CNI International News

ဘန်ကောက်၊ မေလ ၂၃

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့်သာ အသုံးပြုမှုကို စိတ်ချသေချာ စေရန် အတွက်  ဆေးခြောက် အသုံးပြုသူများသည် ဆေးဘက်ဆိုင်ရာ ထောက်ခံချက်များ လိုအပ်လိမ့်မည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင် (Somsak Thepsutin) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

၎င်း၏ ကြေညာချက်သည် လွန်ခဲ့သည့် ၃ နှစ်နီးပါးအတွင်း ဆေးခြောက်သုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ဖယ်ရှား ခဲ့ပြီးနောက် ဆေးခြောက်နှင့်ပတ်သက်သည့် ရှုပ်ထွေးသော စည်းကမ်းများ၊ ကြေညာချက်များအနက် နောက်ဆုံး စည်းကမ်းချက်ဖြစ်သည်။

“ထိုင်းမှာ ဆေးခြောက် သုံးတာနဲ့ပတ်သက်ပြီး စည်းကမ်းတွေကို တိုးမြှင့်သွားမှာပါ။ ဥပမာအနေနဲ့ ဆေးခြောက် သုံးတဲ့သူတွေဟာ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေ ပြသဖို့ လိုပါတယ်။ ပြည်တွင်း/ပြည်ပ ဆေးခြောက် သုံးစွဲ သူတွေဟာ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေ ရှိကိုရှိရပါမယ်”ဟု မစ္စတာ ဆွမ်ဆက်က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင်ကို တွေ့ရစဉ်

“ဒီစည်းကမ်းကို ဆက်လက် ပြဋ္ဌာန်းဖို့နဲ့ ဘာပြဿနာမှ မဖြစ်စေဖို့ အစိုးရ အဖွဲ့အစည်းတွေကို ကျနော်တို့ ညွှန်ကြားသွားမှာပါ” ဟု အာဏာရဖြူးထိုင်းပါတီမှ ဝန်ကြီးဖြစ်သည့် ဆွမ်ဆက်က ပြောသည်။

ထိုအပြောင်းအလဲကြောင့် ဆေးခြောက် အသုံးပြုသူများသည် ထိုင်း၏ တိုင်းရင်းဆေး ပညာရှင်များနှင့် အထွေထွေ ရောဂါကု ဆရာဝန်များ အပါအဝင် လိုင်စင်ရ ဆေးပညာရှင်များက ထုတ်ပေးသည့် ဆေးဘက်ဆိုင်ရာ ထောက်ခံ ချက်များရယူရန် လိုအပ်လိမ့်မည်ဖြစ်သည်။

ထိုထောက်ခံချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ရက်ပေါင်း ၄၀ အတွင်း ထုတ်ပေးစေလိုကြောင်းလည်း မစ္စတာ ဆွမ်ဆက်က ပြောကြားခဲ့သည်။

စည်းမျဉ်းစည်းကမ်းများအရ ဆေးခြောက်ကို ဆေးဝါးကုသမှုအတွက်သာ အသုံးပြုသင့်သည်ဟု ပြဋ္ဌာန်းသင့် ကြောင်း  ထိုင်းတိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွမ်လာ့ခ် ဂျီအန်စ်မန် (Somlerk Jeungsmarn) က ပြောကြားခဲ့သည်။

ဆေးခြောက်သုံးလို့ရတဲ့ ကလပ်ကိုတွေ့ရစဉ်

“ဆေးခြောက် အသုံးပြုသူတွေဟာ လေဖြတ်တာ၊ ခေါင်းကိုက်တာ၊ နာကျင်တာနဲ့ အိပ်မပျော်တဲ့ ရောဂါတွေ ခံစားနေရတဲ့သူတွေ ဖြစ်တယ်ဆိုတာကို အတည်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာ ထောက်ခံချက်တွေလည်း အနာဂတ်မှာ လိုအပ်လာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အနာဂတ်တွင် ပြဋ္ဌာန်းမည့် စည်းကမ်းများတွင် တစ်လအတွင်း အသုံးပြုသည့် ဆေးခြောက်ပမာဏကို ကန့်သတ် ခြင်း၊ သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်အသုံးပြုခြင်းကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြု သည်ဟု ယူဆနိုင်မည် မဟုတ်ဘဲ တရားစီရင်ခံရမည့် စည်းကမ်းချက်များလည်း ပါဝင်လာဖွယ်ရှိသည်ဟု ဆွမ်လာ့ခ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်