- By CNI
- Category: ဆောင်းပါး
- Hits: 2736
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်သည် ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဆော်ဒီသည် တရုတ်၏အကြီးမားဆုံး ရေနံဝယ်လက် ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများမှာ သိပ်မထူးခြား ခြေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှုတချို့ ရှိလာနေပြီ ဖြစ်သည်။
တရုတ်သမ္မတ ရှီ (Xi Jinping)က ဆော်ဒီမြေကို ခြေမချခင်ကတည်းက အမေရိကန်ကို နှပ်ချရန်၊ ဒေသတွင်း အမေရိကန်၏ သြဇာသက်ရောက်မှုကို စွက်ဖက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၊ ရုရှား နှင့် အီရန်တို့နေရာ ရလာမည်ကို အမေရိကန်ဘက်က လက်ခံသွားမည် မဟုတ်ဟု ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၅ လ ဆော်ဒီခရီးစဉ်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာလာရခြင်းမှာလည်း ပင်လယ်ကွေ့နှင့် ဒေသတွင်းမှ နိုင်ငံများအတွက် အရင်းအမြစ်များ ပိုမိုရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဘိုင်ဒန်က အရှေ့အလယ်ပိုင်း မဟာမိတ်များကို စိတ်အေးရန် ပြောကြားခဲ့ရသည်။
သို့သော် ထိုပြောဆိုချက်များက တရုတ်နှင့် ဆော်ဒီ၏ ဆက်ဆံရေးများ ရှေ့မတိုးလာစေရန် အဟန့်အတား မဖြစ် ခဲ့ပါခြေ။ ရှီ၏ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီခေါင်းဆောင်များအပြင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့် သီးခြား ညီလာခံများပါ ဆောင်ရွက်နိုင်ခဲ့သည်။
အမေရိကန်တို့အတွက် ပိုပြီးမျက်ခုံးလှုပ်ရသည်မှာ အာရပ်ခေါင်းဆောင်များက ရှီနှင့်ဆွေးနွေးပွဲများကို ဘိုင်ဒန်နှင့် ဆွေးနွေးပွဲများထက် ပို၍ ခမ်းနားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သည့်အတွက်ကြောင့် ယခုကဲ့ သို့ လုပ်ဆောင်ရသလဲဆိုသည့် မေးခွန်းကို ပေါ်ထွက်လာစေသည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်- ဆော်ဒီ ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးခဲ့သို့ပင် မကျေလည်မှု တချို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ဘက်က ဆော်ဒီနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေရင်းနှင့်ပင် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)
ဆော်ဒီနှင့် တရုတ်တို့သည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကြောင့် အမေရိကန်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာကာ ပို၍ နီးကပ်မှု ရှိလာခြင်း ဖြစ်သည်။ ပင်လယ် ကွေ့ နိုင်ငံများမှ လူငယ်ခေါင်းဆောင် မျိုးဆက်များသည်လည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် ပိုမို ကင်းလွတ် ခွင့် ရရှိရေးနှင့် ၎င်းတို့နိုင်ငံများ၏ စွမ်းအင်၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက် လာနေကြသည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် သင့်တော်သော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ မှီခိုနိုင် သော စွမ်းအင် အရင်းအမြစ်များ ရှာဖွေမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်သွယ်မှုတို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ပို၍ အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ(GCS)သည်ပင် ဝီဂါမူဆလင်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ် မူဝါဒများကို ထောက်ခံသလို ပြောဆိုခဲ့မှုကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒန်အစိုးရက ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ဝေဖန် ခဲ့သည်။
အနောက်နိုင်ငံများ အနေဖြင့်လည်း ရုပ်ကြွင်းလောင်စာများမှ ဂရင်းစွမ်းအင် ပြောင်းလဲရေးနှင့်ပတ်သက်၍ မသိ ကျိုးကျွံ ပြုနေထိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ် အစောပိုင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်က အခြေအ နေများကို ပြောင်းလဲသွားစေခဲ့သည်။
အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ရုရှားအရေးကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရှားပါး ခြင်း သို့မဟုတ် ဈေးကြီးခြင်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေက ကိုဗစ်ကူးစက်မှုမှ ပြန်လည် ထူထောင်စ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးကို ခက်ခဲစေခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (AP)
အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရေနံဈေးကို လျှော့ချရေး ဘိုင်ဒန်၏ ဆော်ဒီနိုင်ငံအပေါ် ပြောဆို စည်းရှုံးမှုများသည် အောင်မြင်ခဲ့ခြင်း မရှိပေ။
ဆော်ဒီ ဦးဆောင်သည့် OPEC အဖွဲ့က ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အခြား သော အနောက်အုပ်စု ခေါင်းဆောင်များကလည်း ၎င်းတို့၏ နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။
ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဇ် ရှလို့ဇ် ( Olaf Scholz) သည် ရုရှားမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ နေရာ အစိုးရန် အတွက် ရှာဖွေရန် ပင်လယ်ကွေ့ ဒေသသို့ လာရောက်ခဲ့သည်။
သို့သော် တရုတ်ဘက်က ၎င်းတို့ကို ကျော်ဖြတ်ကာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော တင်ဒါ စာချုပ်များကို ဒေသတွင်း အုပ်ချုပ်သူများနှင့် ချုပ်ဆိုနိုင်ခဲ့သည်။
ပင်လယ်ကွေ့ ဒေသအတွက် ကစားပွဲအသစ်တွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသော်လည်း အမေရိကန်ကတော့ ဒေါသထွက်ရန် တခြားကိစ္စများလည်း ရှိနေသေးသည်။ ယခု ကစားပွဲအသစ်မှာ ယခင်ကထက်ပို၍ ရက်စက် ကြမ်းကြုတ်မှုများလည်း ရှိနေသည်။
အမေရိကန်သည် အရေးပါဆုံး အာဏာလွှမ်းခြုံ ထားနိုင်မှုကို မြှင့်တင်ရန် ဘိုင်ဒန်၏ ကသိုက်ကရိုက် ကြိုးပမ်းမှုက အရှေ့အလယ်ပိုင်းနှင့် တခြားသော ဒေသများတွင် အမေရိကန်၏ လိုအပ်ချက်ကြောင့် လစ်ဟာသွားသော နေရာ များကို တရုတ်က အစားထိုး ဝင်ရောက်လိုခြင်း၊ ဝင်ရောက်နိုင်ခြင်း စသည်တို့ကို ထိတ်လန့်ခြင်းမှ အခြေခံသည်။
ထိုအခြေအနေများကြောင့် အမေရိကန်၏ အာရှဗဟိုပြု မူဝါဒများ ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။
အာဆီယံနိုင်ငံများ အစည်းအဝေး ကျင်းပနေစဉ် (GETTY IMAGES)
တရုတ်က ယခင်အချိန်များထက် ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ ဒေသတို့တွင် အားစိုက် ဆောင်ရွက်နေစဉ် အမေရိကန်သည် တရုတ်၏ မြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒများ ပြောင်းလဲ ဆောင်ရွက်လာနေသည်။
တရုတ်သည် ဒီဂျိုဘူတီ (Djibouti) တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ကာ ပါရှန်ပင်လယ်ကွေ့ တွင် စစ်သင်္ဘောအုပ်စုငယ်များ ပို့ဆောင်ထားသည်။
ထို့အပြင် တရုတ်သည် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်တို့ဖြင့်လည်း မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်များ ရရှိထားသည်။ အလားတူ ရုရှား၊ အီရန်တို့ဖြင့်လည်း ကြီးမားသော ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။
စွမ်းအင် လိုအပ်ချက် နည်းသော အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် စီးပွားရေး တိုးတက်မှု၊ စစ်ရေး ယန္တရားများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရှိနေမှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန် ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် ဓာတ်ငွေ့ကို လိုအပ်သည်။
အဆိုပါ အခြေအနေများသည် အမေရိကန်ကို ဒေါသဖြစ်စေသည်။ စူပါပါဝါနိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသကို စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)
ထို့အပြင် အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့တွင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွဝ်ရန် လိုအပ်လာပါက စစ်အင်အား အသုံးပြုခွင့်ကိုလည်း ရရှိထားသည်။
GCC နှင့် တရုတ်ဆက်ဆံရေးက သံတမန်ရေးရာ အခြေအနေသစ် တစ်ခုနှင့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာ မှုများအထိ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု အမေရိကန်မှ ပြောဆိုမှုများ ရှိလာနိုင်သော်လည်း ထိုကိစ္စကို အဆုံး အဖြတ် ပေးမှာသည် တရုတ်၏ ပြန်လည် ပြင်ဆင်ရေးဝါဒအပေါ်တွင် မူတည်သည်။
ဆိုဗီယက်ယူနီယံနှင့် မတူသည်မှာ တရုတ်က အနောက်အုပ်စု ဦးဆောင်သည့် နိုင်ငံတကာစနစ် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ထားကာ တခြားသော ကမ္ဘာ့မူဝါဒတစ်ခုနှင့် ကမ္ဘာကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ပေ။
၎င်းက မျှတစွာ ပါဝင်သူ တစ်ဦးအနေဖြင့် ကမ္ဘာ့လမ်းစဉ် အသစ်တစ်ခု၏ မူဝါဒများကို ပူးတွဲဖော်ဆောင်သွားရန် ပြောဆိုထားသည်။
အင်အား ကြီးမားလာခြင်းနှင့် အင်အား လွှမ်းမိုးထားခြင်းတို့က ပေးဆပ်မှုများသော ထိပ်တိုက် တွေ့ဆုံမှုများကို ဖြစ်စေကြောင်း သမိုင်းအခြေအနေများက ပြသခဲ့ပြီး ဖြစ်သည်။
ထိုနည်းတူစွာပင် လိုက်လျောညီထွေဖြစ်မှု၊ ပေါင်းစည်းမှုတို့လည်း ထိပ်တိုက် တွေ့ဆုံခြင်းနှင့် ပြိုလဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ကို သမိုင်းအခြေအနေများမှ လေ့လာခဲ့ရပြီး ဖြစ်သည်။
ပဋိပက္ခပေါင်းစုံနှင့် စစ်ပွဲများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သော အရှေ့အလယ်ပိုင်း ဒေသထက် မည်သည့် ကမ္ဘာ့ဒေသ ကမှ ထိုအရာများ၏ အကျိုးအပြစ်များကို ပို၍ သိနိုင်လိမ့်မည် မဟုတ်ပေ။
Source: Al Jazeera
- By CNI
- Category: ဆောင်းပါး
- Hits: 2190
CNI Sport Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အားလုံးသိတဲ့ အတိုင်းပဲ အာရှအသင်းတွေဟာ ၁၆ သင်းအဆင့်ကို မကျော်လွန်နိုင်ခဲ့ပါဘူး။
အခုပြိုင်ပွဲကို အာရှနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ကျင်းပတာကြောင့် အာရှတစ်သင်းသင်းက အောင်မြင်မှု တစ်ခု ရယူသွားနိုင်ဖို့ မျှော်လင့်ခဲ့တာတော့ အမှန်ပါပဲ။
ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ အာရှအသင်းတွေဟာ ဥရောပနဲ့ တောင်အမေရိက အသင်းတွေကို နောက်ဆုံး အချိန်ထိ အကောင်းဆုံး ကစားခဲ့ပေမယ့် မကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ကျနော်တို့ ၂၀၀၂ က အာရှမြေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတုန်းက အိမ်ရှင်အသင်း တောင်ကိုရီးယားအသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
၁၉၆၆ ခုနှစ်တုန်းကတော့ မြောက်ကိုရီးယားက ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါတွေကသာ အာရှရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ကာတာကလွဲပြီး ကျန်တဲ့ အသင်းအားလုံးက အကောင်းဆုံး လုပ်ပြသွားနိုင်ခဲ့ကြပါတယ်။
တောင်ကိုရီးယားအသင်းသားများကိုတွေ့ရစဉ်
ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာက ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး အကြိမ် အာရှအသင်း ၃ သင်း ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ ဆော်ဒီအသင်းဟာ အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး အာဂျင်တီးနားရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်နိုင်ခဲ့တာပါ။
အဲ့လိုပဲ ဂျပန်အသင်းဆိုရင် ဥရောပ ထိပ်သီးတွေဖြစ်တဲ့ ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူခဲ့ပါတယ်။
သြစတြေးလျကလည်း ဒိန်းမတ်နဲ့ တူနီးရှားတို့ကို အနိုင်ယူခဲ့ပြီး တောင်ကိုရီးယားက ပေါ်တူဂီအသင်းကို အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ အီရန်အသင်းလည်း ဝေးလ်စ်အသင်းကို အနိုင်ရရှိခဲ့တာပါ။
အိမ်ရှင် ကာတာအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အတွေ့အကြုံ နည်းပါးလွန်းတာကြောင့်သာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အသင်း ၃ သင်းထဲမှာ ဂျပန်အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓါတ်၊ ပရိသတ်တွေရဲ့ အပြုအမူတွေကို အားလုံးက အသိအမှတ် ပြုခဲ့ကြရပါတယ်။
ကာတာအသင်းသားများကိုတွေ့ရစဉ်
ဂျာမနီ၊ စပိန်နဲ့ ခရိုအေးရှားတို့ပွဲမှာ ကစားသွားတဲ့ ဂျပန်အသင်း ခြေစွမ်းဆိုရင် တကယ့် ကမ္ဘာ့ထိပ်သီးအသင်းတွေ ကို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစား သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားနဲ့ ၁၆ သင်း အဆင့်ပွဲမှာ ဦးဆောင်ဂိုးစပြီး သွင်းယူနိုင်ခဲ့သလို တပွဲလုံး တိုက်စစ်ဆင် နိုင်ခဲ့ပေမယ့် ခရိုအေးရှားရဲ့ ပါးနပ်တဲ့ ကစားပုံတွေကြောင့် အချိန်ပို၊ ပင်နယ်တီအထိ သွားခဲ့ရတာပါ။
ဒါပေမယ့် ဂျပန်အသင်းဟာ ပင်နယ်တီကို အလုံအလောက် လေ့ကျင့်ထားတဲ့ပုံစံ မရှိတာကြောင့် ကန်သွင်းတာမှာ အားနည်းခဲ့ပြီး ကမ္ဘာ့ဖလားကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျပန်အသင်းအနေနဲ့ ဒီလိုပုံစံမျိုးကိုသာ ဆက် ထိန်းထားနိုင်မယ်ဆိုရင် နောက်လာမယ့်ပြိုင်ပွဲမှာ ဒီထက်မြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။
ဂျပန်လိုပါပဲ တောင်ကိုရီးယား၊ ဆော်ဒီ၊ အီရန်နဲ့ သြစတြေးလျတို့လည်း သေချာ ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်တွေ ပြည့်ဝနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ အာရှအသင်းတွေကို တချက်ပြန်ကြည့်မယ်ဆိုရင် အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ခဲ့ တဲ့ အသင်းတွေက ၅ သင်းပဲ ရှိခဲ့တာပါ။
အာဂျင်တီးနားနဲ့ ဆော်ဒီအသင်းသားများကို တွေ့ရစဉ်
ဒီနောက် အခု ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းဆိုလို့ ဂျပန်အသင်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ တိုးတက်မှုတွေ ရှိလာခဲ့တယ် ဆိုပေမယ့် လည်း ၁၆ သင်းအဆင့်ကို ကျော်လွန်ဖို့က တော်တော်လေးကို ခက်ခဲနေတဲ့ အနေအထား ဖြစ်နေတာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဆိုရင် ပုံမှန်ကျင်းပနေတဲ့ ၃၂ သင်းထက် ၄၈ သင်းနဲ့ ကျင်းပတော့မှာ ဖြစ်တာကြောင့် အာရှအသင်းတွေ ဝင်ခွင့် ပိုပြီးရလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပုံမှန်ဝင်ခွင့် ရနေတဲ့ ၅ သင်းထက် ၈ သင်း ကျော်အထိ ဝင်ခွင့်ရမယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဒါဆိုရင် လာမယ့် ၄ နှစ်အတွင်းမှာ အောင်မြင်မှုရဖို့အတွက် အာရှအသင်းတွေ အနေနဲ့ အခုကတည်းက ပြင်ဆင် တာတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်သီး အသင်းတွေလို နာမည်ကြီး ကစားသမား အများကြီး မရှိတာကြောင့် အာရှအသင်းတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားနိုင်မှ မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်မှာပါ။ ဒီလိုတွေသာ ပြင်ဆင်မှုကို ရာနှုန်းပြည့် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ အောင်မြင်မှုရဖို့ မျှော်လင့်မိတာတော့ အမှန်ပါပဲ။
- By CNI
- Category: ဆောင်းပါး
- Hits: 2001
CNI Sport Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄
ဘယ်လ်ဂျီယံ အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး သူတို့ရဲ့ ရွှေရောင်မျိုးဆက်ဟာ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းဟာ ဥရောပထိပ်တန်းလိဂ်က နာမည်ကြီး ကစားသမားတွေကို ပေါင်းစပ် ထားတာကြောင့် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရနိုင်တဲ့ အသင်းအဖြစ် ရှိခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းကို ကြည့်ရမယ်ဆိုရင် ဟာဇက်၊ ဒီဘရိုင်း၊ ကော့တွိုက်စ်၊ လူကာကူ၊ ဗာတွန်ဂန်၊ တိုင်လီမန်စ်၊ မူနီယာ၊ဝစ်ဆဲလ်၊ ဘတ်ရူဝါယီတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့တဲ့ လူစာရင်းဖြစ်ပြီး အရင်ကဆို ဖယ်လိုင်နီ၊ ဖာမယ်လန်း တို့တောင် ပါဝင်ခဲ့တာပါ။ သူတို့ လူစာရင်းဟာ တကယ်ကို တောင့်တင်းခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။
လူကာကူကို ခရိုအေရှားနဲ့ပွဲမှာ တွေ့ရစဉ် (Sky Sport)
ဘယ်လ်ဂျီယံ ကစားသမား အများအပြားဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ကစပြီး ကာလကြာရှည် တွဲဖက် ကစားခဲ့ပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယ ရခဲ့တာကသာ သူတို့အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ခဲ့ရတာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ဘာဆုဖလား အောင်မြင်မှုမှ မရခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၁ နေရာကို ကာလကြာရှည် သိမ်းပိုက်ထားခဲ့ ဖူးပါတယ်။ ဘယ်လ်ဂျီယံအသင်း အနေနဲ့ ဒီလိုနာမည်ကြီး ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် မျိုးဆက်သစ်တွေနဲ့ အစားထိုးပြီး အောင်မြင်မှုရအောင် ပြန်လည် လုပ်ဆောင်ရ တော့မှာပါ။
ခရိုအေးရှား အသင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း လူစာရင်းကို ကြည့်မယ်ဆိုရင် ပျှမ်းမျှအသက် ၃၁ နှစ် နဲ့ ၉၅ ရက် ရှိပါတယ်။ ဒါဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း အသင်းတွေ အားလုံးထဲမှာ အသက်အကြီးဆုံး အသင်း ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
နည်းပြ မာတီးနတ်စ်နဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ် (Sport)
ဘယ်လ်ဂျီယံ အသင်းနည်းပြ မာတီးနတ်စ်က “သူတို့မှာ အိုနာနာနဲ့ ဒိုကူတို့လို ကစားသမားတွေ ရှိပါတယ်။ ရွှေရောင်မျိုးဆက်က မျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ တခုခု လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းနဲ့ ဟာဇက်တို့က အသက် ၃၁ နှစ်၊ ဗဟိုနောက်ခံ လူတွေဖြစ်တဲ့ ဗာတွန်ဂန်နဲ့ အယ်လ်ဒါဝီရယ်လ်တို့က ၃၅ နှစ်နဲ့ ၃၃ နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီဘရိုင်းက သူတို့အသင်းက ကစားသမားတွေဟာ အသက်အရွယ် ကြီးလွန်းတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒီပြောဆိုချက်တွေကြောင့် အသင်းထဲမှာ စိတ်ဝမ်းကွဲမှု တွေတောင် ဖြစ်ခဲ့တာပါ။
မော်ရိုကို အသင်းကို အရေးနိမ့်တဲ့ပွဲမှာ နောက်ခံလူ ဗာတွန်ဂန်က ရှေ့တန်း ကစားသမားတွေက အသက်ကြီး လွန်း နေတာကြောင့် ကောင်းမွန်တဲ့ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ ပါသေးတယ်။
ဒါတွေကလည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်း ကျရှုံးတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံနဲ့ ခရိုအေရှား ယှဉ်ပြိုင်စဉ် (Football365)
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုပ်စုတွင်း ၃ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် အခု ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး သွင်းဂိုးကလည်း ၁ ဂိုးသာ ရခဲ့တဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့တာ ပါ။ ရွှေရောင်မျိုးဆက် တစ်ခုလို တောက်ပခဲ့တဲ့ ဘယ်လ်ဂျီယံအသင်း အခုအချိန်ထိ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ နည်းပြ မာတီးနတ်စ်ပါပဲ။
မာတီးနတ်စ် ကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို ကြည့်ရရင် ဝီဂန်၊ ဆွမ်ဆီး၊ အဲဗာတန် အသင်းတွေသာ ဖြစ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက သူ့ကို ယုံယုံကြည်ကြည်နဲ့ ၂၀၁၆ ကတည်းက နည်းပြအဖြစ် ခန်အပ်ခဲ့တာ ဖြစ်ပါတယ်။
မာတီးနတ်စ်ဟာ ဝီဂန်အသင်းကို အက်ဖ်အေဖလား ရယူပေးနိုင်ခဲ့တာကလွဲပြီး နည်းပြဘဝမှာ အောင်မြင်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း မာတီးနတ်စ်ဟာ ထိပ်တန်းအဆင့်ရှိတဲ့ ဘယ်လ်ဂျီယံ ကစား သမားတွေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မာတီးနတ်စ်ဟာ ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်တာ ၆ နှစ်ကြာခဲ့ပေမယ့် လောက်လောက်လားလား ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ သူ့နေရာမှာ တခြားနည်းပြဆိုရင် ဘယ်လ်ဂျီယံအသင်း ပြိုင်ပွဲတစ်ခုခုမှာ ချန်ပီယံဆု ရယူ နိုင်မှာ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့ ဘယ်လ်ဂျီယံ အသင်းသားများကိုတွေ့ရစဉ်(The Japan Times)
အခုတော့ မာတီးနတ်စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ဘယ်လ်ဂျီယံနည်းပြ ရာထူးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနတ်စ်က “ဘယ်လ်ဂျီယံအသင်းမှာ စိတ်ပျက်စရာ ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ မှန်ထဲမှာ သူတို့ကိုယ် သူတို့ ကြည့်လိုက်မယ်ဆိုရင် လုံလောက်မှု မရှိဘူးဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ”လို့ BBC 0ne ကို ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ နည်းပြသစ်နဲ့အတူ ရွှေရောင်မျိုးဆက် ကစားသမားတချို့ကို လူငယ် ကစားသမားတွေနဲ့ သာ အတွဲညီစွာ ပေါင်းစပ် နိုင်ခဲ့မယ်ဆိုရင် လာမယ့် ယူရိုပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင် မယ့် အသင်း ပြန်ဖြစ်လာနိုင်ပါတယ်။
အခုတော့ ဘယ်လ်ဂျီယံအသင်းရဲ့ ရွှေရောင်မျိုးဆက်တို့ရဲ့ အလားအလာနဲ့ အနာဂတ် စောင့်ကြည့်ရပေတော့မည်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 2264
CNI Sport Article
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၇
နောင်အနှစ် ၅၀ ကြာလည်း ရော်နယ်ဒိုအကြောင်းကို အားလုံးက ဆက်ပြောနေမှာပါပဲ။
ဒီစကားကို ပြောလိုက်တာကတော့ ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ပဲ ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒို စံချိန်သစ် တင်ပြီးနောက် ဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ နည်းပြ ဆန်းတို့စ်ကိုတွေ့ရစဉ် (CTV News)
ရော်နယ်ဒိုဟာ ဂါနာအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ဒီလိုမျိုးစံချိန်ကို နာမည်ကြီး ကစားသမား အများအပြား ဘယ်သူကမှ မလုပ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက လုပ်နိုင်ခဲ့ တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ရော်နယ်ဒိုဟာ ၂၁ နှစ် သားထဲက ဒီပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ၅ ကြိမ်ဆက် ဂိုးသွင်းဖို့ ဆိုတာလည်း တကယ်ကို မလွယ်ကူတာပါ။ ဒါကို ရော်နယ်ဒိုက လုပ်ဆောင်နိုင် ခဲ့တာ ဖြစ်ပါတယ်။
အားလုံးလည်း သိနေတဲ့ အတိုင်းပါပဲ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက် သိမ်းထားတာ ဖြစ်ပါတယ်။ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရော်နယ်ဒိုဟာ ယူနိုက်တက် ကိုရော အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။
ရော်နယ်ဒို အကောင်းဆုံးဆု ရခဲ့(Sports Brief)
ရော်နယ်ဒိုဟာ ဒီလိုတွေ ပြောခဲ့မှုကြောင့် ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်း ခဲ့ရပေမယ့် အာရုံဝေဝါးသွားတာ မရှိဘဲ ပေါ်တူဂီအတွက် အပြည့်အဝ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့တာပါ။
ရော်နယ်ဒိုက “ကျနော်နဲ့ ယူနိုက်တက်တို့ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားတာ တစ်ပတ်လောက်ရှိပါပြီ။ ဒါကို ပိတ် လိုက်ပါပြီ။ ကျနော် ပေါ်တူဂီကို အနိုင်ရအောင် ကူညီမယ်၊ ကျန်တာဘာမှ အရေးမကြီးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တာကို ကျနော်အလွန် ဂုဏ်ယူတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ပါဝင်ခွင့် ရခဲ့ပြီး အီရန်အသင်းနဲ့ ပွဲမှာ ဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးက ၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် ၁၉၂ ပွဲ ပါဝင်ကစားထားပြီး ၁၁၈ ဂိုး သွင်းယူကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် လည်း စံချိန်တင် ထားခဲ့တာပါ။
ဂါနာအသင်းဘက်ကို ဂိုးသွင်းနေတဲ့ ရော်နယ်ဒို (New Straits Times)
ဖာနန်ဒိုဆန်းတို့စ်က “ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး၊ ထာဝရ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ရော်နယ်ဒိုဟာ သဘာဝက ဖြစ်လာတဲ့သူ၊ ဂန္တဝင်ပါ။ နောက်ထပ် အနှစ် ၅၀ ကြာရင်လည်း ကျနော်တို့ သူ့အကြောင်းကို ဆက်ပြီး ပြောနေဦးမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂါနာနဲ့ ပွဲမှာ သွင်းယူတဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ အပါအဝင် အဓိကပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖွန်တီက “ ရော်နယ်ဒိုက စံချိန်မှတ်တမ်းတွေနဲ့အတူ ဒီကမ္ဘာ့ ဖလားကို လာရောက်တာပါ။ မှတ်တမ်းတွေက သူ့နောက်ကို လိုက်နေတာပါ။ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်း ယူနိုင်လို့ သူအလွန်ဂုဏ်ယူ နေမယ်ဆိုတာ သေချာပါတယ်။ ဒါက သူ့အတွက်ရော ပေါ်တူဂီအတွက်ပါ ကောင်းမွန် တဲ့ အောင်မြင်မှုတစ်ခုပါ”လို့ BBC 5 Live နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးက မ္ဘာ့ဖလားဖြစ်ဖို့ များနေလို့ အာရုံအပြည့်အဝ စိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုအတွက် နောက်ထပ် စံချိန်မှတ်တမ်း ကောင်းတွေကလည်း စောင့်မျှော်နေတာပါ။
ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းဖော်များကိုတွေ့ရစဉ် (Reuters)
ဘောလွန်းဒီအောဆု ၅ ကြိမ်၊ ယူရိုချန်ပီယံဆုနဲ့ နေးရှင်းလိဂ် တို့ကို ရယူထားတဲ့ ရော်နယ်ဒို အတွက်တော့ ကမ္ဘာ့ ဖလား ချန်ပီယံဆု ရယူဖို့က သူ့အတွက် အိမ်မက်အဖြစ် ရှိနေပါတယ်။ ဒါကိုသူကလည်း အကောင်အထည် ဖော်ချင်နေတာပါ။
ဒါကြောင့်လည်း သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ချန်ပီယံဖြစ်မယ်ဆိုရင် လက်ရွေးစင် ကစားသမားဘဝကို အဆုံး သတ်တော့မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်းအတွက် ကစားသမားဘဝ ပြီးပြည့်စုံဖို့ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ဖို့ပဲ လိုအပ်တော့တာပါ။ အသင်းဖော်တွေကလည်း ရော်နယ်ဒိုအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဝန်ခံထားကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီး စံချိန်သစ်တွေထပ်ပြီး တင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 1895
CNI International Article
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၇
ဒါတက်စရီ အန်နဝါအီဘရာဟင်သည် ဆယ်စုနှစ်များစွာ စောင့်ဆိုင်း မျှော်မှန်းခဲ့ရသည့် မလေးရှားဝန်ကြီးချုပ် ရာထူးကို ယခုအခါ လက်ဝယ်ပိုင်ပိုင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤရာထူးကို မြဲမြံအောင်တော့ သူကြိုးစားရပေ လိမ့်မည်။
၄ နှစ်တာ ကာလအတွင်း ဝန်ကြီးချုပ် ၄ ဦးအထိ အပြောင်းအလဲ မြန်ခဲ့သည့် မလေးရှားနိုင်ငံတွင် ဤရာထူးနှင့် ဤတာဝန်ကို မြဲမြံအောင် ကြိုးစားဖို့ လွယ်လှသည်တော့ မဟုတ်။
ဘဏ္ဍာရေးအကြီးအကဲဟောင်း မစ္စတာအန်နဝါသည် မတည်မငြိမ် ဖြစ်နေသည့် ကိစ္စရပ်အများစုကို ထိန်းချုပ်သွား နိုင်ဖွယ်ရှိပြီး ၎င်း၏အုပ်ချုပ်မှုအောက်တွင် အကျင့်ပျက်ခြစားမှု ဖုံးလွှမ်းနေသော UMNO ပါတီအတွက် ပြုပြင် ပြောင်းလဲစရာများက သူ့ကို အဆင်သင့် စောင့်နေကြသည်။
ထိုသို့ အကျင့်ပျက်ခြစားမှုများက ဝန်ကြီးချုပ် တစ်ဦးအဖို့ မူဝါဒချမှတ်ရာတွင် အတားအဆီး ဖြစ်နိုင်ပြီး ကံမကောင်း အကြောင်းမလှလျှင် ယခုအစိုးရသစ်ပါ နာမည်ပျက်ကိန်း ရှိနေသည်။
အသက် ၇၅ နှစ် ရှိပြီဖြစ်သည့် မစ္စတာအန်နဝါသည် ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ် တိုးလာနေချိန်၌ ယိုယွင်းနေသည့် တိုင်းပြည် စီးပွားရေးကို ထိန်းကျောင်းရဦးမည် ဖြစ်သည်။
လူကြိုက်များလာသည့် အစ္စလာမ္မစ်ပါတီ တစ်ခုဖြစ်သော Parti Islam SeMalaysia (PAS) ပါတီကို လွှမ်းမိုးထား သော အတိုက်အခံများ၏ ဖိအားကိုလည်း အန်နဝါ ရင်ဆိုင်နေရသည်။
ယခုပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် မလေးရှားနိုင်ငံရေး အခင်းအကျင်း တလျှောက် ဘာသာရေးနှင့်လူမျိုးရေး အပြစ်အနာအဆာများကို ကုစားနိုင်အောင် လမ်းဖွင့်ပေးခဲ့ကြောင်း ကွာလာလမ်ပူအခြေစိုက် Capital Dynamics Asset Management ၏ အမှုဆောင်အရာရှိချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ တန်တောင်ဘူးက သုံးသပ် ပြသည်။
ပြောရမည်ဆိုလျှင် မစ္စတာအန်နဝါအတွက် အကြီးမားဆုံး တာဝန်သည်ကား လက်ရှိနိုင်ငံရေး အက်ကြောင်းများ တစစီ လွင့်စဉ်မသွားစေရေးပဲ ဖြစ်သည်။ ထိုအချင်းအရာများကတော့ မစ္စတာအန်နဝါနှင့် သူ့အစိုးရအတွက် လာမည့်လများ၌ ရင်ဆိုင်ရမည့် စိန်ခေါ်မှုအချို့ဟု ခေါ်ဆိုနိုင်သည်။
အာဏာခွဲဝေရေးကိစ္စ
**********************
ပထမဆုံး စမ်းသပ်မှု မစ္စတာအန်နဝါ၏ အစိုးရသစ်တွင် အာဏာခွဲဝေမှု ဖော်မြူလာအရ ဘယ်သူတွေက အဓိက ကျလာမလဲဆိုသည့် ကိစ္စဖြစ်သည်။ ယခင်အစိုးရ လက်ထက်တွင်တော့ အစိုးရအဖွဲ့(ကက်ဘိနက်)ထဲတွင် ဝန်ကြီး ရာထူးနေရာများက ဖောင်းပွလွန်းနေခဲ့သည်။
“မလေးရှားမှာ အခုတက်လာတဲ့ အစိုးရအဖွဲ့သစ်မှာ အရင်ဝန်ကြီးတွေလို အရေအတွက်များနေလို့ မဖြစ်သင့်ဘူး။ အန်နဝါအတွက် ထိရောက်ပြီး ယုံကြည်စိတ်ချရတဲ့ လူတွေပဲ ဝန်ကြီးအနေနဲ့ ရှိဖို့လိုတယ်” ဟု မလေးရှား တက္ကသိုလ် ပြည်တွင်း လေ့လာရေး အကယ်ဒမီမှ တွဲဖက်ပါမောက္ခ အာဝမ်ပါဝီက သုံးသပ်ပြခဲ့သည်။
အန်နဝါ၏ အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှစ်ဦး ခန့်အပ်ထားသည်။ ထိုနှစ်ဦးမှာ ပက်ကတန်ဟာရာပန် (PH) ပါတီနှင့် အန်နဝါတို့ ညွန့်ပေါင်းဖွဲ့စည်းမှု ရလဒ်အဖြစ် နှစ်ဦး ခန့်အပ်ထားရခြင်း ဖြစ်သည်။ တစ်ဦးကတော့ မဖွံ့ဖြိုး သေးသော်လည်း သယံဇာတ ပေါကြွယ်ဝသည့် ဘော်နီယိုကျွန်းရှိ ပြည်နယ်တစ်ခုမှ အမတ်ဖြစ်သည်။
မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် အန်နဝါအီဘရာဟင်ကို ခန့်အပ်နေစဉ် (GETTY IMAGES)
ထို့ပြင် အန်နဝါရီ၏ ညွန့်ပေါင်းအစိုးရတွင် လွှတ်တော်အမတ်ဦးရေအများဆုံးနှင့် လူနည်းစု ထောက်ခံ အားကောင်း သည့် ဗဟိုလက်ဝဲ ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီ (DAP) လည်း ပါဝင်သည်။ သို့ဖြစ်၍ ကက်ဘိနက် အစည်းအဝေး များမှာ အခြေအတင် ဆွေးနွေးမှု ရှိလာနိုင်သည်ဟု တွက်ဆနေကြသည်။
ယခင်အစိုးရသည် အကျင့်ပျက် ခြစားမှုများကို နှိမ်နင်းရာတွင် လက်သံပြောင်ခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခဲ့သည်။ 1MDB ဟု အတိုကောက် ခေါ်ကြသည့် နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားမှုကို ကမ္ဘာသိအောင် ဖော်ထုတ်၍ အရေးယူပြခဲ့သည်။
ယခု အန်နဝါ လက်ထက်တွင်တော့ နာဂျစ်ရာဇတ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဖိအားများ ကျရောက်လာနိုင်ဖို့ အလားအလာ များနေသည်။
အလားတူ 1MDB အရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် UMNO ပါတီခေါင်းဆောင် ဇာဟစ်နှင့်ပတ်သက်၍လည်း နောက်ဆက်တွဲ ဂယက်များ လာဦးမည်ဖြစ်သည်။ အကယ်၍ ဇာဟစ်ကို 1MDB အရှုပ်တော်ပုံကြောင့် တရား စီရင်ခံရ၍ ထောင်ကျလျှင် အန်နဝါအတွက် နောက်ထပ် အစားထိုးစရာ ခေါင်းဆောင်တစ်ဦး လိုအပ်လာနိုင်သည်။
ပြုပြင်ပြောင်းလဲရန်အတွက် ဖြေလျှော့ပေးရေး
******************************************
မစ္စတာ အန်ဝါသည် ၎င်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့၏ ကြေညာချက်အရ အပေးအယူလုပ်ရန် လိုအပ်ပြီး ၎င်း၏ ညီညွတ်သော အစိုးရတစ်ရပ်ဖြစ်အောင် ဆက်လက် ထိန်းသိမ်းရန် ကြိုးပမ်းရဦးမည်ဖြစ်သည်။
တိုင်းပြည် ပြုပြင်ပြောင်းလဲရန်အတွက် ကတိကတိများ ပြုရမည်။ သူ၏နိုင်ငံရေး ပြိုင်ဘက်များနှင့် ဆင်တူသည့် သက်သာချောင်ချိရေး ဦးတည်သော ကတိများကို အကောင်အထည်ဖော်ရာတွင် အတားအဆီးများ ကြုံရမည် မဟုတ်သော်လည်း လူမျိုးရေးနှင့် ဘာသာရေး ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကတိပြုချက်ကတော့ လွယ်ကူမည် မဟုတ်ပေ။
UMNO ပါတီခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)
မလေးနှင့် ဌာနေတိုင်းရင်းသား အများစုသည် အစိုးရဘက် အလုပ်အကိုင်များ၊ အိမ်ရာနှင့် အဆင့်မြင့် ပညာရေး ကဲ့သို့သော နယ်ပယ်များတွင် ဦးစားပေး ဆက်ဆံခြင်းခံယူလိုကြသည်။ ထို့အတွက် အစိုးရမူဝါဒများအဖြစ် ဖော်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ “အထူးရာထူးနေရာ” ကို လိုလားနှစ်သက်ကြသည်။
မလေးရှား၏ အထိနာနေသော စီးပွားရေး
***************************************
မလေးရှားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ၇ ရာခိုင်နှုန်းရှိပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ နှေးကွေးသွားနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ မလေးရှား ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိရန် ဗဟိုဘဏ်၏ အတိုးနှုန်းကို ဆက်လက်မြှင့်တင်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့်ထားကြသည်။
ယင်းက မစ္စတာ အန်နဝါသည် လူကြိုက်များစေသည့် ရပ်တည်ချက်ကို ခံယူရန် လှုံ့ဆော်ပေးရာ ရောက်လေသည်။ တိုင်းပြည်၏ အဆင်းရဲဆုံးသူများကို ကူညီရန် UMNO ပါတီက ရက်ရောစွာ ငွေသားအကူအညီပေးမည်ဟု ကတိပြု ထားပြီး ဖြစ်သည်။
နော်တင်ဟန်တက္ကသိုလ်၊ အာရှသုတေသနနှင့် မလေးရှား လေ့လာရေးသိပ္ပံမှ University of Nottingham Asia ဂုဏ်ထူးဆောင် သုတေသနတွဲဖက် ဒေါက်တာ ဘရစ်ဂက်ဝက်ရှ်က “အဓိက အချက်ကတော့ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ လိုအပ်ချက် ရှိတယ်ဆိုတာ အသိအမှတ်ပြုရမှာပါ။ လူမှုဘေးကင်းရေး ကွန်ရက်နဲ့ မတူညီကွဲပြား အသိုင်း အဝိုင်းတွေကြားက အားနည်းချက်တွေကို အခုအစိုးရသစ်က ပိုပြီး အာရုံစိုက်လာမယ်လို့ ထင်ပါတယ်” ဟု ပြော ကြားခဲ့သည်။
မလေးရှား ရွေးကောက်ပွဲ ပြည်သူများကိုတွေ့ရစဉ် (GETTY IMAGES)
မလေးရှားနိုင်ငံတွင် အိမ်ထောင်စုတိုင်းသည် တစ်လလျှင် ရင်းဂစ် ၂,၂၀၀ ထက် ပိုရစေမည်ဟု UMNO က ကတိ ပြုထားခဲ့သည်။ သို့ဖြစ်၍ အစိုးရက အိမ်ထောင်စုတိုင်း ထိုအဆင့်သို့ ရောက်ရှိစေရန်အတွက် ဝင်ငွေဖြည့်ဆည်း ပေးရမည်ဖြစ်သည်။
အကယ်၍ မစ္စတာ အန်နဝါ၏ အစိုးရသည် အထက်ပါ ကတိအတိုင်း လုပ်ဆောင်ပါက ၎င်း၏ ဘဏ္ဍာရေး စုစည်းမှု အစီအစဉ်ကို နှောင့်နှေးစေပြီး ကြွေးမြီထုတ်ချေးသည့် ကုမ္ပဏီများကို ဒေါသထွက်စေနိုင်သည်။ အစိုးရသစ်သည် မကြာမီတွင် ၂၀၂၃ ခုနှစ်အတွက် လျာထားသော တိုင်းပြည်ဘတ်ဂျက်ကို ဇယားနှင့်တကွ ချပြရမည်ဖြစ်ပြီး ၎င်း သည် ယုံကြည်မှု၏ ပထမဆုံးစမ်းသပ်မှုလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ မစ္စတာ အန်ဝါ၏ အစိုးရအဖွဲ့သည် ယခင် အောက်တိုဘာလတွင် ချပြခဲ့ဖူးသည့် အသုံး စရိတ် အစီအစဉ်အတွက် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲရေး မည်သို့မည်ပုံ အကောင်အထည် ဖော်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
(စင်ကာပူအခြေစိုက် The Straits Time သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၂၄ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော Anwar Ibrahim’s next challenge: Keeping his job အမည်ရှိဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)
Source: The Straits Time
- By CNI
- Category: ဆောင်းပါး
- Hits: 1785
CNI International Article
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၃
“ဒါဟာ ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့ဖြစ်သလို အမေရိကန်အတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့လို့ လည်း ကျနော်ထင်ပါတယ်”
သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ်လောင်းများ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲမှာ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည် ရှိနေကြောင်း ဝင့်ကြွားစွာ ထုတ်ဖော် ပြောဆိုခဲ့ ခြင်းပင် ဖြစ်သည်။
ရီပတ်ဘလစ်ကန်များ အနေဖြင့် အမေရိကန်(ကွန်ဂရက်)လွှတ်တော်ကို လွယ်လင့်တကူ လွှမ်းမိုးချုပ်ကိုင်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဘိုင်ဒန်က ကြိုးစားနေသည်။
၎င်း၏နိုင်ငံရေး အစီအစဉ်သည် အမေရိကန် အများစုကြားတွင် ရေပန်းစားနေသေးကြောင်း လက်ရှိသမ္မတဖြစ်သူ ဘိုင်ဒန်က ရွေးကောက်ပွဲရလဒ်ကို အထက်ပါအတိုင်း သရုပ်ပြ အမွှမ်းတင်ထားသည်။
ရွေးကောက်ပွဲ ရလဒ်များကြောင့် ဘိုင်ဒန်သည် လာမည့် သီတင်းပတ်တွင် အရှေ့တောင်အာရှ တဝန်းအတွက် အရေးကြီးသည့် အစည်းအဝေးများကို ဆက်တိုက် တက်ရောက်ရန် စိတ်ချလက်ချ ဖြစ်ခဲ့ရသည်။ ၎င်းအတွက် ပထမဆုံးသော အရေးကြီးသည့် အရှေ့တောင်အာရှဒေသသို့ အရောက်သွားဖို့အရေး ဘိုင်ဒန် တစ်ယောက် အားခဲ နေခဲ့သည်။
ဘိုင်ဒန်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
အာဆီယံထိပ်သီး ခေါင်းဆောင်များကိုတွေ့ရစဉ်
ထို့နောက် အင်ဒို-ပစိဖိတ် ဒေသတလျှောက်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ကျင်းပမည့် ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံများ G-20 ထိပ်သီး အစည်းအဝေးကိုလည်း နိုဝင်ဘာ ၁၃ ရက် မှ ၁၆ ရက်ကြား တက်ရောက်ရန် စီစဉ်ထားသည်။
၎င်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အထူးထိပ်သီး အစည်းအဝေး ကျင်းပရာတွင် သီးခြား တွေ့ဆုံနိုင်မည့် အလားအလာလည်း ရှိနေသည်။ ဒုတိယသမ္မတ ကာမယ်လေဟားရစ် ကတော့ ဘိုင်ဒန် ကိုယ်စား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေး သို့ တက်ရောက်မည် ဖြစ်သည်။
အေပက် (APEC) ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆော်ဒီအာရေးဗီးယား၊ ဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့ကို စုံစုံလင်လင် မတွေ့ရလျှင် ထိုင်းအစိုးရအတွက် ခဲလေသမျှ သဲရေကျ ဖြစ်ကိန်းလည်း ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ၄ နှစ်တာ သက်တမ်းတစ်လျှောက် အာဆီယံ ထိပ်သီး အစည်းအဝေးများကို လျစ်လျူရှုခဲ့သဖြင့် ဘိုင်ဒန်သည် အာရှဒေသတွင်း အစည်းအဝေးများသို့ ဆယ်စု နှစ် တစ်ခုအတွင်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန်ခေါင်းဆောင် ဖြစ်လာ ပေမည်။
၂၀၁၃ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည်လည်း ဝါရှင်တန်ရှိ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး အစိုးရပိတ်ဆို့မှုများကြောင့် ၎င်း၏ အာရှခရီးစဉ်ကို ဖျက်သိမ်းခဲ့ရဖူးသည်။
သို့သော် ဘိုင်ဒန်သည် ၎င်းသမ္မတသက်တမ်း၏ နောက်ဆုံး နေ့ရက်များဆီသို့ ဝင်ရောက်လာချိန်မှာတော့ အာဆီယံဒေသတွင်းမှာ အမေရိကန်၏ မူဝါဒအပေါ် စိုးရိမ်မှုများ တိုးလာနေခြင်းနှင့် တိုက်ဆိုင်နေခဲ့သည်။
အမေရိကန်ဒုတိယသမ္မတဟားရစ်နဲ့ ဗီယက်နမ်၀န်ကြီးချုပ်ကိုတွေ့ရစဉ်
အထူးသဖြင့် အရှေ့တောင်အာရှ ခေါင်းဆောင်များသည် ခိုင်မာသော အမေရိကန်စီးပွားရေး အစပျိုးမှု ကင်းမဲ့ နေခြင်းနှင့် အမေရိကန်-တရုတ်တို့ကြား စစ်ရေးတင်းမာမှုများ တိုးလာခြင်းတို့အတွက် သောကများ နေကြသည်။
ဘိုင်ဒန်၏ သမ္မတသက်တမ်း ရှေ့ပိုင်း နှစ်နှစ်အတွင်း ဘိုင်ဒန်အစိုးရသည် စိတ်အားထက်သန်သော သံတမန် ဆက်ဆံရေးအပြင် ကပ်ရောဂါနှင့် ဆက်စပ်သော အရေးပါသည့် အကူအညီများကြောင့် အရှေ့တောင်အာရှ တဝန်း တွင် အမေရိကန်အပေါ် ချစ်ကြည်ဖော်ရွေမှု ရရှိခဲ့သည်က အမှန်ပင်ဖြစ်သည်။
ဘိုင်ဒန်သည် ယခုနှစ် အစောပိုင်း၌ အရှေ့တောင်အာရှ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး ရာစုနှစ် ထက်ဝက်နီးပါး အတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်၌ အာဆီယံထိပ်သီး အစည်းအဝေးကို လက်ခံ ကျင်းပပေးခဲ့သည်။
ထိုအချိန် မတိုင်မီ ယမန်နှစ် နိုဝင်ဘာလတွင် အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် ဗွီဒီယိုခေါ်ဆိုမှုဖြင့် ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့သေးသည်။
တစ်ချိန်တည်းတွင် ဒုတိယသမ္မတဟားရစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည် အရှေ့တောင်အာရှဒေသတွင်းရှိ အထင်ကရ မြို့တော်များဆီသို့ လူးလာခေါက်တုံ့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြပြီး ဖြစ်သည်။
ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အမေရိကန်သည် အာဆီယံအဖွဲ့ဝင်များထံသို့ ထိရောက်သော Covid-19 ကာကွယ် ဆေး သန်း ၂၀ ကျော် လှူဒါန်းပေးခဲ့ရာ ပြည်သူ့ကျန်းမာရေးအကူအညီ ဒေါ်လာ သန်း ၁၅၀ ကျော်မှ အကျိုးအမြတ်များ ပြန်ရခဲ့သည်။
အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုကိုတွေ့ရစဉ်
လာမည့်နှစ်အတွက် ဘိုင်ဒန်အစိုးရသည် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးနိုင်ဖို့ ဒေါ်လာ သန်း ၈၀၀ ကျော် ခွဲဝေပေးရန် မျှော်လင့်ထားသည်။ မည်သို့ပင်ဆိုစေကာမူ ဘိုင်ဒန်အစိုးရသည် ရှေ့နောက် ညီညွတ်ပြီး မြင်သာထင်သာရှိသော ဒေသတွင်းဆိုင်ရာ စီးပွားရေးဗျူဟာမှာ အလွန်အမင်း ချို့တဲ့လို့နေသည်။
ယခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာက ဝါရှင်တန်၏ အခြေအနေအရ အကူအညီများထက် တိုးချဲ့ကုန်သွယ်မှုကို ပိုမိုနှစ်သက်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတသစ်သည် ဘိုင်ဒန်နှင့် အတော်အတန် နွေးထွေးသော ဆက်ဆံရေး ရှိသော်လည်း ၎င်းနိုင်ငံ၏ အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံများတွင် တိုးချဲ့လာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို လိုလို လားလား လက်ခံလျက်ရှိသည်။
တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးရပ်ဝန်း (Belt and Road Initiative - BRI) အရ အရှေ့တောင်အာရှတဝန်း၌ လက်ကြီးကြီးဖြင့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေချိန်တွင် အမေရိကန် ဦးဆောင်သော အာရှဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် အင်ဒို-ပစိဖိတ် စီးပွားရေးဆိုင်ရာ မူဘောင် အစပျိုး မှုများသည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလို့ နေသည်။
တိုးချဲ့ဒစ်ဂျစ်တယ် ကုန်သွယ်ရေးကဲ့သို့သော စီးပွားရေး အဆိုပြုချက်များသည်ပင် ဘိုင်ဒန်၏ အမြင့်ဆုံးသော ကဏ္ဍများ၌ အတွင်းပိုင်း ခုခံမှုကို ကြုံတွေ့ခဲ့ရသည်။ ပိုမိုခိုင်မာသော ကုန်သွယ်ရေး အစပျိုးမှုသည် ပြည်တွင်း၌ အကာအကွယ်ပေးသည့် စိတ်ဓာတ်များ ပြင်းထန်လာနေသဖြင့် ဝါရှင်တန်တွင် နှစ်ဘက်သော ပါတီအစိတ်အပိုင်း များ၏ တုံ့ပြန်မှုကို သေချာပေါက် နှိုးဆွရာ ရောက်မည်ဖြစ်သည်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ သုတေသီများဖြစ်ကြသည့် အီမလီဘန်ဆင်နှင့် အိုင်ဒန် အရာဆာဆင်းဟမ်တို့က မကြာသေးမီက သုံးသပ်ချက် စာတစ်ပုဒ်တွင် စောဒက တက်ထားပုံက ဤသို့ဖြစ်သည်။
“အာရှဒစ်ဂျစ်တယ် ဈေးကွက်ထဲ ဝင်ရောက်ခွင့်ကို စေ့စပ်ညှိနှိုင်းရန် ဝါရှင်တန်၏ ဆန္ဒကင်းမဲ့ခြင်းသည် လေးနက် သော လိုက်လျောမှုများ ကမ်းလှမ်းနိုင်စွမ်းကို မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ကုန်သွယ်ရေး သဘောတူညီ ချက်များ လွတ်လွတ်လပ်လပ် ညှိနှိုင်းရာတွင် ရင်ဆိုင်နေရသော အမေရိကန်ပြည်တွင်း၌ နိုင်ငံရေး ကန့်သတ်ချက် များကို မီးမောင်းထိုးပြစရာ ရှိနေပါသည်” ဟူ၏။
ပြောရမည်ဆိုလျှင် အခြေခံအားဖြင့် ဘိုင်ဒန်အစိုးရသည် ပြည်တွင်း အရင်းအနှီးကို ချုပ်ကိုင်ထားသော တရုတ် ကွန်မြူနစ်ပါတီ၏ မူဝါဒကဲ့သို့ မဟုတ်ဘဲ လွှမ်းမိုးမှု ကင်းမဲ့နေသည်။
အာဆီယံထိပ်သီးခေါင်းဆောင်များနဲ့ ဘိုင်ဒန် ဗွီဒီယိုကွန်ဖရင့်လုပ်နေစဉ်
တရုတ်သည် နိုင်ငံရပ်ခြားဒေသများတွင် ကြီးမားသော ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်း များကို ငွေကြေးထောက်ပံ့ရန် အဓိကကုမ္ပဏီများနှင့် မူဝါဒဆိုင်ရာ ဘဏ်လုပ်ငန်းများကို လျင်မြန်စွာ အရှိန်မြှင့်တင် နိုင်နေသည်။
ချို့ယွင်းချက်များ ရှိနေသော်လည်း ဂျပန်နှင့် သြစတြေးလျ (ဆိုလိုသည်မှာ Blue Dot Network) အပြင် ပိုမို ကျယ်ပြန့်သော စက်မှုထိပ်သီး G-7 နိုင်ငံများ အပါအဝင် ယခင်ရှိပြီးသားနှင့် အဆိုပြုထားသော ပဏာမ ခြေလှမ်း များကို စုစည်းလိုက်လျှင် ဘိုင်ဒန်အစိုးရသည် အာရှဒေသ စီးပွားရေး အခင်းအကျင်းအတွက် ကြီးမားသော အပြောင်းအလဲကို ပြုလုပ်နိုင်စရာ ရှိပါသေးသည်။
အမေရိကန်သည် မကြာသေးမီ နှစ်များအတွင်း ဒေါ်လာ ၁၁၀ ထရီလီယံအထိ ပမာဏရှိသော အနောက်အုပ်စု နိုင်ငံများရှိ အလုံးအရင်းဖြင့် မသုံးစွဲရသေးသော ပုဂ္ဂလိက အရင်းအနှီးကို စုစည်းနိုင်ဖို့ ကူညီရာတွင်လည်း ဦးဆောင်နိုင်မည် ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အာဆီယံအသင်း တစ်ခုလုံးနီးပါး ပါဝင်သော ဖွံ့ဖြိုးဆဲ အာရှနိုင်ငံ အများစုအတွက် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ယခုဆယ်စုနှစ်အထိ ကာမိစေရန် ဒေါ်လာ ၂၆ ထရီလီယံအထိ လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းတွင် ဘိုင်ဒန်အစိုးရသည် အာဆီယံနိုင်ငံများအတွက် ၎င်း၏မဟာဗျူဟာကို ပြန်လည်ချိန်ညှိရန် လိုအပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် ဝါရှင်တန်၏ သဘောတရားရေးရာအရ မောင်းနှင်သော “ဒီမိုကရေစီ မြှင့်တင်ရေး” အစီအစဉ်ကြောင့် ဗီယက်နမ်ကို ထိတ်လန့်စေခဲ့သည်။
ထိုသို့ အထိတ်တလန့် ဖြစ်မှု၏ ရလဒ်အနေဖြင့် ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်များသည် ဘေဂျင်းရှိ ကွန်မြူနစ်များထံသို့ ချဉ်းကပ်မှု နှစ်ဆတိုးလာစေပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အနောက် နိုင်ငံများ၏ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်ကြောင်း ဗီယက်နမ်က ကျယ်ကျယ်လောင်လောင် အသံမြည်လာခဲ့သည်။
ကွန်မြူနစ်အချင်းချင်း မကြာသေးမီက တွေ့ဆုံမှုအတွင်း တရုတ်နှင့် ဗီယက်နမ် ခေါင်းဆောင်များသည် ဆယ်စုနှစ် များအတွင်း ပထမဆုံးအကြိမ်အဖြစ် “ရောင်စုံတော်လှန်ရေး”၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ကိစ္စများကို ဗန်းပြသည့် “နိုင်ငံရေးလုပ်ခြင်း” ၊ ဘိုင်ဒန်၏ ဒီမိုကရေစီလိုလားသော အစီအစဉ်အပေါ် ပါးလွှာစွာ ဖုံးအုပ်ထား သော ဝေဖန်မှုများအကြောင်း အလေးထား၍ ခေါင်းချင်းရိုက်ခဲ့ကြသည်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံစဉ်
အဆုံးစွန်အားဖြင့် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကြောင့် တင်းမာနေချိန်တွင် တရုတ်နှင့် လက်နက်ကိုင်ပဋိပက္ခ မဖန်တီးလိုကြောင်း အာဆီယံနိုင်ငံများကို ဘိုင်ဒန်အစိုးရက အာမခံရန် လိုအပ်မည် ဖြစ် သည်။
အကယ်၍ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ၌ ဘိုင်ဒန်နှင့် ရှီကျင့်ဖျင်တို့ ဆုံမိ ကြလျှင် အာဆီယံခေါင်းဆောင်များ ရင်တထိတ်ထိတ် ဖြစ်နေကြသည့် ဒေသတွင်း စိုးရိမ်ပူပန်မှုများ လျော့ပါး သွားစရာတော့ ရှိပါသည်။
အရှေ့တောင်အာရှ မြို့တော်များတွင် ဝါရှင်တန်၏ ကစားကွက် အသစ်များကို အမှန်တကယ်ပင် စိုးရိမ်ပူပန်နေ ကြသည်။
ယခုနှစ် အစောပိုင်းက ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက “အမေရိကန်နှင့် တရုတ်တို့သည် စစ်ပွဲကြီးတစ်ခုလုံးဖြစ်ဖို့အရေး ခေတ္တငြိမ်သက်နေခြင်းအတွက် စိုးရိမ်နေမိကြောင်း” ထပ်လောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ ပတ်ဝန်းကျင်မှာ မုန်တိုင်းတွေ တိုက်နေတယ်။ အင်အားကြီး နှစ်နိုင်ငံကြား ဖျန်ဖြေသူအဖြစ် ဆောင်ရွက်နိုင်ရန် အရှေ့တောင်အာရှ နိုင်ငံတွေ အဆက်မပြတ် ကြိုးပမ်းနေတဲ့ ကြားကပဲ အမေရိကန်-တရုတ် ဆက်ဆံရေးက ပိုဆိုးလာတယ်ဗျာ။ ပြဿနာတွေ၊ နက်နဲတဲ့ သံသယတွေနဲ့ ဆက်ဆံရေး အကန့်အသတ် ဖြစ်နေ တာတွေက အခြေအနေ ပိုဆိုးလာစေပါတယ်” ဟု စင်ကာပူဝန်ကြီးချုပ်က သတိပေးခဲ့သည်။
“ဒါတွေဟာ မကြာခင်မှာ ထပ်တိုးလာဖို့ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် တွက်ချက်မှု အမှားအယွင်းတွေ (ဒါမှမဟုတ်) လွဲချော်စွာ တွက်ချက်မိတာတွေက ပိုဆိုးလာစေနိုင်ပါတယ်” ဟု ၎င်းက အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု၏ ဦးတည်ချက်အပေါ် မဟာဗျူဟာမြောက် စိုးရိမ်ပူပန်နေကြောင်း အတိအလင်း မီးမောင်း ထိုးပြခဲ့ပေသတည်း။
Source: Asia Times
(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၀ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Richard Javad Heydarian ၏ အတွေးအမြင်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)