CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ကိုယ်လက်လှုပ်ရှားမှုကို ထိခိုက်စေသည့် အာရုံကြောရောဂါ တစ်မျိုးဖြစ်သော ပါကင်ဆန်ရောဂါကို ကုသမှု ခံယူနေရခြင်းမရှိကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အိမ်ဖြူတော်သို့ လာရောက်သူများ စာရင်းတွင် ဆရာဝန်တစ်ဦးသည် ပြီးခဲ့သည့် ဩဂုတ်လမှ ယခုနှစ်မတ်လ အတွင်း အိမ်ဖြူတော်သို့ ၈ ကြိမ်ထက်မနည်း လာရောက်ခဲ့သည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့ပြီးနောက် အိမ်ဖြူတော်က ငြင်းချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်သည် အမည်ဖော်ပြနိုင်ခြင်းမရှိသည့် ဖျားနာရောဂါတစ်ခုကို ခံစားနေရဖွယ်ရှိကြောင်း စိုးရိမ်မှုများ ရှိနေသည်။

ထို့နောက် ဇွန်လ ၂၇ ရက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ပြုလုပ်ခဲ့သည့် စကားစစ်ထိုး ပွဲတွင် စကားထစ်ခြင်း၊ တုံ့ဆိုင်းနေခြင်းတို့ကြောင့် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေးတာ၀န်ခံကို တွေ့ရစဉ်

အိမ်ဖြူတော် ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ကီဗင် အိုကော်နာ (Kevin O’Connor) ကမူ ဘိုင်ဒန်သည် နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုမှလွဲပြီး ပြင်ပအာရုံကြောဆိုင်ရာ ဆရာဝန်တစ်ဦးနှင့် ပြသခဲ့ခြင်းမရှိကြောင်း ဇူလိုင် ၈ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ဘိုင်ဒန်သည် စကားစစ်ထိုးပွဲတွင် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု အားနည်းခဲ့သဖြင့် နိုဝင်ဘာ ၅ ရက်၌ ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို မယှဉ်ပြိုင်နိုင်မည့် အခြေအနေအား ဒီမိုကရက်များက စိုးရိမ်လျက်ရှိ သည်။

ဒီမိုကရက်အချို့ကမူ ဘိုင်ဒန်ကို သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ရန်အထိပင် အရိပ်အမြွက် ပြောကြားလျက် ရှိသော်လည်း ဘိုင်ဒန်ကမူ သူသည် ရွေးကောက်ပွဲမှ နုတ်ထွက်သွားမည် မဟုတ်ဘဲ ဆက်လက် ယှဉ်ပြိုင်သွား မည်ဟု ပြောကြားခဲ့သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

အိမ်ဖြူတော်သို့ လာရောက်သည့် ဧည့်သည်တော်များ စာရင်းတွင် Walter Reed အမျိုးသားစစ်ဆေးရုံမှ ဦးနှောက် နှင့် အာရုံကြော ရောဂါအထူးကုဆရာဝန် ဒေါက်တာ ကီဗင် ကန်နာ့ဒ် (Kevin Cannard) သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လမှ ယခုနှစ်မတ်လအတွင်း အိမ်ဖြူတော်သို့ ၈ ကြိမ်ထက်မနည်း လာရောက်ခဲ့သည်ကို ရိုက်တာ သတင်းဌာနက လေ့လာတွေ့ရှိခဲ့သည်။

အိုကောနာကမူ ကန်နာ့ဒ်၏ အိမ်ဖြူတော်သို့ လာရောက်မှုများသည် ဘိုင်ဒန်ကို ကုသရန်မဟုတ်ဘဲ အမေရိကန် စစ်သားများအား ထောက်ပံ့ပေးနေသည့် ၎င်းတို့ဆေးရုံ၏ လှုပ်ရှားမှုများကို အိမ်ဖြူတော်၏ ထောက်ပံ့မှု ရရှိစေရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် သမ္မတ ဘာရက်အိုဘားမား (Barrack Obama) လက်ထက်က ဒုတိယသမ္မတအဖြစ် တာဝန် ထမ်းဆောင်ချိန်အတွင်း ၂၀၁၆ ခုနှစ်တွင် ကန်နာ့ဒ်၏ ကုသမှုကို ခံယူခဲ့ဖူးကြောင်း အမည်မဖော်လိုသည့် အိမ်ဖြူတော် အရာရှိဟောင်းတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

Source: ရိုက်တာ