CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂

ယာယီသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတတာဝန်ဝတ္တရားများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့က လွှဲပေးလိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိ ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရ ကြောင်း အစောပိုင်းက ထုတ်ပြန်ထားသည်။

ထိုသို့သော ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတ တာဝန် ဝတ္တရားများကို နစကဥက္ကထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နစကရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အကြောင်းကြားစာ ပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို ယာယီသမ္မတတာဝန်ဝတ္တရားများအား နစကဥက္ကဋ္ဌထံသို့ လွှဲပြောင်း အပ်နှံခြင်းအား လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက အရေးပေါ်ကာလ ကြေညာ ထားခြင်းကို ၆ လသက်တမ်း တိုးမြှင့်ထားသည်မှာ ယခုလ ဇူလိုင် ၃၁ ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

ထို့ကြောင့် ဇူလိုင် ၃၁ ရက်နေ့တွင် ကာ/လုံ အစည်းအဝေး ကျင်းပ၍ နောက်ထပ် သက်တမ်းတိုးမြှင့်မလား သို့မဟုတ် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို ဆွေးနွေးကြမည်ဖြစ်သည်။

ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှု အဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်း သည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည့် အချိန်ကတည်းကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လ အထိ တာဝန်ယူခဲ့သည်။

လက်ရှိမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။