- By CNI
- Category: ရာသီဉတု
- Hits: 6858
CNI International News
မနီလာ၊ နိုဝင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင် (Fung-wong) ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ပြီး လူပေါင်းသန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုမုန်တိုင်းသည် နိုဝင်ဘာ ၉ ရက်က ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နောက် မုန်တိုင်းလမ်းကြောင်းတွင် နေထိုင်သူများ အနေဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဖန်ဝေါင်မုန်တိုင်းသည် လူဇွန် (Luzon) ကျွန်းကို စတင် ဝင်ရောက်လာခဲ့ပြီးနောက် မက်ထရို မနီလာ (Metro Manila) မြို့တော်ဒေသ အပါအဝင် ဒေသ အများအပြားတွင် အလုပ်များနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ သည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသားများ ရွှေ့ပြောင်းနေကြစဉ်
ယူဝမ် (Uwan) ဟုလည်း ဖိလစ်ပိုင်တွင် လူသိများသည့် အဆိုပါ ဖန်ဝေါင်မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ နယ်နိမိတ် ၃ ပုံ ၂ ပုံ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခိုက်မှုများကို ဖြစ်ပွားစေခဲ့သည်။
ဖိလစ်ပိုင်တွင် လူပေါင်း ၂၂၄ ဦး သေဆုံးစေခဲ့သည့် တိုင်ဖွန်း ကယ်လ်မေဂီ (Kalmaegi) တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ ယခု ဖန်ဝေါင်မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
ဖန်ဝေါင်မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) ရှိပြီး ရုတ်တရက် လေပြင်းဝှေ့မှု သည် တစ်နာရီလျှင် ၂၃၀ ကီလိုမီတာ (မိုင် ၁၄၀) အထိ ရှိနိုင်ကြောင်း မနီလာ ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်ထားသည်။
Source: South China Morning Post
- By CNI
- Category: ရာသီဉတု
- Hits: 4971
CNI International News
မနီလာ၊ နိုဝင်ဘာ ၇
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်း ကယ်လ်မေဂီ (Typhoon Kalmaegi) ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေချိန်၌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က နိုဝင်ဘာ ၆ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကယ်လ်မေဂီ မုန်တိုင်းသည် နိုဝင်ဘာ ၄ ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် မိုးသည်းထန်စွာရွာသွန်းက လေပြင်းများ တိုက်ခတ်ခဲ့သည်။
မုန်တိုင်းကြောင့် လူသေဆုံးမှု အများဆုံးပြည်နယ်သည် စီဘူး (Cebu) ကျွန်းပေါ်ရှိ စီဘူးပြည်နယ်ဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကို ကြုံတွေ့ခဲ့ရသည်။
မော်တော်ယာဉ်များ၊ သင်္ဘောကွန်တိန်နာများနှင့် သေးငယ်သည့် အိမ်များသည် ရေစီးနှင့်အတူ မျှောပါသွားခဲ့ပြီး ဒေသခံများသည် ရေဘေးမှလွတ်ရန် အိမ်ခေါင်မိုးများပေါ်သို့ တက်နေရကြောင်း ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
စီဘူးပြည်နယ်တွင် လူပေါင်း ၇၂ ဦး သေဆုံးပြီး လူ ၁၄၀ ကျော် ဒဏ်ရာရခဲ့သည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် တစ်လမပြည့်မီ အချိန်မှာပင် ယခုကဲ့သို့ အင်အားပြင် မုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
နိုဝင်ဘာ ၆ ရက်အထိ ရရှိသည့် စာရင်းများအရ မုန်တိုင်းကြောင့် လူ ၁၁၄ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၎င်းတို့အနက် ၄၉ ဦးမှာ စီဘူးပြည်နယ်မှဖြစ်ကြောင်း ဖိလစ်ပိုင် ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။
စီဘူးပြည်နယ်၏ အိမ်နီးချင်း ပြည်နယ်များဖြစ်သည့် ကာပစ်ဇ် (Capiz)၊ ဘိုဟိုးလ် (Bohol)၊ လေတီ (Leyte) ၊ တောင်လေတီ (Southern Leyte) ပြည်နယ်များအပြင် နီဂရို့စ် (Negros ) ကျွန်းပေါ်တွင်လည်း လူ ၈ ဦး သေဆုံး ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၄ ရက်က မုန်တိုင်းဒဏ်သင့် ပြည်နယ်များကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန် လာရောက်သည့် ဖိလစ်ပိုင်လေတပ်၏ ရဟတ်ယာဉ်တစ်စင်းသည် အဂူဆန် ဒဲလ်ဆာ (Agusan Del Sur) ပြည်နယ်တွင် ပျက်ကျခဲ့သဖြင့် လူ ၆ ဦး သေဆုံးခဲ့သည်။
လက်ရှိတွင် မုန်တိုင်းကြောင့် လူပေါင်း ၄၃၀,၀၀၀ ကျော်သည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင်၏ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: ရာသီဉတု
- Hits: 5144
CNI International News
မနီလာ၊ အောက်တိုဘာ ၁၁
ဖိလစ်ပိုင်တောင်ပိုင်းတွင် အောက်တိုဘာ ၁၀ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ငလျင်ကြောင့် နိုင်ငံအများအပြားတွင် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကမ်းရိုးတန်းဒေသ အနီးအနားရှိ လူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။
မင်ဒါနာအို (Mindanao) ဒေသ ဒါဗောင်း (Davao) အရှေ့ဘက်ပြည်နယ်ရှိ မာနေး(Manay) မြို့ ကမ်းလွန်တွင် အောက်တိုဘာ ၁၀ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် နောက်ဆက်တွဲ ငလျင် အများအပြား လှုပ်ခတ်နိုင်ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်အေဂျင်စီ(Phivolcs)က သတိပေးထားသည်။
ငလျင်ကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဖက် ကာကွယ်ရေး တာဝန်ရှိသူ ရက်ဖီ အာလေဟန်ဒရို (Raffy Alejandro)က ထုတ်ပြန်ခဲ့သည်။
ပစိဖိတ်ဆူနာမီ သတိပေးချက်စင်တာက နေ့လယ်ပိုင်း အချိန်တွင် ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

ဖိလစ်ပိုင် ငလျင် လှုပ်လို့ ပျက်စီးသွားစဉ်
နေအိမ်များ၊ အဆောက်အအုံများနှင့် တံတားများ ပျက်စီးမှု အချို့ရှိသည်ဟု သဘာဝဘေးအန္တရာယ်ရုံးက အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
ပစိဖိတ်မီးကွင်းပေါ်တွင်ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် လတ်တလော နှစ်များအတွင်း အင်အားပြင်း ငလျင် အများအပြား လှုပ်ခတ်ခဲ့ပြီး တစ်နှစ်လျှင် ငလျင် ၈၀၀ ကျော် လှုပ်ခတ်လေ့ရှိသည်။
ဖိလစ်ပိုင်နိုင်ငံ ဆီဘူးကျွန်းတွင် လူ ၇၄ ဦး သေဆုံးခဲ့သည့် ဆယ်စုနှစ် တစ်စုကျော်အတွင်း လူသေဆုံးမှု အများဆုံး ငလျင်လှုပ်ခတ်မှုကို ကြုံတွေ့ခဲ့ပြီးနောက် သီတင်းနှစ်ပတ် အကြာ၌ ယခု အင်အားပြင်း ငလျင် ထပ်မံ လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ(Ferdinand Marcos Jr )က အာဏာပိုင်များကို မြေပြင်ရှိ အခြေအနေ များအား လေ့လာအကဲဖြတ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို တပ်ဖြန့်စေလွှတ်ထားသည်ဟု ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: ရာသီဉတု
- Hits: 1539
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၂
စစ်တောင်းမြစ်အထက်ပိုင်းနှင့် အောက်ပိုင်းတို့မှာ နေရာကွက်၍ မိုးသည်းထန်နိုင်သည့် အခြေအနေများကြောင့် ရက်သတ္တပတ်အတွင်း မြစ်ရေ ပြန်လည်မြင့်တက်လာနိုင်ပြီး တပ်ကုန်းမြို့နယ်နှင့် တောင်ငူခရိုင်တို့တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ သတိပေး ပြောကြားခဲ့သည်။
GloFAS (Global Flood Awareness System) မှ စက်တင်ဘာ ၂၁ ရက်၏ Update အချက်အလက်များအရ လာမည့် ရက်သတ္တပတ်အတွင်း မိုးရေချိန် မများနိုင်သော်လည်း နေ့စဥ် မိုးအသင့်အတင့်( ခန့်မှန်း ၂၄ နာရီ မိုးရေ ချိန် ၁ လက်မ ဝန်းကျင်ခန့်)နှင့် နေရာကွက်၍ မိုးသည်းထန်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟု ၎င်းက သူ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် စစ်တောင်းမြစ်အထက်ပိုင်း တပ်ကုန်းအနီးမှ စစ်တောင်းမြစ်ရေသည် လည်း ကောင်း၊ စစ်တောင်းမြစ် အောက်ပိုင်း တောင်ငူခရိုင်အတွင်းမှ စစ်တောင်းမြစ်ရေသည် လည်းကောင်း ပြန်လည် မြင့်တက်လာနိုင်သည်။

ထို့ကြောင့် ၎င်းဒေသများ၌ အောက်တိုဘာ ၆ ရက်အထိ ရေကြီးနိုင်ခြင်း သတိပေးချက်(Flood Alert- Medium) အဆင့်ရှိနေကြောင်း တွေ့ရသည်။
အလားတူ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာလည်း မိုးရေချိန် မများသော်လည်း နေ့စဥ် မိုးအသင့်အတင့် ရွာနိုင်မည့် အခြေအနေများကြောင့် အင်းလေးနှင့် သံလွင်မြစ်ရေ ပြန်လည် မြင့်တက်လာနိုင်ပြီး အောက်တိုဘာ ၆ ရက်အထိ (Flood Alert Level EXTREME)အဆင့် ရှိနေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1886
CNI International News
ကဘူးလ်၊ စက်တင်ဘာ ၃
အာဖဂန်နစ္စတန်တွင် လူပေါင်း ၈၀၀ ကျော်သေဆုံးပြီး လူ ၂၈၀၀ ထက်မနည်း ဒါဏ်ရာရစေခဲ့သည့် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တာလီဘန်အစိုးရအဖွဲ့က စက်တင်ဘာ ၁ ရက်တွင် နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့ကြောင်း South China Morning Post မှဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ခက်ခဲကြမ်းတမ်းသည့် လမ်းပန်းဆက်သွယ်ရေးများ၊ ရာသီဥတု ဆိုးရွားမှုများ ကြောင့် ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် နေရာဒေသများကို သွားရောက်ရန် အခက်တွေ့နေသည်။
ထို့ပြင် မကြာသေးမီက အာဖဂန်နစ္စတန်အတွက် အကူအညီပေးနေသည့် အမေရိကန်၏ ကူညီထောက်ပံ့မှုများ လျှော့ချခံရမှုက တာလီဘန်အဖွဲ့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
ဩဂုတ် ၃၁ ရက်က ပါကစ္စတန်နယ်စပ်အနီးရှိ အာဖဂန်နစ္စတန်၏ နန်ဂါဟာ (Nangarhar) ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၆ ပြင်းအားရှိ ငလျင်ဒဏ်ကို ပါကစ္စတန်၏ မြို့တော် အစ္စလာမ်မာဘက် (Islamabad) တွင်လည်း ခံစားခဲ့ရသည်။
ထိုငလျင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း တတိယမြောက် အင်အားအကြီးဆုံး ငလျင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့သည်။
အာဖဂန်နစ္စတန်တွင် ကာလကြာရှည် စစ်ပွဲဖြစ်ပွားမှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းသည် ဆိုးရွားခဲ့ကာ တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။
ယခုနှစ် အစောပိုင်းက အမေရိကန်သည် အာဖဂန်နစ္စတန်အတွက် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ အကူအညီ ပေးရေး ကန်ထရိုက်များကို ရပ်တန့်ခဲ့သည်။

အာဖဂနစ္စတန် ငလျင်ဒဏ် ခံလိုက်ရတဲ့ ပြည်သူတွေကို တွေ့ရစဉ်
ထို့နောက် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း ၎င်းတို့၏ အကူအညီပေးရေး အစီအစဉ်များကို ရပ်တန့်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် အာဖဂန်နစ္စတန်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီသည် ဒေါ်လာ ၇၆၇ သန်းအထိ လျော့ကျသွားခဲ့သည်။
ယူအေအီးနိုင်ငံကမူ ငလျင်ဒဏ်ခံခဲ့ရသည့် အာဖဂန်နစ္စတန်အတွက် အစားအစာ၊ ဆေးဝါးနှင့် ရွက်ဖျင်တဲများ ပေးပို့ခဲ့ကာ ဗြိတိန်ကလည်း ငလျင်အတွက် အရေးပေါ် ရန်ပုံငွေအဖြစ် ပေါင် ၁ သန်း ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။
ဥရောပခေါင်းဆောင်များကလည်း အရေးပေါ် ရန်ပုံငွေအဖြစ် ယူရို ၁ သန်း လှူဒန်းခဲ့ကာ တရုတ်နိုင်ငံကလည်း အရေးပေါ် ကယ်ဆယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံကမူ ရွက်ဖျင်တဲများနှင့် စားနပ်ရိက္ခာ အကူအညီများ ပေးပို့ခဲ့ပြီး နောက်ထပ် ကယ်ဆယ်ရေးပစ္စည်း များ ထောက်ပံ့ပေးမည်ဟု ဆိုသည်။
အမေရိကန်ကမူ ငလျင်အန္တရာယ်ကို ခံစားခဲ့ရသည့် အာဖဂန်ပြည်သူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ သော်လည်း အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခြင်း မရှိသေးပေ။
Source: South China Morning Post
- By CNI
- Category: ရာသီဉတု
- Hits: 1137
CNI International News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂
ဆူဒန်နိုင်ငံအနောက်ပိုင်း Marra တောင်တန်းများအတွင်းက ရွာတစ်ရွာတွင် မြေပြိုကျမှုကြောင့် လူ ၁,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဆူဒန်လွတ်မြောက်ရေးလှုပ်ရှားမှု/ တပ်မတော်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။

ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သြဂုတ် ၃၁ ရက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း Abdelwahid Mohamed Nour ဦးဆောင်သည့်အဖွဲ့မှ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒါဖာဒေသတွင် တည်ရှိသည့် နယ်မြေကို ထိန်းချုပ်ထားသော ဆူဒန်လွတ်မြောက်ရေးလှုပ်ရှားမှု/တပ်မတော်က အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူ ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသို့ တောင်းဆိုခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1267
CNI International News
နယူးဒေလီ၊ ဩဂုတ် ၂၈
အိန္ဒိယ၏ ကက်ရှ်မီးယားဒေသတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အိန္ဒိယသည် ကက်ရှ်မီးယားဒေသ၏ မြစ်များပေါ်၌ တည်ဆောက်ထားသည့် အကြီးစားရေကာတာများ၏ ဂိတ်တံခါးများအားလုံးကို ဩဂုတ် ၂၇ ရက်က ဖွင့်ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ရေကာတာများ ဖွင့်ချပြီးနောက် မြစ်အောက်ဘက်ပိုင်း ဒေသများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင် ကြောင်း အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို သတိပေးခဲ့သည်ဟုလည်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရကလည်း အိန္ဒိယ၏ သတိပေးချက်ကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယမှ စီးကျလာမည့် မြစ်ရေများကြောင့် မြစ် ၃ ခုတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလာနိုင်ကြောင်း တပ်လှန့်နှိုးဆော်ချက် ထုတ်ပြန်ခဲ့ သည်။
ခါးသီးပြိုင်ဘက်များဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မကြာသေးမီ သီတင်းပတ်များအတွင်း မုတ်သုံ မိုးရွာသွန်းမှုများနှင့် ရေလွှမ်းမိုးမှုများကို ခံစားခဲ့ရသည်။

မုတ်သံမိုးကြောင့် မြစ်ရေတက်နေစဉ်
ပါကစ္စတန်၏ ပန်ဂျပ် (Punjab) ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ အိန္ဒိယဘက်မှ မြစ်ရေများ စီးဝင်လာမည့် အန္တရာယ်များကြောင့် ရေလွှမ်းမိုးမှု အန္တရာယ်ကို အဆိုးရွားဆုံး ခံစားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ပန်ဂျပ်ပြည်နယ်သည် ပါကစ္စတန်၏ စိုက်ပျိုးရေး ဗဟိုချက်ဖြစ်ပြီး နိုင်ငံလူဦးရေ သန်း ၂၄၀ ၏ ထက်ဝက်ခန့်သည် ထိုပြည်နယ်တွင် နေထိုင်လျက်ရှိသည်။
ရေကာတာများ ဖွင့်ချမှုကြောင့် မြစ်ရေများသည် တစ်စက္ကန့်လျှင် လီတာ ၅ သိန်းခွဲကျော် ထွက်ရှိလိမ့်မည်ဖြစ် ကြောင်း အိန္ဒိယသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အိန္ဒိယသည် ရေပမာဏ မည်မျှကို ဖွင့်ချမည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ပါကစ္စတန်၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေး အရာရှိတစ်ဦးကမူ အိန္ဒိယသည် လာမည့် ရက်ပိုင်းများအထိ ရေများကို ဖွင့်ချလိမ့်မည်ဖြစ်ကြောင်း ဩဂုတ် ၂၆ ရက်က သတိပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ရာသီဉတု
- Hits: 1319
CNI International News
တိုကျို၊ ဩဂုတ် ၆
ဂျပန်နိုင်ငံတွင် ဩဂုတ် ၅ ရက်က အပူချိန်သည် ၄၁ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး အပူပြင်းဆုံး စံချိန်အဖြစ် မှတ်တမ်းဝင်သွားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အစိုးရက ဒေသခံများကို အမိုးအကာများအောက်တွင် နေထိုင်ကြရန် တိုက်တွန်းခဲ့ပြီး မိုလေဝသ ကြောင့် စပါးခင်းများ ထိခိုက်ပျက်စီးမှုကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။
ဂန်မာ (Gunma) စီရင်စုနယ် အီဆဲဆာကီ (Isesaki) မြို့တွင် အပူချိန် ၄၁ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့ခြင်းဖြစ်သည်။
ထိုအပူချိန်သည် ပြီးခဲ့သည့် သီတင်းပတ်က ဟိုဂို (Hyogo) စီရင်စုနယ် တမ်ဘာ (Tamba) မြို့တွင် တိုင်းတာ နိုင်ခဲ့သည့် အပူချိန် ၄၁ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် နွေရာသီတွင် ဂျပန်၌ အပူရှပ်မှုကြောင့် လူပေါင်း ၅၃,၀၀၀ ကျော် ဆေးရုံတွင် ကုသမှု ခံယူခဲ့ရကြောင်း မီးဘေးနှင့်ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဂျပန်မှာ အပူချိန်မြင့်တက်နေစဉ်
“ဒီနေ့ကတော့ သေလောက်အောင် ပူတဲ့နေ့ပါပဲ။ အပူချိန်က ၄၂ ဒီဂရီအထိ ရောက်ရှိသွားမယ်ဆိုရင် ရေကန်ထဲ မှာပဲ စိမ်နေတာ ကောင်းမယ်ထင်ပါတယ်” ဟု အသက် ၆၃ နှစ်အရွယ် မော်တော်ယာဉ် လုပ်သားတစ်ဦးဖြစ်သည့် တာကာရှီ အီရှီကာဝါ (Takeshi Ishikawa) က ပြောကြားခဲ့သည်။
ဇူလိုင်လအတွင်း ဂျပန်တွင် အပူချိန်များ မြင့်တက်ခဲ့ပြီး ၃ နှစ်ဆက်တိုက် အပူချိန် မြင့်တက်သည့်လအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဂျပန်ပင်လယ် တည်ရှိသည့် နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် မိုးရွာသွန်းမှု ကျဆင်းခဲ့သဖြင့် စပါးခင်းများအတွက် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ဂျပန်တွင် ၂၀၂၃ ခုနှစ်က အပူချိန်များ မြင့်တက်ခဲ့သဖြင့် စပါးအရည်အသွေးများ ကျဆင်းခဲ့ကာ ပြီးခဲ့သည့်နှစ် ကလည်း စပါးထွက်နှုန်း နည်းပါးခဲ့သဖြင့် ဆန်စျေးများ အလွန်မြင့်တက်ခဲ့သည်။
Source: ရိုက်တာ
