- By CNI
- Category: ဆောင်းပါး
- Hits: 2026
CNI International Article
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ဒီရက်ပိုင်း နိုင်ငံတကာ အားကစားသတင်းတွေမှာ နေ့စဉ်နေ့တိုင်း မြင်တွေ့နေရတာကတော့ ၂၀၂၄ ပဲရစ် အိုလံပစ် ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်နိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာဖွေသွားမယ်လို့ ပြောခဲ့တာကနေ စတင်ပြီးတော့ အားလုံးကို လှုပ်ခတ်သွားခဲ့ပါတယ်။
နိုင်ငံတကာအိုလံပစ် ကော်မတီရဲ့ ဒီလို စီစဉ်မှုဟာ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီး အားကောင်း သွားနိုင်တဲ့အတွက်ကြောင့် နိုင်ငံအများအပြားက ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးက IOC ရဲ့ ဒီလို လုပ်ဆောင်လာမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အိုလံပစ် ပြိုင်ပွဲမှာ ရုရှား အားကစားသမားတွေအတွက် နေရာမရှိစေရဘူးလို့ ပြောခဲ့ပါတယ်။
ဇာလန်းစကီး ပြောပြီးနောက်မှာ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုရင် သူတို့ဟာ ဒီပြိုင်ပွဲကို သပိတ်မှောက် နိုင်တယ်လို့ စတင်ပြောလာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားစတဲ့ နိုင်ငံတွေကလည်း သပိတ် မှောက် နိုင်တယ်လို့ အသံတွေ စထွက်လာခဲ့ပါတယ်။
အိုလံပစ် အထိမ်းအမှတ်နဲ့ ရုရှားအလံကိုတွေ့ရစဉ်
ပိုလန်အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကိုသာ ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်တယ်လို့ ပြောခဲ့ ပါတယ်။
ဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ပြိုင်ပွဲတစ်ခုလုံးက အဓိပ္ပါယ်မဲ့ သွားလိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။ IOC ကတော့ ဘယ်လို သပိတ်မှောက်မှုမျိုး မဆိုဟာ အားကစားသမားတွေကိုသာ အပြစ်ပေးမှု ဖြစ်လိမ့်မယ်လို့ သပိတ် မှောက်မှုတွေအပေါ် ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ယူကရိန်း အပါအဝင် နိုင်ငံတချို့ဟာ အဆင်မပြေမှုတွေ ဖြစ်နေ ကြပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတာကာ အိုလံပစ် ကော်မတီဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစား အဖွဲ့ချုပ် တွေကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေကနေ ပိတ်ပင်ဖို့အထိ ပြောခဲ့ပေမယ့် အခုအချိန်မှာ သူတို့ရဲ့ ရပ်တည် ချက်တွေဟာ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
အမေရိကန်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲလို နိုင်ငံတကာပွဲတွေမှာ ဖိတ်ကြားခဲ့မယ်ဆိုရင် သူတို့ရဲ့ အလံတွေ၊ သင်္ကေတတွေနဲ့ နိုင်ငံတော်သီချင်းတွေကို အသုံးပြုခွင့် မပြုဘဲ ကြားနေ အလံအောက်မှာသာ ယှဉ်ပြိုင်ခွင့်ပြုဖို့ ပြောထားတာ ဖြစ်ပါတယ်။
ဒါက ယူကရိန်းတို့နဲ့ ကွဲလွဲမှုရှိပြီး ယူကရိန်းကတော့ ရုရှားကို လုံးဝ ပါဝင်ခွင့် မပြုစေချင်တာပါ။
တချို့ အားကစား ပြိုင်ပွဲတွေမှာလည်း အရင်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပိတ်ပင်တာတွေ ရှိပေမယ့် နောက်ပိုင်းမှာ ကြားနေအလံ အောက်ကနေသာ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။
မကြာသေးခင်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာဆိုရင်လည်း ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တွေကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခဲ့ကြရတာပါ။
ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ၊ လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်ခွင့် ရခဲ့မယ်ဆိုရင်လည်း ဥရောပက ပိတ်ပင်ထားလို့ အာရှကနေတစ်ဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲကိုတွေ့ရစဉ်
ပဲရစ်အိုလံပစ် ပြိုင်ပွဲ အကြီးအကဲတော့ ဒီကိစ္စကို နိုင်ငံတကာအိုလံပစ် ကော်မတီကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကြီး စည်စည်ကားကားနဲ့ ကျင်းပနိုင်ဖို့အရေးက နိုင်ငံတကာ အိုလံပစ် ကော်မတီ လက်ထဲမှာသာ ရှိတော့တာပါ။
ယူကရိန်းကတော့ ရုရှား အားကစားသမားတွေ မပါဝင်နိုင်ဖို့ ဆက်ပြီး တွန်းအားပေး လုပ်ဆောင်နေမှာ ဖြစ်ပါ တယ်။
အဲ့ဒါကြောင့် လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံအများအပြား သပိတ်မှောက်ကာ လာရောက် မယှဉ်ပြိုင်တာကို မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပဲရစ်အိုလံပစ် ပြိုင်ပွဲဟာ ဘယ်လိုပုံစံနဲ့အဆုံးသတ် မလဲဆိုတာကိုတော့ စောင့်၍သာ ကြည့်ရပေတော့မည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1923
CNI International News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅
တူနီးရှားနိုင်ငံသား အများစုသဘောတူသည့် အချက်တစ်ခုရှိသည်။ ယင်းမှာ စီးပွားရေးသည် နိုင်ငံ၏အဓိက အားနည်းချက် ဖြစ်နေသည် ဆိုခြင်းပင်။
တော်လှန်ရေးအပြီး ၁၂ နှစ်အကြာတွင် စီးပွားရေးအပေါ် အားရကျေနပ်မှုမရှိခြင်း၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)မှ ချမှတ်ပေးသော အသုံးမတည့်သည့် ခြိုးခြံချွေတာရေး ဆောင်ရွက်ချက်များကို မျက်စိစံမှိတ် ကျင့်သုံးခြင်း စသည်တို့သည် တူနီးရှားနိုင်ငံတွင် ဒူပေနာပေခံနိုင်သော ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အလား အလာအတွက် အဓိကကျသော စိန်ခေါ်မှုများအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
၂၀၁၁ တော်လှန်ရေး ပြီးချိန်ကတည်းက တူနီးရှားတွင် မည်သည့် အစိုးရတက်သည်ဖြစ်စေ တိုင်းပြည်တွင် ကာလ ရှည်ကြာ အမြစ်တွယ်နေသော စီးပွားရေးပြဿနာများကို ဖြေရှင်းရန် ခိုင်မာသည့် လုပ်ဆောင်ချက်များ ချမှတ် နိုင်ခဲ့ခြင်း မရှိပေ။
ထိုအားနည်းချက်က စီးပွားရေး ပြဿနာကို သက်ဆိုးရှည်စေခဲ့ရုံမက ဒီမိုကရေစီရေး ပဋိပက္ခအဖြစ် အသွင်ပြောင်း လဲ လာခဲ့သည်။ မကြာသေးခင်က ပြုလုပ်ခဲ့သည့် အာရပ်သဘောထား ညွန်ကိန်း (Arab Opinion Index) တွင် တူနီးရှားနိုင်ငံသားများသည် နိုင်ငံ၏ ငယ်ရွယ်နုနယ်သည့် ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှု၊ ထောက်ခံမှု သိသိသာသာ ကျဆင်းလာသည်ကို ဖော်ပြနေသည်။
စီးပွားရေးတွင် တိုးတက်မှု ချို့ယွင်းသည့် အခြေအနေကလည်း တူနီးရှား နိုင်ငံသား အများစုတွင် မည်သည့် နိုင်ငံရေး အဖွဲ့အစည်းမဆို နိုင်ငံ၏သက်ဆိုးရှည် စီးပွားရေးကျဆင်းမှုကို ဖြေရှင်းနိုင်သည့် မူဝါဒများ ချမှတ်နိုင်မည် မဟုတ်ဆိုသည့် အယူအဆ ဖြစ်လာစေရန် ဖြစ်စေသည်။
ထိုကဲ့သို့ နိုင်ငံတွင်းမှ နိုင်ငံရေး အင်အားစုများ၏ လုပ်နိုင်စွမ်းအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု မရှိခြင်း သည် သမ္မတကိုင်ဆာအစ် အပေါ် ပြည်သူများ ဆန့်ကျင်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။
တူနီးရှားနိုင်ငံအတွင်းက ဈေးရောင်းသူနဲ့ ဈေးဝယ်သူတစ်ဦးကိုတွေ့ရစဉ်
ကိုဗစ်ကူးစက်မှု အစောပိုင်း အခြေအနေများတွင် ကိုင်ဆာအစ်ကို ပြည်သူများက ၎င်းတို့၏ ဖြစ်နိုင်ဖွယ် ကယ်တင် ရှင်အဖြစ် ယုံကြည်ခဲ့ကြသည်။
အကျင့်ပျက် ခြစားမှုများကို တိုက်ဖြတ်ရန်၊ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်၊ နိုင်ငံကို ပြုပြင်ပြောင်းလဲရန် စသော ကတိကဝတ်များကြောင့် ဆာအစ်သည် ၂၀၁၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
နှစ်နှစ်အကြာ အာဏာသိမ်းမှု တစ်ခုတွင် ဆာအစ်က အကြွင်းမဲ့အာဏာကို ရယူခဲ့ပြီးနောက် တူနီးရှားနိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲရန် လက်တစ်ကမ်းအလို အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာကာ ငွေကြေးဖောင်းပွမှုနှုန်း မိုးထိလာရုံပင်မက အကျင့်ပျက် ခြစားမှု၊ နိုင်ငံရေးအရ အပေးအယူ လုပ်မှုတို့ ဆက်ရှိနေဆဲဖြစ်ပြီး IMF ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်း များကိုပေးရန် အကြွေးပမာဏသည်လည်း အဆမတန် မြင့်တက်လာခဲ့သည်။
ပြောင်းလဲမှုများကို လှုံ့ဆော်ရန် အဆုံးအဆမဲ့ အာဏာကို အသုံးပြုခဲ့သော်လည်း ဆာအစ်သည် နိုင်ငံတွင်း သေရေးရှင်ရေးတမျှ ဖြစ်နေသော စီးပွားရေးနှင့် လူနေမှု အခြေအနေများကို ဖြေရှင်းရန် ထိရောက်မှုရှိသော ဆောင်ရွက်ချက်မျိုး မလုပ်ဆောင်ခဲ့ပေ။
တိုင်းပြည်၏ သက်ဆိုးရှည်နေသော ပြဿနာများအတွက် သင့်တော်သော ဖြေရှင်းမှုများကို ရှာဖွေရန် ကြိုးစားရ မည့်အစား ဆာအစ်သည် အစိုးရအပေါ် ဆန့်ကျင့်မှုများကို ဖိနှိပ်မှု၊ အကြမ်းဖက်မှု စသော နည်းလမ်းများဖြင့် ရှင်း လင်းခဲ့သည်။
၎င်း၏ အစိုးရသည် ဆန့်ကျင်ဆန္ဒပြသူများကို လူမဆန်စွာ နှိပ်ကွပ်ခဲ့ရုံမက၊ အတိုက်အခံ နိုင်ငံရေးသမားများကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည်။ ထို့နောက် လူမှုကွန်ယက်တွင် ဝေဖန်ရေးသားသည့် တက်ကြွ လှုပ်ရှားသူများ ကိုပင် ထောင်သွင်း အကျဉ်းချရန် ကြိုးပမ်းခဲ့သည်။
စီးပွားရေးကဏ္ဍတွင်လည်း ဆာအစ်၏ အာဏာရှင် အစိုးရသည် နိုင်ငံကို အကြွေးကင်းရှင်းရေးအတွက် IMF မှ ပိုက်ဆံချေးခြင်း မဟုတ်သော တခြားနည်းလမ်းများကို ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။ ဘင်အာလီအစိုးရ၏ အမှားများကို ထပ်ခါထပ်ခါ ကျူးလွန်ခြင်းဖြင့် ဆာအစ်သည် IMF ထံတွင် မျက်နှာကောင်း ရရေးအတွက် လိုအပ်သည့် မည်သည့် အရာကိုမဆို ချက်ချင်း လုပ်ဆောင်ရန် အသင့်အနေအထားသို့ ပြင်ဆင်ထားပုံရသည်။
တူနီးရှား သမ္မတကိုင်ဆာအစ်ကိုတွေ့ရစဉ်
ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချေးငွေနှင့် ၂၀၂၃ ဘတ်ဂျက်နှစ်အတွက် ငွေကြေး ထောက်ပံ့ပေးရန် IMF နှင့် ကနဦး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဆာအစ် အစိုးရသည် လက်ရှိအချိန်တွင် သဘောတူညီချက် ချမှတ်နိုင်ရန် လိုအပ်ချက်အဖြစ် IMF က သတ်မှတ်ထားသော ပျက်စီးဆုံးရှုံးမှုများသည့် ချိုးခြံချွေတာရေး လုပ်ဆောင်ချက် အသစ်များကို ပြည့်မှီအောင် အရှိန်မြှင့်တင် ဆောင်ရွက်လာသည်။
ထိုလုပ်ဆောင်ချက်များတွင် အစားအစာနှင့် လောင်စာဆီ ထောက်ပံ့မှုကို လုံးဝရပ်ဆိုင်းခြင်း၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုကာကွယ်ရေး အသုံးစရိတ်များကို ဖြတ်တောက်ခြင်းအပြင် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်သို့ လွဲပြောင်းပေးခြင်းတို့အထိပါ ပါဝင်လာဖွယ် ရှိသည်။
ထိုသို့သော မူဝါဒများက တူနီးရှား၏ စီးပွားရေးကို ဆွဲတင်ရန် ပြည်သူများ ထိခိုက် ခံစားနေရမှုများအား အဆုံး သတ်ပေးရန် မစွမ်းသာသည်မှာ သေချာသည်။ ထိုအချက်များအပြင် ချိုးချံချွေတာရေး မူဝါဒများသည် တစ်ခါတစ် ရံတွင် သက်ဆိုင်ရာ ပြည်သူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုပို၍ ဖြစ်စေသည်ဟုလည်း IMF မှ ပညာရှင် များက ဝန်ခံသည်။
ထိုမူဝါဒများသည် မညီမျှမှုကို မြင့်တက်စေကာ ဆင်းရဲတွင်ကို ပိုနက်စေပြီး စီးပွားရေး အကြပ်အတည်း မကြာခဏ ဖြစ်စေရုံမက အလုပ်လက်မဲ့နှုန်း မြင့်တက်စေခြင်း၊ စီပွားရေး တိုးတက်နိုင်ခြေကို ကန့်သတ်ခြင်းတို့အပြင် လူမှုရေး ဆိုင်ရာ ပေါက်ကွဲမှုဖြစ်စေရန် အကောင်းဆုံး အခြေအနေများကိုလည်း ဖန်တီးပေးသည်။
ထိုသို့သော အခြေအနေမျိုး ဖြစ်နေသော်လည်း အဆိုးထဲမှ အကောင်းဖြစ်စေမည့် အနေအထား တစ်ရပ်ရှိနေသေး သည်။
တူနီးရှားနိုင်ငံ၏ သမိုင်းတစ်လျှောက် တော်လှန်ရေးဆိုင်ရာ ဖြစ်စဉ်များသည် အာဏာရှင် အစိုးရများ၏ ထောက်ခံမှုဖြင့် IMF ၏ ကြားဝင်ဆောင်ရွက်မှုကို တားဆီးရန်ကြိုးစားရင်းဖြင့်အစပြုခဲ့ခြင်းပင် ဖြစ်သည်။
လက်ရှိ တူနီးရှားတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများသည် ချိုးခြံချွေတာရေး လမ်းစဉ်အပေါ် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည့် ယခင်ဖြစ်ရပ်များနှင့် ဆင်တူနေသည်။
၁၉၈၄ ခုနှစ်တွင် တူနီးရှား၌ ပေါင်မုန့်အဓိကရုဏ်း (bread riot) ပေါ်ပေါက်ခဲ့သည်။ IMF ဘက်မှ တောင်း ဆိုသည့် ပေါင်မုန့်ထောက်ပံ့ ခြင်းကို ရပ်တန့်လိုက်ခြင်းအပေါ် ပြည်သူများ ဆန့်ကျင်ကန့်ကွက်ခဲ့ရာ နိုင်ငံရေး ပဋိပက္ခအဖြစ် အသွင်ပြောင်းလာခဲ့ပြီး ၁၉၈၇ ဇိုင်းအယ်လ်အဘီဒိုင် ဘင်အာလီ (Zine El Abidine Ben Ali) ၏ အာဏာသိမ်းမှုကို ဖြစ်စေခဲ့သည်။
တူနီးရှားအလံများကိုတွေ့ရစဉ်
၂၀၀၈ ဂတ်ဖ်ဆာ (Gafsa) မြစ်ဝှမ်း သတ္တုတူးဖော်ရေး လူထုအုံကြွမှုသည် တူနီးရှားသမိုင်း တစ်လျှောက် အကျိုး သက်ရောက်မှု အများဆုံး ပုန်ကန်မှုများမှ တစ်ခုဖြစ်ခဲ့သည်။ တူနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ၂၀၁၁ တော်လှန်ရေး သည် IMF ၏ နာမည်ဆိုးဖြင့် ထင်ရှားသော ဖွဲ့စည်းတည်ဆောက်ပုံရေးရာ အစီအစဉ်နှင့်အတူ ဘင်အာလီ အစိုးရ က လိုက်နာဆောင်ရွက်ခဲ့ရာမှ လှုံ့ဆော်မှု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။
သမိုင်း အထောက်အထားများအရ IMF ဘက်မှ ချမှတ်ပေးသော ချိုးခြံချွေတာရေး မူဝါဒများကို ကျင့်သုံးမည့် ဆာအစ်၏ ဆုံးဖြတ်ချက်သည် ၎င်း၏အာဏာရှင် စနစ်နှင့် ဒီမိုကရေစီ မဆန်သော အစိုးရတို့၏ လည်ပင်းကို စွပ်မည့် ကြိုးကွင်းအဖြစ် အနှေးနှင့်အမြန် ပြောင်းလဲလာမည်ဖြစ်သည်။
ထိုသို့သော သမိုင်းဆိုင်ရာ သက်သေများစွာ ရှိသော်လည်း ဆာအစ်သည် ၎င်း၏ အာဏာရှင်စနစ်ကို သေချာပေါက် အဆုံးသတ်ပေးမည့် လူမှုရေးရာပေါက်ကွဲမှုကြီး တစ်ခုကို ဖြစ်လာမည့် သတိပေး ချက်များကို လျစ်လျူရှုထားပုံ ရသည်။
ဆာအစ် အစိုးရ၏ စီးပွားရေးပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ခြင်း၊ IMF ၏ အန္တာရယ်များသော တောင်းဆိုမှုများအတိုင်း လိုက်ပါလုပ်ဆောင်ခြင်း စသည့် အခြေအနေများကြောင့် တူနီးရှားပြည်သူများသည် ၎င်း တို့၏ ဒီမိုကရေစီစနစ်ကို ကာကွယ်ရေးအတွက် နောက်ထပ် တစ်ကြိမ် ထပ်မံရုန်းထကြဦးမည်ဖြစ်ကာ ၎င်းတို့အ တွက် ကောင်းမွန် လုံလောက်မှုရှိသော အခြေအနေတစ်ရပ်ကိုဖန်တီးကြဦးမည်လည်းဖြစ်သည်။
တူနီးရှားတွင် နောက်ထပ် လူထုအုံကြွမှုကြီးတစ်ခု မကြာခင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
Source: Aljazeera
Aljazeera သတင်းဌာနတွင် ဖော်ပြထားသော “Haythem Guesmi ၏ Another uprising is in the making in Tunisia” ဆောင်းပါးကို CNI သတင်းဌာနက ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 1991
CNI Sport Article
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၉
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်သူကမှ မထင်မှတ်ထားလောက်အောင် အံ့အားသင့်ဖွယ် လုပ်ပြနေတဲ့ အသင်းက နယူးကာဆယ်အသင်းပါ။ ငှက်ကျားလို့ ခေါ်ကြတဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိမှာဆို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ကာရာဘောင်းဖလား ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် ပထမအကျော့မှာ အနိုင်ရထားပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။
မနှစ်က ရာသီနဲ့ နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် နယူးကာဆယ်အသင်းဟာ မနှစ်က ဒီလိုအချိန်မှာ တန်းဆင်းဇုန် ကနေ လွတ်အောင်ရုန်းဖို့ အသည်းအသန် ကြိုးစားနေရတာ ဖြစ်ပါတယ်။ ဆော်ဒီ ကျောထောက် နောက်ခံနဲ့ နယူးကာဆယ်ကို ဝယ်ယူထားတဲ့ သူတွေကလည်း အသင်းတန်းမဆင်းဖို့အတွက် လိုအပ်တဲ့ ကစားသမားတွေကို ဖြည့်တင်းပေးခဲ့တာ ဖြစ်ပါတယ်။
နည်းပြကလည်း နာမည်ကြီး နည်းပြထက် အသက် ၄၅ နှစ်အရွယ်ရှိ အက်ဒီဟီုဝီကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်း ပရိသတ်များကိုတွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ နောက်ဆုံးမှာတော့ တန်းဆင်းဇုန်က လွတ်မြောက်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှင်သန်နိုင်ခဲ့တာပါ။
နယူးကာဆယ် ပိုင်ရှင်တွေကတော့ အသင်းလိုချင်တဲ့ ကစားသမားတွေအတွက် ငွေကြေး အလုံအလောက် ချပေးခဲ့ပေမယ့် နည်းပြ အက်ဒီဟိုဝီကတော့ သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမယ့် ကစားသမားတွေကိုသာ အားဖြည့်ခဲ့ပြီး အသင်းကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အက်ဒီဟိုဝီရဲ့ ကစားသမား ခေါ်ယူမှုတွေလည်း ငွေကြေး အများအပြားပေးပြီး ခေါ်ယူမှုတွေက နည်းပါးခဲ့ပါတယ်။
နယူးကာဆယ် အသင်းဟာ ရာသီစကတည်းက အက်ဒီဟိုဝီ သွားချင်တဲ့ ပုံစံအတိုင်း အကောင်းဆုံး သွားနိုင်ခဲ့ပြီး ဖြေးဖြေးနဲ့မှန်မှန် လမ်းကြောင်းမှန်ပေါ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းကြီးတချို့ ရလဒ်တွေ ဆိုးနေတဲ့ အချိန်မှာ နယူးကာဆယ်ဟာ အခွင့်အရေးအရ ယူနိုင်တယ်လို့ ပြောလို့ရပြီး သူတို့ခြေစွမ်းက တသမတ် တည်း ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်တို့ကို သရေကစားနိုင်ခဲ့ပြီး ချယ်လ်ဆီးနဲ့ စပါးကို အနိုင်ရကာ လီဗာပူးလ်ကိုပဲ အရေးနိမ့်ခဲ့တာပါ။
ဒါကို ကြည့်လိုက်မယ်ဆိုရင် နယူးကာဆယ်အသင်းရဲ့ ခြေစွမ်းကို လျော့တွက်လို့ မရဘူးဆိုတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ အနိုင်ရဖို့ကိုပဲ ဦးတည်ပြီး ခံစစ်ပိုင်းက မာကြော ကျစ်လစ်ခဲ့တာ ဖြစ်ပါ တယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီကိုတွေ့ရစဉ်
ဒါကြောင့်လည်း ပရီးမီးယားလိဂ်မှာ ထိပ်သီး အသင်းတွေရဲ့ ခံစစ်စွမ်းဆောင်ရည်ထက် ပိုမိုကောင်းခဲ့ပြီး ပေးဂိုးလည်း အနည်းဆုံး ခွင့်ပြုထားရတာပါ။ ငှက်ကျားတို့ရဲ့ ခံစစ်ဟာ ပေးဂိုး ၁၁ ဂိုးသာ ပေးခဲ့ရပြီး တိုက်စစ်ပိုင်းက ၃၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ရဂိုး၊ ပေးဂိုး ကွာခြားချက်ကို ကြည့်ရင် +၂၂ အထိ ရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ထက် ဂိုးကွာခြားချက်များ တဲ့ အသင်းတွေအဖြစ် မန်စီးတီး၊ အာဆင်နယ်တို့သာ ရှိတာပါ။ ဒါဆိုရင် နယူးကာဆယ်အသင်း ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဘာကြောင့် ရပ်တည်နေနိုင်တာလဲဆိုတာ အားလုံးသိသွားမယ်လို့ ထင်ပါတယ်။
နယူးကာဆယ် အသင်းဟာ အလန်ရှီးယားတို့ အောင်မြင်မှု ရယူနေတဲ့ ပုံစံအတိုင်း ပြန်လည်ရောက်ရှိဖို့ ပရိသတ် တွေရဲ့ မျှော်လင့်ချက်တွေဟာလည်း လက်ရှိသွားနေတဲ့အတိုင်း ဆက်ပြီးသွားနိုင်ရင်တော့ မျှော်လင့်ချက် ကောင်း လာနိုင်ပါတယ်။
နယူးကာဆယ်အသင်း ကွင်းရှေ့မှာ ဆော်ဒီအလံနဲ့ ပရိသတ်များကိုတွေ့ရစဉ်
နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းစုက ဝယ်ယူပြီးနောက်မှာ အသင်းရဲ့ဒါရိုက်တာ အာမန်ဒါစတေဗ့်လေက ပြောထားခဲ့တာ ရှိခဲ့ပါတယ်။ နယူးကာဆယ်အသင်းကို ထိပ်ဆုံးရောက်အောင် ပြန်ပို့မယ်ဆိုပြီးတော့ပါ။
ပြီးတော့ ပရီးမီးယားလိဂ်နဲ့ ဥရောပပြိုင်ပွဲတွေမှာ ထိပ်ဆုံး ရောက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဆုဖလားတွေ ရဖို့အတွက်တော့ စိတ်ရှည်ရမယ်၊ ရင်းနှီးမြှုပ်နှံရမယ်၊ အချိန်ယူရမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီတုန်းက နယူးကာဆယ် အသင်းအနေနဲ့ အချိန်တစ်ခု ယူရမယ်လို့ ထင်ထားခဲ့ပေမယ့် ဒီလောက် မြန်မြန်ဆန် ဆန် ပြန်တိုးတက်မယ်လို့ မမျှော်လင့်ထားတာတော့ အမှန်ပါပဲ။ ဒါပေမယ့် နယူးကာဆယ် တစ်သင်းလုံးက နည်းပြ အက်ဒီဟိုဝီရဲ့ ဦးဆောင်မှုနဲ့ အခုဆို အကောင်းဆုံးပုံစံနဲ့ သွားနေပြီ ဖြစ်ပါတယ်။
ဒီလိုပုံစံကို ဆက်ထိန်းနိုင်မယ်ဆိုရင်တော့ ရာသီအကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာတော့ အရယူသွားဖို့ ရှိပေမယ့် အခုမှ ရာသီဝက် ကာလပဲ ရှိသေးလို့ ပြောဖို့တော့ စောသေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ အနေအထားအတိုင်း တသတ်မတ်တည်း သွားရင်တော့ အရင်တုန်းက အားလုံးသိခဲ့တဲ့ ငှက်ကျားတို့ရဲ့ ခေတ်ကို ပြန်လည် ရောက်ရှိသွားနိုင်တာလည်း ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 2114
CNI International Article
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၉
ယူကရိန်းသို့ Leopard 2 တင့်ကားများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် တခြားနိုင်ငံများကိုလည်း ထိုသို့ ပြုလုပ်ရန် သဘောတူကြောင်း ဂျာမနီဘက်က ထုတ်ပြန်ခဲ့သည်။
ဂျာမနီလုပ် Leopard 2 တင့်ကားများကို ယူကရိန်းဘက်က ကာလရှည်ကြာ တောင်းဆိုခဲ့ပြီးနောက် ဂျာမနီဘက်က သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ထိုတင့်ကားများက ရုရှားတို့၏ နွေဦးရာသီ ထိုးစစ်ဆင်မှု အသစ်များ မြင့်တက်လာချိန်တွင် ယူကရိန်းစစ်တပ်ကို အဆင့်မြှင့်တင်ရန် အရေးပါသည်ဟု ယူကရိန်းသမ္မတက ပြောသည်။
အဆိုပါတင့်ကားများ အကူအညီဖြင့် ယူကရိန်းဘက်က ရုရှားတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည် သိမ်းယူလိုနေခြင်း ဖြစ်သည်။
ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့ရေး ဘာကြောင့် ကျန့်ကြာနေခဲ့ရသလဲ
************************************************************************
ဂျာမနီဝန်ကြီးချုပ် အိုလပ်ဇ်ရှလို့ဇ်သည် Leopard တင့်ကားများကို ယူကရိန်းသို့ပေးရေး တခြားနိုင်ငံများသို့ သဘောတူပေးရန် ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသည်။
ဥရောပတလွှားရှိ စစ်တပ်များတွင် ထိုတင့်ကားများကို ပိုင်ဆိုင် ထားသော်လည်း ၎င်းတို့ပိုင် တင့်ကားများကို ယူကရိန်းသို့ပေးရန် ဂျာမနီ၏ သဘောတူညီချက် လိုအပ်သည်။ ကနဦးတွင် ဂျာမနီဘက်က ထိုသို့ ခွင့်ပြုပေးရန် တုန့်ဆိုင်းနေခဲ့သည်။
အမေရိကန်ကို ရည်ညွှန်းကာ ယူကရိန်း၏ ပင်မမဟာမိတ်များက သဘောတူမှသာလျှင် ထိုတင့်ကားများ ထောက်ပံ့ ပေးနိုင်မည်ဟု ပြောခဲ့သည်။
ယူကရိန်းသည် မိမိကိုယ် မိမိ ကာကွယ်ရန်နှင့် ထိုတင့်ကားများကြောင့် ယူကရိန်းသည် ရုရှားကို တိုက်ခိုက်ခြင်း သို့မဟုတ် ရုရှားနှင့်ပဋိပက္ခတွင် နေတိုးအဖွဲ့ပါ ပါဝင်လာရခြင်း စသည့် အခြေအနေ နှစ်ခုကြားတွင် ဟန်ချက်ညီစေ ရန် ဂျာမနီဘက်က ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ရုရှားသမ္မတ ပူတင်က ယူကရိန်းကို ကျူးကျော်စစ်ပွဲ စတင်လိုက်ချိန်တွင် ဂျာမနီ၌ လုံခြုံရေးနှင့်ကာကွယ်ရေး မူဝဒါ ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ဂျာမနီဝန်ကြီးချုပ်က ကတိပေးခဲ့သော်လည်း ထိုကတိသည် ယူကရိန်း နှင့် ပိုလန်၊ ဘောလ်တစ်နိုင်ငံများ အပါအဝင် ယူကရိန်း၏ ဥရောပမဟာမိတ်များအတွက် ကြန့်ကြာနေပုံရသည်။
ယူကရိန်းနဲ့အမေရိကန် ပါ၀င်တဲ့ Leopard 2 တင့်ကား ရရှိရေးဆွေးနွေးပွဲကျင်းပနေစဉ်
ထိုနိုင်ငံများသည် ရုရှားနှင့် တိုက်ရိုက် သို့မဟုတ် ဘယ်လာရုစ်၊ ယူကရိန်းတို့နှင့် နယ်စပ်ခြင်း ထိစပ်နေကြသည်။
ထို့နောက် ရုရှား၏ ကျူးကျော်မှုများသည် ၎င်းတို့အနီးသို့ ရောက်ရှိနေခြင်းနှင့် ယူကရိန်းပြီးလျှင် ပူတင် အနေဖြင့် ၎င်းတို့ဘက် လှည့်လာမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် ၎င်းတို့နိုင်ငံအတွင်းရှိ Leopard တင့်ကားများကို ယူကရိန်းသို့ပေးရန် ဂျာမနီထံမှ ခွင့်ပြုချက်ကို တောင်းခံနေကြခြင်း ဖြစ်သည်။ သို့သော် ဂျာမနီ ဝန်ကြီးချုပ်တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။
ခွင့်ပြုလိုက်ခြင်းက ယူကရိန်းစစ်ပွဲကို ပို၍ ပြင်းထန်လာစေမည်နှင့် နျူကလီးယား လက်နက်အထိ သုံးမည်ဟု နှပ်ကြောင်းပေးထားသော ရုရှားသမ္မတပူတင်ကို ရန်စပေးသကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်၏ SPD ပါတီတွင် စစ်ဆန့်ကျင်ရေး ခိုင်မာသော သမိုင်းကြောင်း ရှိနေခြင်း၊ ရုရှားနှင့်နီးကပ်သော ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ခဲ့ခြင်း စသည့် အချက်များကလည်း ရှလို့ဇ်ကို လွယ်လွယ်နှင့် ခွင့်ပြုပေးရန် အကန့်အသတ် ဖြစ်စေသည်။
Leopard 2 တင့်ကားများကို အလိုရှိနေသော ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ ထိုတင့်ကားများသည် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း၊ ရုရှားတို့ လုယူထားသော နယ်မြေများကို ပြန်သိမ်းရန် အတွက် ဖြစ်ကြောင်းနှင့် ရုရှားကို တိုက်ရိုက် တိုက်ခိုက်ရန်အတွက် မဟုတ်ကြောင်း ထပ်ခါထပ်ခါ အာမခံခဲ့ရ သည်။
ဘာကြောင့် ယူကရိန်းဘက်က Leopard တင့်ကားများကို လိုချင်ရပါသလဲ
************************************************************************
ဂျာမနီအစိုးရဘက်က ထုတ်ပြန်သော ကြေညာချက်တွင် ပထမခြေလှမ်းအဖြစ် ယူကရိန်းသို့ Leopard 2 တင့်ကား ၁၄ စီး ထောက်ပံ့ပေးမည်ဟု ဖော်ပြထားသည်။
ဂျာမနီတွင် ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးခြင်းအား မကြာခင် စတင်တော့မည်ဖြစ်ကာ သယ်ယူပို့ဆောင် ရေး အကူအညီများနှင့် ခဲယမ်းများလည်း ပါဝင်သည်။ Leopard 2 တင့်ကားများသည် အနောက်အုပ်စုတွင် အကောင်းဆုံး တင့်ကားစာရင်းဝင်ဖြစ်သည်။
ယင်းတို့ကို ဂျာမနီကာကွယ်ရေးကုမ္ပဏီ Krauss-Maffei Wegmann က ၁၉၇၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အထိ ၃၅၀၀ ကျော် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။
ထိုတင့်ကား တစ်စီးသည် တန် ၆၀ ကျော် အလေးချိန် ရှိသည်။ ၁၂၀ မမ လက်နက်တစ်ခု ပါဝင်ကာ ၅ ကီလိုမီတာ အတွင်းမှ ပစ်မှတ်များကို ပစ်နိုင်သည်။
ဂျာမနီဝန်ကြီးချုပ် အိုလပ်ဇ်ရှလို့ကိုတွေ့ရစဉ်
အရာဝတ္တု တစ်ခု၏ အကွာအဝေးကို တိုင်းတာနိုင်သော လေဆာကိရိယာ တပ်ဆင်ထားသောကြောင့် ကြမ်းတမ်း သော မြေပြင် အနေအထားတွင် သွားနေရင်းနှင့်ပင် ရွေ့လျားနေသော ပစ်မှတ်များကို ချိန်ရွယ်နိုင်သည်။
လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ခန့်က Leopard 2 တင့်ကားများကို ပိုင်ဆိုင်ထားသည်။ ထိုနိုင်ငံများမှ တချို့က ၎င်းတို့ စစ်တပ်အတွင်း အသုံးပြုနေသော တင့်ကားများကို ယူကရိန်းသို့ ထောက်ပံ့ပေးနိုင်ကာ ယူကရိန်း စစ်တပ် အတွက်လည်း တင့်ကားများကို ထိန်းသိမ်းခြင်း၊ တပ်သားများကို လေ့ကျင့်ပေးခြင်းတို့ လုပ်ရန် ပို၍ လွယ်ကူ စေမည် ဖြစ်သည်။
Leopard 2 ကို ပိုင်ဆိုင်ထားသော နိုင်ငံများတွင် ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေ၊ သြစတြးလျ၊ ပိုလန်၊ စပိန်၊ ဆွီဒင်နှင့် တူရကီတို့ ပါဝင်သည်။
Leopard တင့်ကားမည်မျှ ရရှိနိုင်မည်နည်း
******************************************
Leopard 2 သည် အနောက်အုပ်စုတွင် အသုံးများသော တင့်ကား အမျိုးအစားများထဲမှ တစ်ခုဖြစ်သော်လည်း စစ်အေးတိုက်ပွဲ ပြီးဆုံးပြီး ဆယ်စုနှစ် သုံးခုအကြာတွင် အနောက်အုပ်စု နိုင်ငံများအတွင်း၌ တင့်ကားနှင့်အခြားသော လက်နက်ကြီး အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့သည်။
ကွန်မြူနစ်ဝါဒ ကျဆုံးပြီးချိန် ကတည်းက နိုင်ငံအများစုသည် ၎င်းတို့၏ စစ်တပ်အင်အားကို သိသိသာသာ လျှော့ချ ခဲ့ကြသည်။ စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံး အချိန်တွင် ဂျာမနီ၌ တင့်ကား အစင်း ၄၀၀၀ ခန့်ရှိခဲ့သော်လည်း ယနေ့ အချိန်တွင်မူ Leopard 2 တင့်ကား ၃၅၀ ခန့်သာ ရှိတော့သည်ဟု ဂျာမနီစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။
ပူတင်ကို တွေ့ရစဉ်
ပိုလန်က ယူကရိန်းကို Leopard 2 ၁၄ စင်းအထိပေးရန် အဆင်သင့် ရှိသည်ဟု ပြောသည်။ ဖင်လန်ဘက်ကလည်း ဥရောပနိုင်ငံ အများစုကသာ ထောက်ပံ့မည်ဆိုလျှင် ၎င်းတို့အနေဖြင့် အနည်းငယ် ပါဝင်ကူညီမည်ဟု ပြောသည်။
နော်ဝေ အစိုးရသည်လည်း ၎င်းတို့ထံမှ တင့်ကားတချို့ကို ယူကရိန်းသို့ လှူရေးအတွက် စတင် စဉ်းစားနေပြီ ဖြစ် သည်။ ယူကရိန်းဘက်က အစင်း ၃၀၀ လိုချင်သည်ဟု တောင်းဆိုထားသော်လည်း ထိုအရေအတွက် ရရှိရန်မှာ မဖြစ်နိုင်ပေ။
ဥရောပနိုင်ငံများမှ အစင်းရေ ၁၀၀ ကျော်သာ ရရှိနိုင်ဖွယ်ရှိသည်။ ထို့အပြင် တင့်ကားအသစ် အရေအတွက် တိုး၍ ထပ်ထုတ်ရန်လည်း အဆောတလျှင် ဖြစ်လာနိုင်ဖွယ် ရှိချေ။ ဂျာမနီကာကွယ်ရေး ဥပဒေအရ ချက်ချင်း အသုံး မပြုဘဲ သိမ်းထားရန် ရည်ရွယ်ချက်ဖြင့် တင့်ကားများကို ထုတ်လုပ်ရန် ပိတ်ပင်ထားသည်။
ထို့ကြောင့် တင့်ကားအသစ် ထုတ်လုပ်မည့် နိုင်ငံများအနေဖြင့် နှစ်နှစ်မှ သုံးနှစ်အထိ စောင့်ရမည်ဖြစ်ကာ ထုတ်လုပ်ရေးပိုင်းတွင် အရှိန်မြှင့်တင် ဆောင်ရွက်လျှင်ပင် အနည်းဆုံး နှစ်နှစ်ခန့် ကြာနိုင်သည်ဟု ကျွမ်းကျင် သူများက ပြောသည်။
တင့်ကားတစ်စီးကိုတွေ့ရစဉ်
မည်သည့် တင့်ကားများ ရရှိနိုင်သလဲ
***********************************
ဗြိတိန်ဘက်က ယူကရိန်းကို ၎င်းတို့၏ Challenger 2 တင့်ကား ၁၄ စင်း ထောက်ပံ့ပေးမည်ဟု ကတိပြုထား သည်။ ယူကရိန်းတပ်ဖွဲ့များကိုလည်း လေ့ကျင့်ပေးမည် ဖြစ်သည်။ အမေရိကန်ဘက်ကလည်း ၎င်းတို့၏ Abrams တင့်ကား အစင်း ၃၀ အပြင် တခြားသော ယာဉ်များကို ယူကရိန်းသို့ ထောက်ပံ့ပေးရန် ကတိပေးထားသည်ဟု Washington Post သတင်းတွင် ဖော်ပြသည်။
သို့သော် တင့်ကားများကို စစ်မြေပြင်သို့ ပို့ဆောင်ရေး အပါအဝင် ကျယ်ပြန့်ရှုပ်ထွေးသော ထိန်းသိမ်းရေးနှင့် နည်းပညာမြင့်ယာဉ်များ လိုအပ်ချက် ရှိနေခြင်း စသည့် ထောက်ပံ့ပို့ဆောင်ရေး အခြေအနေများကြောင့် အနောက်အုပ်စု၏ ခေတ်မီ တင့်ကားများကို ယူကရိန်းစစ်မြေပြင်တွင် အချိန်တိုအတွင်း တွေ့ရှိနိုင်ဦးမည် မဟုတ်ပေ။
Source: MSN
- By CNI
- Category: ဆောင်းပါး
- Hits: 2372
CNI International Article
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂
ယူကရိန်းတွင် တိုက်ခိုက်နေသော ရုရှားစစ်သားများကို စစ်ဦးစီးချုပ် ဗယ်လ်လာရီ ဂီရာဆီမော့ဗ်က ကွပ်ကဲတော့မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ကြီး ဆာဂျီဆူရိုဗီကင်၏ နေရာတွင် အစားထိုးလိုက်ခြင်းဖြစ်ကာ ဆူရိုဗီကင်သည် ဂီရာဆီမော့ဗ်၏ လက်ထောက်အဖြစ် ပြောင်းလဲ တာဝန်ယူရမည် ဖြစ်သည်။ ထိုအပြောင်းအလဲကြောင့် စစ်မြေပြင်တွင် တိုးတက်မှု မရှိခြင်းက ရုရှားအစိုးရအတွင်း အမျက်ဒေါသ ထွက်မှုများ ရှိနေပြီဆိုသည့် ခန့်မှန်းချက်များလည်း ပေါ်ထွက်လာသည်။
ဆူရိုဗီကင်သည် အတော်ဆုံး ရုရှားတပ်မှူးများမှ တစ်ဦးအဖြစ် ရုရှားနှင့်ယူကရိန်း စစ်သားများ၏ အသိအမှတ်ပြု ခြင်းကို ခံထားရသူ ဖြစ်သည်။ ဆူရိုဗီကင်သည် ပိတ်ဆို့ထားသော ခါဆန်မြို့ကို ဝိုင်းထားခြင်းသည် ရှုံးနိမ့်မှု တစ်ခု ဟု ယူဆကာ ယင်းကိုစွန့်လွှတ်ရန် ပူတင်ကို စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။
ပူတင်က ထိုမြို့ကို ရုရှားထိန်းချုပ်မှု အောက်တွင်သာ ရှိချင်သော အခြေအနေတွင် ဖြစ်သည်။ ဖိအားများအောက် တွင် တပ်များ ပြန်ဆုတ်ရန်ကိစ္စမှာ ခက်ခဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း ဆူရိုဗီကင်က ယင်းကို အထိအခိုက် သေဆုံးမှု အနည်းဆုံး ဖြစ်အောင် စီမံနိုင်ခဲ့သည်။
ထို့အပြင် နောက်ထပ် အရေးပါသော မြို့ဖြစ်သည့် ဘတ်မုမြို့တွင်လည်း ဆူရိုဗီကင်က တပ်အင်အား တောင့်တင်း ခိုင်မာစေရေးကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။
ယူကရိန်းနိုင်ငံအတွင်းက အဆောက်အအုံ လက်နက်ကြီးမှန်ပျက်စီးမှုနဲ့ စစ်သားတစ်ဦးကိုတွေ့ရစဉ်
၎င်းက တောင်ဘက်ပိုင်းတွင် ဆူရိုဗီကင်လိုင်းဟု ခေါ်သော ကာကွယ်ရေးကို စတင်ခဲ့ပြီး ယခုနှစ် ထိုးစစ် မတိုင်ခင် ရောက်ရှိလာမည့် ရွှေ့ပြောင်းအရန် တပ်ဖွဲ့ဝင်များအတွက်လည်း မြေပြင်တွင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဆူရိုဗီကင်သည် ယူကရိန်း၏ စွမ်းအင်၊ ရေနှင့်ပတ်သက်သော အခြေခံ အဆောက်အဦများ အပေါ် ဗုံးကြဲ တိုက်ခိုက်မှုများလည်း ဦးစီးဆောင်ရွက်ခဲ့သည်။ ယူကရိန်းပြည်သူများ စိတ်ဓာတ် ပျက်ပြားစေရန်၊ အရင်းအမြစ် များကို အသုံးပြု၍ မရစေရန်နှင့် ဥရောပတွင် ဒုက္ခသည်များ ပို၍ များပြားလာစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် ထူးချွန်သူဟု သတ်မှတ်နိုင်သည်။ သို့သော် ပူတင်အတွက် လုံလောက်မှု မရှိပေ။ ဆူရိုဗီကင် ၏ လုပ်ဆောင်ချက်များက စစ်မြေပြင်တွင် အောင်ပွဲကို ရယူပေးနိုင်ခြင်း မရှိခဲ့သည့်အပြင် ယူကရိန်းသားများ၏ ခုခံလိုစိတ်ကိုလည်း မဖျက်ဆီးနိုင်ခဲ့ပေ။
နှစ်သစ်ကူးနေ့ ရုရှားစစ်စခန်း တစ်ခု ဒုံးကျည် ထိမှန်ခဲ့ခြင်းကလည်း ဆူရိုဗီကင် ကျဆုံးမှုအတွက် လောင်စာ ဖြစ်ခဲ့ သည်။ ယင်းတွင် ရုရှားစစ်သည်များစွာ သေဆုံးခဲ့ရသည်။
ထိုကိစ္စသည် ဆိုရိုဗီကင်မှာ တိုက်ရိုက် တာဝန်ရှိသည်ဟု သတ်မှတ်ရန် ခက်ခဲသော်လည်း ထိုအခြေအနေက ယူကရိန်းဘက်မှ ပစ်ခတ်မှုများကို ကြိုတင် မခန့်မှန်းနိုင်ခဲ့သည့် ရုရှားအရာရှိများ၏ ညံ့ဖျင်းမှု ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ပူတင်သည် အပြစ်ပုံချရမည့်သူတစ်ဦး အလိုရှိခဲ့ပြီး ဆူရိုဗီကင်က တရားခံဖြစ်ခဲ့သည်။ ထိုအခြေအနေအားလုံးက ရုရှားသည် စစ်ပွဲကို နိုင်ငံရေးကဲ့သို့ ဆောင်ရွက်နေကြောင်း ဖော်ပြနေသည်။
ပူတင်၏ နိုင်ငံရေးစနစ် တစ်ခုလုံးသည် နိုင်လိုစိတ်ပြင်းပြကာ အချင်းချင်း ချနင်းသည့်ပုံစံမျိုး ဖြစ်သည်။
ဆူရိုဗီကင်နဲ့ ဒုံးကျည်ပစ်ခတ်မှုကိုတွေ့ရစဉ်
တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပဋိပက္ခဖြစ်ရန် တွန်းအားပေးထားသည်။ ထိုမှသာလျှင် ပူတင်အနေ ဖြင့် ကြီးမြတ်သော ဆုံးဖြတ်နိုင်သူဆိုသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်သည်။
အားလုံးသည် ပူတင်၏ ပစားပေးမှုကို ရရှိရန် ကြိုးပမ်းရပြီး ၎င်း၏ အာဏာတည်မြဲရေးအတွက် မည်သူ့ကို နေရာ ပေးရမည်၊ မည်သူ့ကို အပြစ်ပေးရမည် ဆိုသည်ကိုလည်း ပူတင်က ရွေးချယ်မည်ဖြစ်သည်။
ယင်းက နိုင်ငံရေးတွင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း စစ်ပွဲတွင် ကွဲပြားသော အဓိပ္ပါယ်ကို သက်ရောက် စေခဲ့သည်။ ဆူရိုဗီကင်သည် ပူးပေါင်းတပ်ဖွဲ့၏ တပ်မှူးဆိုသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့သော်လည်း ၎င်းလက်အောက် တွင် ကွဲပြားနေသော တပ်ဖွဲ့များကို စုစည်းကာ ညီညွတ်သော တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန်အတွက် လိုအပ်သော နိုင်ငံရေး နောက်ခံ အင်အားကို ပူတင်က ၎င်းအပေါ် ပေးခဲ့ခြင်း မရှိပေ။
ဆူရိုဗီကင်သည် ချေချင်းညာတပ်ဖွဲ့များ၊ Wegner မှ ကြေးစားစစ်သည်များအပေါ် ထိန်းချုပ်ခွင့် မရခဲ့ခြင်းဖြစ် သည်။
ထိုအခြေအနေက ဆူရိုဗီကင်အတွက် စစ်ပွဲအတွင်း အောင်မြင်မှု ရရှိနိုင်ရန် အခွင့်အလမ်းကို နည်းပါးစေခဲ့သည်။
ပူတင်ဝါဒ၏ ဒုတိယ လက္ခဏာ သွင်ပြင်မှာ ပြဿနာတစ်ခုကို အောင်မြင်မှုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် သူရဲကောင်း ခေါင်းဆောင်များအပေါ် များစွာအာရုံစိုက်ခြင်းကြောင့် ဆူရိုဗီကင် အနေဖြင့် အထက်ပါ အခြေအနေ များတွင် ၎င်း၏ရာထူးကို ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။
အနီးအနားရှိ ခရိုနီများနှင့် ပြောသမျှ ခေါင်းညိတ်လက်ခံသူများ၏ အားပေးအားမြှောက် လုပ်ဆောင်ခြင်းကြောင့် ပူတင် အနေဖြင့် ၎င်းသည် ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိသူ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကိုယ့်ကိုယ်ကို အထင် ရောက် နေဖွယ် ရှိသည်။
ယင်းက အောင်မြင်မှုရှိလျှင် ငါတော်သောကြောင့်၊ ကျရှုံးလျင် တခြားသူများ အသုံးမကျသောကြောင့် ဆိုသော မေးခွန်းထုတ်ဖွယ် အခြေအနေတစ်ရပ်ကိုလည်း ဖြစ်စေသည်။
ယူကရိန်းစစ်သားများက ရုရှားကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်
ပူတင်၏ မျှော်မှန်းချက်များသည် ဖိအားများလာလေ၊ ပို၍လက်တွေ့ မဆန်လာလေ ဖြစ်သည်။
၎င်းအပေါ်သစ္စာရှိသော စက်မှုဝန်ကြီး ဒန်းနစ်မန်တူရော့ဗ်၏ ဖြစ်ရပ်သည် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။
ပြည်တွင်းရှိ လေယာဉ်ထုတ်လုပ်မှုများ ကြန့်ကြာမှုအတွက် မန်တူရော့ဗ်သည် လူသိရှင်ကြား ဝေဖန်ပြစ်တင် ခံခဲ့ရသည်။
ပိတ်ဆို့ အရေးယူမှုများကြောင့် စက်ပစ္စည်း အစိတ်အပိုင်းများကို ဝယ်ယူရန် အခက်အခဲရှိကြောင်း ၎င်းက ရှင်းပြခဲ့ သော်လည်း ပူတင်က လက်မခံဘဲ ၎င်းကို ထုတ်ပယ်ခဲ့သည်။
ရေဗူးပေါက်တာ မလိုချင်၊ ရေပါတာသာ လိုချင်သည်ဆိုသည့် သဘောပင်။ စစ်ပွဲနှင့်ပတ်သက်၍ ကြီးမားသော အတွေ့အကြုံပိုင်း အားနည်းကာ ရှုပ်ထွေးသော ခေတ်သစ် အခြေအနေများနှင့် ဝေးကွာနေသော ပူတင်သည် ဆူရိုဗီကင်နှင့်ပတ်သက်၍ လက်တွေ့မကျသော မျှော်လင့်ချက်များ ထားရှိခဲ့ပုံရသည်။
စိန်ခေါ်မှုများ၏ အတိမ်အနက်ကို သဘောပေါက်ခြင်း မရှိဘဲ တာဝန်ရှိသူကို အပြစ်တင်ခြင်း ဖြစ်သည်။ ဆူရိုဗီကင် သည် တိုက်ပွဲတွင် ဆက်ရှိနေပြီး ပူးတွဲအဖွဲ့၏ တပ်မှူးအသစ် ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်၏ လက်အောက်ရှိ တပ်မှူး သုံးဦးအနက်မှ တစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ယင်းက ဆူရိုဗီကင်အတွက် ရာထူးချခံရခြင်းမျိုး မဟုတ်ဘဲ ပိုများသော တာဝန်များအတွက် ပို၍ရာထူးကြီးသော တပ်မှူးကို တာဝန်ပေးခြင်းဟု ရုရှားဘက်က သတ်မှတ်သော်လည်း လက်ရှိ အခြေအနေက ဆူရိုဗီကင်အတွက် သာမက ဂီရာဆီမော့ဗ် အတွက်လည်း ရာထူးချခံရခြင်းနှင့် ပတ်သက်သော သက်ရောက်မှုများပင် ဖြစ်သည်။
တိုင်းပြည်၏ စစ်ဦးစီးချုပ်ကို စစ်မြေပြင်တွင် တာဝန်ပေးခြင်းမျိုးသည် အင်မတန် ရှားပါးသော ဖြစ်စဉ်ဖြစ်ရုံမက ၎င်းကို ခက်ခဲသော နေရာသို့ ပြောင်းရွှေ့ခြင်းလည်း ဖြစ်သည်။
ဆူရိုဗီကင်နဲ့ ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို တွေ့ရစဉ်
ရုရှားသည် နောက်ကွယ်တွင် ပြင်ဆင်ထားသော အရံတပ်ဖွဲ့ဝင် ၁၅၀၀၀၀ ကို အသုံးပြုကာ ယခုနှစ် အစောပိုင်း၌ ထိုးစစ်ဆင်မှု အသစ်တစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေသည်ကို ယခင်ကတည်းက သိရှိခဲ့ရပြီး ဖြစ်သည်။
တပ်ဖွဲ့ဝင် အင်အားသည် တောင့်တင်းသည်မှာ မှန်သော်လည်း ယူကရိန်း ဘက်တွင်လည်း တပ်ကို ပြန်လည် ဖွဲ့စည်းမှု၊ အနောက်အုပ်စုမှ ထောက်ပံ့သော လက်နက်များ တပ်ဆင်မှုများကြောင့် ရုရှားအနေဖြင့် အလွယ်တကူ အောင်မြင်မှု ရရှိမည်တော့ မဟုတ်ပေ။
ရာထူးတည်မြဲမှုသည် ပူတင်၏ မြင့်မားသော မျှော်လင့်ချက်များ ပြည့်မှီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်နေသည့်အတွက် ဂီရာဆီမော့ဗ်သည်လည် ၎င်း၏ စစ်ရေး လုပ်ဆောင်ချက်များကို မြှင့်တင်ဆောင်ရွက် လာမည်မှာ သေချာသည်။
ရုရှားအနေဖြင့် နျူကလီးယား လက်နက်များပါ အသုံးပြုနိုင်ကြောင်း စိုးရမ်မှုများ ရှိနေသော်လည်း ထိုသို့သော အခြေအနေမျိုးမှာ ဖြစ်လာနိုင်ခြေ နည်းပါးသည်။ စစ်ပွဲတွင် ပါဝင်လာရန် ဘီလာရုစ်သမ္မတကို စည်းရုံးခြင်းနှင့် ရုရှားတပ်များကို တိုးချဲ့ခြင်း စသည်တို့တော့ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။
ယင်းက ဂီရာဆီမော့ဗ်၏ ရာထူးအတွက် အရေးပါသော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များလည်း ဖြစ်သည်။ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက စစ်ပွဲတွင် တိုက်ရိုက် ပါဝင်ပတ်သက်လိုခြင်း မရှိကြောင်း ပြသထားသည်။
စစ်မြေပြင်သို့ အသစ်ရောက်ရှိလာသော အရန်တပ်ဖွဲ့များနှင့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်ထဲရောက်ရှိ လာသူများသည် လက်ရှိအချိန်အထိ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိကြသေးရုံမက ယင်းသည် ပြည်တွင်း၌ လူကြိုက်များသော ကိစ္စလည်း မဟုတ်ပေ။
ပူတင်သည် ရုရှားလူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို စစ်ပုံသွင်း အုပ်ချုပ်နေသော်လည်း နောက်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အစိုးရအဖွဲ့တစ်ခု၏ အန္တာရယ်ကိုလည်း ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ ဆူရိုဗီကင်အား နောက်ပို့လိုက်ခြင်းသည်လည်း ထိုသို့သော အခြေအနေများအတွက် ၎င်းကို ထိုးကြွေးကာ အသုံးချလိုက်ခြင်း ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရေး ဂီရာဆီဗော့ဗ်ကို စစ်မြေပြင်တွင်ကွပ်ကွဲရန် တာဝန် ပေးခဲ့သော်လည်း ချေချင်းညာနှင့် ကြေးစား တပ်ဖွဲ့များအပေါ် ပူတင်၏ သဘောထား ပြောင်းလဲမှု မပြုလုပ်လျှင် စစ်မြေပြင်တွင်လည်း မည်သည့် ပြောင်းလဲမှုမှ ပေါ်ပေါက်လာမည် မဟုတ်ပေ။
ကြေးစားတပ်ဖွဲ့ကို ထိန်းချုပ်ထားသော စီးပွားရေးသမား ပရီဂေါ့ဟင်က ဂီရာဆီဗော့အား အထင်မကြီးကြောင်း ပြောခဲ့သော်လည်း ရုရှားအစိုးရဘက်က ယင်းအပေါ် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။
ဂီရာဆီမော့ဗ်သည် ရာထူးကြီးသူ ဖြစ်သော်လည်း ပူတင်ကသာ နိုင်ငံရေးအရ စွန့်စားမှုနှင့် လိုအပ်သော ထောက်ပံ့ မှု မလုပ်လျှင် ၎င်းသည်လည်း စစ်မြေပြင်မှာ အောင်မြင်မှုများနှင့် ဝေးကွာနေဦးမည် ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ခေါက် ဂီရာဆီဗော့ဗ် မအောင်မြင်ခဲ့လျှင် ထိုကိစ္စ နှင့်ပတ်သက်၍ အပြစ်တင်ရမည့်သူမှာ ပူတင် သာပင်ဖြစ်သည်။
Source: Aljazeera
- By CNI
- Category: ဆောင်းပါး
- Hits: 2010
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅
တူနီရှားနိုင်ငံ၏ ဒီဇင်ဘာ ၁၇ ရက်နေ့ ရွေးကောက်ပွဲသည် အားလုံးမျှော်လင့်ထားသည့် အတိုင်းပင် အရှက်ရစရာ အခြေအနေမျိုးနှင့် အဆုံးသတ် သွားခဲ့ပါပြီ။
သမ္မတ ကိုင်ဆာအစ်၏၂၀၂၁ ခုနှစ်၊ ဇူလိုင်လက တိုင်းပြည်အာဏာကို လုယူလိုက်ပြီး အာဏာရှင်ဆန်ဆန် အုပ်ချုပ် မှုနောက်ပိုင်း ကျင်းပခဲ့သည့် ပထမဆုံးသော ရွေးကောက်ပွဲ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ အားလုံးက မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
မဲပေးနိုင်သူ အားလုံး၏ ကိုးရာခိုင်နှုန်း အောက်ကသာ ပါဝင်မဲပေးခဲ့သည့် အဆိုပါ ရွေးကောက်ပွဲက တူနီးရှားနိုင်ငံ ၏ ဖွံ့ဖြိုးစ ဒီမိုကရေစီစနစ် ပျက်သုန်းသွားခြင်းကို သာမက အာရပ်နွေဦး တော်လှန်ရေး စတင်သန္ဓေတည်ရာ နိုင်ငံ တွင်ပင် ထိုကိစ္စ ပြီးဆုံးပြီ ဆိုသည်ကိုလည်း ဖော်ပြနေသည်။
သို့သော် ကိုင်ဆာအစ် အစိုးရနှင့် ၎င်းတို့ကို ထောက်ခံနေဆဲ မဟာမိတ်များဘက်ကတော့ မိမိတို့သည် တူနီးရှား နိုင်ငံ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆောင်ရွက်နေဆဲ ဖြစ်သည်ကို တူနီးရှားပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို အသိပေးရန် ကြိုးစားနေကြဆဲ ဖြစ်သည်ဟု ဆိုကြသည်။
၎င်းတို့၏ သဘောထားတွင် လိုအပ်နေသော ကာလတို နောက်ဆုတ်သွားမှု အပြီးတွင် နိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်း စဉ်များ ပြန်လည် ဖူးပွင့်လာပြီဟု အသိပေးလိုနေခြင်း ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ တူနီးရှားနိုင်ငံသားများက ဆာအစ်ကို ရှင်းလင်းသော မက်ဆေ့ချ် တစ်ခု ပေးနိုင်ခဲ့ပြီ။
တူနီးရှားသမ္မတ ကိုင်ဆာအစ်ကို တွေ့ရစဉ် (GETTY IMAGES)
ထိုမက်ဆေ့ချ်ကတော့ ပြည်သူများအနေဖြင့် ဆာအစ်နှင့် ၎င်း၏ အစိုးရအဖွဲ့ ဆက်လက် အာဏာရရှိနေစေရန် အလိုမရှိတော့ပြီ ဟူ၍ပင် ဖြစ်သည်။
ရွေးကောက်ပွဲတွင် တူနီးရှားရှိ နိုင်ငံရေးပါတီများနှင့် အင်အားစုများ အားလုံးနီးပါးက သပိတ်မှောက်ခဲ့ကြသည်။ ၎င်းက ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ပထမဆုံးအကြိမ်လဲ ဖြစ်သည်။
နိုင်ငံတွင်းရှိ ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ်သော အဆင့်မြင့် အာဏာပိုင်အဖွဲ့ (ISIE)မှ ပြည်သူများ မဲပေးစေရေး အတွက် အပြင်းအထန် ကြိုးစား ဆောာင်ရွက်ခဲ့သည့်တိုင် တူနီးရှားမဲဆန္ဒရှင် အများစုက မဲရုံသို့ သွားရန် ငြင်းဆို ခဲ့ကြသည်။
ပို၍ အဓိကကြသည်မှာ နိုင်ငံတွင်း အားကောင်းနေဆဲဖြစ်သည့် တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ (UGTT) မှ မည်သည့် အခြေအနေတွင်မဆို အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ကာကွယ်ရမည်ဆိုသည့် ၎င်းတို့၏ ဆုံးဖြတ် ချက်ကို ထုတ်ပြန် ကြေညာခဲ့ပြီး ယခု ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်အတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည် ဟု ထုတ်ဖော် ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်။
ရွေးကောက်ပွဲကို ပါဝင်ရန် တူနီးရှား မဲဆန္ဒရှင် အများစုက ငြင်းဆန်ခဲ့ကြသော်လည်း ၎င်းသည် တူနီးရှားနိုင်ငံသား များ အနေဖြင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု မရှိခြင်းဟု အဓိပ္ပာယ် မသက်ရောက်ပေ။ တူနီးရှားများသည် ယခင် အချိန်များ ကဲ့သို့ပင် နိုင်ငံ၏ အနာဂတ်အပေါ် စိတ်ဝင်စားမှု ရှိနေကြဆဲ ဖြစ်သည်။
ယခုရွေးကောက်ပွဲကို သပိတ်မှောက်ရသည့် အဓိက အကြောင်းအရင်းမှာ မဲရလဒ်မည်သို့ပင် ပေါ်ထွက်လာစေကာ မူ ၎င်းက တိုင်းပြည်၏ ယိုယွင်းနေသော စီးပွားရေး အခြေအနေနှင့် ၎င်းတို့ နေထိုင်နေရသော လူနေမှု အခြေအနေ များကို ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်သည်ကို သိရှိသဘောပေါက် ထားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင့်ခဲ့ရခြင်း ဖြစ်သည်။
တူနီးရှားရွေးကောက်ပွဲ မဲရလဒ်ကို ဖွင့်ဖောက်နေစဉ် (GETTY IMAGES)
တူနီးရှား ရွေးကောက်ပွဲကို တူနီးရှားနိုင်ငံသားများ သက်သက်က သပိတ်ပေါက်ခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ ဥရောပသမဂ္ဂသည်ပင် ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ရွေးကောက်ပွဲကို မထောက်ခံကြောင်း ပြသခဲ့သည်။
အီးယူ(EU)အဖွဲ့သည် နိုင်ငံတကာ မျက်နှာစာတွင် ဆာအိအစိုးရ၏ အားကြီးသော မဟာမိတ်အဖြစ် ကာလရှည်ရှိခဲ့ သော်ငြား ယခုရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမှု ပြုလုပ်သွားမည် မဟုတ်ဟု ရုတ်တရက် ကြေညာခဲ့သည်။
ထိုဆုံးဖြတ်ချက် နောက်တွင် ကိုင်ဆာအစ်အစိုးရကို ဖယ်ထုတ်မှု၊ သီးခြား ဆက်ဆံမှုနှင့် တရားမဝင် ဖြစ်အောင် လုပ်မှု စသည်တို့ ကပ်ပါလာမည်မှာလည်း သေချာသလောက် ရှိသည်။ အီးယူသည် နိုဝင်ဘာလကပင် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို ထောက်ပံ့ကူညီရန် ယူရိုသန်း ၁၀၀ ကမ်းလှမ်းခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဒီမိုကရေစီ မဆန်သော တူနီးရှားအစိုးရနှင့် ကင်းကင်းရှင်းရှင်းနေရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့အပြင် ကိုင်ဆာအစ်သည် အမေရိကန်၏ တင်းပြည့် မဟာမိတ်အဖြစ် သတ်မှတ်ခံထားရခြင်းမှလည်း ကျဆင်း သွားခဲ့သည်။ ရွေးကောက်ပွဲ မတိုင်ခင် ဆာအစ်သည် အမေရိကန်ပြည်ထဲရေးဝန်ကြီး အန်သိုနီဘလင်ကင်(Antony Blinken) နှင့် ဝါရှင်တန်မှာ တွေ့ဆုံခဲ့သည်။
သို့သော် ထိုတွေ့ဆုံမှုတွင် ၎င်းမျှော်လင့်နေသည့် ရလဒ်မျိုး ရရှိရန် အကောင်အထည် မဖော်နိုင်ခဲ့ပေ။
တူနီးရှားပြည်သူများ မဲမပေးဟု ကြွေးကြော်နေကြစဉ် (GETTY IMAGES)
အမေရိကန်ဘက်မှ တူနီးရှားကို ကူညီနေသည့် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများအား ရပ်တန့်မည် ဟု ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ဘလင်ကင်က ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှု ရှိရန် လိုအပ်ကြောင်း အလေးစိုက် ပြောကြားခဲ့သလို အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်ရန်နှင့် ဒီမိုကရေစီ မျှခြေကို မြှင့်တင်ရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
၎င်းက အာဏာကို လုယူထားသည်ဆိုခြင်းမှာ သတင်းအမှား၊ နိုင်ငံခြား အင်အားစုများ၏ လုပ်ရပ်ဖြစ်သည်ဟု ဆာအစ်မှ ရှုတ်ချထားမှုအပေါ် တိုက်ရိုက် ပြစ်တင် ဝေဖန်ခြင်းလည်း ဖြစ်သည်။
စနေနေ့ ရွေးကောက်ပွဲ ကျင်းပခြင်းက ဆာအစ် အနေဖြင့် ၎င်း၏အစိုးရ လက်ထက်တွင် တူနီးရှားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်ရှိနေသေးကြောင်း ထုတ်ဖော် ပြသခြင်း ဖြစ်သော်ငြား ဆာအစ် အစိုးရအနေဖြင့် တဖြည်းဖြည်ခြင်း ပြုတ်ကျလာပြီဆိုခြင်းမှာ ပို၍ထင်ရှားလာသည်။
ထို့ကြောင့် လက်ရှိတွင် ဆာအစ် အစိုးရအနေဖြင့် မည်သည့် အချိန်တွင် အမှတ်တကယ် ပြုတ်ကျသွားမည်လဲ မေးစရာ ရှိလာသည်။ တူနီးရှား၏ ချွတ်ချုံကျနေသော စီးပွားရေး အခြေအနေအရ အစိုးရပြုတ်ကျရန်မှာ အများ ကြီး စောင့်ရန် မလိုအပ်တော့သည်ကို ညွှန်ပြနေသည်။
အမှန်တကယ်တမ်းတွင်လည်း တူနီးရှားပြည်သူများ၏ တိုင်းပြည် စီးပွားရေးအပေါ် စိတ်ပျက်နေမှုမှာ အာရပ်နွေဦး တော်လှန်ရေးဖြစ်စေခဲ့သည့် လွန်ခဲ့သော ၁၀ နှစ်က အခြေအနေကို ရောက်နှင့်နေပြီး ဖြစ်သည်။
တူနီးရှားပြည်သူများ ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (GETTY IMAGES)
ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ အလုပ်လက်မဲ့နှုန်း၊ တရားမမျှတမှုနှင့် အကျင့်ပျက် ခြစားမှုများက လက်ရှိ အုပ်ချုပ်နေသည့် အစိုးရသည် တိုင်းပြည်၏ ပြဿနာများကို မဖြေရှင်းတော့ဟု ပြည်သူများကို ယုံကြည်စေကာ ပြည်သူများ၏ တော်လှန်ရေး သဘောထားများကိုလည်း မီးရှို့ပေးလျက်ရှိနေသည်။
ဆာအစ်နှင့် ၎င်း၏ အပေါင်းအပါ ခရိုနီးများအတွက် ပို၍ အခြေအနေ ဆိုးရွားစေသည်မှာ နိုင်ငံတကာငွေကြေး ရံပုံ ငွေအဖွဲ့(IMF) ပင်ဖြစ်သည်။ IMF က တူနီးရှားကို ထောက်ပံ့ပေးမည့် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ အရေးပေါ် အကူအညီအတွက် ၎င်း၏ ခွင့်ပြုချက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအထိ ရွှေ့ဆိုင်းလိုက်သည်။
ထိုသို့ ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် နှောင့်နှေးသွားမှုက လိုငွေပြမှုကို ပိုပြီး ဆိုးရွားစေကာ လူနေမှုကုန်ကျစရိတ်ကို ပိုမြင့်တက်လာစေခြင်းကြောင့် တူနီးရှားပြည်သူများ၏ စီးပွားရေး အကျပ်အတည်းကို ပိုဆိုးစေလာမည် ဖြစ်သည်။
ထို့ကြောင့် ပြည်သူများ ၏ သည်းခံနိုင်မှုသည်လည်း ပို၍ တိုတောင်းလာပေလိမ့်မည်။ IMF ၏ ချေးငွေကို ဆိုင်းငံ့ ခြင်းအပြင် အစိုးရ၏ ပေါင်မုန့် ထောက်ပံ့ခြင်းအပြင် တခြားသော ပြည်သူ့ အသုံးစရိတ်များကို ဖြတ်တောက်ခြင်း တို့က လူထုအုံကြွမှုတစ်ခု ဖြစ်လာစေရန်လည်း တွန်းအား ဖြစ်စေလာလိမ့်မည်ဖြစ်သည်။
အဆိုပါ အခြေအနေကြောင့် တူနီးရှားသည် ပေါက်ကွဲရန် အဆင်သင့် ဖြစ်နေသည့် ဗုံးတစ်လုံးအသွင်သို့ နောက် တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်သည်။ ၎င်းကို ဖြေလျော့ရန် အစိုးရဘက်မှ ရွေးကောက်ပွဲနှင့် ကြိုးစားခဲ့သော်ငြား ယင်းက ဗုံး၏စနက်တံကို ဖြုတ်ရန် မစွမ်းသာခဲ့ပါ။
Source: အယ်ဂျာဇီးယား
Aljazeera က Haythem Guesmi ရေးသားထားသည့် “The beginning od the end for Saeid” ဆိုသော ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို၍ ဖော်ပြလိုက်ပါသည်။