CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈

ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှု မရှိသေးခြင်းကြောင့် နစက၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရသည်ဟု နစက-က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအ သောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကု ပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှုခံယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့် ရောဂါ၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြော အားနည်းရောဂါတို့အား ခံဏားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်္ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံ ကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး(ကုတင် ၁၀၀၀)တွင် ဆေးကုသမှုခံယူခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ထိုကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်း အာရုံကြော အားနည်းရောဂါကို ဆက် လက်ခံစားနေရသဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူး ဆေးကုသမှုအဖွဲ့၏ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁၄ ရက်တို့တွင် ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ၈ ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ် ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နစက၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ဦးမြင့်ဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဒုသမ္မတ(၁)ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရဖြုတ်ချခံရပြီးနောက် ယာယီသမ္မတဖြစ်လာခဲ့သည်။

နစကသည် အရေးပေါ်ကာလ သက်တမ်း ၆ လတိုးထားသည်မှာ ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်၍ လာမည့်ကာလတွင် ယာယီသမ္မတ ဦးမြင့်ဆွေကို အနားပေးမည်လား သို့မဟုတ်  မည်သို့ ဆက်သွားမည်မှာ စိတ်ဝင် စားစရာကောင်းသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေကြသည်။