- By CNI
- Category: ဆောင်းပါး
- Hits: 488
CNI International Article
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈
ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ် အာဏာသိမ်းမှု ဖြစ်ပွားနေပြီလောဟု မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်။
အစိုးရအဖွဲ့၏ ကန့်လန့်ကာ နောက်ကွယ်တွင် အစ္စလာမ်မစ် မဟာမိတ်ကွန်ရက်များ၊ ပြည်ပထောက်လှမ်းရေး အေဂျင်စီများနှင့် အယူအဆရေးရာ နောက်လိုက်များသည် ဘင်္ဂလားဒေ့ရှ်၏ လက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ ဖြိုဖျက်နေကြသည်။
နောက်ကွယ်မှ ကြိုးကိုင်သူမှာ အခြားသူမဟုတ်။ တစ်ချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် ချီးကျူးဂုဏ်ပြု ခံခဲ့ရသည့် မိုဟာမက် ယူနွတ် ( Muhammad Yunus) ဖြစ်ပြီး လက်ရှိတွင် အစ္စလာမ်မစ်ယိမ်းသည့် အုပ်ချုပ်ပုံကို ဦးဆောင်နေသူအဖြစ် ဝေဖန်ခံနေရသည်။
ထိုအခြေအနေသည် ဘင်္ဂလားဒေ့ရှ်၏ ဒီမိုကရေစီစနစ်ကိုသာမက တောင်အာရှနှင့် အရှေ့တောင်အာရှ၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေသည်။
ယူနွတ် အစိုးရအဖွဲ့သည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စစ်ဗိုလ်ချုပ်များ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်တပ်အရာရှိ ၂၅ ဦးကို စွဲချက်တင်ခဲ့သည်။
၎င်းတို့သည် တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းနေသည့် အခြေအနေအောက်တွင် စွဲချက်တင်ခံခဲ့ရပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီး အမှုရင်ဆိုင်နေရသည်။
ဒေသခံမီဒီယာများကမူ ဘင်္ဂလားဒေ့ရှ်၏ ကြည်း၊ ရေ၊ လေ အကြီးအကဲများ အပါအဝင် အရာရှိပေါင်း ၁၅၀ ကျော် ပစ်မှတ်ထား ခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်ခေါင်းဆောင်ကို တွေ့ရစဉ်
ထိုကဲ့သို့ မလိုသူများကို ဖယ်ရှားရှင်းလင်းသည့် လုပ်ဆောင်ချက်သည် ဘင်္ဂလားဒေ့ရှ်၏ ဘာသာရေး မနွယ်သည့် စစ်တပ်ကို အသွင်ပြောင်းရန် ရည်ရွယ်ပုံပေါ်နေသည်။
လေ့လာသူများကလည်း ယူနွတ်၏ အစိုးရအဖွဲ့သည် အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကဲ့သို့ပင် အစ္စလာမ်မစ် တော်လှန်ရေး တပ်မတော်ဟူသည့် အယူဝါဒကို စစ်တပ်အတွင်း အစားထိုးရန် ရည်ရွယ်ထားဖွယ် ရှိကြောင်း သတိပေးခဲ့သည်။
ထောက်လှမ်းရေး သတင်းများ၏ လေ့လာဆန်းစစ်မှုများအရ ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် ISI နှင့် တူရကီထောက်လှမ်းရးအဖွဲ့များသည် ယူနွတ် အစိုးရအဖွဲ့ကို ကြားဝင်ခြယ်လှယ်သည့် ပြည်ပအင်အားစုများ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
ပါကစ္စတန်၏ ISI သည် ဘင်္ဂလားဒေ့ရှ်၏ ဂျမတ် အီ အစ္စလာမီ (Jamaat-e-Islami) ပါတီနှင့် အခြား လူသိများ သည့် အစ္စလာမ်မစ်အဖွဲ့များနှင့် နက်ရှိုင်းသည့် ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့သည်။
လက်ရှိတွင် တူရကီသည်လည်း မွတ်ဆလင်ကမ္ဘာတွင် လှုပ်ရှားမှုများ မြင့်တက်နေမှုနှင့်အတူ ပါကစ္စတန်နှင့် တူရကီတို့သည် ၎င်းတို့၏ လက်တံကို ပိုမိုဆန့်ထုတ်သည့် အနေဖြင့် ယူနွတ်၏ အတွင်းစည်းနှင့် မဟာမိတ် NGO များကို ဘဏ္ဍာရေး အထောက်အပံများပေးခြင်း၊ အယူဝါဒရေးရာနှင့် အခြားအထောက်အကူများ ပံ့ပိုးပေးနေပုံ ပေါ်သည်။
ထိုကွန်ရက်များမှတဆင့် ယူနွတ်၏ အစိုးရအဖွဲ့ကို အစ္စလာမ်မစ်ယိမ်းသည့် အစိုးရအဖြစ် ပြောင်းလဲနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ်
ထို့ပြင် ဆော်ဒီနှင့် ကာတာတို့က ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း လှုပ်ရှားနေကြသည်။
ထိုဒုက္ခသည် စခန်းများသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသနှင့် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တို့ကို ပစ်မှတ် ထားနေသည့် ဂျီဟတ်အဖွဲ့များအတွက် တပ်သားသစ် စုဆောင်းသည့် နေရာများ ဖြစ်လာသည်ဟုလည်း သတင်း များ ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၏ စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များကို ပြည်သူ၏ ယုံကြည်မှု လျော့ကျစေရန် သတင်းအမှားများ ဖြန့်ခြင်းဖြင့် ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု လေ့လာသူများက ပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးကဲ့သို့ အဖွဲ့အစည်း များသည် စစ်သွေးကြွများကို တန်ပြန်သည့် စစ်ဆင်ရေးများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး HuJI-B ၊ JMB နှင့် ISIS အဖွဲ့များနှင့် ဆက်နွှယ်သည့် စစ်သွေးကြွကွန်ရက်များကို ဖျက်ဆီးခဲ့သည်။
လက်ရှိအချိန်တွင် DGFI ကဲ့သို့ အစိုးရထောက်လှမ်းရေးအဖွဲ့များသည် တရားဥပဒေနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရသည်။
ထူးခြားချက်တစ်ခုမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝက်ကာ အူဇ် ဇာမန် (Waker Uz Zaman) နှင့် ၎င်း၏ ထိပ်သီး လက်ထောက်များမှာ ရေငုံနှုတ်ပိတ်နေခဲ့ကြသဖြင့် ယူနွတ်၏ အစီအစဉ်တွင် ၎င်းတို့လည်း အလိုတူ၊ အလိုပါ ဖြစ်နေဖွယ် ရှိ၊ မရှိ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။
ထိုအချိန်အတောအတွင်း နိုင်ငံရေးနှင့် စစ်ရေးအသိုင်းအဝိုင်းအတွင်း ယူနွတ်အစိုးရအဖွဲ့သည် တော်လှန်ရေး အစိုးရအဖြစ် ကြေညာရန် စီစဉ်နေကြောင်း ပြောကြားနေကြသည်။
ထိုအစီအစဉ်အရ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အီရန်ကဲ့သို့ပင် သမ္မတနှင့် စစ်တပ်အကြီးအကဲ များကို ဖယ်ရှားနိုင်သည့် လုပ်ပိုင်ခွင့်မျိုး ပြောင်းလဲလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
ထိုအစီအစဉ်အရ ဒါဇင်နှင့်ချီသည့် စစ်မှုထမ်းများသည် အမှုအခင်းများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထိုအချိန်အတောအတွင်း ဂျီဟတ်များ၏ တိုက်ခိုက် နိုင်ခြေရှိသည်ဆိုသည့် ထောက်လှမ်းရေး သတိပေးချက် များကြောင့် ဒါကာမြို့တော်ရှိ အမေရိကန်သံရုံး အနီးဝန်းကျင်တွင် လုံခြုံရေးကို တင်းကျပ်ခဲ့သည်။

ယူနွတ်ကို တွေ့ရစဉ်
အကယ်၍ အစ္စလာမ်မစ် အင်အားစုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကြိုးကိုင်ချယ်လှယ်နိုင်ခဲ့မည်ဆိုပါက ပြည်တွင်း နိုင်ငံရေးသာမက ပြည်ပမူဝါဒများအထိပါ လွှမ်းမိုးလာလိမ့်မည်ဟုလည်း လေ့လာသူများက သတိ ပေးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ ပြည်တွင်းရေး အသွင်ပြောင်းလဲမှုသည် တောင်အာရှ၏ လုံခြုံရေး အခင်းအကျင်းကို ပြန်လည် ပုံဖော်နိုင်သည်။
တူရကီ၊ ပါကစ္စတန်တို့နှင့် အယူဝါဒအရ မဟာမိတ်ဖွဲ့ထားသော ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၏ အရှေ့ဘက် လုံခြုံရေး စစ်နံ (India’s eastern security flank) ကို ထိခိုက်စေပြီး ဘင်္ဂလားပင်လယ်အော်တွင် အစ္စလာမ္မစ် လှုပ်ရှားမှုများကို ရဲဆေးတင်ပေးရာ ရောက်စေမည်ဖြစ်သည်။
တရုတ်နိုင်ငံအတွက် ထိုကဲ့သို့သော မတည်ငြိမ်မှုသည် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိစေမည်ဖြစ်သည်။
အားနည်းလာသည့် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၏ စီးပွားရေး အရှိန်အဝါကိ ပိုမိုမှီခိုလာရမည်ဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုသည် အိန္ဒိယဦးဆောင်သော ချိတ်ဆက်ရေး အစီအစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။
မြန်မာနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်း နိုင်ငံများတွင်လည်း ရိုဟင်ဂျာစခန်းများမှ ပျံ့နှံ့လာသည့် အစွန်းရောက် ကွန်ရက် များ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၊ အထူးသဖြင့် အိန္ဒိယ၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများအနေဖြင့် အချိန် မနှောင်းမီ လိုအပ်သည့် အရာများကို လုပ်ဆောင်ရမည်ဖြစ်သည်။
အယူဝါဒရေးရာကို စစ်ပုံစံသွင်းခြင်းအား မျက်ကွယ်ပြုထားသဖြင့် ဘေးဒုက္ခရောက်ရသည့် ဖြစ်စဉ်များကို မေ့မထားသင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်ခဲ့ကြသည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 405
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ငြိမ်းချမ်းရေးဆုတစ်ခုကို ဖန်တီးကြောင်း ကြေညာခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် ဝါရှင်တန်မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမဲခွဲပွဲမှာ ဒီဆုကို ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်ဖို့စီစဉ်ထားပါတယ်။
ဖီဖာငြိမ်းချမ်းရေးဆုလို့ခေါ်တဲ့ FIFA Peace Prize ဟာ "ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတယ်"လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြောထားပါတယ်။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် ဒေါ်နယ်ထရမ့်ဟာ ဖီဖာငြိမ်းချမ်းရေးဆုကို ရရှိမယ့် ပထမဆုံးသူ ဖြစ်လာမလားဆိုပြီး မေးခွန်းတွေရှိခဲ့ပါတယ်။
"ဒီဇင်ဘာ ၅ ရက်ကျရင် ခင်ဗျားတို့ မြင်တွေ့ရမှာပါ"လို့ အင်ဖန်တီနိုက မိုင်ယာမီရှိ America Business Forum မှာ ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ဖီဖာဥက္ကဋ္ဌကို တွေ့ရစဉ်
အင်ဖန်တီနိုက "ပိုမို မငြိမ်မသက်ဖြစ်လာပြီး ကွဲပြားနေတဲ့ ကမ္ဘာကြီးမှာ ပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်း ရေး စိတ်ဓါတ်ဖြင့် လူတွေကိုစုစည်းဖို့ ကြိုးစားအားထုတ်သူတွေရဲ့ ထူးချွန်တဲ့ ပံ့ပိုးမှုတွေကို အသိအမှတ် ပြုဖို့ အခြေခံတယ်"လို့ ဖီဖာငြိမ်းချမ်းရေးဆုနဲ့ ပတ်သက်ပြီး အစောပိုင်းက ပြောခဲ့တာပါ။
ဖီဖာက ဒီနှစ်မှာ အင်ဖန်တီနို ချီးမြှင့်မယ့် ဆုကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိသတ်တွေ ကိုယ်စား နှစ်စဉ် ချီးမြှင့်သွား မယ်လို့ ပြောထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ရီပတ်ဘလီကန်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင် တွန်းအားပေးမှုတွေ ရှိခဲ့ ပေမယ့် ပြီးခဲ့တဲ့လက နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရခဲ့ခြင်းမရှိပါဘူး။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်နယ်ထရမ့်နဲ့ မကြာခဏ တွေ့ဆုံမှုတွေ ရှိနေတဲ့ အင်ဖန်တီနိုဟာ သူ၊ ဖီဖာနဲ့ ဒေါ်နယ်ထရမ့်တို့အကြား ဆက်နွယ်မှုကိုတော့ လျှို့ဝှက်ထားခြင်း မရှိတာပါ။
အင်ဖန်တီနိုက သမ္မတထရမ့်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာက သူကံကောင်းတယ်လို့ ပြောထား ပါတယ်။

ဖီဖာဥက္ကဋ္ဌကို တွေ့ရစဉ်
အင်ဖန်တီနိုက "ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျနော်တို့လုပ်တဲ့ အရာအားလုံးမှာ သူက အလွန် အထောက်အကူ ပြုခဲ့ပါတယ်။ သူ့မှာ မယုံနိုင်လောက်တဲ့ စွမ်းအင်ရှိပြီး ဒါက ကျနော် အလွန်လေးစားရတဲ့ အရာပါ။ သူဟာ ပြောတဲ့ အတိုင်းလုပ်ပြီး သူထင်တဲ့ အရာတွေကိုလည်း ပြောပါတယ်။ သူဒီလို ပြောရဲလုပ်ရဲတဲ့ အရာတွေကြောင့် အောင်မြင် တာပါ"လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုနဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းတို့ကို ကမ္ဘာတစ်ဝှမ်းကနေ ကြည့်ရှုသူ ၁ ဘီလီယံခန့် ရှိမယ်လို့လည်း မျှော်လင့်ကြောင်း အင်ဖန်တီနိုက ပြောထားတာပါ။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး မြို့ပေါင်း ၁၆ မြို့မှာ စံချိန်တင်ပွဲပေါင်း ၁၀၄ ပွဲ ကျင်းပသွား မှာ ဖြစ်ပါတယ်။
Source: AP
- By CNI
- Category: ဆောင်းပါး
- Hits: 540
CNI Internatiolnal Article
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခြောက်ရက်ကြာ အာရှခရီးစဉ်သည် ၎င်း၏ ဒုတိယ သက်တမ်းအတွင်း အရှည်ကြာဆုံး ပြည်ပခရီးစဉ်ဖြစ်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ထရမ့်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေး၊ တောင်ကိုရီးယားတွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အစည်းအဝေးတို့ကို တက်ရောက်ခဲ့သည်။
ထို့နောက် ဂျပန်တွင် ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကာ အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ပိုမိုပေါ်လွင်အောင် ပြသခဲ့သည်။
လက်ရှိတွင် အင်ဒို-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးအရ လှိုင်း၊ လေထန်သည့် ကာလအပိုင်းအခြား တစ်ခု အတွင်းသို့ ရောက်ရှိနေသည်။
တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေး ဖိအားနှင့် နည်းပညာ ပြိုင်ဆိုင်မှုများသည် ဒေသတွင်း အရွေ့အပြောင်းများကို ပုံစံအသစ် ပြောင်းလဲစေသည်။
သေးငယ်သည့် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ ထိုအပြောင်းအလဲများသည် အဖွဲ့ဝင်နိုင်ငံများအား ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားပြီး ပြည်ပအင်အားကြီး နိုင်ငံများ၏ ဖိအားဒဏ်မှ ကာကွယ်ပေးရန် ရည်ရွယ်ထားသည့် အာဆီယံ၏ ဗဟိုကျမှုရှိကြောင်း ကြေညာချက်ကို ဖော်ပြရာရောက်ခဲ့သည်။
အာဆီယံသည် ထိုကဲ့သို့ ဒေသတွင်း ဗဟိုကျသည့်နေရာ သို့မဟုတ် အချက်အချာကျပြီး အရေးကြီးသည့် အခန်းကဏ္ဍကို အရှေ့အာရှ ညီလာခံ၊ အာဆီယံ ဒေသတွင်း ဖိုရမ်တို့ အပါအဝင် အာဆီယံ ဦးဆောင်သော အစည်းအဝေးများတွင် ပြသခဲ့ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အခြားနိုင်ငံများကိုလည်း ပူးပေါင်း ပါဝင်စေခဲ့သည်။
အာဆီယံအဖွဲ့ဝင်များသည် အမေရိကန်နှင့်ရော တရုတ်နှင့်ပါ ဆက်လက် ထိတွေ့ဆက်ဆံနေပြီး အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုများသာမက တရုတ်က ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများကိုပါ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

အာဆီယံအစည်းအဝေး ကျင်းပနေစဉ်
ထိုအချက်က အာဆီယံသည် ပိုမိုပြင်းထန်လာသည့် အမေရိကန်-တရုတ် အားပြိုင်မှုတွင် မည်သည့်ဘက်ကိုမှ ရွေးချယ်ခြင်းမရှိသည့် ဆုံးဖြတ်ချက်ကို ပြသရာရောက်ခဲ့သည်။
မည်သို့ပင်ဆိုစေ အာဆီယံ၏ အနေအထားသည် တရုတ်၏ နိုင်ထက်စီးနင်း ပြုလုပ်သည့် နည်းဗျူဟာများကို စုပေါင်းပြီး တုန့်ပြန်ဖြေရှင်းရာတွင် အကန့်အသတ်ရှိခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း ရေအမြောက်များ တပ်ဆင်ထားသည့် တရုတ်၏ ပင်လယ်ရေကြောင်း ပြည်သူ့စစ် သင်္ဘောများ၊ စီးပွားရေး အကျပ်ကိုင်မှုများနှင့် ကြွေးမြီ ထောက်ချောက် သံတမန် ပရိယာယ်များသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို စမ်းသပ်ခဲ့သည်။
တောင်တရုတ်ပင်လယ်နှင့် ဒစ်ဂျစ်တယ်နည်းပညာ အုပ်ချုပ်မှုကဏ္ဍ အပါအဝင် အချို့အရေးကိစ္စများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား သဘောထား ကွဲလွဲမှုများကို တရုတ်က အခွင့်ကောင်းယူပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုကို လျော့နည်းအောင် လုပ်ဆောင်ခဲ့သည်။
မကြာသေးမီကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား သြဇာလွှမ်းမိုးရေး အတွက် ယှဉ်ပြိုင်နေချိန်တွင် အာဆီယံ၏ ကြားနေရပ်တည်ချက်သည် တဖြည်းဖြည်း လျော့ပါးလာကြောင်း သတိပေးခဲ့သည်။
ကမ္ဘောဒီးယားနှင့် လာအိုသည် တရုတ်၏ ဘဏ္ဍာရေးအကူအညီကို ဆက်လက် မှီခိုနေရဆဲဖြစ်ပြီး ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုနီးစပ်လာခဲ့သည်။
ထိုကဲ့သို့ မတူကွဲပြားသည့် အကျိုးစီးပွားများက ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေချိန်တွင် အာဆီယံ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို ရှုပ်ထွေးစေခဲ့သည်။
ထရမ့်၏ ခရီးစဉ်သည် အမေရိကန်က ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အာဆီယံကို အဓိက အစိတ်အပိုင်း အဖြစ် ရှုမြင်ထားပုံကို ထပ်လောင်း အတည်ပြုရာ ရောက်ခဲ့သော်လည်း အာဆီယံ၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်နှင့်သာ ရှိသည့်အချက်ကို အမေရိကန်က ကောင်းကောင်းနားလည်ထားသည်။
အာဆီယံသည် ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်ပြီး ဒေသတွင်း စံသတ်မှတ်ချက်များကို ချမှတ်နိုင်သော်လည်း တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် စစ်ရေးအရ ဩဇာလွှမ်းမိုးမှု နည်းပါးနေသည်။

APEC အစည်းအဝေးမှာ တရုတ်သမ္မတရှီနဲ့ တောင်ကိုရီးယားသမ္မတလီကို တွေ့ရစဉ်
ဗြိတိန်၊ ဩစတြေးလျနှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သည့် Quad အဖွဲ့တို့မှတဆင့် အမေရိကန်သည် ပင်လယ်ရေကြောင်း လုံခြုံရေးကို ကာကွယ်ရန် ပူးပေါင်း ကာကွယ်ရေး စွမ်းဆောင်ရည်အား တိုးမြှင့်နေသည်။
AUKUS သည် ပင်လယ်ရေကြောင်း ကင်းထောက်လှမ်းရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ဖွံ့ဖြိုးစ နည်းပညာများကဲ့သို့ အခန်းကဏ္ဍများတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အာဆီယံ၏ ဘက်မလိုက် ချဉ်းကပ်မှုကို လေးစားစွာ ဖြင့် ဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်မှုကို အထောက်အကူ ပြုပေးနိုင်သည်။
ဂျပန်သည် ဂျပန်နိုင်ငံ၏ သံမဏိ လေဒီ (Iron Lady) ဟု လူသိများသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် အစည်းအဝေး ပြုလုပ်ချိန်ကလည်း အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို အလေးထား ဖော်ပြခဲ့သည်။
တာကာအီချီက ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရန်နှင့် တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ပြီး တင်းမာစွာ ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။
အမေရိကန်သည် ဖိလစ်ပိုင်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် (EDCA) အရ အမေရိကန်တပ်ဖွဲ့များသည် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အနီးရှိ ဖိလစ်ပိုင်စစ်စခန်း ၉ ခုကို အသုံးပြုခွင့် ရရှိထားသည်။
ထိုကဲ့သို့ AUKUS နှင့် Quad အဖွဲ့တို့၏ အစီအစဉ်များဖြင့် အမေရိကန်သည် အရှေ့တောင်အာရှဒေသကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် မဟာဗျူဟာကို ပြသခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခင်းအကျင်းတွင် အာဆီယံသည် အာရှ၏ အဓိကကျသည့် အဖွဲ့အစည်းဖြစ်ကြောင်း စင်္ကာပူနိုင်ငံကို ထူထောင်ခဲ့သည့် လီကွမ်ယု (Lee Kuan Yew) က တစ်ချိန်က ပြောကြားခဲ့ဖူးသည်။
လီ၏ ပြောကြားချက်သည် ယနေ့တိုင် မှန်ကန်ဆဲဖြစ်သည်။ အာဆီယံ၏ စီးပွားရေးသည် ဂျီဒီပီအရ ဒေါ်လာ ၄ ထရီလျံရှိပြီး ကမ္ဘာ့ ပဉ္စမအကြီးဆုံး စီးပွားရေး အင်အားစုဖြစ်သည်။
အာဆီယံတွင် လူပေါင်း သန်း ၇၀၀ နီးပါး ရှိသည့်အနက် အများစုမှာ အသက် ၃၀ အောက် လူငယ်များဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အရှိန်အဟုန် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသများထဲတွင် တစ်ခု အပါအဝင် ဖြစ်နေ သည်။

APEC အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတလီကို တွေ့ရစဉ်
အမေရိကန်သည် အာဆီယံနှင့် ခိုင်မာသော စီးပွားရေး ဆက်ဆံရေးရှိသည်။
၂၀၂၃ ခုနှစ်တွင် အာဆီယံသို့ အမေရိကန် ကုန်စည်တင်ပို့မှုသည် ဒေါ်လာ ၁၂၅ ဘီလီယံ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဆော့ဖ်ဝဲဝန်ဆောင်မှုများကဲ့သို့ ဝန်ဆောင်မှုကဏ္ဍတွင် တင်ပို့မှုသည် ဒေါ်လာ ၅၈ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇၄ ဘီလီယံအထိ ရောက်ရှိခဲ့သဖြင့် အမေရိကန်သည် အာဆီယံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများထဲတွင် ပါဝင်ခဲ့သည်။
အာဆီယံဒေသသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် အရေးပါသော ဒေသဖြစ်သည်။
အာဆီယံ၏ အကြီးမားဆုံး အားသာချက်မှာ ဆွေးနွေးမှုများကို ဖွင့်ပေးထားခြင်းနှင့် ပဋိပက္ခများကို တားဆီးခြင်း ဖြစ်သည်။
သို့သော် မြင့်တက်လာသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများ၊ ဆိုက်ဘာ ခြိမ်းခြောက်မှုများနှင့် စီးပွားရေးဖိအားများက သံတမန်ရေး နည်းလမ်း တစ်ခုတည်းဖြင့် မလုံလောက်နိုင်ကြောင်း ပြသနေသည်။
ထို့ကြောင့် အမေရိကန်သည် အာဆီယံ မစွမ်းဆောင်နိုင်သည့် အချိန်မျိုးတွင် စွမ်းဆောင်နိုင်သော မဟာမိတ် အဖွဲ့များကို တည်ဆောက်ပြီး တစ်ချိန်တည်းမှာပင် အာဆီယံ၏ သံတမန်ရေး အခန်းကဏ္ဍကို ဆက်လက် ထောက်ခံရမည်ဖြစ်သည်။
ထို့ကြောင့် အာဆီယံနှင့် APEC အစည်းအဝေးများကို ထရမ့်၏ တက်ရောက်မှုသည် သင်္ကေတ တစ်ခုထက် ပိုမို အဓိပ္ပာယ်ရှိနေပြီး အာဆီယံသည် အမေရိကန်၏ အင်ဒို-ပစိဖိတ် မူဝါဒတွင် အဓိကကျသည့် နေရာမှ ပါဝင်နေ ကြောင်းကို ရှင်းလင်းစွာ ပြသခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ အာဆီယံ၏ ကြားနေ ရပ်တည်ချက်နှင့် အမေရိကန်၏ ယုံကြည်စိတ်ချစွာ မှီခိုအားထားနိုင်မှုတို့သည် စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။
ထို့ကြောင့် လက်ရှိတွင် အမေရိကန်အနေဖြင့် အာဆီယံနှင့် စစ်မှန်သည့် ကုန်သွယ်ရေး ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ခြင်း၊ အခြေခံ အဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် သံတမန်ရေးဆိုင်ရာ အာရုံ စိုက်မှုကို ဆက်လက် ထိန်းသိမ်းထားသင့်သည်။
ထိုအခါမှသာ အရှေ့တောင်အာရှတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုသည် အမှန်တကယ် မဟာဗျူဟာကျပြီး တည်ငြိမ်ကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 466
CNI Sport Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ပိုင်ဆိုင်ထား ပေမယ့် သူ့ရဲ့ကလပ် ကစားသမားဘဝမှာ နောက်ထပ် ဆုဖလား ရယူနိုင်ဖို့ စောင့်ဆိုင်းနေရတာဟာ ကြာရှည် နေခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဘုရင့်ဖလားပြိုင်ပွဲမှာ အယ်လ်အစ်တီဟတ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာ ခဲ့ရတာကြောင့် ရော်နယ်လ်ဒိုဟာ ဆော်ဒီမှာ အဓိက ဆုဖလားတွေ ရယူနိုင်ဖို့ ဝေးကွာနေတာပါ။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက အာရပ်ကလပ် ချန်ပီယံများဖလား ပြိုင်ပွဲမှာ ဆုဖလား ရယူထားနိုင်ပေမယ့် ဒီဆုဖလားကို အဓိကဖလားလို့ သတ်မှတ်ထားခြင်း မရှိတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ်မှာ အခုထိ အဓိကဆုဖလား ရယူနိုင်ခြင်း မရှိသေးဘူးလို့ ပြောရမှာ ပါ။
အချက်အလက်တွေအရ ရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘဝမှာ အဓိကဆုဖလား မရရှိတာ ၅ နှစ်ကြာခဲ့ပြီ လို့ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ချိန်က ကိုပါအီတာလီယာဖလား ရယူနိုင်ခဲ့တာဟာ သူ့ရဲ့ ကလပ် ကစားသမားဘဝမှာ နောက်ဆုံးရယူနိုင်ခဲ့တဲ့ အဓိကဆုဖလား ဖြစ်ခဲ့တာပါ။

ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို ကစားခဲ့စဉ်
ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် ဆုဖလား မရခဲ့သလို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ အဓိကဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ မဖြစ်ခဲ့ပါဘူး။
ဒီရာသီမှာ အယ်လ်နာဆာအသင်းရဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေကြောင့် ရော်နယ်လ်ဒိုရဲ့ မျှော်လင့်ချက် ဟာ ပိုပြီးအားကောင်းလာခဲ့တာပါ။
ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဆုဖလားတစ်ခုကို စောစီးစွာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက်မှာ ကစားခဲ့တဲ့ အဓိကပြိုင်ပွဲ ၁၃ ခုစလုံး ဆုဖလား ရယူနိုင်ခဲ့ခြင်း မရှိတာပါ။
အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ အဓိကဆုဖလား မရရှိတာကို အဆုံးသတ်ဖို့ စိတ်အား ထက်သန်နေသလို ရော်နယ်လ်ဒိုကလည်း ကလပ်ကစားသမားဘဝမှာ နောက်ထပ် အဓိကဆုဖလား ရရှိဖို့အတွက် ကြာရှည်စွာ စောင့်ဆိုင်း နေရတာကို အဆုံးသတ်ချင်နေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလား လက်လွှတ်ခဲ့ရတာကြောင့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားတွေအဖြစ် ဆော်ဒီပရိုလိဂ်နဲ့ AFC Champions League Two ပြိုင်ပွဲတွေသာ ရှိတော့တာပါ။
အယ်လ်နာဆာအသင်းဟာ ဒီပြိုင်ပွဲ ၂ ခုစလုံးမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး ထိပ်ဆုံးနေရာတွေကနေ ဦးဆောင်ထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဒီဆုဖလား ၂ ခုစလုံးကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းနဲ့ အဓိက ဆုဖလားတွေ ရယူဖို့၊သွင်းဂိုး ၁,၀၀၀ ရည်မှန်းချက် ပြည့်မြောက်အောင် သွင်းဂိုးတွေ သွင်းယူဖို့၊ ပေါ်တူဂီအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဖို့ ရည်မှန်း ထားပါ တယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလား ကိုင်မြှောက်ပြီး သူ့ရဲ့ရည်မှန်းချက်တွေထဲက တစ်ခုကို ပြည့်မြောက်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 465
CNI International Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
မြေရှားသတ္တုများကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်သည့် အချက်ကို လက်နက်သဖွယ် အသုံးချရန် ကြိုးပမ်းနေသော တရုတ်၏ လှုပ်ရှားမှုသည် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ကျိုးပျက်လွယ်သည့် အခြေအနေ တစ်ရပ် အား ထပ်မံပေါ်ပေါက်စေခဲ့သည်။
အလားတူ နှစ်နိုင်ငံကြား ပျော့ကွက်ကိုနင်းကာ ချဉ်းကပ်နေသည့် ပြိုင်ဆိုင်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်ကို အရဲစွန့် လှုပ်ရှားရသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
တရုတ်သည် အမေရိကန်၏ နည်းပညာထိန်းချုပ်မှုနှင့် အလားတူ ပို့ကုန်ထိန်းချုပ်မှု အစီအစဉ်များကို လုပ်ဆောင် လာခဲ့သည်။
ထို့ကြောင့် တရုတ်လုပ် ပစ္စည်းများ အနည်းငယ်သာ ပါဝင်နေသည့် ထုတ်ကုန်များအတွက်ပင် လိုင်စင်ရယူရန် လိုအပ်နေသဖြင့် တရုတ်သည် ၎င်း၏ နည်းဗျူဟာကို ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
ရှင်းအောင် ပြောရမည်ဆိုလျှင် အမေရိကန်က ၎င်းတို့ ထုတ်လုပ်ထားသည့် ချစ်ပ်ပြားများကို ထိန်းချုပ်မည်ဆိုပါက တရုတ်ကလည်း မြေရှားသတ္တုများကို ထိန်းချုပ်မည် ဆိုသည့်သဘော ဖြစ်သည်။
ထို့ကြောင့် အမေရိကန်နှင့် တရုတ်ကြား ပြိုင်ဆိုင်မှုသည် လက်ရည်ညီနေသည့် လက်ဝှေ့သမားနှစ်ဦး ထိုးသတ်နေ သော အခြေအနေနှင့် တူညီနေသည်။

ကုန်သွယ်မှုကိုတွေ့ရစဉ်
အမေရိကန်က ခေတ်မီ ချစ်ပ်ပြားများကို တရုတ်အား မဝယ်ယူနိုင်စေရန် ပိတ်ဆို့ထားသကဲ့သို့ တရုတ်ကလည်း လျှပ်စစ်ကားများမှအစ ခေတ်မီလက်နက် စနစ်များအထိ အသုံးပြုရန် လိုအပ်သည့် မြေရှားသတ္တုများကို ထိန်းချုပ် ထားသည်။
လက်ရှိတွင် နှစ်နိုင်ငံစလုံး၏ နိုင်ငံရေး အခြေအနေများမှာ တင်းမာနေသည်။
အမေရိကန်က ၎င်း၏ တားမြစ်ကန့်သတ်မှု စာရင်းတွင် တရုတ်ကုမ္ပဏီများကို ပိုမိုထည့်သွင်းလာပြီး ကုန်သွယ်ခွန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်ကလည်း ပို့ကုန်ထိန်းချုပ်မှုများနှင့် တရုတ်နိုင်ငံလုပ် ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ထုတ်ကုန်များ အတွက် လိုင်စင်လိုအပ်သည့် စည်းကမ်းများကို ချမှတ်ခဲ့သည်။
အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက ၎င်းတို့သည် လက်ရှိပြိုင်ဆိုင်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းရှိကြောင်း ကြေညာထားကြသည်။
သို့သော်လည်း ထိုကြေညာချက် မျက်နှာဖုံးများ နောက်ကွယ်တွင် တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက သိရှိ ထားကြသည်။
တရုတ်သည် ပို့ကုန်ကဏ္ဍအပေါ် မှီခိုအားထားနေရဆဲဖြစ်ပြီး ငွေကြေးကျုံ့ဝင်မှု ဖိအား (deflationary pressure) နှင့် အိမ်ခြံမြေစျေးကွက်တွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။
ထို့အတူ အမေရိကန်သည်လည်း သတ္တုတွင်း တူးဖော်ရေးနှင့် သံလိုက်စက်ရုံအသစ်များ တည်ဆောက်နေ သော်လည်း ထိုစက်ရုံများကို နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် လက်တွဲဖြုတ်မည်ဟု စကားအရ ပြောဆိုခြင်းသည် လွယ်ကူသော်လည်း လက်တွေ့ အလုပ်လုပ်ဆောင်သည့် အခြေအနေမျိုးတွင် ခက်ခဲလိမ့်မည်ဖြစ်သည်။
ထိုအခက်အခဲများကို စက်မှုလုပ်ငန်း အများအပြားက ရင်ဆိုင်နေရသည်။ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် ထုတ်သည့် ပန်ကာများ၊ စက်ရုတ်များ၊ ဒေတာစင်တာများ၊ ကာကွယ်ရေးစနစ်များ အားလုံးသည် အရည်အသွေး မြင့်သည့် သံလိုက်များ လိုအပ်နေသည်။
ထိုကုန်ကြမ်းပစ္စည်းအများစုကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နေဆဲဖြစ်သည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား အလုံးစုံ လက်တွဲဖြုတ်မည်ဆိုခြင်းသည် လက်တွေ့မကျပေ။ ၎င်းတို့၏ စက်မှုလုပ်ငန်းများသည် ဆယ်စုနှစ်များစွာအတွင်း အတူတူ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထောက်ပံ့ရေး ကွင်းဆက်များကို လက်နက်သဖွယ် အသုံးပြုမည်ဆိုပါက နှစ်ဖက်စလုံးအတွက် ထိခိုက် နစ်နာစေမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း အမေရိကန်နှင့် တရုတ်အပေါ် မှီခိုမှုများကို လျှော့ချသွားစေနိုင် သည်။
ထို့ကြောင့် ပထမအချက် အနေဖြင့် အခြေအနေနှင့် အချိန်အခါကို ရိုးသားစွာ လက်ခံရမည်ဖြစ်သည်။

ချစ်ပ်ပြား ပြိုင်ဆိုင်မှုကို တွေ့ရစဉ်
သတ္တုကုန်ကြမ်းများကို အချောထည် သံလိုက်များအဖြစ် ထုတ်လုပ်မည့် စနစ်သည် အချိန်ယူရမည်ဖြစ်ပြီး ရေရှည်တည်မြဲသည့် ကန်ထရိုက်များနှင့် တည်ငြိမ်သည့် စျေးနှုန်းမရှိပါက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
ဒုတိယအချက် အနေဖြင့် အရပ်ဖက် ကုန်သွယ်ရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ရန်လိုမှုများကို ရပ်ဆိုင်းထားရန် လိုအပ်သည်။
သတ္တုများနှင့် ချစ်ပ်ပြားများ အပြန်အလှန် ထိန်းချုပ်မှုကို လျှော့ချမည်ဆိုပါက မော်တော်ယာဉ်များ၊ လျှပ်စစ်ပစ္စည်း များ၊ ဆေးဘက်သုံး ပစ္စည်းများနှင့် စွမ်းအင် စနစ်များကဲ့သို့ အရေးကြီးသည့် ကုန်ပစ္စည်းများကို ဆက်လက် ထုတ် လုပ်နိုင်မည်ဖြစ်ပြီး၊ တစ်ဖက်နှင့်တစ်ဖက် အနီးကပ်စောင့်ကြည့်ကာ တစ်ဖက်က စည်းကမ်းချိုးဖောက်ပါက တစ်ဖက်က လျှင်မြန်စွာ အရေးယူမည့် အစီအစဉ်လိုအပ်သည်။
တတိယအချက်မှာ အမှန်တကယ် အလုပ်ဖြစ်စေမည့် အရန်အစီအစဉ်များကို ရေးဆွဲထားရန်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံ အပြင်ဘက်တွင် ပွင့်လင်းမြင်သာမှုရှိသည့် သတ္တုတွင်း တူးဖော်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ပြီး နိုင်ငံပေါင်းစုံပါဝင်သည့် လုပ်ငန်းစုအဖြစ် ဖွဲ့စည်းရေးဖြစ်သည်။
ထိုအစီအစဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို ဆန်းသစ်တီထွင်ခြင်း မဟုတ်ဘဲ တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချမှု ပိုရှိစေမည်ဖြစ်သည်။
အာရှတိုက်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ်များ၊ ဘက်ထရီများနှင့် လျှပ်စစ်ပစ္စည်းအများစုကို ထုတ်လုပ်နေသည်။

ကုန်သွယ်မှုကိုတွေ့ရစဉ်
ထို့ကြောင့် အမေရိကန်နှင့် တရုတ်ကြား အားပြိုင်မှုတွင် ပထမဆုံး ထိခိုက်မည့် နိုင်ငံများမှာ ထိုနိုင်ငံများ ဖြစ်နေ သည်။
လက်ရှိတွင် အမေရိကန်နှင့် တရုတ်သည် တစ်ဖက်နှင့်တစ်ဖက် ရိုးသားမှုမရှိကြောင်း အပြန်အလှန် ပြောနေကြ သည်။
အမေရိကန်သည် ကမ္ဘာ့ပုလိပ်ကြီးအဖြစ် လုပ်ဆောင်နေသည်ဟု တရုတ်က စွပ်စွဲထားပြီး တရုတ်သည် ဩဇာ အာဏာကို ချဲ့ထွင်နေကြောင်း အမေရိကန်က စွပ်စွဲနေသည်။
နှစ်ဖက်စလုံးတွင် သူ့အကြောင်းပြချက်နှင့် သူရှိသည်ဆိုသော်လည်း စက်မှုလုပ်ငန်းများနှင့် ထုတ်ကုန်များအတွက် အကောင်းဆုံး ဖြေရှင်းချက် မဟုတ်ပေ။
သက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် ထိန်းချုပ်မှုများကို ပိုပြီးတင်းကျပ်လေလေ ကုန်ကျစရိတ်များ ပိုပြီး မြင့်တက်လေလေဖြစ်ကာ စားသုံးသူများဘက်ကလည်း မတန်တဆစျေးများကို ပေးရမည်ဖြစ်သည်။
တရုတ်၏ မြေရှားသတ္တု မဟာဗျူဟာသည် သတိပေးချက်တစ်ခု ဖြစ်သည်။ ထောက်ပံ့ရေး ကွင်းဆက်များကို လက်နက်သဖွယ် အသုံးပြုပါက နှစ်ဖက်စလုံးကို ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။
တည်ငြိမ်ပြီး လက်တွေ့ကျသည့် နည်းလမ်းမှာ အရပ်ဘက် ကုန်သွယ်မှုကို အခုချိန်မှာစပြီး တည်ငြိမ်စွာ ထိန်းသိမ်း ထားရန်၊ စစ်မှန်သည့် ရင်းနှီးမြှုပ်နှံမှု၊ အချိန်ဇယားနှင့်အတူ လုပ်ငန်းများကို တဖြည်းဖြည်း တည်ဆောက်
ရန်ဖြစ်ပြီး နှစ်ဘက်စလုံးကို ထိခိုက်နစ်နာစေမည့် အကျပ်အတည်းကို ရှောင်လွှဲရန်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 549
CNI Sport Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
ဒီရာသီ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားတာ ၃ ပွဲသာ ရှိသေးပေမယ့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ အသင်း ၅ သင်းထဲ က ၁ သင်းဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းနဲ့အတူ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေးဂိုးပေးရခြင်း မရှိသေး တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ နည်းပြဆီမြွန်နီရဲ့ အက်သလက်တီကို အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့တာပါ။
ဒီပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ စူပါကွန်ပျူတာရဲ့ နောက်ဆုံး ခန့်မှန်းချက်မှာ အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ၂၁.၁၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဘီလ်ဘာအိုနဲ့ အိုလံပီယာကို့စ်အသင်းတို့ကို အနိုင် ရခဲ့ပြီး ရာသီအစ အားကောင်းမှုတွေကြောင့် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။

နယူးကာဆယ်အသင်းကို တွေ့ရစဉ်
စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ် ရောက်ရှိနိုင်ဖို့ ၅၄.၃၈ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲ တက်နိုင်ဖို့ ၃၅.၅၇ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့ PSG အသင်းဟာ ဗိုလ်လုပွဲကို ထပ်ပြီးတက်ရောက်နိုင်ဖို့ ၂၅.၅၉ ရာခိုင်နှုန်းရှိနေပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ အတွက်တော့ ၁၄.၀၃ ရာခိုင်နှုန်းသာ ရှိနေတာပါ။
ပြီးခဲ့တဲ့ရာသီမှာ ရလဒ်တွေ ဆိုးခဲ့တဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်၊ PSG အသင်းတို့ရဲ့ အနောက်မှာ ဗိုလ်စွဲဖို့ တတိယ ရာခိုင်နှုန်း အများဆုံး အသင်းအဖြစ် ရပ်တည် နေပါတယ်။
စူပါကွန်ပျူတာက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်ဖို့ ၁၂.၁၂ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားတာပါ။
ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်၊ အင်တာမီလန်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ စပါးအသင်းတို့ကလည်း စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ နံပါတ် ၁၁ နဲ့ ၁၂ နေရာတွေမှာ ရပ်တည်နေပါတယ်။

PSG အသင်းကို တွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားပြီး စပါးအသင်းက ၁ ပွဲ နိုင်၊ ၂ ပွဲ သရေကျထားပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်၊ မိုနာကို၊ လေဗာကူဆင်၊ ဘင်ဖီကာနဲ့ အေဂျက်စ်အသင်းတို့ဟာ နိုင်ပွဲမရရှိသေးဘဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း အနေနဲ့ စူပါကွန်ပျူတာ ခန့်မှန်းထားသလို ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းမဖြစ်မီ ထိပ်ဆုံး ၈ သင်း ထဲဝင်ပြီး League Phase ကို အဆုံးသတ်နိုင်ဖို့ အရင်ဆုံးလုပ်ရမှာပါ။
အာဆင်နယ်အသင်းဟာ League Phase လက်ကျန် ၅ ပွဲမှာ ခက်ခဲတဲ့ တွေ့ဆုံမှုတွေအဖြစ် ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်အသင်းတို့နဲ့သာ တွေ့ဆုံရဖို့ ရှိနေပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ စူပါကွန်ပျူတာ ခန့်မှန်းထားသလို အုပ်စုအဆင့်ကနေ တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ကာ ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Source:thesun
