- By CNI
- Category: ရာသီဉတု
- Hits: 1451
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ပြည်ပ အလှူရှင်များက ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်က နေပြည် တော်မှာ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်က ငလျင်ဘေး အလှူငွေ ပေးအပ်ပွဲတွင် ငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံ၊ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော် (၂,၃၁၄,၉၀၀)ရရှိခဲ့သလို အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် အဆောက်အဦ တစ်လုံးလျင် ငွေကျပ်သိန်း ၂၀၀၀၀ နှုန်းဖြင့် အလုံးပေါင်း ၅၁ လုံးတို့ ရရှိခဲ့ကြောင်း နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည် ဧပြီ ၁ ရက် (၂၀၂၅ ခုနှစ်)က ပထမအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ပြည်တွင်း/ပြည်မမှ အလှူရှင်များထံမှ ကျပ်ငွေ ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

ငလျင်ဘေး အလှူငွေပေးအပ်ပွဲကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်အစိုးရ အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရေတိုရေရှည်အစီအမံများ ချမှတ်ပြီး မူလအခြေအနေထက် ပိုမိုသာ လွန်ကောင်းမွန်သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေး တို့ကို ဦးတည်ဆော်ငရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ အင်အား တစ်ခု တည်းဖြင့် ဆောင်ရွက်ရန် အကန့်အသတ်များ ရှိသောကြောင့် ယခုကဲ့သို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ ငလျင်ဘေးသင့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နှင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်”ဟု ပြောသည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က အင်အားပြင်း ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှာ ထိခိုက်ခဲ့ပြီး ၆ ခုတွင် ငလျင်ဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည်။
အဆိုပါ ငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုတွင်ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့သည်။

ငလျင်ဘေး အလှူငွေပေးအပ်ပွဲကို တွေ့ရစဉ်
ထို့နောက် သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅,၁၀၄ ဦးရှိကြောင်း နစက,က သတင်းထုတ် ပြန်ခဲ့သည်။
ထို့ပြင် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်း ပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အား လိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်း အဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့် ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိက စာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း- သီလရှင်ကျောင်းနှင့် အခြား ဘာသာရေး အဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇ ဒသမ ၅ ဧက၊ တိရိစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၃,၈၀၄ ဒသမ ၅၄၉ ဘီလီယံ ဖြစ်ကြောင်း နစက,က သတင်းထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1548
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀
မြန်မာနိုင်ငံတွင် ရေဘေး၊ မုန်းတိုင်းဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့နေရ ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍများ ဘယ်လိုထိခိုက်နေသလဲ ဆိုသည့်အပေါ် နိုင်ငံတော်က လေ့လာစမ်းစစ် ကြည့်သင့်ကြောင်း ထောက်ပြလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းက သဘာဝဘေးအန္တရယ်ကို ရင်ဆိုင်ခဲ့ရသော မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် စိုက်ပျိုးမြေဆီလွှာများ ပျက်စီးသွားသည့်အတွက် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကဏ္ဍ၌ အဓိက ဆောင်ရွက်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ငလျင်လှုပ်တဲ့ ဧရီယာတွေကို စိုက်ပျိုးရေး ဒီမီုးဦးမှာ မြေဆီလွှာပြင်ဆင်ရေး လုပ်ငန်းတွေကို ပြန်ပြီး ဦးစားပေးလုပ်ဖို့ ကျနော့်အနေနဲ့ အကြံပြုပါတယ် အဲလိုလုပ်ပြီးလို့ ဟိုဘက်မိုးရာသီ ၆ လပြီးသွားရင်တော့ ဆောင်းရာသီဆိုရင်တော့ ဒီမြေနဲ့စိုက်လို့ရမယ်လို့ အန်ကယ်က အဲလိုတွေးပါတယ်၊ တောင်သူလယ်သမားတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေမရှိတော့ဘူး၊ ဘာလို့ဆိုတော့ ပြီးခဲ့တဲ့ နွေရာသီမှာလည်း ရှုံးလာတာ အဲတော့ သူတို့အရင်တုန်း က မြတ်တုန်းက စုဆောင်းထားတဲ့ ရွှေစငွေစလေးတွေနဲ့ ပေါင်လိုက်ပြုလိုက်နဲ့ လုပ်လာခဲ့တာ တဖြည်းဖြည်းနဲ့ ရှုံးရင်းရှုံးရင်းနဲ့ အခုဟာက တော်တော်အခြေအနေစိုးတဲ့ထိကို ရောက်လာပြီး။ အဲတော့ သူတို့ကို ဒီစပါးသွင်းအားစု စိုက်ဖို့အတွက် စပါးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့မှာ အရင်းနှီးမရှိဘူး၊ မွဲသွားပြီး။ အဲတော့ အပြင်ကနေ ရှာဖို့ဆိုတာ က ငွေစငွေနလေးတွေ ရွှေစရွှေစလေးတွေ ရှိမှလည်းရှာလို့ရတာ အဲတော့ စိုက်ပျိုးတဲ့ ဧကက လျော့သွားနိုင်တယ် လို့ အန်ကယ်မြင်တယ် စိုက်ပျိုးရေးဧက လျော့သွားရင် စိုက်ပျိုးရေးသွင်းအားစုက နည်းသွားမယ် ငလျင်ဖြစ်တဲ့ ဒေသတွေမှာ မစိုက်နိုင်တော့ဘူး။ မစိုက်နိုင်တော့ မဝယ်နိုင်တော့ဘူး မဝယ်နိုင်တော့ စိုက်ပျိုးရေးသွင်းအားစု အနေနဲ့ နည်းသွားမယ်၊ အဲကိစ္စကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုမျိုးမဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ပြီးတော့ နှစ်တိုနှစ်ရှည်တွေကို ငွေချေးပေးဖို့ အန်ကယ်အနေနဲ့ ငလျင်ဖြစ်တဲ့ဒေသတွေကို ဦးစားပေးပြီး ဆောင် ရွက်ဖို့ အန်ကယ်အကြံပေးထားတယ်” ဟု ၎င်းက ပြောသည်။

တောင်သူလယ်သမားများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ကို အရေးပေါ် အခြေအနေ ကြေညာ၍ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ ရေကြီးရေလျှံမှုများဖြစ်ပွား၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရပြီး လယ်ယာမြေများ ပျက်စီးကာ စိုက်ပျိုး ရေးအထွက်နှုန်းလျော့ကျခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်အတွင်းမှာ ရာဂီ(မိုခါ)မုန်တိုင်း တိုက်ခိုက်မှုကြောင့် ရခိုင်ပြည် နယ်အတွင်းက လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်မတိုင်ခင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မြေဆီလွှာအက်ကွဲခြင်း၊ မြေဆီလွှာ ရွေ့သွားခြင်းကြောင့် မြေဆီလွှာပြန်ကောင်းရန် တစ်နှစ်လောက်စောင့်ရမည်ဟု စစ်ကိုင်းဒေသမှ စိုက်ပျိုးရေးသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တောင်သူလယ်သမားများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ပြန်စိုက်လို့ရတယ် မြေဆီလွှာနှုန်းနဲ့ ဘာနဲ့ကျတော့ သီးနှံထွက်မှာပဲ သေချာတာကတော့။ မြေက ရွေ့သွားတာမျိူး ပုံစံမျိုးဆိုတော့ တခြားထွေထွေထူးထူး ပြောင်းလဲသွားတာမျိုးတော့ မရှိဘူးဗျ ဒီအတိုင်းဘဲ စိုက်ပျိုးနေကြတယ် အကုန်လုံးက ပုံမှန်နှုန်းထားတိုင်း ပြည့်မှီဖို့တော့ မလွယ်ဘူး လျော့သွားနိုင်တယ်။ လျော့သွား နိုင်တယ်ဆိုတာက ကျနော်တို့ ဒီမှာ မြေဆီဝယ်ရတာက အရင်စျေးနဲ့ မတူတော့ဘူး ဖြစ်သွားတယ်။ မြေဆီနှုန်းတွေ တက်သွားတယ် ဝယ်ရတဲ့ transportation ခတွေ တက်သွားတယ်။ Charges ခတွေ စျေးကြီးသွားတဲ့အတွက် ကြောင့်မို့ ပုံမှန်နှုန်းထားထက် အနည်းငယ် လျော့သွားမယ် ပုံမှန်လောက်တော့ မဖြစ်နိုင်ဘူး။ ဒီဘက် အနေထား ကိုပဲ ပြောရမှာပေါ့။ ကျနော်တို့ များသောအားဖြင့် ဒီယာမြေတွေမှာ မြေကြီးအက်ကွဲသွားတာတွေ ပါတယ်ပေါ့ နော်။ ဒါပေမယ့် ကျနော်တို့ ဒီပုံမှန်ထွန်မယ် ထွန်ပြီးသွားလို့ အချိန်တစ်ခုပေးပြီးသွားရင် မြေဩဇာနဲ့ ပြန်ပြီးနှပ်ရမဲ့ အပိုင်းတွေတော့ တခြားနည်းတွေတော့ရှိတယ်။ ကျနော်တို့ တခြားနည်းတွေက ပုံမှန်မြေသား ပြန်ဖြစ်အောင် လ နဲ့ပေါ့နော် ၄၅ ရက်၊ ရက် ၅၀ လောက် ပြန်နှပ်ရတယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်တို့ ပုံမှန်တိုင်းတော့ ပြန်ဖြစ်တယ်”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သော ရာဂီ(မိုခါ)မုန်တိုင်း အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံ ခဲ့ပြီး စိုက်ပျိုးဧက ၉ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက,က ထုတ်ပြန်ထားသည်။
နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧက ၈ သိန်း နီးပါး (၇၉၃,ဝဝဝ) ပျက်စီးခဲ့သောကြောင့် အခြားသီးနှံစိုက်ဧက ၇ သောင်းကျော် (၇၃,၄၂၄) ပျက်စီးဆုံးရှုံးခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1403
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်
ငလျင်ဘေး ပြည်လည်ထူထောင်ရေးအတွက် အဆောက်အဦများဆောက်လုပ်ရာတွင် အဂတိ ကင်းရှင်းဖို့ လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနကို ပြောသည်။
ဒါ့အပြင် ငလျင်အပြီး ပြန်လည်ထူထောင်ရေးအတွက် နေအိမ်အဆောက်အဦများအား စနစ်တကျ စိစစ် ဆောက် လုပ်ရာတွင် အစိုးရဘက်မှလည်း ကြပ်ကြပ်မတ်မတ်ဖြင့်ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောသည်။
“အဓိကကတော့ ဟိုးအရင်ထဲက Construction Law တွေရှိတယ်။ အရင်ထဲက ပြီးတော့ QC ပေါ့နော် QC Team တွေရှိတယ်။ အဲ့ QC တွေက Third party စစ်စစ်တွေဖြစ်ဖို့လိုတယ်။ QC တွေမှာ ကျနော်တို့ ဆောက်တဲ့ ကုမ္ပဏီတွေနဲ့ QC နဲ့က ကျနော်တို့က ပါတနာတွေဖြစ်နေမယ်။ Third party မဟုတ်ဘူး။ အပေးယူတွေ ရှိနေမယ် ဆိုရင်တော့ ဒါဟာ အဂတိကဖြစ်နေမှာပဲ။ ပြီးတော့ တကယ်ဆောက်တဲ့အချိန်မှာ တန်ဖိုးနဲ့ညီမျှအောင် ငလျင် ဒဏ်ကို ကျနော်တို့ ၈ ထိခံနိုင်တယ်ပေါ့ ငလျင်လှုပ်တဲ့အဆင့်က ၈ ထိကို ခံနိုင်တယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ၉ ထိကို ခံနိုင်တဲ့ အဆောက်အဦ တခုတည်ဆောက်ရင် ဒါ တကယ်ကို ဒီကာလ ဒီအဆောက်အဦးက တကယ်ကို ခံနိုင်တဲ့ အဆောက်အဦးဖြစ်ဖို့လိုအပ်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ဒီ paper ထဲမှာ စာရွက်ထဲမှာပဲ ခံနိုင်ရည်ရှိပြီးတော့ တကယ်လက်တွေ့မှာ ကျနော်တို့ ခံနိုင်ရည်မရှိတဲ့ အကျိုးဆက်တွေကြောင့် အသက်တွေအများကြီးရင်းရမှာ ဖြစ်ပါ တယ်” ဟု သူက ဆိုသည်။

ငလျင်ဘေးဒဏ်ခံခဲ့ရသည့် စစ်ကိုင်းတံတားကို ကြည့်ရှုစစ်ဆေးနေစဉ်
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ကျပ်ဘီလီယံ ၅၀ နှင့် မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကျပ် ဘီလီယံ ၆၀ ကို ခွဲဝေပေးအပ်ခဲ့သည်။
မန္တလေးမြို့နှင့်စစ်ကိုင်းမြို့များတွင် ထိခိုက်ပျက်စီးထားသည့်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေ၊ သံ နှင့် သွပ်ပြားများကိုလည်း သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် ပျက်စီးသွားသည့် လူနေအိမ်များကို အမျိုးအစားအလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေး ထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

တာဝန်ရှိသူများနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံစဉ်
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒု ဥက္ကဋ္ဌ ဦးထက်အောင်ကျော် “အသစ်ပြန်ဆောက်ရမှာမှန်တယ်။ အသစ်ပြန်ဆောက်နေတဲ့အချိန်ကြားကာလမှာ ဘယ်လို ပုံစံမျိုးနဲ့ထားမလဲပေါ့၊ ကျနော်တို့ဆိုရင်လည်း တရုတ် သံရုံးကိုပဲအကူအညီတောင်းတာပေါ့နော်။ ဒါတွေကို အမြန်ဆန်ဆုံးလုပ်ပေးဖို့ ကူညီပေးဖို့တွေဘာတွေပြောတော့ သူတို့ကတော့ Temporary house ပေါ့၊ အဲ့လိုပုံစံမျိုး ကို ၅၀၀၀ လောက်ကို လုပ်ဖို့ပြင်ဆင်နေတယ်လို့တော့ ပြောတယ်ပေါ့။ အဲဒါတာကတော့ ဟိုရေတိုပေါ့။ ကျနော်တို့ မဆောက်ရခင် ကြားကာလမှာ ဒါတွေလုပ်ဖို့ ဆိုတာ ကတော့တခုပေါ့၊ နောက်တခုကတော့ ကျနော်တို့ ဒီငလျင်ဘေးမှာ ၇.၇ ဆိုတာ အလွန်ကြီးကျယ်တဲ့ ငလျင်တခု ဖြစ်တယ်။ ဒီဟာကလည်းတခုပေါ့၊ နောက်ထပ်ကျတော့ ကျနော်တို့ ဖြစ်တဲ့နေရာတွေကို ကူညီကယ်ဆယ်ရေး သွားရင်းနဲ့ ကြည့်တဲ့အချိန်မှာ တချို့ဟာတွေကကြတော့ ဒီ ကျနော်တို့ရဲ့ တည်ဆောက်ရေးတွေက ညံ့ဖျင်းခဲ့တဲ့ ဟာပေါ့၊ ညံ့ဖျင်းခဲ့တဲ့ဟာဆိုတာ စည်ပင်ကလည်း စစ်ဆေးမှု အားနည်းတယ်၊ ဆောက်တဲ့ပြည်လူထု ကိုယ်တိုင် ကလည်း သက်သက်သာသာနဲ့ ရပါတယ်ဆိုပြီးတော့မှ လုပ်ခဲ့တဲ့ကိစ္စတွေပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာငလျင်ဘေးသင့် ပြည်သူများ ကူညီရေးအတွက် အမေရိကန်က ဒေါ်လာ ၉ သန်း၊ Quad ( အမေရိကန်-အိန္ဒိယ-ဂျပန်-ဩစတြေးလျ)က ဒေါ်လာ သန်း ၂၀၊ ကုလသမဂ္ဂက ဒေါ်လာ ၉၃ သန်း၊ တရုတ်က ယွမ်ငွေ ၁ ဘီလီယံကျော်၊ ဩစတြေးလျက ဒေါ်လာ ၂ သန်း၊ ဥရောပသမဂ္ဂက ဒေါ်လာ ယူရို ၁၃ သန်း စသဖြင့် ထောက်ပံ့ရန် ကတိပြုထားသည်။
အလားတူ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရိုနီ သူဋ္ဌေးကြီးများကလည်း ငလျင်ဘေးအတွက် ဧပြီ ၁ ရက်နေ့က လှူဒါန်းကြရာတွင် ကျပ်ငွေ ၁၁၆ ဒသမ ၈၄ ဘီလျံရရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1410
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈
နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ငလျင်လှုတ်ခတ်ခဲ့ခြင်းကြောင့် မန္တလေး တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးတို့ကို အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။
အဆိုပါ ငလျင်ကြောင့် နစက ရုံးထိုင်လျက်ရှိသည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ယာများ၊ ဝန်ကြီးဌာနများနှင့် အစိုးရရုံးခန်းများ ထိခိုက်ပျက်စီးခဲ့သလို လွှတ်တော်အဆောက်အအုံများလည်း ထိခိုက်ပျက်စီး ခဲ့သည်။
အစိုးရရုံးဌာနနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဉီများအနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အဦများမှာ ပိုမို ထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း၊ ထို့ ကြောင့် ရုံးအဆောက်အဦများ ပြန်လည် တည်ဆောက်ရာတွင် မြေစမ်းသပ်မှု(Soil Test)များ ဆောင်ရွက်ပြီးမှသာ အသစ် တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက်အဦများကို ပြောင်းရွှေ့နေရာချ ထားရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည် တွက် ချက် ရေးဆွဲသွားရန်စီစဉ်နေကြောင်း၊ ငလျင်မကြာခဏ လှုပ်ခတ်လျက်ရှိသည့် နိုင်ငံများမှ အဆောက်အဦများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း” ပြောသည်။
မိမိတို့ နိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောနေရာများကို စနစ်တကျ သုတေသနပြုလုပ်သွားရန်လိုကြောင်း၊ ပြန်လည် တည်ဆောက်မည့် အဆောက်အဦများသည် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အဦများ ဖြစ်ရန်လို ကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် အင်ဂျင်နီယာရှုထောင့်မှ ကြည့်၍ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးပြီး ၅၀၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သလို လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိသည်။
ထို့နောက် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။
ထို့ကြောင့် ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1270
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၇
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ် အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီထောက်ပံ့ ပေးရန် ဆုံးဖြတ်လိုက်သည်ဟု ဥရောပသမဂ္ဂ(EU)က ထုတ်ပြန်ခဲ့သည်။
ဥရောပသမဂ္ဂက “ ယခုထောက်ပံ့လိုက်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက် လွယ်ဆုံးသူများ၏ အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
ထို့နောက် ဥရောပသမဂ္ဂသည် နောက်ထပ် အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်း၊ ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွက် ထောက်ပံ့ပေးသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားပြီဟု ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်တို့မှာ လူပေါင်း ၃၀၀၀ ကျော်သေဆုံးပြီး ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၄၀၀ ဝန်းကျင် ပျောက်ဆုံးလျက်ရှိသည်။
အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေးအဆောက်အအုံများ ပြိုကျပျက်စီးဆုံးရှုံးခဲ့ သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှုများ လိုအပ်လျက်ရှိသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1139
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများကို ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက် ပံ့ပေးအပ်ခဲ့သည်။
SSJAC သည် ညောင်ရွှေမြို့နယ်အတွင်းက မြောင်းဝကြီးကျေးရွာ၊ အိုင်ထောင့်ကြီးကျေးရွာ၊ မိုင်းသောက်ကျေးရွာမှ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ဧပြီ ၄ ရက်က စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။

SSJAC က ထောက်ပံ့ပေးသော စားနပ်ရိက္ခာများမှာ ဆန်အိတ် ၂၅၃ အိတ်၊ စားဆီ တစ်လီတာဗူး ၅၀၀ ဗူး၊ ကြက်ဥ အလုံး ၃၆၀ ပါ ၃၁ ဖာ တို့ဖြစ်သည်။ ထိုစားနပ်ရိက္ခာများ၏ တန်ဖိုးမှာ ၃၂,၂၅၀,၀၀၀ (သိန်း ၃၀၀ ကျော်) ရှိသည်။
SSJAC ကို ရှမ်းလက်နက်ကိုင်များနှင့် ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းအရပ်ဖက် အဖွဲ့အစည်းများ စုပေါင်း၍ ဖွဲ့စည်းထား ကြောင်း သိရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1142
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဟောင်ကောင်အစိုးရက ဟောင်ကောင် ဒေါ်လာ ၂.၁ သန်းကျော် တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအစိုးရက ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တဆင့် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ဒေသများအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်က လှူဒါန်းသည့် ကူညီထောက်ပံ့ရေး ပစ္စည်းများမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ၊ ဆိုလာမီးအိမ်များ၊ စောင်များ၊ ဆေးဝါးများ၊ အသင့်စား အစားအစာများနှင့် ရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ် ပစ္စည်းများ (စုစုပေါင်း တန်ချိန် ၂၇ တန်)ဖြစ်သည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ဟောင်ကောင်လေကြောင်းလိုင်းမှ Cathay Pacific Cargo Flight သည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၃ ရက်က ရောက်ရှိလာပြီး တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အလားတူ တရုတ်နိုင်ငံကလည်း စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်မိုးကာတဲနှင့် သောက်ရေသန့်ဗူး စုစုပေါင်း (၆၆၈၀)ထုပ်ကို ငလျင်ဘေးသင့် ပြည်သူများကို ထောက်ပံ့ပေးခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1245
CNI International News
ဘန်ကောက်၊ ဧပြီ ၃
၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်အထိ ကောက်ခံထားသည့် စာရင်းများအရ ထိုင်းနိုင်ငံသည် ငလျင်လှုပ်ခတ်မှု အများဆုံး နိုင်ငံ ၁၀၀ စာရင်းတွင် အဆင့် ၅၉ နေရာ၌ ရှိနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် ရစ်ချ်တာစကေး ပြင်းအားအမြင့်ဆုံး ၄ ဒသမ ၉ ရှိခဲ့သည့် ငလျင်နှင့်အတူ ငလျင်ပေါင်း ၅၉ ကြိမ် လှုပ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှု အများဆုံးနိုင်ငံများ၏ အဆင့်သတ်မှတ်ချက်သည် နေ့စဉ် နောက်ဆုံးရ အချက်အလက်များ၊ အမေရိကန်ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) နှင့် ဥရောပ-မြေထဲပင်လယ် ငလျင်စင်တာ (European-Mediterranean Seismological Centre) တို့မှ ထုတ်ပြန်သည့် အချက်အလက်များအပေါ် အခြေခံပြီး အဆင့် ခွဲခြား သတ်မှတ်ခြင်းဖြစ်ကြောင်း Earthquakelist.org ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ ကီလိုမီတာ ၃၀၀ အကွာအဝေး အတွင်းရှိပြီး ရစ်ချ်တာစကေး ၄ နှင့် ၄ အထက် ပြင်းအားရှိသည့် ငလျင်များကို စာရင်းတွင် ထည့်သွင်းကောက်ခံခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်၍ အဆောက်အအုံ ပြိုကျမှုကို ထိုင်းက ဖယ်ရှားနေစဉ်
ယခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှု အများဆုံး ၁၀ နိုင်ငံစာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
အင်ဒိုနီးရှား - ၅၁၇ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၆ ဒသမ ၁။
မက္ကဆီကို - ၄၈၃ ကြိမ်၊ ပြင်းအားအများ ဆုံး ရစ်ချ်တာစကေး ၆ ဒသမ ၂။
ဂရိ - ၄၁၃ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၅ ဒသမ ၃။
တူရကီ - ၄၀၃ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၅ ဒသမ ၃။
တရုတ် - ၃၂၄ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၇ ဒသမ ၁။
အီသီယိုပီးယား - ၂၄၁ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၅ ဒသမ ၉။
ချီလီ - ၂၂၅ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၆ ဒသမ ၁။
ဂျပန် - ၂၂၂ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၆ ဒသမ ၈။
အိန္ဒိယ - ၁၉၇ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၇ ဒသမ ၁။
ဖိလစ်ပိုင် - ၁၉၆ ကြိမ်၊ ပြင်းအားအများဆုံး ရစ်ချ်တာစကေး ၅ ဒသမ ၇။
အထက်ဖော်ပြပါ နိုင်ငံများသည် ရွှေ့လျားနေသည့် မြေအောက် ကျောက်ထုလွှာများ၏ အစွန်းများပေါ်တွင် တည်ရှိ နေသဖြင့် ငလျင်များ အများဆုံး လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Krungthep Turakij သတင်းစာက ဖော်ပြခဲ့သည်။
အင်ဒိုနီးရှား – ပစိဖိတ်မီးကွင်း ( Pacific Ring of Fire) အမည်ရှိ ငလျင်ကြောပေါ်တွင် တည်ရှိပြီး၊ အင်ဒို-သြစတြေးလျ၊ ယူရေးရှားနှင့် ပစိဖိတ် မြေအောက် ကျောက်ထုလွှာများ၏ ရွေ့လျားမှု၊ ပွတ်တိုက်မှုများကြောင့် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ငလျင်ဒဏ်ခံစားရသော ပြည်သူများကိုတွေ့ဆုံစဉ်
မက္ကဆီကို – ကိုကို့စ်နှင့် မြောက်အမေရိက မြေအောက်ကျောက်ထုလွှာ (Cocos and North American plates) များ တွေ့ဆုံသည့် နေရာအနီးတွင် တည်ရှိပြီး ငလျင်လှုပ်ခတ်နိုင်ခြေ မြင့်မားသည်။
ဂျပန် - ပစိဖိတ်မီးကွင်း ( Pacific Ring of Fire) အမည်ရှိ ငလျင်ကြောပေါ်တွင် တည်ရှိပြီး ပစိဖိတ်၊ ဖိလစ်ပိုင်နှင့် ယူရေးရှား မြေအောက်ကျောက်ထုလွှာများ ရွေ့လျားမှုကြောင့် မကြာခဏနှင့် တစ်ခါတစ်ရံတွင် ပြင်းထန်သော ငလျင်များ လှုပ်ခတ်လေ့ရှိသည်။
တူရကီ(Türkiye)- North Anatolian ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိပြီး ကြီးမားသော ငလျင်များ လှုပ်ခတ်လေ့ ရှိသည်။
တရုတ်နိုင်ငံ - ဟိမဝန္တာ ငလျင် ခါးပတ်ကွင်း (Himalayan Seismic Belt) အပါအဝင် အဓိက ပြတ်ရွေ့ကြောများ တည်ရှိသဖြင့် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်။
ချီလီ - Nazca နှင့် တောင်အမေရိက ကျောက်ထုလွှာများ တွေ့ဆုံသည့် နေရာတွင် ကမ္ဘာပေါ်၌ ငလျင်လှုပ်ခတ်မှု အရှိဆုံးနိုင်ငံများထဲမှာ ပါဝင်သည်။
ဖိလစ်ပိုင် - ပစိဖိတ်မီးကွင်း ( Pacific Ring of Fire) အမည်ရှိ ငလျင်ကြောပေါ်တွင် တည်ရှိပြီး ဖိလစ်ပိုင်နှင့် ယူရေးရှား မြေအောက်ကျောက်ထုလွှာများ ရွေ့လျားမှုကြောင့် မကြာခဏ ငလျင်များ လှုပ်ခတ်လေ့ရှိသည်။
Source: The Nation
