CNI International News

တိုကျို၊ ဧပြီ ၃ 

ဂျပန်ဧကရာဇ် နာရူဟီတို (Naruhito) နှင့် ဧကရီ မာဆာကို (Masako) တို့၏ တစ်ဦးတည်းသော သမီးတော်ဖြစ် သည့် မင်းသမီး အိုက်ကို (Aiko)သည် ဧပြီ ၁ ရက်တွင် ဂျပန်ကြက်ခြေနီအသင်း၌ ပထမဆုံးနေ့အဖြစ် အလုပ် တာဝန် စတင်ထမ်းဆောင်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။ 

အိုက်ကိုသည် အချိန်ကာလ သတ်မှတ်ချက် တစ်ခုအထိ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းတစ်ဦးအဖြစ် ကြက်ခြေနီအသင်းကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်

ထို့နောက် ကြက်ခြေနီအသင်းတွင် စေတနာ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးသည့် ဌာန၌ တာဝန် ထမ်းဆောင်ခဲ့သည်။

အလားတူ ဘုရင့်သမီးတော်တစ်ဦး၏ တာဝန်ဝတ္တရားများကိုလည်း အပြည့်အဝ ထမ်းဆောင်လျက်ရှိကြောင်း ဂျပန်ဘုရင့်မိသားစုဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

"ကျမဟာ ကြက်ခြေနီအသင်းဝင် တစ်ဦးအဖြစ် ကျမရဲ့ ပထမဆုံး အလုပ်တာဝန်ကို ပျော်ရွှင်စွာနဲ့ ရိုကျိုးစွာ တာဝန်ဆောင်ခဲ့ပါတယ်"ဟု အိုက်ကိုက တိုကျို (Tokyo) မြို့တော်၏ မင်နာတို(Minato) မြို့ရှိ ကြက်ခြေနီ ဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 ဂျပန်ဘုရင် မိသားစုကို တွေ့ရစဉ်

အိုက်ကိုသည် ဧပြီ ၁ ရက်က ကြက်ခြေနီအသင်းတွင် စတင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းအသစ် ၈ ဦးထဲမှ တစ်ဦးဖြစ်သည်။

အိုက်ကိုသည် ပြီးခဲ့သည့်လက ဂျပန်ရသစာပေကို လေ့လာသင်ယူနေသည့် Gakushuin တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ သည်။ 

"ကြက်ခြေနီအဖွဲ့ဝင် တစ်ဦးအဖြစ် ကျမရဲ့ တာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ပြီး ကျမဟာ လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်စေဖို့နဲ့ အထောက်အကူဖြစ်စေဖို့ လျင်လျင်မြန်မြန် ကြိုးပမ်းအားထုတ်သွားမှာပါ" ဟု အိုက်ကိုက ပြောကြားခဲ့သည်။

ဂျပန်တွင် ကြက်ခြေနီအဖွဲ့သည် ဂျပန်ဧကရာဇ်မိသားစုနှင့် နီးစပ်သည့် ဆက်ဆံရေးရှိပြီး ဂျပန်ဧကရီများသည် ကြက်ခြေနီအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

ဧပြီ ၁ ရက်နေ့မှာပင် ဂျပန်ဧကရာဇ်မိသားစုက အများပြည်သူနှင့် နားလည်မှုများကို ပိုမိုမြင့်တက်စေရန် တရားဝင် Instagram အကောင့်တစ်ခု ဖွင့်ခဲ့ပြီး ထိုအကောင့်တွင် တစ်ရက်အတွင်း ဖော်လိုဝါ ၂၀၀,၀၀၀ ခန့် ရှိခဲ့သည်။

Source: Nikkei Asia