
- By CNI
- Category: ကျန်းမာရေး
- Hits: 2641
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁၉
ထိုင်းနိုင်ငံတွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးရန် အမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက်ခ် ဆူကဝီမွန် (Torsak Sukvimol) က တောင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တော်ဆက်ခ်သည် သက်ဆင်အား ဆေးဝါးကုသပေးနေသည့် ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံ (Police General Hospital- PGH) ကို အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
နှာခေါင်းစည်း ဝတ်ဆင်ထားသည့် သက်ဆင်သည် လူနာများဝတ်ဆင်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ပြီး CT စကန်နှင့်် MRI စကန်များ ရိုက်ရန် လူနာတင်တွန်းလှည်းနှင့် သွားရောက်နေသည့် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာ ခဲ့ပြီးနောက် ၎င်း၏ ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ရန် တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သတင်းပတ်က လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သည့်် ထိုဓာတ်ပုံကြောင့် သက်ဆင်သည် အခွင့်ထူးခံ လူတန်းစား တစ်ဦးအဖြစ် ဆေးဝါးကုသမှုများ ခံယူရဖွယ်ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
အချို့ကလည်း ထိုဓာတ်ပုံကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့ကြသည်။
သက်ဆင်ကို တွေ့ရစဉ်
သက်ဆင်သည် အလွန်အမင်း ဖျားနာနေသဖြင့် အကျဉ်းထောင်အပြင်ဘက်တွင် ဆေးဝါးကုသမှုများ ခံယူနေရ သည့် အခြေအနေကို အများပြည်သူက ဂရုဏာသက်စေရန် ရည်ရွယ်ချက်ဖြင့် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်နိုင် သည်ဟု ဝေဖန်သူမျာက ပြောသည်။
သက်ဆင်အတွက် အကျဉ်းထောင် အပြင်ဘက်ရှိ ဆေးရုံတွင် ရက်ပေါင်း ၉၀ ကြာ ဆေးဝါးကုသခွင့်သည် အောက်တိုဘာ ၂၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုသတ်မှတ်ကာလ သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်း အလိုတွင် ထိုဓာတ်ပုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက်ခ်ကမူ သူသည် သက်ဆင်၏ ဆေးရုံတင်ရသည့် အခြေအနေနှင့်ပတ်သက်ပြီး အချက်အလက် အနည်းငယ်သာ သိရှိထားကြောင်း ဝန်ခံခဲ့သည်။
အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ၁၅ နှစ်ကြာ ပြည်ပတွင် နေထိုင်ခဲ့ပြီးနောက် ယခုနှစ် သြဂုတ် ၂၂ ရက်၌ ထိုင်းသို့ ပြန်လည်ရောက်ရှိလာသည်။
ထိုင်းသို့ ရောက်ရှိချိန်မှာပင် အမှုသုံးခုဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံခဲ့ရသည်။
သို့သော် သက်ဆင်သည် ဘန်ကောက် ရမန် အကျဉ်းထောင် (Bangkok Remand Prison) တွင် စတင် ထောင်ဒဏ်ကျခံသည့် ညမှာပင် ကျန်းမာရေးပြဿနာကြောင့် ညတွင်းချင်း ရဲတပ်ဖွဲ့ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။
ထို့နောက် သက်ဆင်သည် ထိုင်းဘုရင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံခဲ့ရာတွင် ထိုင်းဘုရင်က သက်ဆင် ၏ ထောင်ဒဏ်ကို ၈ နှစ်မှ ၁ နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ကျန်းမာရေး
- Hits: 3430
CNI International News
ဘေဂျင်း၊ ဇန်နဝါရီ ၁၁
တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသားများအတွက် ဗီဇာအသစ်များ ထုတ်ပေးခြင်းကို တရုတ်သံရုံးများက အင်္ဂါနေ့ တွင် ရပ်ဆိုင်းလိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
ယင်းက ထိုနှစ်နိုင်ငံတွင် တရုတ်မှလာသော ခရီးသည်များကို ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးရမည်ဆိုသည့် သတ်မှတ်ချက်အပေါ် ပေါ်ပေါ်ထင်ထင် ပြန်လည်တုန့်ပြန်ခြင်းလည်း ဖြစ်သည်။
တိုကျိုနှင့် ဆိုးလ်မြို့တို့ရှိ တရုတ်သံရုံးများက ရပ်ဆိုင်းမှုကို အွန်လိုင်မှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
ဆိုးလ်မြို့ရှိ တရုတ်သံရုံး ထုတ်ပြန်မှုတွင် တရုတ်လူမျိုးများနှင့် ပတ်သက်သည့် ဝင်ရောက်မှုဆိုင်ရာ ခွဲခြား သတ်မှတ်ချက်ကို တောင်ကိုရီးယားဘက်မှ မဖယ်ရှားမခြင်း ဗီဇာရပ်ဆိုင်းမှုကို ထားရှိသွားမည်ဟု ဖော်ပြသည်။
တရုတ်သံရုံးကိုတွေ့ရစဉ်(AP)
ဗီဇာရပ်ဆိုင်းမှုတွင် အလည်အပတ်၊ စီးပွားရေးနှင့် တခြားသော ဗီဇာအမျိုးအစား တချို့လည်း ပါဝင်သည်။
တရုတ်ခရီးသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု တောင်ကိုရီးယားနှင့် ဂျပန်တို့ဘက်မှ ကြေညာခဲ့ ပြီးနောက် ထိုဆောင်ရွက်ချက်အပေါ် တုန့်ပြန်မှု လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောခဲ့သည်။
ဥရောပ၊ မြောက်အမေရိကနှင့် အာရှဒေသတို့မှ အနည်းဆုံး ၁၀ နိုင်ငံခန့်သည်လည်း ထိုကဲ့သို့ စစ်ဆေးမှုများကို လုပ်ဆောင်မည်ဟု ကြေညာထားသည်။ တရုတ်တွင် ပျံ့နှံ့နေသော ဗိုင်းရပ်စ် အခြေအနေနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်မှု အားနည်းမှုကြောင့်ဟု ဆိုကာ ထိုသို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိ အချိန်အထိ မည်သည့်အတွက်ကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နှစ်နိုင်ငံကို ပစ်မှတ်ထားသလဲ ဆိုသည် နှင့် တရုတ်ခရီးသည်များအပေါ် စစ်ဆေးမှု ပြုလုပ်မည့် တခြားသော နိုင်ငံများကိုပါ ဗီဇာတင်းကြပ်မှု လုပ်ဆောင် သွားမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
တောင်ကိုရီးယားလေဆိပ်မှာ ကိုဗစ်တင်းကြပ်နေစဉ် (AP)
တိုကျိုရှိ တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ဗီဇာသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဟု ဖော်ပြထားသည်။ ထိုကြေညာချက်က အသစ်လျှောက်ထား သူများအတွက်သာ အကျုံးဝင်ကာ ဗီဇာကိုင်ဆောင်ထားပြီး ဖြစ်သူများ နှင့် သက်ဆိုင်မှုမရှိဟု ယူဆရသည်။
တရုတ်မှလာသော ခရီးသည်များအပေါ် ဗိုင်းရပ်စ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်များ ချမှတ်သည့် တောင်ကိုရီးယား အစိုးရ၏ လုပ်ဆောင်ချက်သည် သိပ္ပံနည်းကျ၊ ဓမ္မဓိဌာန်ကျကျ အကြောင်းအရာများပေါ်တွင် အခြေခံကြောင်း၊ တောင်ကိုရီးယားသည် နိုင်ငံတကာ အသိုက်အဝန်းသို့ သတင်းအချက်များကို ပွင့်လင်းမြင်သာ စွာ ပေးပို့ခဲ့ကြောင်းနှင့် အစိုးရအနေဖြင့် တရုတ်ဘက်နှင့် ဆက်သွယ်မှုများ လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကန့်သတ်ချက်များကို ချမှတ်ခြင်းက မလိုလားအပ်သော အခြေအနေသာ ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
Source: AP

- By CNI
- Category: ကျန်းမာရေး
- Hits: 3062
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၃၀
တရုတ်နိုင်ငံတွင်းမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အသစ်များကြောင့် နိုင်ငံပေါင်းများစွာက တရုတ်မှလာသော ခရီးသည်များကို ကိုဗစ်စစ်ဆေးမှုများ လုပ်ဆောင်မည်ဟု ကြေညာထားသည်။
ယင်းက တရုတ်ပြည်ရှိ အခြေအနေများအရ ဗိုင်းရပ်စ်မျိုးကွဲ အသစ်များ ပေါ်ပေါက်လာမည်နှင့် တရုတ်အစိုးရဘက် မှ အခြေအနေအမှန်များအား အချိန်မှီ ထုတ်ပြန်ခြင်း မလုပ်မည်ကို တစ်ကမ္ဘာလုံးက စိုးရိမ်နေကြောင်း ထင်ဟပ် နေသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
လက်ရှိ အချိန်အထိ ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ထွက်လာသည်ဆိုသည့် သတင်းမျိုး မရှိသေးပေ။ သို့သော် ၂၀၁၉ ခုနှစ် နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်စဉ်ကတည်းက တရုတ်အစိုးရသည် ၎င်းတို့၏ အခြေအနေများကို ထိန်ချန်ထားသည်ဟု စွပ်စွဲခြင်း ခံခဲ့ရသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများက နောက်ထပ် ရောဂါဖြစ်ပွားမှု အသစ် ဖြစ်နိုင်သည့် အခြေအနေ များနှင့် ပတ်သက်၍ ဘာမှမသိရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
တရုတ် ခရီးသွားများကိုတွေ့ရစဉ်(AP)
တရုတ်မှလာသော ခရီးသည်များသည် ဆေးစစ်မှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည်ဟု အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အီတလီတို့က ကြေညာထားသည်။ ရောဂါကူးစက်မှုများ ထပ်မံပေါ်ပေါက် လာမည် နှင့် သတင်းအချက်အလက်ပိုင်း အားနည်းခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု အမေရိကန်က ပြောသည်။
ဂျပန်နှင့်ထိုင်ဝမ်တို့မှ အာဏာပိုင်များကလည်း ထိုသို့ စိုးရိမ်မှုများ ရှိနေသည်ဟု ထုတ်ဖော်ထားကြသည်။
လက်ရှိ တရုတ်နိုင်ငံတွင်းမှ ရောဂါကူးစက်မှု အခြေအနေများက ထင်သာမြင်သာ ရှိမနေကြောင်း၊ ယင်း၏ သတင်း အချက်အလက်များကို အကန့်အသတ်ဖြင့်သာ ရရှိကြောင်း၊ ၎င်းက ရာနှုန်းပြည့် မှန်ကန်မှု မရှိနိုင်ကြောင်း ထိုင်ဝမ် ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာ ခေါင်းဆောင် ဝမ်ပီရှန်း(Wang Pi-Sheng)က ပြောသည်။
လာမည့်လ နှစ်ကူး အားလပ်ရက်အဖြစ် ထိုင်ဝမ်သား ၃၀၀၀၀ ခန့် ပြည်တော်ပြန်လာမည်ဟု ခန့်မှန်းထားကာ တရုတ်မှလာသော ခရီးသည်တိုင်းကို ဇန်နဝါရီ ၁ ရက်မှစတင်၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်လည်း ဖြစ်သည်။
တရုတ် ခရီးသွားများကိုတွေ့ရစဉ်(AP)
ထို့အပြင် တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မက္ကာအိုတို့မှလာသော ခရီးသည်များကို သောကြာနေ့မှ စတင်၍ သတ်မှတ်ထားသော လေဆိပ်များတွင်သာ ဆင်းသက်စေမည့် ဂျပန်အစိုးရ၏ အစီစဉ်ကြောင့်လည်း အားလပ်ရက် ခရီးစဉ် အများစုကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့နိုင်ငံ အများစုတွင် တရုတ်မှ ခရီးသည်များနှင့် ပတ်သက်၍ မူဝါဒပြောင်းလဲမှုများ မရှိသေးကြောင်း၊ မူဝဒါ ပြောင်းလဲမှုတွင် မည်သည့်နိုင်ငံမှ ခရီးသည်ကိုမဆို တပြေးညီ ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ကူးစက်မှု လှိုင်းအသစ်တိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး လက်ရှိ တရုတ်နိုင်ငံ၌ ကူးစက်မှု လှိုင်းအသစ် ပေါ်ပေါက်လျက်ရှိသည်။
ထို့ကြောင့် သိပ္ပံပညာရှင်များ အနေဖြင့် ယခုလှိုင်းအသစ်တွင် သန္ဓေပြောင် ဗိုင်းရပ်စ် အသစ်တစ်မျိုး ပေါ်ပေါက်လာ မည်လား မပြောနိုင်သော်လည်း ထိုသို့ ဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
Source: AP

- By CNI
- Category: ကျန်းမာရေး
- Hits: 3178
CNI International News
နယူးဒေလီ၊ဒီဇင်ဘာ ၃၀
အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက် ဆေးရည်တစ်မျိုးကို သောက်ပြီးနောက် ဥဇဘတ်ကစ္စတန်တွင် ကလေး ၁၈ ဦး သေဆုံးမှုနှင့်ပတ်သက်၍ အိန္ဒိယဘက်က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ ဆေးဝါးထိန်းချုပ်မှုဗဟိုအဖွဲ့ (CDSCO) သည် ဥဇဘတ်နိုင်ငံမှ တာဝန်ရှိ သူများနှင့် ဆက်သွယ် ဆောင်ရွက်နေသည်ဟု အိန္ဒိယကျန်းမာရေးဌာနက ကြာသပတေးနေ့တွင် ပြောခဲ့သည်။
ကလေးများသည် အိန္ဒိယဆေးဝါးလုပ်ငန်း Marion Biotech Pvt Ltd ထုတ် ချောင်းဆိုးပျောက်ဆေး တစ်မျိုးဖြစ် သော Dok-1 Max ဆေးကို သောက်အပြီး သေဆုံးသွားခဲ့သည်ဟု ဥဇဘတ် ကျန်းမာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆေးချက်များအရ ထိုဆေးတွင် ethylene glycol ပါဝင် နေသည်ကို တွေ့ရသည်။
အိန္ဒိယဆေးဝါးလုပ်ငန်း ထုတ်လုပ်တဲ့ နေရာကို ရဲများစစ်ဆေးစဉ် (GETTY IMAGES)
ethylene glycol သည် အဆိပ်ဖြစ်စေသော အရာတစ်ခုဖြစ်ကာ ယခင်ကလည်း ကလေးများ သေဆုံးမှုနှင့် ဆက်စပ်မှု ရှိခဲ့သည်။
သတင်းရရခြင်းပင် Marion Biotech ၏စက်ရုံကို ဥတာပရာဒတ်ရှ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့် CDSCO အဖွဲ့တို့ က ပူးတွဲစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ကနဦး စစ်ဆေးမှု ရလဒ်များအပေါ် အခြေခံကာ နောက်ထပ် ဆောင်ရွက်ချက်များ ထပ်မံဆောင်ရွက် သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောသည်။
စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် ဆေးဝါးနမူနာကိုပါ ယူဆောင်ခဲ့သည်ဟုလည်း သိရသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဥဇဘတ်မှ ကျန်းမာရေးအရာရှိများနှင့် ဆက်သွယ်ထားကြောင်း၊ နောက်ထပ် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ကူညီရန် အဆင်သင့် ရှိနေသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောသည်။
အဆိုပါ ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်ဟုလည်း ကုမ္ပဏီ၏ ရှေ့နေပြောစကားအား ကိုးကားပြီး အိန္ဒိယ သတင်းများတွင် ဖော်ပြထားသည်။
Dok-1 Max ဆေးရည်ဘူးကိုတွေ့ရစဉ် (GETTY IMAGES)
ယခုဖြစ်ရပ်သည် နယူးဒေလီအခြေစိုက် Maiden ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ်သော ချောင်းဆိုး ပျောက်ဆေးများနှင့် ဆက်စပ်၍ ဂမ်ဘီယာနိုင်ငံတွင် ကလေး ၇၀ ဦး သေဆုံးပြီးနောက် လအနည်းငယ် အကြာ တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဂမ်ဘီယာဖြစ်ရပ်တွင် ကုမ္ပဏီနှင့်အိန္ဒိယအစိုးရတို့က ဆေး အရည်အသွေးတွင် မည်သည့် ပြဿနာမှ မရှိဟု ငြင်းဆိုထားသည်။ Maiden ထုတ် ဆေးဝါးများကို ဗီယက်နမ်နိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက ပိတ်ပင်ထား ဖြစ်သည်။
ဝင်ငွေအနိမ့်နှင့်အလယ်အလတ် တန်းစား နိုင်ငံများတွင် အိန္ဒိယမှတင်ပို့သော ဆေးဝါးများကိုသာ မှီခိုနေရသည်။ အိန္ဒိယသည် အာဖရိကသို့ ရောက်ရှိလာသော ဆေးဝါးများ၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယင်း၏ ဆေးဝါး တင်ပို့မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း နှစ်ဆကျော် မြင့်တက်လာခဲ့သည်။
Source: အယ်ဂျာဇီးယား

- By CNI
- Category: ကျန်းမာရေး
- Hits: 3085
CNI International News
ဘေဂျင်း၊ဒီဇင်ဘာ ၂၇
တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ၎င်းတို့၏ သတ်မှတ်ချက်ကို ဇန်နဝါရီ ၈ ရက်မှ စ၍ လျော့ချလိုက်မည်ဖြစ်၍ နယ်စပ်များပါ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း South China Morning Post က ပြောသည်။
ထို့နောက် ကွာရန်တင်း ဝင်ရောက်ခြင်းကိုပါ ဖျက်သိမ်းမည် ဖြစ်သည်။
၎င်းက နိုင်ငံ၏ သုံးနှစ်ကြာ zero-Covid မူဝါဒကို ဖယ်ရှားရန် အပြင် ဗိုင်းရပ်စ်ပိုးနှင့် အတူတကွ ရှင်သန်နိုင်ရေး ကြိုးစားမှု၏ နောက်ဆုံး တစ်ခုလည်း ဖြစ်သည်။
တရုတ်တွင် ကိုဗစ်-၁၉ ကို ၂၀၂၀ ခုနှစ်မှ စတင်ကာ အေ(A)အဆင့်ရှိ ထိပ်တန်း ကူးစက်ရောဂါ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
လျော့ချရန် ကြေညာခဲ့ပြီးနောက် အဆိုပါကိစ္စများကို နိုင်ငံ၏ Frontier Health and Quarantine ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု အာဏာပိုင်များက ပြောသည်။
တရုတ် ကိုဗစ်လူနာကိုတွေ့ရစဉ်
တရုတ်နိုင်ငံ၏ ဥပဒေများအရ အေအဆင့်ရှိ ရောဂါများကို ထိန်းသိမ်ရန်အတွက် တာဝန်ရှိသူများသည် ကွာရန်တင်းနှင့် သီးသန့်ခွဲခြား နေထိုင်ခြင်း စသော တင်းကြပ်သည့် စည်းမျဉ်းများကို ချမှတ်နိုင်သည့် အပြင် တစ်မြို့လုံး လော့ဒေါင်း ပြုလုပ်ခြင်းကိုလည်း လုပ်ပိုင်ခွင့်ရှိသည်။
နယ်စပ်ဒေသများတွင်လည်း ကူးစက်ခံရသူ သို့မဟုတ် ကူးစက်သူဟု သံသယရှိ သူများသည် ရောဂါကူးစက်ခံမှု အချိန်ပေါ် မူတည်၍ ကွာရန်တင်း ဝင်ရောက်ရမည် ဖြစ်သည်။
ဇန်နဝါရီ ၈ ရက်မှ စတင်ကာ ဘီအဆင့်ရှိ ရောဂါစီမံခန့်ခွဲမှုသို့ အဆင့်လျော့ချနိုင်ရေး ကြိုတင် ပြင်ဆင်ထားရန် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က တနင်္ဂနွေနေ့တွင် အသိပေးခဲ့သည်ဟု ကွမ်တုန် (Guangdong)၊ ဖုဂျွင်း (Fujian) နှင့် ဂျန်းဆု (Jiangsu) တို့မှ ပြည်နယ်အဆင့် ကျန်းမာရေးအရာရှိသုံးဦးက ပြောသည်။
ထိုသို့ အဆင့်ပြောင်းလဲ သတ်မှတ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါအတွက် လိုအပ်သော ကုသမှုများနှင့် ရောဂါ ပျံ့ပွားမှုကို တားဆီးရန် ဆောင်ရွက်ချက်များသာ လိုအပ်တော့မည် ဖြစ်သည်။
တရုတ်-မြန်မာ နယ်စပ်ကိုတွေ့ရစဉ်
ဘီအဆင့်ရောဂါ သတ်မှတ်ချက်တွင် မဖြစ်မနေ လုပ်ဆောင်ရမည်ဆိုသည့် သတ်မှတ်ချက် ပါရှိမနေခြင်းကြောင့် ဇန်နဝါရီ ၈ ရက်မှစတင်ကာ တရုတ်သို့ ဝင်ရောက်လာသည့် ဧည့်သည်များသည်လည်း မဖြစ်မနေ ကွာရန်တင်း ဝင်ရောက် ရမည့် အခြေအနေမှ ကင်းလွတ်ခွင့် ရရှိမည်လည်း ဖြစ်သည်။
ဗိုင်းရပ်စ်ပိုးနှင့် အတူတကွ ရှင်သန်နိုင်ရေး ဗဟိုပြုမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို တရုတ်ဘက်က လုပ်ဆောင် ခြင်း အနေဖြင့် PCR စမ်းသပ်မှုများသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေအနေတွင် မရှိတော့ဘဲ ကိုဗစ် ၁၉ တုန့်ပြန်ရေးအတွက် တာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ် ဆန်ချွန်လန် (Sun Chunlan) ကလည်း ရောဂါ ကူးစက်မှုထက် ကာကွယ်မှုကို ပိုမိုအာရုံစိုက်ရန် တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။
ဇန်နဝါရီ ၈ ရက်နေ့မှ စတင်ကာ တရုတ်အာဏာပိုင်များသည် ကိုဗစ် ၁၉ ရောဂါကို အဆုတ်ရောင် ရောဂါပုံစံ တစ်မျိုးအဖြစ် ရည်ညွှန်းပြောဆိုမှု လုပ်ဆောင်တော့မည် မဟုတ်ပေ။
Source: SCMP
- By CNI
- Category: ကျန်းမာရေး
- Hits: 3134
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၇
တရုတ်နိုင်ငံသားများသည် မှောင်ခိုဈေးကွက်အတွင်းမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးဝါးများကို ဝယ်ယူ နေကြ သည်ဟု South China Morning Post က ဖော်ပြထားသည်။
နိုင်ငံတွင်း ဗိုင်းရပ်စ်ပျံ့ပွားမှု ရုတ်ချည်း မြင့်တက်လာချိန်တွင် တရားဝင် ခွင့်ပြုထားသော ဆေးဝါးများကို အကန့် အသတ်ဖြင့်သာ ဝယ်ယူရရှိနိုင်ခြင်းကြောင့် ယခုကဲ့သို့ တရားမဝင်ဈေးကွက်မှ ဆေးဝါးများဘက်သို့ လှည့်လာခဲ့ ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးကိုသာ ခွင့်ပြုပေးထားသည်။ ထိုဆေးများမှာ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သော Genuine Biotech မှ ထုတ်လုပ်သော Pfizer’s Paxlovid နှင့် HIV ဆေးဝါးတစ်မျိုးဖြစ်သော Azvudine တို့ဖြစ်သည်။
သို့သော် ထိုနှစ်မျိုးမှာ သတ်မှတ်ထားသော ဆေးရုံတွင်သာ ရရှိနိုင်သည်။ ထိုသို့ ဆေးဝါးများ အကန့်အသတ် ဖြင့်သာ ရှိနေခြင်းနှင့် ဈေးနှုန်း အခြေအနေတို့ကြောင့် တရုတ်နိုင်ငံသား အများစုမှာ အိန္ဒိယမှ တင်ပို့သော ဈေးသက်သာသည့် တရားမဝင် ဆေးများဘက်သို့ လှည့်လာခြင်း ဖြစ်သည်။
တရုတ် ကိုဗစ်ဆေး ဝယ်ယူနေကြစဉ် (Reuters)
လက်ရှိ အချိန်တွင် တရုတ်၏ လူမှုကွန်ယက်တစ်ခုဖြစ်သော Weibo ၌ တစ်ဗူးယွမ် ၁၀၀၀ တန် ကိုဗစ်တားဆီးရေး အာနိသင်တူ အိန္ဒယဆေးဝါးဟု ရှာဖွေသူ အရေအတွက်မှာ သိသိသာသာ မြင့်တက်လာပြီး ဆေးရရှိရေးအတွက် အပြန်အလှန် လမ်းညွှန်ခြင်း၊ နည်းလမ်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်လာသည်ကို တွေ့ရသည်။
ထို့နောက် လက်ရှိတွင် တရုတ်နိုင်ငံ၌ အိန္ဒိယဘက်မှ အာနိသင်တူညီသည့် ကိုဗစ်ကာကွယ်ရေး ဆေးဝါးလေးမျိုးကို တရားမဝင် ရောင်းချလျက်ရှိသည်။
၎င်းတို့မှာ Primovir၊ Paxista၊ Molnunat နှင့် Molnatris တို့ဖြစ်သည်။
တရုတ် ကိုဗစ်လူနာများကိုတွေ့ရစဉ် (GETTY IMAGES)
လက်ရှိ တရားဝင် ဈေးကွက်အတွင်း Paxlovid ဈေးတစ်ဗူးကို ယွမ် ၂၉၈၀ ဖြင့် ဝယ်ယူနေရချိန်တွင် အိန္ဒိယဆေး များမှာ ယွမ် ၅၃၀ မှ ၁၆၀၀ အတွင်းသာ ဈေးရှိသည်ဟု Tencent News တွင် ဖော်ပြထားသည်။
Primovir နှင့် Paxista တို့သည် Paxlovid နှင့်အာနိသင်တူ ဆေးဝါးများဖြစ်ပြီး Molnunat နှင့် Molnatris တို့မှာ Merck ၏ Molnupiravir နှင့် အာနိသင်တူ ဖြစ်သည်။ သို့သော် ထိုဆေးများကို တရုတ်အစိုးရက တရားဝင် ခွင့်ပြု ထားခြင်း မရှိသောကြောင့် ၎င်းတို့ကို ရောင်းချခြင်းမှာ အပြစ်ပေးနိုင်သည့် ပြစ်ဒဏ်ချိုးဖောက်မှုလည်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ဆေးဝါးဥပဒေအရ ခွင့်ပြုချက်မရှိဘဲ တင်သွင်းသော ဆေးဝါးများကို ဆေးဝါးအတုဟု မသတ်မှတ် တော့ သော်လည်း အဆိုပါ ဆေးဝါးများ ဖြန့်ဖြူးရာတွင် ပါဝင်သူများကို လိုင်စင်မရှိဘဲ တင်သွင်းခြင်းဖြင့် ပြစ်ဒဏ် ပေးနိုင်နေဆဲ ဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံတွင်းမှ ဆရာဝန်များနှင့် ကျန်းမာရေးပညာရှင်များက လိုင်စင်မရှိသော အရောင်း ကိုယ်စား လှယ် များနှင့် WeChat ကဲ့သို့ အပလီကေးရှင်းများ အပါအဝင် တရားမဝင် Channel နယ်များမှ ဆေးဝါးများ ကြောင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း သတိပေးမှုများ လုပ်ဆောင်ကာ မဝယ်ယူရန် တိုက်တွန်း လျက်ရှိသည်။
Source: South China Morning Post
- By CNI
- Category: ကျန်းမာရေး
- Hits: 2893
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၄
တရုတ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၇ သန်းနီးပါးရှိသည်ဟု Bloomberg သတင်းတွင်ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့တွင်ကျင်းပခဲ့သော တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ အစည်းအဝေးမှတ်တမ်းများကို အခြေခံကာ ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
သောကြာနေ့တွင်ထုတ်ပြန်ခဲ့သောသတင်းတွင် တရုတ်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းဖြစ်သော လူ ၂၄၈ သန်းသည် ဒီဇင်ဘာလ ပထမ ရက် ၂၀ အတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်ဟု ရေးသားထားသည်။ နိုင်ငံအနှံ့ ကန့်ကွက် ဆန္ဒပြမှုများကြောင့် တရုတ်အစိုးရသည် ၎င်းတို့၏တင်းကြပ်သော ကိုဗစ်တားဆီးရေး သတ်မှတ်ချက်များကို ဖြေလျော့ပေးခဲ့ရသည်။
ထိုသို့ဖြေလျော့ပေးပြီးနောက် နိုင်ငံတွင်းဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ သိသိသာသာမြင့်တက်လာသည်ကိုတွေ့ရသည်။ နိုင်ငံ၏ Zero-COVID မူဝါဒတွင် ရောဂါကူးစက်မှုအနည်း ငယ်ရှိသည်နှင့်ပင် မြို့ကြီးများအပါအဝင်မြို့တစ်ခုလုံးကို လုံးဝပိတ်ပစ်ခဲ့သည်။
သို့သော်လက်ရှိအချိန်တွင် ထိုသို့သော ကန့်သတ်ချက်များအများစုကို လျော့ပေါ့ပေးခဲ့ပြီဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် လူအစုလိုက် အပြုံလိုက်ကို စစ်ဆေးခြင်းမူဝါဒကိုလည်း ရပ်တန့်ခဲ့ကာ နိုင်ငံတွင်း ရောဂါ လက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုခြင်းမျိုးလည်း မရှိတော့ပေ။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ရှန်ဟိုင်းမြို့ Changning ခရိုင်ရှိ ဆေးရုံတစ်ခု၏ Fever Clinic ဧရိယာတွင် လူများ ဆေးကုသမှုခံယူနေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)
ယင်းကြောင့် အဆိုပါအခြေအနေများမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးနှင့် လုံးဝမထိတွေ့ရသေးသူများတွင် ရောဂါကူးစက် ခြင်းမျိုးပေါ်ပေါက်လာခြင်းနှင့် ပြီးခဲ့သည့်လအတန်ကြာကတည်းက ထိုးထားသော ကာကွယ်ဆေး၏ အာနိသင် လျော့ပါးမှုဖြစ်လာနိုင်ခြင်းစသည်တို့နှင့်ပတ်သက်၍ စိုးရိမ်မှုများလည်းရှိလာသည်။ ထို့အပြင် နိုင်ငံ၏ကျန်းမာရေး စနစ်သည် အစိုးရ၏ မျှော်လင့်မထားသော မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်၍ စနစ်တကျ ပြင်ဆင်ထားခြင်း မရှိ သောကြောင့် ဆေးရုံများနှင့်ကျန်းမာရေးဌာနများသည် ထိုအခြေအနေကို ထိန်းချုပ်ရန် ရုန်းကန်ရနိုင်ဖွယ် ရှိနေသည်။
ကျန်းမာရေးဆိုင်ရာအချက်အလက်များကောက်ယူသော ကုမ္ပဏီတစ်ခုဖြစ်သည့် Airfinity က လက်ရှိ တရုတ်နိုင်ငံ တွင် နေ့စဉ်လူ ၅၀၀၀ ခန့် ကိုဗစ်ကြောင့်သေဆုံးနေကာ အများဆုံး တစ်သန်းနီးပါ နေ့စဉ် ရောဂါပိုးကူးစက်ခံနေရ သည်ဟု ခန့်မှန်းထားသည်။
ယခုတစ်ကြိမ် ဗိုင်းရပ်စ်ပျံ့ပွားမှုတွင်လူပေါင်း ၁ ဒသမ ၃ သန်းမှ ၂ ဒသမ ၁ သန်းအထိ သေဆုံးနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်းလည်း Airfinity ကပြောသည်။ Airfinity ကကြာသပတေးနေ့တွင် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းနှင့်တစ်ရက်တည်းတွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ အချက်အလက်များတွင်မူ ကူးစက်မှုအရေအတွက်မှာ ၄၀၀၀ အောက်သာရှိပြီး တစ်နိုင်ငံလုံးတွင် ကိုဗစ်ကြောင့်လူသေဆုံးမှု လုံးဝမရှိဟု ဖော်ပြထားသည်။
Soure:Aljazeera

- By CNI
- Category: ကျန်းမာရေး
- Hits: 3241
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆
ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn)၏ အကြီးဆုံးသမီးတော်သည် နှလုံးရောဂါဖြင့် ဆေးရုံတင်ထားရကြောင်း တော်ဝင်နန်းတော်မှ ထုတ်ပြန်ခဲ့သည်ဟု အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။
အသက် ၄၄ နှစ်အရွယ် မင်းသမီးဖြစ်သူ ဘတ်ရာကစ်တီယာဘာ့ (Bajrakitiyabha)သည် တနင်္လာနေ့တွင် သတိလစ် လဲကျသွားခြင်းကြောင့် ထိုသို့ ဆေးရုံတင်ခဲ့ရခြင်း ဖြစ်သည်။
မင်းသမီးသည် ထိုင်းစစ်တပ်က ကြီးမှူးကျင်းပသည့် နိုင်ငံအရှေ့မြောက်ပိုင်း နာခွန် ရတ်ချာစီမာ (Nakhon Ratchasima) ပြည်နယ်ရှိ လုပ်ငန်းသုံး ခွေးချန်ပီယံရှစ် ပြိုင်ပွဲကို တက်ရောက်နေစဉ် ဒီဇင်ဘာ ၁၄ ရက်နေ့ အစော ပိုင်းတွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နန်းတော်က ထုတ်ပြန်သည်။
မင်းသမီး၏ အခြေအနေ ပြန်လည် တည်ငြိမ်သွားချိန်တွင် သူမကို ရဟတ်ယာဉ်ဖြင့် ဘန်ကောက်သို့ ပို့ဆောင်ခဲ့ ကြောင်း နန်းတော်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်ကို ရှင်းလင်းထားခြင်း မရှိပေ။
မင်းသမီးသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း (Chulalongkorn) ဆေးရုံသို့ တက်ရောက်ကာ ကုသမှုနှင့် စစ်ဆေးမှုများ ခံယူခဲ့သည်။
မင်းသမီးဖြစ်သူ ဘတ်ရာကစ်တီယာဘာ့နဲ့ မိသားစုကိုတွေ့ရစဉ် (GETTY IMAGES)
ဘာ့မင်းသမီးဟု ထင်ရှားသော မင်းသမီး ဘတ်ရာကစ်တီယာဘာ့သည် ထိုင်းဘုရင်၏ တရားဝင်သား သမီး ၃ ဦး ထဲမှ ၁ ဖြစ်သည်။
ထို့ကြောင့် သူမသည် ၁၉၂၄ ထီးနန်း ဆက်ခံခြင်းဆိုင်ရာ ဥပဒေနှင့် ထိုင်းနိုင်ငံ၏ အခြေခံဥပဒေတို့အရ ထီးနန်းကို ဆက်ခံခွင့် ရှိသူလည်း ဖြစ်သည်။
သို့သော် လက်ရှိအချိန်အထိ ထိုင်းဘုရင်က ထီးနန်းဆက်ခံမှုနှင့်ပတ်သက်၍ တရားဝင် လျာထားခြင်း မရှိသေး သလို မင်းသမီးအနေဖြင့် ထီးနန်းဆက်ခံခွင့်နှင့် ပတ်သက်၍ တရားဝင် ဆွေးနွေးပြောဆိုခြင်းမျိုးလည်း မရှိသေးပေ။
မင်းသမီးသည် ကုလသမဂ္ဂ အဖွဲ့အစည်းများ အပြင် သြစတြီးယား၊ ဆလိုဗေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ သို့ ထိုင်းသံအမတ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။
ဘုရင်စနစ် ဆက်လက် အကျုံးဝင်နေဆဲဖြစ်သော ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း ဘုရင့်အာဏာကို ဖယ်ရှားပေးရန် တောင်းဆိုမှုများနှင့် တော်ဝင်မိသားစုကို ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့သည်။ လက်ရှိ ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းသည် ဖခင်ဖြစ်သူ ဘုရင်ကြီး ဘူမိဘော အဒူရာဒတ် (King Bhumibol Adulyadej) နတ်ရွာစံ ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုင်းဘုရင်အဖြစ် တင်မြှောက်ခံခဲ့ရသည်။
Source: အယ်ဂျာဇီးယား

- By CNI
- Category: ကျန်းမာရေး
- Hits: 2686
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၅
တရုတ်နိုင်ငံသည် ကမ္ဘာ့အတင်းကြပ်ဆုံး ဗိုင်ရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေး စည်းကမ်းတချို့ကို ဖြေလျော့ပေးခဲ့ပြီး မူကွဲများသည် ပို၍အားပျော့လာပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
သို့သော် လူသန်းပေါင်းများစွာကို နေအိမ်တွင်း ပိတ်လှောင်မှု ဖြစ်စေပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့သည့် Zero-COVID မဟာဗျူဟာကို အဆုံးသတ် လိုက်တော့မည်လား ဆိုသည်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။
တနင်္လာနေ့(ဒီဇင်ဘာ ၅ ရက်)က ဘေဂျင်းနှင့် ကျန်မြို့ အနည်းဆုံး ၁၆ မြို့မှ ခရီးသွားလာသူများသည် လပေါင်း များစွာအတွင်း ပထမဆုံးအဖြစ် လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဗိုင်းရပ်စ်နှင့်ပတ်သတ်သော စစ်ဆေးမှု တစ်စုံ တစ်ရာမရှိဘဲ ဘတ်စ်ကားများနှင့် မြေအောက်ရထားများကို ပြန်လည် စီးနင်းခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
ဂွမ်ဇူး အပါအဝင် စီးပွားရေး အချက်အချာ နေရာများ၌ ဈေးကွက်များနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကူးစက်မှုရှိနေသည့် နေရာတချို့မှလွဲ၍ ကျန်နေရာများတွင် ထိန်းချုပ်ထားမှုများကို ဖြေလျော့ ပေးခဲ့ပြီ ဖြစ်သည်။
တရုတ် မြို့ပြအတွင်းက အမျိုးသမီး တစ်ဦး လမ်းလျှောက်သွားနေစဉ် (AP)
ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်အစိုးရက အသက် ၇၀ နှင့် ၈၀ ကျော် လူဦးရေး သန်းပေါင်းများစွာကို ကာကွယ်ဆေး ထိုးပေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။
၎င်းက zero-COVID ဆိုင်ရာ တင်းကြပ်မှုများကို အဆုံးသတ်နိုင်ရေး အခြေအနေ တစ်ခုဖြစ်သော်လည်း နိုင်ငံတွင်း ခရီးသွား ဝင်ရောက်မှုအပြင် ကုန်ထုတ်လုပ်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးတို့ကို ထိခိုက်စေခဲ့သည်။
သို့သော် ကာကွယ်ဆေးထိုးနှံခြင်းက zero-COVID လျှင်လျှင်မြန်မြန် အဆုံးသတ်ရေးအတွက် မျှော်လင့်ချက်များကို ရှင်သန်စေခဲ့သော်လည်း ကျန်းမာရေးနှင့်စီးပွားရေး ပညာရှင်များက ထိုသို့ ဖြစ်လာနိုင်ရန် ခက်ခဲဦးမည်ဟု သုံးသပ်သည်။
ကာကွယ်ဆေး ထိုးနှံမှု အရေအတွက် လုံလုံလောက်လောက် ရှိရန်နှင့် အလျင်အမြန် ရောဂါကူးစက်ခြင်းကို ကိုင်တွယ်ရန် ဆေးရုံများကို ပြင်ဆင်ထားရခြင်းမှာ ၂၀၂၃ ခုနှစ် အလယ်ပိုင်းနှင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ဖြစ်လာနိုင် သည်ဟု သတိပေးသည်။
တရုတ် ကိုဗစ် စစ်ဆေးနေစဉ် (AP)
အာဏာပိုင်များဘက်မှ ယခုကဲ့သို့ အလျော့ပေး လာရခြင်းမှာ ပြည်သူများ၏ zero COVID အဆုံးသတ်ရေး ဆန္ဒပြ တောင်းဆိုမှုများ နောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တရုတ်ပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှုများကြောင့် ကွာရန်တင်းနှင့် အခြားသော တင်းကြပ်မှုများကို ဖြေလျော့ ခြင်းဖြင့် မတည်ငြိမ်မှုများကို အဆုံးသတ်သွားမည်ဟု ကွန်မြူနစ်ပါတီဘက်က အစောပိုင်းတွင် ကတိပြုခဲ့သည်။ ယခုကဲ့သို့ အာဏာပိုင်များဘက်မှ သဘောထား ပျော့ပြောင်း လာရခြင်းမှာ ပြည်သူများ၏ အမျက်ဒေါသကို ဖြေလျော့ရန် ကြိုးပမ်းမှု ဖြစ်သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ဖြေလျော့မှုများနှင့် ဆန္ဒပြပွဲများအကြား ဆက်စပ်နေမှုကို ဖော်ပြသည့် ထင်ရှားသော ညွှန်းဆိုချက်မျိုးကိုတော့ မတွေ့ရသေးပေ။
တရုတ်နိုင်ငံသည် ကိုဗစ် အခြေအနေများမှ ရုန်းထွက်ရန် ကြိုးပမ်းနေရဆဲဖြစ်သည့် တစ်ခုတည်းသော ကမ္ဘာ့ အင်အားကြီး နိုင်ငံလည်း ဖြစ်သည်။
Source: AP

- By CNI News
- Category: ကျန်းမာရေး
- Hits: 3307
CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
အင်္ဂလန်ဘုရင်မကြီး Elizabeth II ဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ဘုရင်မကြီး Elizabeth II ဟာ ဒီနေ့ အင်္ဂလန်စံတော်ချိန် နေ့လယ်ပိုင်း Balmoral မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
မနက်ဖြန်မှာ သူ့ရဲ့ ရုပ်ကလာပ်ကို လန်ဒန်ကို သယ်ဆောင်မယ်လို့ သိရပါတယ်။