- By CNI
- Category: ဆောင်းပါး
- Hits: 1311
CNI Article
၂၀၂၅ ခုနှစ်၊ မေလ ၁၇
အမေရိကန်၏ ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုကို ပြန်လည် ပုံဖော် နေချိန်တွင် မူလက အမေရိကန်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည့် တရုတ်ကုန်စည်များသည် မိမိတို့၏ နိုင်ငံများ အတွင်းသို့ စုံပြုံဝင်ရောက်လာမည့် အရေးကို နိုင်ငံအများအပြားက စိုးရိမ်နေကြသည်။
အထူးသဖြင့် စီးပွားရေး ကျဆင်းမှုဖိအားများ မြင့်တက်နေချိန်တွင် တရုတ်ကုန်စည်များကို ထိန်းထားရန်အတွက် အချို့က တရုတ်သွင်းကုန်များအပေါ် အခွန်များ စည်းကြပ်ကောက်ခံရန် ဆန္ဒရှိလာကြသည်။
ထိုအခြေအနေတွင် တရုတ်သည် နိုင်ငံတကာ ကုန်သွယ်ရေးမှ အလုံးစုံ ဖြတ်တောက်ခံရမည်ဖြစ်ကာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)အတွက် ထင်မှတ်မထားသည့် အောင်ပွဲကို ရရှိသွားလိမ့်မည်ဖြစ်သည်။
ထိုအခြေအနေကို ရှောင်လွှဲရန်အတွက် တရုတ်အနေဖြင့် ဝင်ရိုးစုံကမ္ဘာအတွက် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပုံစံကို တည်ဆောက်ရန် ၎င်း၏ ရေရှည် ရည်မှန်းချက်နှင့် ကိုက်ညီသည့် ရေတိုမူဝါဒများကို ကျင့်သုံးရမည်ဖြစ်သည်။
တရုတ်သည် ၎င်းကိုယ်ကို ၂၁ ရာစု၏ အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာမည်ဆိုသည့် အချက်ကို အများက သံသယ မဝင်စေရန်အတွက် သေချာလုပ်ဆောင်နေသည်။
အိန္ဒိယသည် ရာစုနှစ်လယ်ပိုင်းတွင် စူပါပါဝါ ဖြစ်လာမည်ဖြစ်သည်။ ဥရောပကလည်း ၎င်းတို့၏ အဆင့်အတန်း များကို မြှင့်တင်မည်ဖြစ်ပြီး ထရမ့်၏ အားကြီးသူသာ အမှန်ဆိုသည့် အယူအဆကို ကမ္ဘာတစ်ဝန်းက လိုက်နာပြီး ၎င်းတို့၏ အနေအထားများကို မြှင့်တင်ဖွယ်ရှိသည်။

အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးစစ်ပွဲကြား ညှပ်နေသူများကို တွေ့ရစဉ်
လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံနှင့် ဒုတိယအင်အား အကြီးဆုံး နိုင်ငံတို့ကြား ပဋိပက္ခဖြစ်ပွားနေမှုကို ထင်ဟပ်စေခဲ့ကာ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍများတွင် သြဇာလွှမ်းမိုးမှု များအတွက် သဘောတူညီချက် ရရှိရန် လိုအပ်နေသည်။
ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နေသည့် နှစ်ဖက်စလုံး၏ အားထုတ်ကြိုးပမ်းမှုများသည် နယ်ချဲ့ဝါဒ၏ သဘာဝပုံစံ ဖြစ်နေသည်။
ထရမ့်က ကနေဒါ၊ ဂရင်းလန်းကျွန်း၊ ပနားမားနှင့် ဂါဇာဒေသတို့ကို အမေရိကန်လက်အောက်သို့ သွတ်သွင်းချင် နေချိန်တွင် တရုတ်ကလည်း တောင်တရုတ် ပင်လယ်အတွင်းရှိ နယ်နိမိတ်များကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ကာ အာဆီယံနိုင်ငံအချို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
သို့သော် ၎င်းတို့ နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲက ၎င်းတို့၏ ပြိုင်ဆိုင်မှုများအပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိမည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်ကြား အပြန်အလှန် ကုန်သွယ်ခွန်များ တိုးမြှင့်နေခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး ချိတ်ဆက်မှုကို ကွာဟသွားစေခဲ့သည်။
အမေရိကန်၏ အခွန်တိုးမြှင့် ကောက်ခံမှုကို ခံခဲ့ရသည့် နိုင်ငံများအနေဖြင့် အမေရိကန်၏ သြဇာလွှမ်းမိုးမှု အောက်ကို ဝင်ရောက်ရမည့် အခြေအနေကို ရောက်ရှိသွားမည်လားဟု မေးခွန်းထုတ်စရာရှိသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ အလံများကို တွေ့ရစဉ်
တရုတ်အနေဖြင့် စူပါပါဝါနိုင်ငံ အားလုံးနှင့် ခင်မင်ရင်းနှီးခွင့်ရှိသည့် ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံများ၏ အခွင့်အရေး များကို လေးစားနေသမျှ ကာလပတ်လုံး ထိုအခြေအနေသို့ ရောက်ရှိလိမ့်မည်မဟုတ်ဟု ဖြေရမည်ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် တရုတ်နှင့် ကုန်သွယ်မှု ပြုလုပ်ရသည်မှာ အလွန်အကျိုးများ နေဦးမည်ဖြစ်သည်။
သို့သော် ကုန်သွယ်ရေးမှ အကျိုးအမြတ် ရရန်နှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ရန်အတွက် စူပါပါဝါနိုင်ငံများ (Super Powers) မဟုတ်သေးသည့် မစ်ဒယ်ပါဝါ (Middle Powers) ဟုခေါ်ဆိုသည့် အင်အားအလယ်အလတ် တန်းစားနိုင်ငံများသည် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
ပထမဆုံးအနေဖြင့် မစ်ဒယ်ပါဝါ နိုင်ငံများသည် ၎င်းတို့၏ ဈေးကွက်များအတွင်းသို့ အပိုကုန်စည်များ စုပြုံ ဝင်ရောက် စေခြင်းမပြုရန် တရုတ်ကို တိုက်တွန်းရမည်ဖြစ်သည်။
ထိုကုန်စည်များသည် မူလက အမေရိကန်သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည့် ကုန်စည်များဖြစ်ပြီး တရုတ် ကလည်း ပို့ကုန်များကို အကန့်အသတ်ဖြင့် တင်ပို့ရန် သဘောတူရဖွယ်ရှိသည်။
တစ်ချိန်တည်းမှာပင် တရုတ်သည် ၎င်း၏နိုင်ငံအတွင်း အသုံးစရိတ်များကို တိုးမြှင့်ရန် လိုအပ်သည်။
အဓိပ္ပာယ်မှာ ဝင်ငွေခွန်နှင့် အရောင်းခွန်များကို လျှော့ချခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးစရိတ် တိုးမြှင့်ခြင်း၊ ကလေးသူငယ် ပြုစုစောင့်ရောက်မှုအတွက် အသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ပင်စင်များကို တိုးမြှင့်ခြင်း တို့ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ပြည်သူများ အသုံးပြုရ လွယ်ကူစေအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်ခြင်းမှ ထိခိုက်မှုများကို လျော့ကျစရန်နှင့် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန် အတွက် တရုတ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သင့်ပြီး ငွေကြေးစနစ်ကို ပြုပြင်သင့်သည်။
ဥပမာအနေဖြင့် တရုတ်သည် ပုဂ္ဂလိက ဘဏ်အသစ်များ ပိုမိုထူထောင်ခွင့်ပြုသင့်သည်။
ထိုဘဏ်များသည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ပေါ်ပေါက်လာစေနိုင်သည်။
တစ်ချိန်တည်းတွင် အာဆီယံနိုင်ငံများသည် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ Atlantic-Pacific Sustainability Pact (APSP) ဟုခေါ်သော အစီအစဉ်သစ်တစ်ရပ်ကို အကြံပြုသင့်ပြီး ထိုအစီအစဉ်ကို ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကိုလည်း တင်ပြသင့်သည်။

အမျိုးသမီးတစ်ဦး အလုပ်လုပ်နေစဉ်
APSP တွင် ရည်ရွယ်ချက် ၃ ခု ရှိမည်ဖြစ်ပြီး ပထမအချက်မှာ နိုင်ငံအားလုံးအတွက် လွတ်လပ်သည့် ကုန်သွယ်ရေး နယ်ပယ်တစ်ခု ဖန်တီးရန်ဖြစ်သည်။
ဒုတိယအချက်မှာ ကုလသမဂ္ဂနှင့် အခြား ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးများတွင် ကြားနေ ငြိမ်းချမ်းရေးအုပ်စု ထူထောင်ရန်ဖြစ်သည်။
ထိုအုပ်စုသည် အမေရိကန်၊ တရုတ်နှင့် ရုရှားကြား တင်းမာမှုများကို ဟန့်တားပေးနိုင်မည်ဖြစ်ပြီး ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနှင့် ကပ်ရောဂါကဲ့သို့ ပြဿနာများတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
တတိယအချက်မှာ ဖွံ့ဖြိုးတိုတက်ရေး အေဂျင်စီတစ်ခု ထူထောင်ရန်ဖြစ်သည်။
ထိုအေဂျင်စီတွင် ချမ်းသာသည့် အဖွဲ့ဝင်နိုင်ငံများက ဆင်းရဲသည့် အဖွဲ့ဝင်နိုင်ငံများကို ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးလိမ့်မည်ဖြစ်သည်။
ထိုကဲ့သို့ ပံ့ပိုးကူညီမှုသည် ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ၎င်းတို့၏ စီးပွားရေးကို ကြီးထွားစေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
ထို့ပြင် ဆင်းရဲသည့် နိုင်ငံများအပေါ် ကူညီထောက်ပံ့မှုများကို လက်နက်တစ်ခုအဖြစ် အသုံးချပြီး အင်အားကြီး နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။
အာဆီယံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ၂၀၄၅ ခုနှစ်တွင် အာဆီယံသည် ဥရောပသမဂ္ဂနှင့် ဗြိတိန် နိုင်ငံတို့လောက် အင်အားကြီးလာမည်ဖြစ်သည်။
ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက APSP လည်း ပိုမိုသြဇာ ကြီးလာမည်ဖြစ်ပြီး အမေရိကန်နှင့် တရုတ်တို့ပါ ပူးပေါင်း ပါဝင် လာဖွယ်ရှိသည်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအတွင်း မစ်ဒယ်ပါဝါနိုင်ငံများအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့လိုက် လုပ်ဆောင်မှုသည် ပဋိပက္ခများကို လျှော့ချပေးနိုင်ပြီး စူပါပါဝါနိုင်ငံများ ပိုမိုပေါ်ထွက်လာစေနိုင်ကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ဆောင်းပါး
- Hits: 899
CNI Sport Article
၂၀၂၅ ခုနှစ်၊ မေလ ၁၆
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်း နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ နှစ်အနည်းငယ်ကြာ စောင့်ဆိုင်းခဲ့ရပြီးမှ ခန့်အပ်နိုင်ခဲ့တာပါ။
အန်ဆယ်လော့တီဟာ ထိပ်တန်းကလပ် အများအပြားကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ သူ့ရဲ့ လုပ်ဆောင်နိုင်မှုတွေက ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ကို လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ဖို့ ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ်အထိရယူပြီး အအောင်မြင်ဆုံး အသင်းဖြစ်ခဲ့ ပေမယ့် ချန်ပီယံဆုကို နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာက ၂၀၀၂ ခုနှစ်ကပါ။

ဘရာဇီးလ်အသင်းကို တွေ့ရစဉ်
ဒါကြောင့် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဒီကာလအတွင်းမှာ ကိုပါအမေရိကဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ချန်ပီယံဆုကို ရယူချင်တဲ့ သူတို့ရဲ့ဆန္ဒက ပြည့်မြောက်ခဲ့ခြင်း မရှိသေးတာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ယာယီနည်းပြ အပါအဝင် နည်းပြ ပေါင်း ၁၀ ဦးကျော်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရခဲ့တာက အမြင့်ဆုံးဖြစ်ခဲ့ပြီး ကျန်တဲ့အကြိမ်တွေမှာ ကွာတားဖိုင်နယ်အထိသာ တက်နိုင်ခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ အခုနောက်ပိုင်းမှာ အလွန်ကျဆင်းသွားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဂျင်တီးနားအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီကို တွေ့ရစဉ်
အရင်က ဘရာဇီးလ်အသင်း လူစာရင်းစုဖွဲ့မှုနဲ့ လက်ရှိ ဘရာဇီးလ်အသင်း လူစာရင်းစုဖွဲ့မှုကို ကြည့်ရမယ် ဆိုရင် လည်း ဆီနဲ့ ရေလို ကွာခြားနေတာပါ။
လက်ရှိအသင်းမှာ အကောင်းဆုံးဖြစ်တဲ့ နေမာဟာ မကြာခဏဆိုသလို ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး လက်ရွေးစင်အသင်းအတွက် ပါဝင်မကစားနိုင်တာ ၁ နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်နေတဲ့ ဗီနီစီးယက်စ်နဲ့ ရာဖင်ညာတို့ကလည်း ကလပ် အသင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းတွေကို နိုင်ငံအသင်းမှာ ပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။
အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေပြန်ရဖို့ ဝေးကွာနေတာ ဖြစ်ပါတယ်။ ဒါတွေကို အန်ဆယ်လော့တီ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။
အန်ဆယ်လော့တီဟာ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ပြည်တွင်းဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိ ရယူထားတဲ့ နည်းပြတစ်ဦးပါ။

ဘရာဇီးလ်အသင်းကို တွေ့ရစဉ်
အန်ဆယ်လော့တီဟာ ကမ္ဘာကျော် ကစားသမား အများအပြားနဲ့ လက်တွဲခဲ့ပြီး အသင်းတွေမှာ အောင်မြင်မှုရ အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ကောင်းမွန်စွာသိတဲ့ ဝါရင့်နည်းပြတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ သူ့ရဲ့နည်းပြဘဝမှာ ပထမဆုံးနိုင်ငံ အသင်းတစ်သင်းကို တာဝန်ယူမှာဖြစ်သလို ဘရာဇီးလ်အသင်းရဲ့ ပထမဆုံးနိုင်ငံခြားသား နည်းပြဖြစ်လို့ ဖိအားတချို့တော့ ခံစားရနိုင်တာပါ။
လက်ရှိ ဘရာဇီးလ်အသင်း လူစာရင်းမှာ ရီးရယ်လ်အသင်းက ဗီနီစီးယက်စ်၊ ရိုဒရီဂို၊ မီလီတာအို၊ အန်းဒရစ်နဲ့ ကစားသမားဟောင်း ကတ်စီမီရိုတို့ဟာ အန်ဆယ်လော့တီနဲ့ နှစ်ကာလရှည်ကြာ လက်တွဲခဲ့ဖူးတဲ့သူတွေဖြစ်လို့ သူ့ကို အကူအညီ ပေးနိုင်မယ့်သူတွေလည်း ဖြစ်ပါတယ်။
အရင်ကတည်းက နေမာ အပါအဝင် ဘရာဇီးလ်အသင်း လူစာရင်းထဲမှာရှိတဲ့ ကစားသမားတွေဟာ အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်မှာကို ကြိုဆိုမှုတွေရှိခဲ့ကြတာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရယူပေးနိုင်မယ့်သူအဖြစ် ယုံကြည်နေတဲ့ သူတွေရှိသလို သူ့ရဲ့ခေတ် ကုန်ဆုံးသွားပြီလို့ သတ်မှတ်ကြတဲ့သူတွေလည်း ရှိနေပါတယ်။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို မေလ ၂၆ ရက်ကျရင် နည်းပြသစ်အဖြစ် တရားဝင် စတင် ကိုင်တွယ်တော့မှာဖြစ်ပြီး အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ပွဲတွေမှာ သူ့ရဲ့နည်းဗျူဟာတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1215
CNI Article
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည် ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ကြားနေအဖြစ် ရပ်တည်ခဲ့ သည်။
ယူကရိန်းသည် စစ်မြေပြင်တွင် ဒီမိုကရေစီ စံတန်ဖိုးများနှင့် နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်နေရပြီး ရုရှားကမူ ယူကရိန်းကို သိမ်းပိုက်လွှမ်းမိုးရန် ကြိုးပမ်းနေသည်။
နိုင်ငံအများစုက ယူကရိန်းဘက်မှ ရပ်တည်ပြီး အကူအညီများ ပေးနေသည့်တိုင် အိန္ဒိယသည် ရုရှားနှင့် နီးကပ် သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ပြီးခဲ့သည့်လက ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယဝန်ကြီး ချုပ် မိုဒီ (Narendra Modi) နှင့် ကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ် ဆင်း (Rajnath Singh) တို့သည် မေလ ၉ ရက်၌ ပြုလုပ်သော ရုရှား၏အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည့် အစီအစဉ်အား ပယ်ဖျက်ခဲ့ပြီး ရာထူးနိမ့်အရာရှိများကိုသာ စေလွှတ်ခဲ့သည်။
မိုဒီသည် ပါကစ္စတန်နှင့် တင်းမာမှုများ မြင့်တက်နေသဖြင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင် သူအချို့က သုံးသပ်ထားကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယသည် ပါကစ္စတန်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နယ်စပ်ဒေသ တစ်လျှောက် အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထား ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ပဋိပက္ခပြင်းထန်လာမည့် အခြေအနေကို စိုးရိမ်ခဲ့ကြသည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပနေသည့် ရင်ပြင်နီချီတက်ပွဲကိုတွေ့ရစဉ်
ထိုအချိန်အတောအတွင်း မော်စကိုသို့ ဖိတ်ကြားခံရသည့် ကမ္ဘာ့ခေါင်းဆောင်များကလည်း ယူကရိန်း၏ တိုက်ခိုက် လာမည့် အရေးကို စိုးရိမ်နေကြသည်။
ရုရှားကမူ စစ်ရေးပြ အခမ်းအနားကို ဘေးကင်းလုံခြုံစေရန်အတွက် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) ကမူ စစ်ရေးပြ အခမ်းအနားကို တက်ရောက်သည့် ပြည်ပခေါင်းဆောင်များ၏ ဘေးကင်းလုံခြုံရေးကို တာဝန်မယူကြောင်း သတိပေးခဲ့သည်။
ထို့ကြောင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က ဇာလန်းစကီးသည် ကမ္ဘာ့ ခေါင်းဆောင်များကို အရိုအသေကင်းမဲ့သူဟု ဝေဖန်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇာလန်းစကီးသည် ရုရှား၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ငြင်းဆိုခဲ့သဖြင့် အခြေအနေကို အဆိုးရွားဆုံးဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။
ယူကရိန်း၏ စီဗက်စတိုပိုးလ် (Sevastopol) မြို့တွင်မူ ဘေးကင်းလုံခြုံရေး အခြေအနေအရ အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားကို ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ယူကရိန်းသည် မော်စကိုမြို့တော် အပါအဝင် ရုရှားအတွင်းပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

ပါကစ္စတန်ကို တိုက်ခိုက်နေတဲ့ အိန္ဒိယရဲ့ ဆင်ဒူစစ်ဆင်ရေးကို ရှင်းပြနေစဉ်
၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းသည် ကာကွယ်ရေးပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ရန် ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် ဒရုန်းများနှင့် တာဝေးပစ် ဒုံးကျည်များကို ထုတ်လုပ်လာနိုင်ခဲ့သည်။
ယူကရိန်းသည် ရုရှား၏ စစ်ပွဲစတင်ခဲ့ပြီး မကြာမီ အချိန်အတွင်းမှာပင် စစ်ရှုံးနိုင်ကြောင်း အများစုက ထင်ကြေး ပေးခဲ့သော်လည်း ယူကရိန်းစစ်တပ်သည် ထိုထင်ကြေး ပေးမှုများကို တက်တက်စင် လွဲမှားအောင် စွမ်းဆောင်ပြ နိုင်ခဲ့ကာ လက်ရှိအချိန်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲနေသည်။
ထိုအချိန်အတောအတွင်း အိန္ဒိယသည် ယူကရိန်းအရေးကို သတိကြီးစွာထားပြီး ကြားနေပြည်ပအင်အားစု တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေသည်။
အိန္ဒိယသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခြင်းကြောင့် မဟုတ်ဘဲ ၎င်း၏ မဟာဗျူဟာမြောက် အစဉ်အလာကို ထိန်းသိမ်းရန်အတွက် ကြားနေအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အိန္ဒိယသည် အတိတ်ကာလက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင်လည်း ဘက်ရွေးခြင်း မပြုလုပ်ခဲ့ဘဲ ကြားနေ အဖြစ်သာ ရပ်တည်ခဲ့ကြောင်း အမေရိကန်၏ UC San Diego တက္ကသိုလ်မှ ပါမောက္ခ ဘရန်နီဆလက် စတန်ချက်ဗ် (Branislav Slantchev) က ပြောကြားခဲ့သည်။
Georgetown တက္ကသိုလ်မှ ပထဝီနိုင်ငံရေး ပါမောက္ခတစ်ဦးဖြစ်သူ ထရက်စ်တန် ဝိ (Treston Wheat) ကလည်း အိန္ဒိယသည် စစ်အေးကာလကတည်းက ဘက်မလိုက်မူဝါဒကို ကျင့်သုံးခဲ့ကြောင်း ရှင်းပြခဲ့သည်။
အိန္ဒိယသည် ၎င်း၏ နိုင်ငံခြားရေး မူဝါဒအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သူ့၏ လွှမ်းမိုးမှုကိုမှ မခံဘဲ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းခဲ့သည်။
ထို့ကြောင့် အိန္ဒိယသည် ယူကရိန်းကို ပွင့်ပွင့်လင်းလင်း ထောက်ခံမည်ဆိုပါက ကာလကြာရှည် ကျင့်သုံးခဲ့သည့် ၎င်း၏ မူဝါဒကို ပြောင်းလဲရမည်ဖြစ်သည်။
ထို့ပြင် အိန္ဒိယသည် ရုရှားထံမှ စစ်လက်နက် ပစ္စည်းများကိုလည်း ဆက်လက် ဝယ်ယူနေသဖြင့် ယူကရိန်းဘက်မှ ရပ်တည်မည်ဆိုပါက ရုရှားနှင့် ဆက်ဆံရေး ပျက်သွားမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
တစ်ဖက်တွင်လည်း ယူကရိန်းသည် အိန္ဒိယအတွက် ကာကွယ်ရေးကဏ္ဍ ဗဟုသုတများ၊ ကာကွယ်ရေးပစ္စည်းများ ဆန်းသစ်တီထွင်မှုတို့တွင် အကူအညီပေးနိုင်သည်။
ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်သည့် မဟာဗျူဟာသည် အိန္ဒိယအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
ထိုအခြေအနေများသည် မိုဒီ၏ “အိန္ဒိယတွင် လုပ်သည်” ("Make in India") ဟူသည့် အစီအစဉ်အရ ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍကို အဆင့်မြှင့်တင်ရေးကို အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲမှ ရရှိသည့် သင်ခန်းစာများအရ အိန္ဒိယသည် တရုတ်နှင့် ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအတွက် ပြင်ဆင်ရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
ယူကရိန်းသည် စစ်ပွဲအတွင်း အမျိုးသားကာကွယ်ရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ အရေးကြီးပုံကို ပြသနိုင်ခဲ့သည်။
ထို့ကြောင့် အိန္ဒိယသည် ယူကရိန်း၏ လုပ်ဆောင်မှုများကို လေ့လာသင်ယူရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ပိုပြီး မှီခိုရန်နှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်ခြေရှိသည့် ပဋိပက္ခများအတွက် ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင် ထားရမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 1414
CNI Sport Article
၂၀၂၅ ခုနှစ်၊ မေလ ၉
၂၀၂၄-၂၅ ရာသီ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲကြီးကတော့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ပြင်သစ် လီဂူး-၁ ကလပ် PSG အသင်းနဲ့ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်၊ ဘွန်ဒက်လီဂါနဲ့ လာလီဂါကလပ်တွေ မပါဝင်တာကြောင့် သူတို့တွေ မပါဝင်တဲ့ ၂၁ နှစ်အတွင်း ပထမဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုရဲ့ ပေါ်တိုအသင်းက မိုနာကိုအသင်းကို အနိုင်ရခဲ့တဲ့ ၂၀၀၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတိုင်းမှာ အင်္ဂလန်၊ ဂျာမနီနဲ့ စပိန်ကလပ် အသင်းတွေဟာ အနည်းဆုံး တစ်သင်းစီ ပါဝင်ခဲ့ကြတာပါ။

ဘာစီလိုနာနဲ့ အင်တာမီလန် ယှဉ်ပြိုင်စဉ်
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၄ ကြိမ်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်းတွေကလည်း ဒီ ၃ နိုင်ငံထဲက အသင်းတွေ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ အင်္ဂလန်၊ စပိန်နဲ့ ဂျာမနီကလပ်တွေဟာ ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရ တာပါ။
PSG အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်နိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန် အသင်းကတော့ ၃ နှစ်အတွင်း ဒုတိယအကြိမ်နဲ့ စုစုပေါင်း ၇ ကြိမ်မြောက် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
PSG အသင်းဟာ ကမ္ဘာကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ ၃ ဦးစလုံးရှိခဲ့တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ဖို့ဆိုတာ အိပ်မက်သာရှိခဲ့တာပါ။
အခုတော့ PSG အသင်းဟာ နည်းပြလူးဝစ်အင်းနရစ်ရဲ့ အသင်းလိုက် တည်ဆောက်တဲ့ ပုံစံတွေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ခွင့်ရှိလာခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပီအက်လ်ဂျီ ယှဉ်ပြိုင်စဉ်
PSG အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပေမယ့် အုပ်စုအဆင့်ကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့သေးတာပါ။
ဒါပေမယ့် PSG အသင်းဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတွေမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့တာကြောင့် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
PSG အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့သလို ရှံးထွက်အဆင့်တွေမှာ လီဗာပူးလ်၊ အက်စတွန်ဗီလာနဲ့ အာဆင်နယ်အသင်းတွေကို အနိုင်ရရှိပြီး အင်္ဂလန်ကလပ် ၄ သင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းကြောင်းရှိပြီး ချန်ပီယံဆုကို ၃ ကြိမ်အထိ ရရှိထားတာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို အပြန်အလှန် သွင်းဂိုးတွေနဲ့ အနိုင်ရပြီး နှစ်ကျော့ကစားရတဲ့ အဆင့်မှာ အကောင်းဆုံးပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့တာပါ။

ပီအက်လ်ဂျီအသင်း အောင်ပွဲခံနေစဉ်
အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ အသက် ၂၅ နှစ်အထက် ကစားသမား ၁၀ ဦးကို အသုံးပြုပြီး အတွေ့အကြုံရင့် ကစားသမားတွေနဲ့ ပွဲကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ နောက်ခံလူ အဆာဘီက အင်တာမီလန်အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူ ခဲ့သလို အသက် ၃၆ နှစ်အရွယ်ရှိ ဂိုးသမား ဆွန်းမားက ဂိုးပေးရနိုင်မယ့် အခွင့်အရေး အများအပြားကို ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာပါ။
ကွင်းလယ်လူတွေဖြစ်တဲ့ မစ်ခီတာရန်နဲ့ ချာဟာနိုဂလူးတို့၂ ဦးပေါင်း အသက်ဟာ ၆၇ နှစ်ရှိတာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဖြုတ်ချခဲ့တဲ့ အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ဆီမီးဖိုင်နယ်အထိ ကစားခဲ့တဲ့ ၁၄ ပွဲမှာ လေဗာကူဆင်အသင်း တစ်သင်းတည်းကိုသာ အရေး နိမ့်ခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် ချန်ပီယံဆု ရယူနိုင်ခဲ့တာက ၂၀၁၀ ခုနှစ်က နည်းပြမော်ရင်ဟိုရဲ့ လက်ထက်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ၁၅ နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကို ဒီရာသီမှာရယူနိုင်ဖို့ လက်တစ်ကမ်းအကွာမှာသာ ရှိတော့တာပါ။
တစ်ဖက်မှာလည်း PSG အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ ဆန္ဒပြင်းထန်နေပါတယ်။
အဲဒါကြောင့် ချန်ပီယံလိဂ်ဖလားဟာ ပြင်သစ်မြေကို သွားမလား၊ အီတလီမြေကို သွားမလားဆိုတာ စောင့်ကြည့်ရ မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 1078
CNI International Article
၂၀၂၅ ခုနှစ်၊ မေလ ၈
အကြမ်းဖက်ဝါဒကို ထောက်ပံ့မှု၊ ခိုလှုံခွင့်ပေးမှုနှင့် ဖြန့်ဖြူးမှုတို့တွင် ပါကစ္စတန်၏ နောက်ကြောင်း ရာဇဝင်သည် ကမ္ဘာပေါ်၌ အန္တရာယ်အရှိဆုံးနှင့် တည်ငြိမ်မှုကို ပျက်ယွင်းစေသည့် အကြောင်းရင်းခံများထဲမှ တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ပါကစ္စတန်သည် ဆယ်စုနှစ်များစွာကြာ ၎င်း၏မြေကို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု၊ သောင်းကျန်းမှုနှင့် အစွန်းရောက် အယူအဆများ ဖြန့်သည့် ဒုံးပစ်စင်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။
၂၀၁၈ ခုနှစ်က ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှရစ်ဖ် (Nawaz Sharif) ကလည်း ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ဖြစ်သည့် Lashkar-e-Taiba အဖွဲ့က ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှုများတွင် ပါကစ္စတန်အစိုးရ၏ အခန်းကဏ္ဍ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ဖ် (Pervez Musharraf) ကလည်း ၎င်း၏တပ်ဖွဲ့များသည် ကက်ရှ်မီးယားတွင် အိန္ဒိယကို တိုက်ခိုက်ရန်အတွက် စစ်သွေးကြွအုပ်စုများအား လေ့ကျင့်ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။
ပါကစ္စတန်အစိုးရသည် စေ့စပ်ညှိနှိုင်းမှုများအတွက် အိန္ဒိယကို ဖိအားပေးလိုသဖြင့် စစ်သွေးကြွအုပ်စုများကို မျက်ကွယ်ပြုခဲ့ကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အဆစ်ဖ် (Khawaja Muhammad Asif) ကလည်း ပါကစ္စတန်သည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုကျော်အတွင်း အကြမ်းဖက်အဖွဲ့များ ကို ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံခဲ့ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယက ပါကစ္စတန်အတွင်းက နေရာ ၉ နေရာကို တိုက်ခိုက်ခဲ့စဉ်
အကြမ်းဖက်ဝါဒကို ကမ္ဘာအနှံ့ဖြန့်ခြင်း
အာဖဂန်နစ္စတန် တာလီဘန်နှင့် ဟက်ကာနီ ကွန်ရက် တိုက်ခိုက်မှုများ -
ပါကစ္စတန်၏ ISI ထောက်လှမ်းရေးအဖွဲ့သည် အာဖဂန် တာလီဘန်အဖွဲ့နှင့် ဟက်ကာနီကွန်ရက် (Afghan Taliban and the Haqqani Network) ကို ရန်ပုံငွေများ၊ စစ်သင်တန်းများနှင့် ခိုလှုံစရာနေရာများ ထောက်ပံ့ပေးခဲ့ သည့် မှတ်တမ်းများစွာ ရှိခဲ့သည်။
ထိုအဖွဲ့များသည် ကလ်ဘူးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ် အိန္ဒိယသံရုံးဗုံးခွဲမှု၊ ၂၀၁၁ ခုနှစ်က အမေရိကန်သံရုံးဗုံးခွဲမှုတို့ အပါအဝင် အာဖဂန်အရပ်သားများ၊ အစိုးရပစ်မှတ်များနှင့် နိုင်ငံတကာတပ်ဖွဲ့များကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည်။
သံရုံးဗုံးခွဲမှုသည် ISI အေးဂျင့်များက ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးမဟုတ်ကြောင်း၊ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်ထောက်လှမ်းရေး၏ ထိပ်သီးအရာရှိများက ခွင့်ပြုပေးခဲ့ပြီး အနီးကပ်စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း ဝါရင့်ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ကာလော့တာ ဂေါလ် (Carlotta Gall) က ၎င်း၏ စာအုပ်ထဲတွင် ရေးသားခဲ့ သည်။
ရုရှား
မော်စကိုကပွဲခန်းမ တိုက်ခိုက်မှု (၂၀၂၄ ခုနှစ်) –
မော်စကို ကပွဲခန်းမတွင် အကြမ်းဖက်တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် ဆက်နွှယ်မှုရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ က စုံစမ်းစစ်ဆေးမှုတစ်ခုတွင် တွေ့ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်သူသည် တာဂျစ်ကစ္စတန် နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ရုရှားအာဏာ ပိုင်များက ဖော်ထုတ်ခဲ့ပြီး တိုက်ခိုက်သူများသည် ပါကစ္စတန်ကွန်ရက်များထံမှ ထောက်ပို့ သို့မဟုတ် အယူဝါဒ ရေးရာ ထောက်ပံ့မှုများ ရရှိခဲ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်မှုသမိုင်းကို ပြသထားစဉ်
အီရန်
Jaish ul-Adl အဖွဲ့၏ တိုက်ခိုက်မှုများ -
ပါကစ္စတန်အခြေစိုက် ဆွန်နီအစွန်းရောက် Jaish ul-Adl အဖွဲ့သည် စစ္စတန်နှင့် ဘာလူချီစတန် (Sistan and Baluchestan) ပြည်နယ်တွင် အီရန်လုံခြုံရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်ခဲ့သည။
ထိုတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အီရန်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ပါကစ္စတန်၏ ဘာလိုချီစတန် (Balochistan) ပြည်နယ်ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး Jaish ul-Adl အဖွဲ့၏ စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု -
ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဆွန်နီစစ်သွေးကြွများကို ခိုလှုံခွင့် ပေးထား ပြီး ထိုအဖွဲ့များကို အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း အီရန်က မကြာခဏ စွပ်စွဲခဲ့သည်။
ဗြိတိန်
၂၀၀၅ လန်ဒန် ဗုံးပေါက်ကွဲမှုများ -
၂၀၀၅ ခုနှစ်၊ ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သည့် လန်ဒန်ဗုံးပေါက်ကွဲမှုများကို ပါကစ္စတန်နှင့် ဆက်နွှယ်မှုရှိသည့် ဗြိတိန် အစ္စလာမ်မစ် အကြမ်းဖက်သမား ၄ ဦးက ပြုလုပ်ခဲ့သည်။
ဗုံးခွဲသမားလေးဦးအနက် ၃ ဦးဖြစ်သည့် မိုဟာမက် ဆစ်ဒစ် ခန်း (Mohammad Sidique Khan) ၊ ရှားဇက် တန်ဝီယာ (Shehzad Tanweer) နှင့် ဂျာမိန်း လင်ဆေး (Germaine Lindsay) တို့သည် ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ပါကစ္စတန်တွင် နေထိုင်ခဲ့ကြသည်။
ပါကစ္စတန်တွင် အိုစမာဘင်လာဒင် (Osama bin Laden) ခိုလှုံခဲ့ခြင်း
၂၀၁၁ ခုနှစ်က အမေရိကန်တပ်ဖွဲ့များသည် ပါကစ္စတန်နိုင်ငံ အဘော့တာဘက် (Abbottabad) မြို့ရှိ အယ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ချေမှုန်းခဲ့သည့် ဖြစ်စဉ်က ပါကစ္စတန်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပျက်ကွက်မှုများ ရှိနေသည့်အချက်ကို သိသာထင်ရှားစေ ခဲ့သည်။
ဘင်လာဒင်သည် ပါကစ္စတန် စစ်အကယ်ဒမီအနီးရှိ ခြံဝန်းတစ်ခုထဲတွင် နှစ်နှင့်ချီ နေထိုင်ခဲ့သဖြင့် ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့နှင့် ပူးပေါင်းမှုများ ရှိခဲ့နိုင်သည်ဆိုသည့် သံသယများကို ကြီးထွားစေခဲ့သည်။
JMB အဖွဲ့၏ စစ်ဆင်ရေးများ
ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့သည် Jamaat-ul-Mujahideen Bangladesh (JMB) အမည်ရှိ စစ်သွေးကြွ အဖွဲ့ကို ရန်ပုံငွေနှင့် စစ်သင်တန်းများ ထောက်ပံ့ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ထိုအဖွဲ့သည် ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ကော်ဖီဆိုင်ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သဖြင့် တားမြစ်ပိတ်ပင်ခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။
၂၀၁၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် JMB အဖွဲ့အား ရန်ပုံငွေများ လွှဲပြောင်းမှုနှင့်ပတ်သက်ပြီး ပါကစ္စတန်သံတမန်များကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ထောက်လှမ်းရေးသတင်း တစ်ခုတွင်လည်း ISI သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ဒုက္ခသည် စခန်းများရှိ ရိုဟင်ဂျာ ၄၀ ကို JMB အဖွဲ့မှတဆင့် သင်တန်းများပေးခဲ့ကာ အိန္ဒိယကို စိမ့်ဝင် ထိုးဖောက်ရန် ရည်ရွယ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ပင်လယ်ကွေ့အခြေစိုက် NGO အဖွဲ့များနှင့် ပါကစ္စတန် ကြားပွဲစားများက ရန်ပုံငွေထောက်ပံ့ပေးခဲ့သည့် JMB ကွန်ရက် ၁၂ ခုသည် ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယအထိ ပျံ့နှံ့နေပြီး အနောက်ဘန်ဂေါ (West Bengal) နှင့် ကီရာလာ (Kerala) ကဲ့သို့ အိန္ဒိယ၏ ပြည်နယ်များတွင် လျှို့ဝှက်စွာလှုပ်ရှားခဲ့ကြသည်။
ထိုအဖွဲ့နှင့် ပါကစ္စတန်ထောက်လှမ်းရေးတို့၏ ဆက်ဆံရေးသည် ဒေသတွင်း ပြိုင်ဘက်များကို တည်ငြိမ်မှု ပျက်ယွင်းစေရန် proxies များကို အသုံးချနေသည်ဟု စွပ်စွဲခံခဲ့ရသည့် ပါကစ္စတန်၏ အနေအထားကို ထင်ဟပ်စေခဲ့သည်။

အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်မှုသမိုင်းကို ပြသထားစဉ်
လေ့ကျင့်ရေးစခန်းများကို စပွန်ဆာပေးထားခြင်း
ပါကစ္စတန် စစ်သားများသည် ဂျီဟတ် နည်းပြများအဖြစ် ပြောင်းလဲသွားသည်ဆိုသည့် တောင်အာရှတစ်ဝန်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများကို ပေါ်ပေါက်စေခဲ့သည်။
ပါကစ္စတန်သည် ပန်ဂျပ် (Punjab)၊ ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ၊ ဝါဇီရစ္စတန် (Waziristan) နှင့် ပါကစ္စတန်တို့ သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) ကဲ့သို့ နေရာဒေသများတွင် အကြမ်းဖက် လေ့ကျင့်ရေး စခန်းများကို လက်ခံပေးထားသည်။
ထိုစခန်းများကို Lashkar-e-Taiba (LeT) ၊ Jaish-e-Mohammed (JeM) ၊ Hizbul Mujahideen (HM) နှင့် ISIS-Khorasan ကဲ့သို့ အဖွဲ့များက ကိုင်တွယ်ခဲ့ပြီး အစွန်းရောက်ဝါဒ၊ လက်နက်သင်တန်းနှင့် အသေခံမစ်ရှင်များ အတွက် ပြင်ဆင်မှုများ ပြုလုပ်သည့် နေရာများဖြစ်သည်။
ပါကစ္စတန်စစ်တပ်မှ အရာရှိဟောင်းများသည် လေ့ကျင့်ရေးတွင် မကြာခဏ ကူညီပေးကြပြီး စစ်ဆင်ရေး စွမ်းဆောင်ရည်များကို ပိုမိုတိုးတက်စေရန် စစ်ရေးကျွမ်းကျင်မှုများရှိစေရန် လုပ်ဆောင်ခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံ့ ကြေညာချက်တွင် ပါကစ္စတန် နိုင်ငံကို "ဒေသတွင်း အာရုံစိုက်လုပ်ဆောင်သည့် အကြမ်းဖက်အဖွဲ့များအတွက် ခိုလှုံခွင့် ဆက်လက်ပေးထားသည့် နိုင်ငံ" အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
Pakistan Army and Terrorism: An Unholy Alliance ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြသည့် အစီရင်ခံစာထဲ တွင်လည်း ပါကစ္စတန်စစ်တပ်၊ ထောက်လှမ်းရေးအေဂျင်စီ (ISI) နှင့် အစွန်းရောက်ဘာသာရေး ခေါင်းဆောင် များကြား နက်ရှိုင်းသည့် ဆက်ဆံရေးကို တောင်အာရှ လေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်းက အလေးထား ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကလည်း ပါကစ္စတန် ဗိုလ်မှူးချုပ် ရှား (Shah) သည် ပါကစ္စတန် ပုဂ္ဂလိက သတင်း ချန်နယ် Hum News က ထုတ်လွှင့်ခဲ့သည့် နိုင်ငံပိုင် ရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် အံ့အားသင့်ဖွယ် ဝန်ခံ ထွက်ဆိုမှုကို ပြုလုပ်ခဲ့သည်။
ရှားသည် ထိုအင်တာဗျူးတွင် ဂျာနယ်လစ် နာဒင်းမ် မာလစ် (Nadeem Malik) နှင့် စကားပြောဆိုချိန်တွင် ပါကစ္စတန်သည် Jamaat-ud-Dawa (JuD) အကြမ်းဖက်အဖွဲ့အတွက် ရူပီး သန်းချီ သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။
အင်တာဗျူးတစ်ခုတွင်လည်း မူရှာရက်ဖ်က ကက်ရှ်မီးယား ဒေသခံများသည် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်တပ်ကို တိုက်ခိုက်ရန် မူဂျာဟစ်ဒင်များအဖြစ် ပါကစ္စတန်တွင် လေ့ကျင့်ခဲ့ကြကြောင်း ဝန်ခံခဲ့သည်။
ထိုဂျီဟတ်များသည် ပါကစ္စတန်၏ သူရဲကောင်းများဖြစ်သည်ဟု မူရှာရက်ဖ်က ပြောကြားခဲ့ပြီး အိုစမာဘင်လာဒင်၊ အိုင်မန် အယ်ဇဝါဟီရီ (Ayman al-Zawahiri) နှင့် ဂျာလာလူဒင် ဟက်ကာနီ (Jalaluddin Haqqani) တို့သည် ပါကစ္စတန်က သူရဲကောင်းများအဖြစ် သတ်မှတ်ထားသူများထဲတွင်ပါဝင်သည်ဟုပင် အမည်များကို ထုတ်ဖော် ပြောဆိုခဲ့သည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1172
CNI International News
၂၀၂၄ ခုနှစ်၊ မေလ ၃
အီရန်တွင် ဆီးရီးယားနိုင်ငံအတွက် ကြီးမားသည့် အစီအစဉ် တစ်ခုရှိသည်။
ထိုအစီအစဉ်မှာ ဒုတိယကမ္ဘာစစ် အပြီးတွင် ဥရောပကို ပြန်လည်ထူထောင်သည့် အမေရိကန်၏ Marshall Plan အမည်ရှိ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပုံတူကူးချရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
အီရန်သည် ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသော ဆီးရီးယားကို ပြန်လည်တည်ဆောက်ရန်နှင့် ရင်းနှီးသော စီးပွားမိတ်ဖက် ဖြစ်လာရန် မျှော်လင့်ထားသည်။
အီရန်သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း သမ္မတအာဆက် (Bashar al-Assad) အသက်ရှင် လွတ်မြောက်စေ ရန် ဒေါ်လာဘီလီယံ ပေါင်းများစွာ အသုံးပြုပြီး ကူညီပေးခဲ့သည်။
ဆီးရီးယားရှိ အီရန်အထူးတာဝန်အဖွဲ့၏ စာမျက်နှာ ၃၃ မျက်နှာပါသည့် လေ့လာချက် အစီရင်ခံစာထဲတွင် ဆီးရီးယားနှင့်ပတ်သက်ပြီး အီရန်၏အစီအစဉ်များကို ရေးဆွဲခဲ့သည်။
ထိုလေ့လာချက်ထဲတွင် အမေရိကန်၏ Marshall Plan မဟာဗျူဟာကို ချီးကျူးခဲ့ပြီး ထိုမဟာဗျူဟာကြောင့် ဥရောပသည် အမေရိကန်ကို မှီခိုအားထားနေရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ဖော်ပြထားသည်။
အီရန်ကလည်း အလားတူ ရလဒ်များကို လိုလားနေပြီး ဆီးရီးယားက အီရန်ကို မှီခိုရသည့် အခြေအနေသို့ ရောက်ရှိ စေရန် အီရန်က ဆန္ဒရှိနေသည်။ ထို့ပြင် ဆီးရီးယားကို ဒေါ်လာ ၄၀၀ ဘီလျံ အခွင့်အလမ်းကြီး တစ်ခုဟုပင် ခေါ်ဆိုခဲ့သည်။
သို့သော် ထိုအစီအစဉ်များသည် ခဲလေသမျှ သဲရေကျခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အီရန်ကို ဆန့်ကျင် သည့် သူပုန်များက အာဆတ်အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည်။

အီရန်က ဆီးရီးယားမှာ ဖော်နေတဲ့ ပရောဂျက်တန်ဖိုးကို ပြသထားစဉ်
ထို့ကြောင့် အာဆတ်သည် ရုရှားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆီးရီးယားရှိ အီရန်နိုင်ငံသားများသည်လည်း ဆီးရီးယားမှ အလျင်အမြန် ထွက်ခွာခဲ့ရသည်။
ထို့ပြင် ဆီးရီးယားနိုင်ငံသားများသည် ဒမတ်စကတ် (Damascus) မြို့တော်ရှိ အီရန်သံရုံးကို ဝင်ရောက်လုယက်ပြီး ပစ္စည်းများကို ယူခဲ့ကြသည်။
အီရန်သံရုံးသို့ ရိုက်တာသတင်းဌာနမှ ဂျာနယ်လစ်များ ရောက်ရှိသွားချိန်တွင် စာရွက်စာတမ်း အများအပြားကို တွေ့ရှိခဲ့ရသည်။
ထိုစာရွက်စာတမ်းများအရ အီရန်သည် ဆီးရီးယားအတွက် ကုန်ကျထားသည့် ငွေကြေးများကို ပြန်လည်ရရှိရန် ကြိုးပမ်းနေပြီး ဆီးရီးယားတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်။
သို့သော် လက်ရှိအခြေအနေအရ အီရန်၏ ထိုအစီအစဉ်များ အားလုံးသည် ကျရှုံးလုနီးပါး အခြေအနေသို့ ရောက်ရှိ သွားခဲ့သည်။
အီရန်၏ စီးပွားရေးအင်ပါယာ ပြိုကွဲမှု
**********************************
အီရန်သည် ဆီးရီးယားတွင် အဓိက ပရောဂျက် ၄၀ နီးပါးကို ထောက်ပံ့ပေးထားသည်။ ထိုပရောဂျက်များထဲတွင် စွမ်းအင်စက်ရုံများ၊ ရေနံသိုက်များ၊ စက်ရုံများနှင့် ဘာသာရေး အဆောက်အအုံများပင် ပါဝင်နေသည်။
လက်ရှိတွင် ထိုပရောဂျက်များအားလုံး စွန့်ပစ်ခံခဲ့ရသည်။
လက်တာကီယာ (Latakia) မြို့ရှိ ယူရို ၄၁၁ သန်း တန်ကြေးရှိသည့် စွမ်းအင်စက်ရုံတည်ဆောက်ရေး ပရောဂျက် သည် အပြီးမသတ်နိုင်ဘဲ ရပ်တန့်သွားခဲ့သည်။
ထို့ပြင် ဒေါ်လာ ၂၆ သန်း တန်ကြေးရှိသည့် ရထားလမ်းပါဝင်သည့် တံတားတစ်စင်းသည်လည်း အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့သည်။
ရေနံပရောဂျက်များသည်လည်း လက်ရှိအချိန်တွင် ဆီးရီးယား၏ သဲကန္တရထဲတွင် ဆက်လက် လုပ်ကိုင်မည့်သူ မရှိတော့ဘဲ ခြောက်ကပ်သွားခဲ့သည်။
အီရန်ကုမ္ပဏီများကမူ ၎င်းတို့သည် ဒေါ်လာသန်းချီ အကြွေးတင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ကုန်သည်တစ်ဦးဖြစ်သည့် ဟက်ဆန် ရှာခီစီ (Hassan Shakhesi) ကမူ ဆီးရီးယား၏ ၎င်း၏ ကုန်စည်များ ပျောက်ကွယ်သွားချိန်တွင် ယူရို ၁၆ သန်း အရှုံးပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“အကုန် ကုန်သွားပြီ။ အလုပ်ကတော့ ဆက်လုပ်ရမှာပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ငွေကြေး စုစုပေါင်းအဖြစ် အီရန်သည် ဆီးရီးယားနိုင်ငံနှင့် ပတ်သက်ပြီး ဒေါ်လာ ဘီလျံ ၃၀ ကျော် သုံးစွဲခဲ့သည်ဟု ယူဆရသည်။ ထိုငွေကြေးများထဲမှ အများစုမှာ ပြန်မရဘဲ ဆုံးရှုံးသွားခဲ့သည်။

ပြည်ပြေး ဆီးရီးယားသမ္မတ အာဆတ်နဲ့ အီရန်ခေါင်းဆောင်ပုံကို တွေ့ရစဉ်
မျက်နှာလွှဲနေသည့် ဆီးရီးယား အစိုးရသစ်
*************************************
အာဆတ်အစိုးရကို ဖြုတ်ချခဲ့ပြီး ဆီးရီးယားနိုင်ငံကို အုပ်ချုပ်နေသည့် ခေါင်းဆောင်များကမူ အီရန်ကို ငွေကြေးများ ပြန်ပေးမည် ဟုတ်၊ မဟုတ်ကို ပြောကြားခဲ့ခြင်းမရှိပေ။
“အီရန်ကတော့ တော်တော် အထိနာသွားပါတယ်” ဟု ဆီးရီးယားသမ္မတသစ် အာမက် အယ်ရှာရား (Ahmed al-Sharaa) က ပြောကြားခဲ့သည်။
အယ်ရှာရားသည် တစ်ချိန်က အယ်ကေဒါအဖွဲ့နှင့် အဆက်အသွယ်ရှိခဲ့ပြီး ဆီးရီးယား၏ Hayat Tahrir al-Sham (HTS) လက်နက်ကိုင်အဖွဲ့ကို ဦးဆောင်ပြီး အာဆတ်အစိုးရကို ဖြုတ်ချခဲ့သူဖြစ်သည်။
ဆီးရီးယားမှ အီရန်တပ်များ ထွက်ခွာသွားသည့်အတွက် ဆီးရီးယားနိုင်ငံသားအများစုက ဝမ်းသာနေကြသည်။
သို့သော် အီရန်၏ ပရောဂျက်များ၌ ဝင်ရောက် လုပ်ကိုင်ခဲ့သူများသည် လက်ရှိတွင် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ ကြသည်။
“အီရန်ကတော့ ဆီးရီးယားကို ကူညီခဲ့တာပါပဲ။ ဒါပေမယ့် ငွေကြေးပြဿနာတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး” ဟု လက်တာကီယာမြို့ရှိ စွမ်းအင်စက်ရုံမှ ဆီးရီးယားအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းက လက်နက်ကိုင်အင်အားစုများကို တွေ့ရစဉ်
ဆီးရီးယားရှိ အီရန်၏ အဓိကလူပုဂ္ဂိုလ်
***********************************
အီရန်၏ စီးပွားရေး အစီအစဉ်များကို ဦးဆောင် လုပ်ကိုင်နေသူမှာ အာဘက်စ် အက်ခ်ဘာရီ (Abbas Akbari) အမည်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အီရန်၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့အတွက် အလုပ်လုပ်ပေး ခဲ့သည်။
သူ့တာဝန်မှာ ဆီးရီးယားရှိ အီရန်၏ ငွေကြေးများ ပြန်ရရေးနှင့် ကုန်သွယ်မှုကို မြှင်တင်ရေးဖြစ်သည်။
အက်ခ်ဘာရီနှင့် ၎င်း၏ အဖွဲ့သည် အမေရိကန်၏ Marshall Plan နှင့် အီရန်၏ အစီအစဉ်တို့ကို နှိုင်းယှဉ်ထားသည့် လေ့လာချက် အစီရင်ခံစာကို ရေးသားခဲ့သူများဖြစ်သည်။
သို့သော် ၎င်း၏ အားထုတ် ကြိုးပမ်းမှုများလည်း အရာမထင်ခဲ့ဘဲ သဘောတူညီချက် အများစုသည် ပိတ်ဆို့မှုများ၊ စစ်ပွဲများနှင့် အဂတိလိုက်စားမှုများကြောင့် ရပ်တန့်သွားခဲ့သည်။
အီရန်၏ ထိပ်တန်း စွမ်းအင်ကုမ္ပဏီ Mapna သည် ဆီးရီးယားနှင့် ကြီးမားသော သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့သည်။
သို့သော် နှောင့်နှေးကြန့်ကြာမှုများ၊ စာချုပ်များ ပြောင်းလဲမှုနှင့် ဆီးရီးယား၏ တောင်းဆိုမှုများကြောင့် ငွေကြေးများကို ဆုံးရှုံးခဲ့သည်။
ထိခိုက်နစ်နာခဲ့သည့် အီရန်ကုမ္ပဏီများ
***********************************
အီရန်၏ လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သည့် Copper World သည် ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။
ပစ္စည်းများ ခိုးယူခံရခြင်း၊ ငွေပေးချေမှု လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပွားခြင်းတို့ ကြောင်း ငွေကြေးပိုင်းတွင် ဆုံးရှုံးနစ်နာမှု အခြေအနေ ဆိုးရွားခဲ့သည်။
အီရန်အစိုးရ ထိုကုမ္ပဏီများကို ကူညီရန် ကြိုးပမ်းခဲ့သည်။ အက်ခ်ဘာရီကလည်း အီရန်ကုမ္ပဏီများကို ပေးစရာ ရှိသည့် အကြွေးများကို ပြန်လည်ပေးဆပ်ရန် ဆီးရီးယားအရာရှိများကို ပေးစာများပေးပို့ပြီး တောင်းဆိုခဲ့သည်။
သို့သော် အကြွေးအနည်းငယ်ကိုသာ ပြန်လည်ရရှိခဲ့သည်။
အီရန်၏ ပရဟိတ ပရောဂျက်များသည်လည်း အခြေအနေ မကောင်းလှပေ။ အီရန် ဘာသာရေး အဖွဲ့တစ်ဖွဲ့က တည်ဆောက်ပေးခဲ့သည့် ရထားလမ်းပါသည့် တံတားတစ်စင်းသည် ဗုံးကြဲခံခဲ့ရသဖြင့် ပျက်စီးသွားခဲ့သည်။

ဆီးရီးယားနယ်မြေအခြေအနေကို ပြသထားစဉ်
ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံနေသည့် အီရန်
****************************************
အထက်ဖော်ပြပါ ပြဿနာများ တန်းစီရှိနေသည့်တိုင် အီရန်သည် သဘောတူညီချက်များကို ဆက်ပြီး လက်မှတ် ရေးထိုးခဲ့သည်။
အီရန်သည် ဆီးရီးယားတွင် စိုက်ပျိုးရေး၊ ရေနံ၊ သတ္တုတွင်းနှင့် မိုဘိုင်းဖုန်း ကွန်ယက်များအတွက် ကန်ထရိုက်များ ရယူခြင်း၊ ချေးငွေများ ထုတ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
သို့သော်လည်း ထိုပရောဂျက်များသည် အောင်မြင်ခြင်းမရှိဘဲ ရပ်တန့်သွားခဲ့သည်။
ထို့ပြင် အီရန်သည် လက်တာကီယာမြို့ရှိ ဆိပ်ကမ်းတစ်ခုအား ထိန်းချုပ်ထားမှုကိုလည်း ပြင်သစ်ကုမ္ပဏီတစ်ခု အား လွှဲပြောင်းပေးလိုက်ရသည်။
နိဂုံးတွင် ဆီးရီးယားကို ဆုံးရှုံးသွားခဲ့သည့် အီရန်
*****************************************
ဆီးရီးယားတွင် အာဆတ်အစိုးရပြုတ်ကျမှုသည် အီရန်၏ မျှော်လင့်ချက်များအားလုံး ပြိုလဲသွားခြင်းဖြစ်သည်။
အီရန်သံရုံးသည်လည်း ဖျက်ဆီးခံခဲ့ရသည်။ အီရန် အင်ဂျင်နီယားများလည်း ဆီးရီးယားမှ ထွက်ပြေးသွားခဲ့သည်။
အီရန်၏ စာရွက်စာတမ်းများနှင့် စစ်သုံးပစ္စည်းများလည်း ဆီးရီးယားတွင် ကျန်ရစ်ခဲ့သည်။
အီရန်သည် ဆီးရီးယားကို အီရန်အတွက် အောင်မြင်မှု အကြောင်းရင်းခံတစ်ခုအဖြစ် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းစစ်ဖြစ်ပွားမှု၊ ပိတ်ဆို့မှုများ၊ အဂတိလိုက်စားမှုများနှင့် အာဆတ် အစိုးရအဖွဲ့ ပြုတ်ကျမှုများ သည် အီရန်၏ မျှော်လင့်ချက်များကို ဆုံးရှုံးသွားစေခဲ့သည်။
Source: ရိုက်တာ
