉ်းစားစရာတော့ ဖြစ်နေတာပါ။
နစ္စတယ်ရွိုင်းအတွက်တော့ လက်ရှိအချိန်မှာ အသင်းကို အကူအညီပေးဖို့ အကောင်းဆုံး နည်းလမ်းကတော့ အာမိုရင် မရောက်လာခင် သူကိုင်တွယ်ရမယ့် ပွဲတွေမှာ အသင်းကို အကောင်းဆုံး ရလဒ်ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။
အာမိုရင်ဟာ နိုဝင်ဘာလ နိုင်ငံတကာ ပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းကို တရားဝင် ကိုင်တွယ်နိုင်မယ်လို့ သိရပါတယ်။
အဲဒါကြောင့် နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ်နဲ့ ပွဲစဉ် ၃ ပွဲကို ကိုင်တွယ်ရဦးမှာပါ။
နစ္စတယ်ရွိုင်းနဲ့ ယူနိုက်တက်ကစားသမားတွေကို တွေ့ရစဉ်
ဒီပွဲတွေကတော့ ချယ်လ်ဆီး၊ လက်စတာအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ PAOK အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် ဒီ ၃ ပွဲစလုံးဟာ အရေးပါတဲ့ ပွဲစဉ်တွေဖြစ်တာကြောင့် နစ္စတယ်ရွိုင်းဟာ ယာယီ နည်းပြ အဖြစ်နဲ့ မှတ်ကျောက်တင်ခံအောင် လုပ်ပြဖို့လိုအပ်နေတာပါ။
နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ဂိုးပြတ်နိုင်ပွဲ ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ချယ်လ်ဆီး အသင်းနဲ့ပွဲမှာရော နိုင်ပွဲရအောင် လုပ်ဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ပွဲဟာ နစ္စတယ်ရွိုင်းအတွက် ယူနိုက်တက်အသင်း ယာယီနည်းပြဘဝမှာ ကြီးမားတဲ့ စမ်းသပ်မှုဖြစ်ပြီး ဒါကို ကျော်ဖြတ်နိုင်မလားဆိုတာ အားလုံးရဲ့စောင့်ကြည့်ခြင်းကို ခံနေရတာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1801
CNI Sport Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
ပုံစံအသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၃ အထိ ယှဉ်ပြိုင်ပြီးချိန်မှာ ရှုံးပွဲမရှိတဲ့ အသင်း အရေ အတွက်က ၁၀ သင်းသာရှိတော့တာ ဖြစ်ပါတယ်။
ဒီ ၁၀ သင်းထဲမှာ အင်္ဂလန်ကလပ် ၄ သင်းစလုံး ပါဝင်နေတာကြောင့် အင်္ဂလန်အသင်းတွေ အခြေအနေ ကောင်း နေတာကို မြင်တွေ့ခဲ့ရတာပါ။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ အက်စတွန် ဗီလာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ဟာ ၃ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေတာပါ။
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ၂ ပွဲနိုင် ၁ ပွဲသရေချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် မန်စီးတီး အသင်းက အဆင့် ၃ နဲ့ အာဆင်နယ်အသင်းက အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရှုံးပွဲမရှိသေးတဲ့ နောက်ထပ် ၆ သင်းကတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ မိုနာကိုနဲ့ ဘရက်စ်အသင်း၊ ဂျာမန်ကလပ် လေဗာကူဆင်၊ အီတလီကလပ် အင်တာမီလန်နဲ့ အတ္တလန်တာ၊ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းတို့ ဖြစ်တာပါ။
အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
အင်္ဂလန်ကလပ် အသင်းတွေဟာ ကစားပြီးတဲ့ ၃ ပွဲမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေ ပါဝင်ခဲ့ပေ မယ့် ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီ ၃ ပွဲမှာ ယန်းဘွိုင်းစ်၊ ဘိုင်ယန်မြူးနစ်၊ ဘိုလော့ဂ်နာ အသင်းတို့နဲ့ ကစားခဲ့ရပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာပါ။
လီဗာပူးလ်အသင်းဟာ အေစီမီလန်၊ ဘိုလော့ဂ်နာ၊ လိုက်ပ်ဇစ်အသင်းတို့နဲ့ ကစားခဲ့တာမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းက အင်တာမီလန်အသင်းနဲ့ သရေကျခဲ့ပြီး ဆလိုဗန်နဲ့ ဆပါတာအသင်းတို့ကို ဂိုးပြတ်အနိုင်ရကာ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာပါ။
အာဆင်နယ်အသင်းဟာ အတ္တလန်တာအသင်းနဲ့ သရေကျခဲ့ပြီး ပီအက်စ်ဂျီ၊ ရှက်တာဒိုးနက်အသင်းတို့ကို အနိုင် ရရှိကာ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
၃ ပွဲကစားပြီးချိန်မှာ အင်္ဂလန်ကလပ် အသင်းတွေရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ဟာ အားရစရာကောင်းပြီး နောက် တစ်ဆင့် တက်နိုင်မယ့် အခွင့်အရေးအချို့ကို ပိုင်ဆိုင်ထားတာ တွေ့ခဲ့ရပါတယ်။
ပုံစံအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အသင်းတိုင်းဟာ အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစား ရမှာဖြစ်လို့ လက်ကျန်ပွဲစဉ် ၅ ပွဲကစားဖို့ ကျန်ရှိနေသေးတာပါ။
အဆင့် ၁ ကနေ ၈ အတွင်း ရပ်တည်တဲ့ အသင်း ၈ သင်းဟာ ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်နိုင်မှာ ဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်းမှာ ရပ်တည်တဲ့ အသင်း ၁၆ သင်းဟာ ပလေးအော့ဖ် ကစားရမှာဖြစ်ပါတယ်။
အဆင့် ၂၅ ကနေ ၃၆ အထိ ရပ်တည်နေတဲ့ အသင်း ၁၂ သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။ ပွဲစဉ် ၃ ပွဲအထိ ယှဉ်ပြိုင်ပြီး ဖြစ်တာကြောင့် ရလဒ်မကောင်းတဲ့ အသင်းတွေဟာ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းရယူဖို့ ကြိုးစားရ မှာဖြစ်သလို ရလဒ်ကောင်းတဲ့ အသင်းတွေက ဒီရလဒ်ကို ဆက်ထိန်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းကို တွေ့ရစဉ်
အင်္ဂလန်ကလပ် အသင်းတွေအနေနဲ့ ဒီပုံစံကို ဆက်ထိန်းနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းများနေတာပါ။
အနည်းငယ် ခြေချော်ခဲ့ရင်တောင် နောက်တစ်ဆင့် တက်နိုင်မယ့် ပလေးအော့ဖ် အခွင့်အရေးကို ရယူနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
လာမယ့် ချန်ပီယံလိဂ်ပွဲစဉ် ၄ ဟာ အင်္ဂလန်ကလပ်တွေအတွက် စိန်ခေါ်မှု ဖြစ်လာဖို့ရှိနေပြီး ပွဲကြီးပွဲကောင်းတွေ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
ပွဲစဉ် ၄ မှာ လီဗာပူးလ်အသင်းက လေဗာကူဆင်အသင်း၊ မန်စီးတီးအသင်းက စပို့တင်းလစ္စဘွန်းအသင်း၊ အက်စတွန်ဗီလာအသင်းက ကလပ်ဘရုဂျ်အသင်းနဲ့ အာဆင်နယ်အသင်းက အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲတွေကို အင်္ဂလန်ကလပ်တွေ ကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားနိုင်ပါတယ်။
အဲဒါကြောင့် ပုံစံအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေတဲ့ပုံစံကို အင်္ဂလန်ကလပ်တွေ ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1033
CNI International Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
ထိုင်းနှင့် တရုတ်အကြား ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများသည် အရှေ့တောင်အာရှတွင် အောင်မြင်မှု မှတ်တိုင်အချို့ စိုက်ထူနိုင်ခဲ့သည့်အထိ ကောင်းမွန်ခဲ့သည်။
ထိုင်းသည် ၂၀၀၅ ခုနှစ်မှစပြီး ဒေသတွင်း တရုတ်နှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် ပထမဆုံး အာဆီယံ နိုင်ငံဖြစ်သည်။
ထိုအချိန်မှစပြီး ၎င်းတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ပိုမိုမြင့်တက်ပြီး ရှုပ်ထွေးလာခဲ့ကာ အထူးသဖြင့် ထိုင်းတွင် ၂၀၁၄ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်သည် အမေရိကန်၏ ဝေဖန်မှုကို တန်ပြန်နိုင်ရန် တရုတ်နှင့် ဆက်ဆံရေး နီးစပ်စေရန် ကြိုးစားခဲ့သည်။
ယခုအခါတွင် ထိုင်းသည် Exercise Blue Strike အမည်ရှိ ရေတပ်စစ်ရေးလေ့ကျင့်မှု၊ Exercise Falcon Strike အမည်ရှိ လေတပ်စစ်ရေးလေ့ကျင့်မှုတို့ အပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၁၆ ရက်မှစပြီး တရုတ်နှင့်ထိုင်းသည် ယူနန် (Yunnan) ပြည်နယ်၊ ကူမင်း (Kunming) မြို့တွင် ပူးတွဲ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်သည့် ဗွီဒီယိုမှတ်တမ်းများတွင် နှစ်နိုင်ငံစစ်သားများသည် မြို့ပြစစ်ဆင် ရေး စစ်ရေးလေ့ကျင့်မှု၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လက်နက်များ ဖလှယ်မှုနှင့် ထိုင်းစစ်သားများက တရုတ်လုပ် QBZ-95-1 ချေမှုန်းရေးရိုင်ဖယ်များကို အသုံးပြုမှု အစရှိသည့် မြင်ကွင်းများကို ဖော်ပြခဲ့သည်။
အပေါ်ယံကြည့်မည်ဆိုပါက ထိုစစ်ရေး လေ့ကျင့်မှုများသည် ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့သည့် လုပ်ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုများအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် Strike-2024 အမည်ရှိ စစ်ရေး လေ့ကျင့်မှုမှာမူ ကွဲပြားမှုများ ရှိ/မရှိ လေ့လာသုံးသပ် ရမည်ဖြစ်သည်။
တရုတ်ထုတ် စစ်ဘက်သုံး ဒရုန်းကို တွေ့ရစဉ်
Strike-2024 စစ်ရေးလေ့ကျင့်မှုတွင် အသိသာဆုံးအချက်မှာ ဒရုန်းများကို စစ်ရေးလေ့ကျင့်မှုအတွင်း အသုံးပြုခဲ့ ခြင်းဖြစ်သည်။
ထိုင်းသည် မြန်မာနယ်စပ်ကို ကင်းလှည့်ရန်အတွက် စစ်ဘက်သုံးဒရုန်းများကို ဝယ်ယူရရှိရန် ကြိုးပမ်းနေသည်။
တရုတ်အတွက်မူ စစ်ဘက်သုံးဒရုန်းများကို စစ်ရေးလေ့ကျင့်မှုများနှင့် ပေါင်းစပ်ခြင်းသည် လက်နက်ရောင်းချမှုကို ချဲ့ထွင်ရန်နှင့် အာဆီယံတွင် တရုတ်၏ ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ် သည်။
တရုတ်-မြန်မာ နယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည့် Strike-2024 စစ်ရေးလေ့ကျင့်မှုများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ လူမှောင်ခိုကူးမှုများ၊ လက်နက်မှောင်ခိုကူးမှုများကို နှိမ်နင်းရန် အပါအဝင် ဒေသတွင်း တည်ငြိမ် ရေးကို ခြိမ်းခြောက်နိုင်သည့် ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများကို နှိမ်နင်းရန် အထူးသဖြင့် ကြမ်းတမ်းခက်ခဲ သည့် တောင်တန်းဒေသများတွင် ထိုင်းနှင့် တရုတ်စစ်သားများအတွက် သတင်းအချက်အလက်များကို ဖလှယ်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် ထိုင်းသည် နယ်စပ်ချင်း ထိစပ်နေခြင်း မရှိသည့်တိုင် ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုများကို မျှဝေဖြေရှင်းရန် နီးစပ်သည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားသည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းဝင်ဥပမာတစ်ခုမှာ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှ ၁၉၈၀ ပြည့်နှစ်အထိ ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်ဝင်ရောက်မှုကို တရုတ်နှင့် ထိုင်းတို့က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က ထိုင်းသည် ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမည့် အရေးကို စိုးရိမ်ခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် တစ်လျှောက်တွင် ဗီယက်နမ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တစ်ဖက်တွင်လည်း တရုတ်က ဗီယက်နမ်ကို ဆိုဗီယက်၏ အသုံးချခံအဖြစ်ရှုမြင်ခဲ့သည်။
ထို့ကြောင့် တရုတ်နှင့် ထိုင်းသည် ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် မဟာမိတ်ဖွဲ့ကာ ဗီယက်နမ်တပ်ဖွဲ့များကို ခုခံတော်လှန်နေသည့် ကမ္ဘောဒီးယား တပ်ဖွဲ့များကို လက်နက်များ ထောက်ပံ့ပေးခဲ့သည်။
မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအို နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်
မျက်မှောက်ခေတ် ကာလတွင်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် တရုတ်နှင့်ထိုင်းကို နောက်တစ်ကြိမ် ပိုမိုနီးစပ်သွားစေခဲ့သည်။
နှစ်နိုင်ငံစလုံးသည် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများအရေး၊ လူများနှင့် လက်နက်များ မှောင်ခိုကူးမှုကဲ့သို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် မြန်မာပဋိပက္ခ၏ အကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေများကြောင့် ထိုင်းနှင့်တရုတ်သည် မြန်မာနှင့်ထိစပ်နေသည့် ၎င်းတို့၏ နယ်စပ်ဒေသများတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွက်မူ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အသုံးပြုနေသည့် ဒရုန်းများ သည် ထိုင်းနယ်စပ်၏ လုံခြုံရေးအတွက် ကြီးမားသည့် လုံခြုံရေးစိုးရိမ်စရာကိစ္စအဖြစ် သတ်မှတ်ထားသည်။
ဒရုန်းများသည် လေယာဉ်များကို ထောက်လှမ်းသည့် ပုံမှန်ရေဒါစနစ်များကို ရှောင်တိမ်းနိုင်စွမ်းရှိပြီး ထိုဒရုန်းများ ကိုပစ်ချရန် ဒုံးကျည်စနစ်များ အသုံးပြုရမည်ဖြစ်သဖြင့် ထိုင်းစစ်တပ်အတွက် အကုန်အကျများ လိမ့်မည်ဖြစ် သည်။
ထို့ပြင် ကီလိုမီတာ ၂၀၀၀ အရှည်အထိ ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူအင်အားဖြင့် ကင်းလှည့်ခြင်းသည် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။
ထိုပြဿနာများကို ဖြေရှင်းရန် ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ် ကာကွယ်ရေး စက္ကူဖြူစာတမ်းတွင် ထိုင်းစစ်တပ်သည် နယ်စပ်ဒေသလုံခြုံရေးအတွက် စစ်ဘက်သုံးဒရုန်းများကို ရရှိပိုင်ဆိုင်ရန်နှင့် ဒရုန်းဖျက်သည့် စွမ်းဆောင်ရည်များ ကို တိုးမြှင့်မည့် အစီအစဉ်များကို အလေးထားဖော်ပြခဲ့သည်။
တရုတ်ထုတ် စစ်ဘက်သုံး ဒရုန်းကို တွေ့ရစဉ်
ထိုသို့ လုပ်ဆောင်ရာတွင် Predator နှင့် Reaper တို့ကဲ့သို့ အမေရိကန်လုပ် အကြီးစားဒရုန်းများသည် ထိုင်း အတွက် အလွန်ငွေကုန်ကြေးကျ များလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ထိုင်းတော်ဝင်တပ်မတော် (RTA) သည် ၂၀၂၃ ခုနှစ်က တရုတ်၏ Norinco Sky Saker FX80 ဒရုန်း များကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ကင်းထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့် ခဲ့သည်။
Strike-2024 စစ်ရေးလေ့ကျင့်မှုများအတွင်း ထိုင်းစစ်သားများသည် တရုတ်လုပ်ဒရုန်းများကို အသုံးပြုသည့် တန်ဖိုးရှိသည့် အတွေ့အကြုံများကို ရရှိခဲ့သည်။
ထိုစစ်ရေးလေ့ကျင့်မှုသည် နည်းပညာများ ဖလှယ်မှုအပြင် PLA နှင့် RTA တို့အတွက် မြန်မာနိုင်ငံမှ ထွက်ပေါ်လာ သည့် ပုံမှန်မဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြေရှင်းရာတွင် ၎င်းတို့၏ နည်းဗျူဟာများကို ဆန်းသစ် တီထွင်နိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။
တရုတ်အတွက်မူ ထိုင်းနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် အရှေ့တောင်အာရှတွင် ကာကွယ်ရေး ကဏ္ဍ ဆက်ဆံမှုများကို မြှင့်တင်ရန်နှင့် တရုတ်လုပ်လက်နက်များ ရောင်းချမှုကို မြှင့်တင်ရန် အခွင့်အလမ်းကို ရရှိခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများကြောင့် တရုတ်သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ၏ အကျိုးထိရောက်မှု ကို ပြသခွင့်ရရှိခဲ့ပြီး ထိုင်းကဲ့သို့ အခြားနိုင်ငံများကို လက်နက်များ ရောင်းချခွင့်ရရှိရန် မျှော်မှန်းနိုင်ခဲ့သည်။
ထိုင်နိုင်ငံအတွက်လည်း ထိုစစ်ရေးလေ့ကျင့်မှုများမှ ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
အစဉ်အလာအားဖြင့် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ထိုင်းသည် အမေရိကန်ထံမှ စစ်လက်နက်ပစ္စည်းများ ကိုသာ မှီခိုအားထားနေရသည်။
မည်သို့ပင်ဆိုစေ တရုတ်က ထိုင်းကို လက်နက်များ ရောင်းချမှု မြင့်တက်လာခြင်းသည် ဒေသတွင်း အမေရိကန်၏ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိမည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ အဆိုအရ ယခုအခါတွင် လက်နက် ငယ်များ၊ တင့်ကားများ၊ ကျည်ကာကားများနှင့် ရေငုပ်သင်္ဘောများ အပါအဝင် ထိုင်းနိုင်ငံ၏ စစ်ဘက်သုံးပစ္စည်း များ ဝယ်ယူတင်သွင်းမှု စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းသည် တရုတ်၏ စစ်ဘက်သုံးပစ္စည်းများဖြစ်သည်ဟု ဖော်ပြ ထားသည်။
တရုတ်၏ နည်းပညာများအပေါ် ထိုင်း၏ မှီခိုအားထားမှု မြင့်တက်လာသည်နှင့်အမျှ တရုတ်-အမေရိကန် အားပြိုင်မှုတွင် ထိုင်းကို ကြားနေအဖြစ် ရပ်တည်ရန် တရုတ်က ထိုင်းအပေါ် ဖိအားပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ခြုံငုံသုံးသပ်ရမည်ဆိုပါက Strike-2024 စစ်ရေးလေ့ကျင့်မှုများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ဂယက်ရိုက်ခတ်မှုများကို ဖြေရှင်းရန် အဓိကထား ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။
ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်
မြန်မာ့အရေးသည် တရုတ်နှင့် ထိုင်းအတွင်း စိုးရိမ်မှုများနှင့် စိန်ခေါ်မှုများ ရှိနေသဖြင့် ထိုစစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့ ၂ နိုင်ငံအကြား တစ်ဦး၏ နည်းဗျူဟာကို တစ်ဦးက လေ့လာခွင့်ရရှိစေသည့် အခွင့်အလမ်းကို ပေါ်ပေါက် စေခဲ့သည်။
ထို့ပြင် ထိုင်းသည် မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးကို တိုးမြှင့်ရန် ဒရုန်းများဝယ်ယူဖို့ ကြိုးပမ်းနေချိန်တွင် ထိုစစ်ရေးလေ့ကျင့်မှုသည် တရုတ်အတွက် စစ်ဘက်ဆိုင်ရာ နည်းပညာများကို ထိုင်းအားပြသခွင့် ရရှိခဲ့ခြင်းဖြစ် သည်။
တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား ပြုလုပ်သည့် 2024 Cambodia-China Dragon Gold စစ်ရေးလေ့ကျင့်မှု များတွင်လည်း တရုတ်သည် ၎င်းတို့၏ ဒရုန်းစွမ်းဆောင်ရည်များကို ပြသခဲ့ပြီးနောက် ယခုအကြိမ်တွင် ထိုင်းနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်အနေဖြင့် ၎င်း၏ လက်နက်များ ရောင်းချမှုကို ချဲ့ထွင်ရန် အရှေ့တောင်အာရှနိုင်ငံများနှင့် စစ်ရေးလေ့ကျင့် မှုများပြုလုပ်ပြီး ခေတ်မီ ဒရုန်းများ၏ စွမ်းဆောင်ရည်ကို ဆက်လက် ပြသဖွယ်ရှိသည်။
မည်သို့ပင်ဆိုစေ တရုတ်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်တိုင် ထိုင်းသည် ၎င်း၏ မဟာမိတ် အမေရိကန် အပါအဝင် အင်အားကြီး နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထား သဖြင့် တရုတ်၏ လက်နက်များကို အထိန်းအကွပ်ဖြင့် ဝယ်ယူလိမ့်မည်ဟု ယူဆရသည်။
Source: The Diplomat

- By CNI
- Category: ဆောင်းပါး
- Hits: 1467
CNI Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံသည် ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ ၁၉၄၇ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေး ရယူခဲ့ပြီး ၃ နှစ် ဒိုမီနီယံအဖြစ် နေထိုင်ကာ ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၂ နှစ်နီးပါးကြား ရေးဆွဲခဲ့သော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမြောက်ကာ ကျင့်သုံးခဲ့သည့်အခါမှာတော့ အိန္ဒိယနိုင်ငံသည် သီးခြား လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသည်လည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဗြတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေး ရယူခဲ့သည်။
ထို့ကြောင့် အိန္ဒိယနှင့် မြန်မာသည် သမိုင်းအရ တချို့ အစိတ်အပိုင်းများနှင့် အခြေအနေများသည် တူညီမှုများ ရှိသလို လူမျိုးများသည်လည်း ရောယှက်နေထိုင်လျက်ရှိနေသည်။
ဥပမာ- ကသည်း၊ နာဂ၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လူမျိုးများသည် အိန္ဒိယနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာရော နေထိုင်လျက်ရှိသလို နာဂလန်း၊ မဏိပူရ်၊ မီဇိုရမ်၊ အာရုနာချာပရာဒေ့ရှ်ပြည်နယ်များသည်(အရင်က အာသံ ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်သာရှိခဲ့) မြန်မာဘုရင်၏ လက်အောက်မှာလည်း ရှိခဲ့ဖူးသည်။ ယခုအခါမှာတော့ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်။
အလားတူ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေအများစုသည် အိန္ဒိယနိုင်ငံက ပြဋ္ဌာန်းထားသည့် ဥပဒေများ ကနေ ဆင်းသက်လာသည်ဟုလည်း ဆိုကြခြင်းကြောင့် အိန္ဒိယနှင့်မြန်မာသည် သမိုင်းကြောင်းအရ တူညီမှု တချို့ ရှိသည်ဟု ဆိုကြခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားအရေး ဖြေရှင်းရန်အတွက် အိန္ဒိယနိုင်ငံ ကို ဥပမာထား လေ့လာ၍ ဖြေရှင်းရန် ကြိုးပမ်းနေသလို တပ်မတော်အကြီးအကဲများသည်ပင် အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ကို လေ့လာကာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သင့်သည်ဟု ပြောဆိုလာခဲ့ သည်။
ဤသို့သော အခြေအနေအရ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးစနစ်များကို လေ့လာရန် လိုအပ် လာခြင်းကြောင့် မိမိအနေဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ်က လေ့လာခဲ့ရသော အခြေအနေများကို ပြန်လည် မျှဝေလိုသည်။
အိန္ဒိယနိုင်ငံကို ၂၀၁၈ ခုနှစ်၊ မေလက သွားရောက်ခဲ့ပြီး တစ်ပတ်ကျော်လောက် နေထိုင်ကာ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့် တိုင်းရင်းသား အခွင့်အရေးများ ဖော်ဆောင်ပေးထားသော အခြေအနေများကို လေ့လာခွင့်ရခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ရောက်သည့် အခါမှာတော့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသား အခွင့်အရေး များ ပေးထားချက်များကို လေ့လာခွင့် ရရှိခဲ့သည်။
ထိုလေ့လာမှုများကို နယူးဒေလီမြို့ အပါအဝင် ကသည်း-အာသံ-နာဂ လက်နက်ကိုင်များ လှုပ်ရှားသည့် မဏိပူရ် ပြည်နယ်၊ အင်ဖာနှင့် မိုရေးမြို့များတွင် နေထိုင်ကာ လေ့လာခဲ့ရသည်။
ကသည်း ဘုရင်နဲ့စစ်သူကြီးများကို ပြတိုက်အတွင်းမှာတွေ့ရစဉ်
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုပေါင်းစုံဝါဒ
***********************************
အိန္ဒိယနိုင်ငံသည် ပြည်ထောင်စုနယ်မြေ ၇ ခု၊ ပြည်နယ် ၂၈ ပြည်နယ်ရှိသည့်အနက် လူမျိုးစုပေါင်း ၂၀၀ ဝန်းကျင် စုပေါင်းနေထိုင်သော နိုင်ငံကြီး တစ်ခုဖြစ်သည်။
အလားတူ ဘာသာပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံ ဖြစ်သည့်အတွက် အရောင်အသွေး စုံလင်လှသည်။ ဘာသာ စကားများကလည်း အများအပြား ပြောဆိုကြသည်။
ရုံးသုံးဘာသာကိုတော့ ဟိန္ဒူနှင့် အင်္ဂလိပ် ဘာသာစကားတို့ကို ပြဋ္ဌာန်း သတ်မှတ်ထားပြီး အမျိုးသား လက္ခဏာ ဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်များတွင်မူ ပြည်နယ်အတွင်းရှိ လူမျိုးစုများ၏ ဘာသာစကားကိုလည်း ဟိန္ဒူ-အင်္ဂလိပ် ဘာသာစကားတို့ဖြင့် တွဲဖက်ကာ ရုံးသုံး ဘာသာစကား အနေဖြင့် သုံးစွဲခွင့် ပြုထားသည်။
ဥပမာ နာဂလန်းပြည်နယ်ဆိုလျှင် ဟိန္ဒူ၊ အင်္ဂလိပ်၊ နာဂ ဘာသာစကား သုံးမျိုးကို ရုံးသုံးအဖြစ် သတ်မှတ်ပြီး မဏိပူရ်ပြည်နယ်တွင် ဟိန္ဒူ၊ အင်္ဂလိပ်၊ ကသည်း ဘာသာစကားတို့အား ရုံးသုံးအဖြစ် သတ်မှတ်ကာဆောင် ရွက်ကြသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ရုံးသုံး ဘာသာစကားအဖြစ် ဟိန္ဒူ၊ အင်္ဂလိပ် (အဓိက ဘာသာစကား) အပါ ဘာသာ စကား ၁၄ မျိုး ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသား မျိုးနွယ်စုများ၏ အထင်ကရ အဆောက်အအုံများ၊ ရုပ်တုများ၊ သက်မဲ့ အရာဝတ္ထုများ ကိုလည်း သက်ဆိုင်ရာ မျိုးနွယ်စုများအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြုပေးထားသည်။
မဏိပူရ်ပြည်နယ် အင်ဖာမြို့တွင် ကသည်းဘုရင် HIJAGANG ၏ နန်းတော်ဟောင်း(ကန်ဂလာခံတပ်)နှင့် ကသည်း စစ်သူကြီး PRONA BRAJABASI ကို ဂုဏ်ပြုထားသော စစ်သမိုင်းပြတိုက်များကို ကသည်းလူမျိုးများအား စောင့်ရှောက်ခွင့် ပေးထားသည်။
သို့သော် ယနေ့ချိန်ထိ အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံသည့် အခြေအနေကို မဖြေရှင်း နိုင်သေးသလို ဟိန္ဒူနှင့် အစ္စလာမ်ကြား စည်းလုံးညီညွတ်ရေးကိုလည်း မတည်ဆောက်နိုင်သေး သည်ကိုလည်း တွေ့ရပြန်သည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုပေါင်းစုံဝါဒ
*************************************
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ (၃) နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၂၁) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဟု ဆိုထားသည်။
ထို့နောက် ပုဒ်မ ၂၂ (က)နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုး တိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ (ခ) တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစား ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။
ထို့ပြင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၏ အခန်း(၁) အပိုဒ်-၁ (စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်ဟု သဘောတူညီ ထားသည်။
သို့သော် ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၏ ဥက္ကဋ္ဌလည်းဖြစ် (NCA)ထိုး ထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှမ်းတိုင်းရင်းသားသည် မိန့်ခွန်းပြောရာမှာ မိခင် ရှမ်းဘာသာစကားဖြင့် ပြောလိုသည့်တိုင် အစိုးရဘက်က ခွင့်မပြုခဲ့ဘဲ ဗမာစကားဖြင့်သာ မိန့်ခွန်းပြောခဲ့ရသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် ကွဲလွဲနေသကဲ့သို့ အစိုးရ၊ တပ်မတော်၊ လက်နက် ကိုင်များ သဘောတူ လက်မှတ်ထိုးထားသည့် NCA စာချုပ်ပါ သဘောတူညီချက်များဖြင့်လည်း ကွဲလွဲနေသည်။
မဏိပူရပြည်နယ်က အာဇာနည်ဗိမာန်မှာ ကသည်းစကား၊ အင်္ဂလိပ်စကား၊ ဟိန္ဒိူစကားတို့ကို ရေးသားထားစဉ်
အိန္ဒိယ၏ တည်ငြိမ်မှု ဆောင်ရွက်ပုံ
*********************************
အိန္ဒိယနိုင်ငံသည် နာဂလန်းပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်၊ အရုနာချာပရာဒေ့ရှ်ပြည်နယ်၊ မီဇိုရမ် ပြည်နယ်တို့ ပါဝင်သည့် အရှေ့မြောက်ပြည်နယ် (၇)ခုတွင် ကသည်း၊ နာဂ၊ အာသံ ၊ ဘိုဒိုလန် လက်နက်ကိုင် အဖွဲ့ များ၏ ခွဲထွက်ရေး လှုပ်ရှားမှုများဖြင့် ရင်ဆိုင်နေရသည်။
အလားတူ ကက်ရှ်မီးယားပြည်နယ်၊ ပန်ဂျပ်ပြည်နယ်တို့တွင်လည်း ဆစ်လူမျိုးများနှင့် မူဆလင် လက်နက်ကိုင် များ၏ ခွဲထွက်ရေး ကြိုးပမ်းမှုများဖြင့် ရင်ဆိုင်နေရသည်။
အဆိုပါ ခွဲထွက်ရေး ကြိုးပမ်းမှုများကို အိန္ဒိယနိုင်ငံသည် အာသံ ရိုင်ဖက်တပ်၊ အထူးတပ်၊ ရဲ၊ အထူးရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်များဖြင့် တည်ငြိမ်အေးကို ဆောင်ရွက်လျက်ရှိသည်။
မဏိပူရ်ပြည်နယ် ၊ အင်ဖာမြို့ အတွင်းမှာဆိုရင် အာသံရိုင်ဖယ်တပ်၊ အထူးတပ်၊ ရဲ၊ အထူးရဲတပ်ဖွဲ့များသည် ၂၄ နာရီ လုံခြုံရေးသတိဖြင့် ဆောင်ရွက် လျက်ရှိသလို တချို့က ကားဖြင့် မြို့တွင်းပတ်ကာ လုံခြုံရေး ဆောင်ရွက် လျက်ရှိသည်။
တဖက်မှာလည်း လက်နက်ကိုင်များဖြင့် အိန္ဒိယအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။
နာဂလက်နက်ကိုင် ၅ ဖွဲ့နှင့် အိန္ဒိယအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အိုက်ဇက်-ဗွီးဗာတို့ ဦးဆောင်သည့် NSCN-IM နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှုကို ပိုမိုအာရုံစိုက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ဤသို့ ငြိမ်းချမ်းရေးကို တစ်ဖက်မှာ ဆောင်ရွက်နေသကဲ့သို့ တဖက်မှာလည်း မြို့တွင်းနှင့် ပြည်နယ် လုံခြုံရေးကို အထက်ပါအတိုင်း ဆောင်ရွက်လျက်ရှိသလို ဘဏ်များ ဓားပြမတိုက်ခံရအောင် ဘဏ်လုံခြုံရေးများကို သေနတ် များ ကိုင်ဆောင်ခွင့် ပြုထားသည်ကိုလည်း တွေ့ရသည်။
ထို့နောက် ဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ မျိုးနွယ်တူ လူမျိုးများ ကို အစိုးရအဖွဲ့ထဲမှာ ရာထူးကြီးကြီးများပေးကာ တန်တူးရေးကို ဖော်ဆောင်ပေးထားခြင်းဖြင့် တည်ငြိမ်ရေးကို ဆောင်ရွက်ထားသလို လက်နက်ကိုင် တိုက်ခိုက်နေသော မျိုးနွယ်တူသူများကို ပြည်နယ်တွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး၍လည်း အချင်းချင်း ပြန်လည်ထိန်းကြောင်းစေခိုင်းကာ တည်ငြိမ်အေးကို ဆောင်ရွက်ထားသည်ကို တွေ့ရသည်။
အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့များကို ဘယ်လိုထိန်းထားလဲ
***************************************************
အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတဖြစ် သည်။ သို့သော်လည်း ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်များကိုမူ ကာကွယ်ရေးဝန်ကြီးဌာန က စီမံခန့်ခွဲကြောင်း သိရသည်။
ထို့ပြင် လက်နက်ကိုင်ရဲတပ်ဖွဲ့များ၊ တပ်မတော်အရန်တပ်ဖွဲ့များ၊ ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့များ၊ အခြား အထူး တပ် တချို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ထိန်းချုပ်ကွပ်ကဲလေ့ရှိသလို တချို့သော အထူးတပ်ဖွဲ့များကိုမူ နိုင်ငံခြား ရေးဝန်ကြီးဌာန လက်အောက်ရှိ ထောက်လှမ်းရေးဌာနအောက်တွင် ထားရှိကြောင်း သိရသည်။
နယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF)၊ ဗဟိုစက်မှုလုပ်ငန်း လုံခြုံရေးတပ်ဖွဲ့(CIF)၊ ဗဟိုအရန်ရဲတပ်ဖွဲ့(CRPF)၊ အိန္ဒိယ-တိဘက်နယ်စပ်ရဲ(ITBP)၊ အမျိုးသားလုံခြုံရေးအစောင့်တပ်(NSG)၊ နယ်စပ်ထောက်လှမ်းရေးတပ်( SSB)၊ အမျိုးသားသဘာဝဘေးအန္တရာယ် တုန့်ပြန်မှုတပ်ဖွဲ့(NDRF)၊ အမြန်လှုပ်ရှားတပ်ဖွဲ့(RAF)၊ မဆုတ်မနစ် အရေးယူ ပေးသော ကွန်မန်ဒိုတပ်ရင်း(COBRA) စသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ဗဟို လက်နက်ကိုင် ရဲတပ်ဖွဲ့များ(Central Armed Police Forces)ကို ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာထားသည်။
တခြားသော အသေးစိတ်များကိုတော့ ဒေါက်တာဆလိုင်းငွေကျုံးလျန်ရေးသည့် ဖက်ဒရယ်နိုင်ငံ(၅) နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ စာအုပ်ကို ဖတ်ကြည့်ပါ။
ကသည်းစစ်သူကြီးရဲ့ သမိုင်းပြတိုက်အဝင် မုခ်ဦးကိုတွေ့ရစဉ်
မြန်မာနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များကို ဘယ်လိုထိန်းထားလဲ
**********************************************************
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊ (ဂ)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်ဟု ဆိုထားသည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကို ခန့်အပ်ပိုင်ခွင့်ရှိ ရရှိထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ပုံစနစ်ကို မနှစ်သက်၍ တော်လှန်တိုက်ခိုက်နေသော လူမျိုးစု လက်နက် ကိုင် အဖွဲ့များကတော့ တပ်မတော်၏ ကွပ်ကွဲမှုအောက်မှာ မရှိပေ။
သို့သော် တိုင်းရင်းသား လက်နက်ကိုင်များကနေ ငြိမ်းချမ်းရေးယူ၍ နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ် (ပသစ)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များကတော့ တပ်မတော်၏ ကွပ်ကွဲမှုအောက်မှာ တည်ရှိသည်။
အလားတူ မိမိဘာသာ ပြည်သူ့စစ်(ပသစ)အဖြစ် ဖွဲ့စည်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှုအောက်မှာ ရှိသည်။
မဏိပူရပြည်နယ် အင်ဖာမြို့မှာ လုံခြုံရေးချထားစဉ်
အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာ ခွဲဝေပေးထားမှု
***************************************************************
အိန္ဒိယနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗဟိုက ဆောင်ရွက်ရမည့် ဥပဒေများနှင့် ပြည်နယ်များက ဆောင်ရွက်ရမည့် ဥပဒေများကို ခွဲခြားသတ်မှတ်ပေးထားသလို ပြည်ထောင်စု-ပြည်နယ်များ ပူးတွဲကျင့်သုံးရမည့် အရေးကိစ္စများကိုလည်း ပိုင်းခြားပေးထားသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သြစတေးလျ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များထဲက ဆိုးကျိုးကောင်းကျိုးများကို လေ့လာသုံးသပ်၍ ၂ နှစ်နီးပါးကြာအောင် ရေးဆွဲကာ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာခွဲဝေရေးကို (၃)မျိုး ခွဲခြားထားသည်ကို တွေ့ရသည်။
ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ပြည်နယ် ဥပဒေပြုစာရင်း၊ ပြည်ထောင်စု-ပြည်နယ် ပူးတွဲ ဥပဒေပြုစာရင်း စသဖြင့် ခွဲခြားထားသည်။
ထိုဥပဒေပြု အာဏာခွဲဝေရေး (၃) မျိုးတွင် ပြည်ထောင်စုက ဥပဒေပြု ဆောင်ရွက်နိုင်သည့်ကိစ္စ (၉၇)မျိုးရှိပြီး ပြည်နယ်များက ဥပဒေပြုဆောင်ရွက်နိုင်သည့်ကိစ္စ (၆၆)မျိုး၊ ပြည်ထောင်စု-ပြည်နယ် ပူးတွဲဥပဒေပြုနိုင်သည့် ကိစ္စ(၄၇)မျိုးရှိသည်။
ပြည်ထောင်စု ကာကွယ်ရေး၊ ကြည်းတပ်- ရေတပ်- လေတပ်ဆိုင်ရာများ၊ အနုမြူစွမ်းအား၊ စစ်ကြေညာခြင်း၊ နိုင်ငံ သား ဖြစ်မှု၊ မီးရထားပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်း၊ နိုင်ငံခြားဆက်ဆံရေး၊ ဘဏ်လုပ်ငန်း၊ ငွေကြေးစနစ်၊ နိုင်ငံခြား ကုန်သွယ်ရေး၊ ပြည်ထောင်စု ပြည်သူ့လုပ်ငန်းဆောင်ရွက်မှု စသည့် အရေးကြီး ကိစ္စရပ်များသည် ပြည်ထောင်စုက ဥပဒေပြု ဆောင်ရွက်နိုင်သည့်ကိစ္စ(၉၇)မျိုးတွင် ပါဝင်သည်။
ပြည်နယ်ငြိမ်ဝပ်ပိပြားရေး၊ ဒေသန္တရအစိုးရ၊ ရဲ၊ အကျဉ်းထောင်နှင့် စာရိတ္တ ပြုပြင်ရေး စခန်းများ၊ ပြည်သူ့ ကျန်းမာ ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေပေးဝေရေး၊ ငါးဖမ်းလုပ်ငန်း၊ ပြည်နယ်အတွင်း ကူးသန်းရောင်း ဝယ်ရေး၊ စိုက်ပျိုး ရေးအခွန် စသည့် ကိစ္စရပ်များသည် ပြည်နယ်များက ဥပဒေပြု ဆောင်ရွက်ခွင့်ရှိသည့်ကိစ္စ(၆၆)မျိုး၌ ပါဝင်သည်။
ရာဇဝတ်မှုဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း၊ ပစ္စည်းလွှဲပြောင်း ပေးခြင်း၊ စာချုပ်စာတမ်းများ(ပဋိဉာဉ်)၊ ဒေဝါလီခံမှု၊ တရားစစ်ဆေးစီရင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း များ၊ သစ်တောဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ သတင်းစာနှင့်စာနယ်ဇင်းများ စသည့် ကိစ္စရပ်များသည် ပြည်ထောင်စု-ပြည်နယ်ပူးတွဲဥပဒေပြု ဆောင်ရွက်နိုင်သော ကိစ္စရပ် (၄၇)မျိုးထဲတွင် ပါဝင်သည်။
အဆိုပါ ဥပဒေပြုအာဏာ ခွဲဝေမှုတွင် ပြည်ထောင်စုနှင့် ပြည်နယ်အကြား တစ်စုံတစ်ရာ ပြဿနာ ရှိလာပါက ပြည်ထောင်စုပါလီမန်မှပြုသည့် ဥပဒေသည်သာ အတည်ဖြစ်ပြီး ပြည်နယ်၏ ဥပဒေပြုမှု ပျက်ပြယ်သွားသည်ဟု အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားခြင်းကြောင့် ပြည်ထောင်စုကပြုသည့် ဥပဒေသည် ပြည်နယ် ကပြုသည့် ဥပဒေအပေါ် လွှမ်းမိုးသွားလေ့ရှိသည်။
အထက်ပါ အခြေအနေများကို လေ့လာကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံ အစိတ်အပိုင်းနှင့် ဖော်ဆောင်နေသော စနစ်များထဲက မည်သည့် အစိတ် အပိုင်းတချို့ကို ကိုးကား ရယူမလဲဆိုသည့်အပေါ် စဉ်းစားနိုင်မည်ဟု ထင်မိပါသည်။
#အကိုးအကား
- ဖက်ဒရယ်ရေးရာ(စာအုပ်)
-ဖက်ဒရယ်နိုင်ငံ(၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ(စာအုပ်)
- တွေ့ဆုံမေးမြန်းခြင်း
-အိန္ဒိယနိုင်ငံသား ပရောဖက်ဆာ Mr.Horam နှင့် ဆွေးနွေးခြင်း

- By CNI
- Category: ဆောင်းပါး
- Hits: 4041
CNI International Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့ပြီး ၁ လကျော်အကြာမှာပင် မြင့်တက်နေသည့် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရသည်။
နောက်ဆုံး ဖိအားတစ်ခုမှာ ပေတုန်တန်၏ဖခင် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ရှပ်ဝါတက်ကြွလှုပ်ရှားမှု ခေါင်းဆောင်ဟောင်း ဆွန်ဒီ လင်သွန်ကူလ် (Sondhi Limthongkul) ၏ ဖိအားပေးမှုဖြစ်သည်။
ပေတုန်တန်အား ရာထူးမှနုတ်ထွက်စေရန် လာမည့်နှစ် အစောပိုင်းတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြရန် အသင့်ရှိ ကြောင်း ဆွန်ဒီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့ကာ သက်ဆင်အစိုးရကို အမြစ်ဖြတ်မည်ဟု ပြောကြားခဲ့သည်။
ဆွန်ဒီ၏ ပြောကြားချက်ကို ပေတုန်တန်က စိတ်ပျက်ကြောင်းဖော်ပြခဲ့ပြီး ဝေဖန်ရေးသမားများအနေဖြင့် ၎င်း၏ အစိုးရအဖွဲ့ကို အချိန်ပေးရန်နှင့် တစ်လကျော်အတွင်း ဝေဖန်သုံးသပ်မှုများမလုပ်ရန် တုန့်ပြန်ခဲ့သည်။
ထို့ပြင် ဆန္ဒပြမှုများ ပြုလုပ်ခြင်းထက် မိမိတို့ တောင်းဆိုချက်များကို ပြည့်မြောက်စေရန် စားပွဲဝိုင်းတွင် ထိုင်ပြီး ဆွေးနွေးရန်လည်း ပေတုန်တန်က တိုက်တွန်းခဲ့သည်။
ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွတ်ရတ်ကို တွေ့ရစဉ်
အမျိုးသား ဖွံဖြိုးတိုးတက်ရေး အုပ်ချုပ်ရေး အင်စတီကျု (Nida) ၏ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် လူထုသဘော ဆန္ဒ စစ်တမ်းတွင် ပေတုန်တန်သည် လူထုထောက်ခံမှုနှုန်း အများဆုံးရရှိခဲ့သည်။
ထိုင်းတွင် ယခင်က ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ စစ်တမ်းများတွင် ယခုဖျက်သိမ်းသွားပြီဖြစ်သည့် Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွတ်ရတ် (Pita Limjaroenrat) သည် ထောက်ခံမှုနှုန်း အများဆုံး ရရှိခဲ့ပြီးနောက် နောက်ဆုံးစစ်တမ်းတွင်မူ ပေတုန်တန်သည် ပထမဆုံးအကြိမ်အဖြစ် လူထုထောက်ခံမှုနှုန်း အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်သည် ခေါင်းဆောင်မှု အခန်းကဏ္ဍများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
မကြာသေးမီက ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများကို စီမံခန့်ခွဲမှု၌ ပေတုန်တန်၏ ပါဝင်ဆောင်ရွက် မှုများသည် မီဒီယာများတွင် ကောင်းမွန်သည့် မှတ်ချက်များဖြင့် ဖော်ပြခံခဲ့ရသည်။
နောက်ထပ် အောင်မြင်မှုတစ်ခုမှာ ထိုင်းလူမျိုးများအား ဘတ် ၁၀,၀၀၀ စီ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်၏ မာနမကြီးသည့် နေပုံထိုင်ပုံ၊ အထူးသဖြင့် ဝန်ကြီးချုပ်ရာထူး ရရှိထားသည့်တိုင် အစိုးရထိပ်သီး အရာရှိများကို လေးစားစွာ ဆက်ဆံပုံများကြောင့် ချီးကျူးဂုဏ်ပြုမှုများကို ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေ သက်ဆင်၏ သမီးဖြစ်နေသည့်အတွက် ပေတုန်တန်သည် ၎င်းဖခင်၏ နိုင်ငံရေးလောင်းရိပ် အောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
Palang Pracharath ပါတီ၏ အတွင်းရေးမှူးချုပ် ပိုင်ဘွန် နီတိတဝမ်ကို တွေ့ရစဉ်
ထို့ပြင် ပေတုန်တန်နှင့် ၎င်း၏ ဖြူးထိုင်းပါတီကို တိုင်ကြားသည့် တိုင်ကြားစာများလည်းရှိနေကာ ၎င်းတို့ပါတီ၏ ကျင့်ဝတ်သိက္ခာ စံနှုန်းများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖြူးထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့ထဲမှ ထွက်ခွာသွားသည့် Palang Pracharath ပါတီ၏ အတွင်းရေးမှူးချုပ် ပိုင်ဘွန် နီတိတဝမ် (Paiboon Nititawan) က ဖြူးထိုင်းပါတီသည် တရားရေးဆိုင်ရာ စိန်ခေါ် မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ထိုစိန်ခေါ်မှုများကို သင့်တော်စွာ မဖြေရှင်းနိုင်ပါက အစိုးရအဖွဲ့ ပြုတ်ကျသွားနိုင် ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ဖြူးထိုင်းပါတီ၏ အမှုဆောင်များနှင့် ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်များကမူ ထိုပြောကြားချက် များကို အရေးမထားခဲ့ဘဲ ထိုတိုင်ကြားချက်များသည် အစိုးရအဖွဲ့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု မဟုတ် ကြောင်း ပြောကြားခဲ့သည်။
ထိုင်းတွင် လမ်းများပေါ်ထွက်ပြီး ဆန္ဒပြမည့် အလားအလာသည် စောလွန်းနေသည့်တိုင် ဝန်ကြီးချုပ်အနေဖြင့် ထိုဆန္ဒပြခံရမည့် အခြေအနေကို လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
အကယ်၍ ထိုဆန္ဒပြမှုများသည် အရှိန်အဟုန် ကောင်းလာပြီး လူထုအများအပြား ပါဝင်လာခဲ့မည်ဆိုပါက အစိုးရအဖွဲ့ ပြုတ်ကျသွားနိုင်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ပေတုန်တန်၏ အစိုးရသည် တရားရေးဆိုင်ရာ ဘက်လိုက်မှု၊ သက်ဆင်ကို အလေးပေး ဆက်ဆံမှုစွဲချက်များ အပါအဝင် နယ်ပယ် အသီးသီးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ကာစီနိုလုပ်ငန်းများကို ဖျော်ဖြေရေး လုပ်ငန်းများအဖြစ် ခေါင်းစဉ်တပ်ကာ တရားဝင်ခွင့်ပြုရေး၊ ပြည်ပ နိုင်ငံသားများကို မြေနေရာ ငှားရမ်း အသုံးပြုခွင့်ကို ၉၉ နှစ်အထိ တိုးချဲ့ပေးရေး၊ မြေအောက်စီးပွားရေး လုပ်ငန်း များကို တရားဝင်ခွင့်ပြုရေး အစရှိသည့် အစီအစဉ်များသည် ဆန္ဒပြမှုများ ဖြစ်လာစေနိုင်သည့် အကြောင်းရင်းခံ များဖြစ်သည်။
ပေတုန်တန် အစိုးရအဖွဲ့၏ ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းသည် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးချမ်းသာကို လုပ်ဆောင်ပေးနိုင်သည့် ပေတုန်တန်၏ လုပ်နိုင်စွမ်းအပေါ်တွင် မူတည်နေသည်။
ပေတုန်တန် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအကျိုးစီးပွား သို့မဟုတ် အနည်းငယ်သော လူအုပ်စုများ၏ အကျိုး စီးပွားထက် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသည့် မူဝါဒများကို ချမှတ်နိုင်မည်ဆိုပါက၊ ပွင့်လင်းမြင် သာမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစရှိသည့် လုပ်ဆောင်ချက်များကို ခိုင်မာစွာ လုပ်ဆောင်နိုင်မည်ဆိုပါက ဆန္ဒပြမှုများကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့်သာ ပေတုန်တန် အစိုးရအဖွဲ့အတွက် ပြဿနာများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် အစိုးရအဖွဲ့ တည်မြဲရေးအတွက် စိတ်ချသေချာ စေနိုင်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်