
- By CNI
- Category: ရာသီဉတု
- Hits: 329
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် IBEC ကျောင်းကို ကူညီကယ်ဆယ်ရေး စင်တာအဖြစ် ဖွင့်လှစ်လိုက်ကြောင်း Ashin Vicitta Shwebo က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသား ခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသည့် ငလျင်တစ်ခု မတ်လ ၂၈ ရက်က လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေများအတွင်း လူ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံများ၊ ဟိုတယ်၊ အစိုးရဝန်ထမ်း အိမ်ယာများ၊ အစိုးရရုံးများ ပြိုကျပျက်စီးခဲ့သည်။
ထိုငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့၏ စုစုပေါင်း ၈၂.၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၂၀,၀၀၀ ဦးကျော်အထိ ငလျင်ဘေးဒုက္ခသည် ဖြစ်ခဲ့သည်။ အလားတူ ဘုန်းကြီးကျောင်း/သီလရှင်ကျောင်းပေါင်း ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု Ashin Vicitta Shwebo က သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ သည်။
ထို့ကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် IBEC ကျောင်းကို ကူညီ ကယ်ဆယ်ရေးစင်တာအဖြစ် ဆောင်ရွက်သွားမည်ဟု ဆရာတော်က မိန့်ကြားသည်။
လက်ရှိတွင် စစ်ကိုင်းမြို့မှ ငလျင်ဘေးသင့် ပြည်သူများသည် ဆေးဝါး၊ သောက်သုံးရေ၊ သုံးရေနှင့် စားနပ်ရိက္ခာများ ပြတ်တောက် နေပြီဖြစ်ပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ပူးပေါင်း ပါဝင်ဆက်သွယ်လိုသူများအနေဖြင့် 09 - 400447473, 09 - 798716259, 09775284633, 09 – 780283453 များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း Ashin Vicitta Shwebo က ရေးသားထားသည်။

- By CNI
- Category: ရာသီဉတု
- Hits: 316
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
အင်္ဂတေ၊ အုတ်များနှင့် သံချောင်းများ ဖောက်ထုတ်-ဖယ်ရှားနေရခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များသည် ဦးထုပ်၊ လက်အိတ်၊ မျက်မှန်များ လိုအပ်နေခြင်းကြောင့် နိုင်ငံတကာမှ ကူညီပေးရန် နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၃၁ ရက်တွင် ပြောသည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင် တစ်ခု မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၆၄၄ ဦး သေဆုံးပြီး ၃၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၃၉၀ ကျော် ပျောက်ဆုံးနေကြောင်း၊ လူနေအိမ်နှင့် ဟိုတယ်များ အပါအဝင် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း၊ ပြိုကျ နေသော အဆောက်အအုံများအောက်တွင် ပိတ်မိနေသူများ ရှိနေကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အဓိက လိုအပ်နေတဲ့အချက်တွေကတော့ နံပါတ် (၁) ကျနော်တို့ တပ်မတော်သားတွေ၊ ကြက်ခြေနီ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ပေး နေရတဲ့ ရုပ်ပုံလွှာတွေကို လည်း အားလုံးတွေ့နိုင်မှာဖြစ်ပါတယ်။ အားလုံးကြည့်လိုက်ပါ ကြည့်လိုက်တဲ့အခါမှာ ယူနီဖောင်းတွေ ဝတ်ဆင် ထားတယ်၊ တက်နိုင်တဲ့အကာအကွယ်တွေ ဝတ်ဆင်ထားပေမယ့် ပြိုကျနေတဲ့၊ မာကြော တဲ့၊ အင်္ဂတေ၊ အုတ်တွေ၊ သံချောင်းတွေ၊ ဖယ်ထုတ်နေတာမှာ သူတို့လက်မှာ ဘာလက်အိတ်မှာ စွပ်ထားတာ မတွေ့ရပါဘူး။ အကာအကွယ် ဦးထုပ်မပါပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း တက်နိုင်သမျှ ကူညီပေးပါ။ အကာအကွယ် မျက်မှန်၊ အကာအကွယ် လက်အိတ်တွေ လိုအပ်ပါတယ်။ လှူနေတဲ့အလှူတွေ အပေါ်ကို ကန့်သတ်တာမဟုတ်ပါဘူး။ တကယ်လိုအပ်တဲ့ဟာတွေကို ကျနော်ပြောနေတာဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှား၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင် စသည့် နိုင်ငံတကာမှ အဖွဲ့အစည်းများ ရောက်ရှိနေကြ သည်။

- By CNI
- Category: ရာသီဉတု
- Hits: 293
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရမည့်သူများ အများအပြား ကျန်ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ကွေ့ကြီးအရန်မီးသတ် လူမှုကူညီရေးအဖွဲ့မှ တပ်ခွဲမှူး ဦးဆန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူအင်အားများ ရှိနေသော်လည်း စက်ယန္တရားများ လိုအပ်နေကြောင်း ၎င်းက ပြောသည်။
ဦးဆန်းထွန်းက “အခက်အခဲတွေကတော့ ရှိသေးတယ်၊ တိုက်ပိလူတွေကိုက အတော်လေး ကျန်သေးတယ်ဗျ၊ စစ်ကိုင်းမှာကိုက ကျနော်တို့ စစ်ကိုင်းတောင်ပေါ်မှာကိုက ၄၀ လောက်ရှိသေးတယ်လို့ ပြောတယ်ဗျ၊ စစ်ကိုင်းက အတော်ဆိုးပါတယ် ကျနော်တို့ တောင်ပေါ်ဆိုရင် အခုလက်ရှိ မတက်တောင် မနိုင်ကြသေးဘူး၊ အောက်ပိုင်းတွေ လောက်ပဲ ကိုယ်ပိုင်ကျောင်းက ကလေးတွေလောက်ပဲ ဆုတ်နေကြတာဗျ၊ လောလောဆယ် လိုအပ်တာတော့ စက်ယန္တရားလိုတာဗျ၊ လူအားနဲ့ကျတော့ လူအားကပေါတယ်၊ ကျနော်တို့အဖွဲ့ကိုက အားလုံးပေါင်း ၉၀ လောက် ပါတယ်၊ အဲကျ စက်ယန္တရား မပါတော့လည်း ဒီတိုင်း ငုတ်တုတ်ထိုင်ကြည့်နေရုံပဲ ဖြစ်နေတာဗျ၊ လောလောဆယ် အစိုးရက ၂ ဖွဲ့လောက်ပဲ သူတို့က ပေးနိုင်သေးတာဗျ၊ စစ်ကိုင်းတံတားကလည်း ကားကြီးက ဖြတ်ဖို့ မလွယ်သေး တော့ ကျနော်တို့ အဖွဲ့တွေ အနေနဲ့ကလည်း မန္တလေးဘက်ကို ကူးလို့ မရဘူးခင်ဗျ၊ ယန္တရားတွေ ကျတော့ ကျန်းမာ ရေးကား ဘာညာလောက်ကတော့ လူကြီးပဲဆို သွားရတယ်။ ယန္တရားကျ ကူးဖို့ လောလောဆယ် မလွယ်သေးဘူး၊ သူတို့ ဝန်ကြီးဌာနကြီး အစိုးရအဖွဲ့အစည်းတွေကနေ လိုက်စီစဥ်ပေးရင်တော့ ရမယ်ဗျ၊ လာတော့ကြည့်ပါတယ်ဗျ၊ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း လာကြည့်ရှုအားပေးပါတယ်ဗျ၊ ကျနော်တို့ အဖွဲ့နဲ့ပဲသွားကြတာပါ သူတို့ဆီကတော့ ထောက်ပံ့ကြေးတွေ ဘာတွေတော့ ဘာမှ မရသေးပါဘူးခင်ဗျ” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငလျင်ဒဏ်ခံ ပြည်သူများကို ကြည့်ရှုစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့် လမ်း တံတားများ၊ နိုင်ငံပိုင် အဆောင်အဦများ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မိမိတို့အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်သွားရမည်ဟု ပြောထားသည်။
ထို့ပြင် ငွေကြေးအင်အား၊ လူအင်အား၊ ယာဥ်ယန္တရား အင်အားများစွာကို သုံးစွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိ က တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ထောက်ပံ့ပေးရန် လိုအပ်မည်ဖြစ်၍ နိုင်ငံတကာမှ အကူအညီများ တောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ အခြေအနေတွင် ပိတ်မိပြီး ကျန်နေသည့်လူများ၊ သေဆုံးသွားပြီဖြစ်သည့် ရုပ်အလောင်းများအား ဆယ်ယူ ရန် ကယ်ဆယ်နေရကြောင်း၊ စက်ယန္တရားများ လိုအပ်နေကြောင်း၊ သုံးရေ၊ သောက်ရေပိုင်းတွင်လည်း အခက်အခဲ များရှိနေကြောင်း၊ ကယ်ဆယ်ရေး သမားများအတွက် ဝတ်စုံများလည်း လိုအပ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ဘေး ကယ်ဆယ်ရေးလုပ်နေသူများကို တွေ့ရစဉ်
၎င်းက “လက်ရှိ အခြေအနေ အခုကတော့ ပိတ်မိနေပြီး ကျန်နေတဲ့ လူတွေရော၊ Dead body အဖြစ်ရှိနေတဲ့ ရုပ် အလောင်းတွေရော ကျနော်တို့က ဆယ်ယူဖို့ အခုစစ်ကိုင်းမှာတော့ ကျနော်တို့ အခြေစိုက်ပြီးတော့ ကူညီနေတာ ကယ်ဆယ်နေတာမျိုးတော့ ရှိတယ်၊ အခက်အခဲ အနေနဲ့ကတော့ ကျနော်တို့ ကယ်ဆယ်ရေးသမားတွေ အနေနဲ့ ကတော့ စက်ပိုင်းဆိုင်ရာပေါ့နော်၊ ယန္တရားဆိုင်ရာတွေ လိုအပ်တဲ့ အခက်အခဲတွေတော့ ရှိတယ်ဗျ၊ တခြား အခက်အခဲကတော့ ထွေထွေထူးထူးရယ် မရှိဘူး၊ အစားအသောက်ပိုင်းတို့၊ အစားအသောက်က အဓိက မကျ ပေမယ့် သုံးရေ၊ သောက်ရေပိုင်းကျတော့ အခက်အခဲ လုံးဝ လုံးလုံးကြီးဖြစ်နေတဲ့ အတိုင်းအတာ တစ်ခုတော့ ရှိတယ်ဗျ၊ အခုကတော့ လက်ရှိအနေအထားက ဘယ်လိုတွေ ဖြစ်လာလဲဆိုတော့ ကယ်ဆယ်ရေးသမား အင်အား တွေရော နောက်တစ်ခုက Volunteer ဆိုပြီးတော့ ကျနော်တို့ ပူးပေါင်းလာတဲ့ အင်အားတွေတော့ ရှိတယ်၊ သူတို့ တွက်ကတော့ Safety first ဖြစ်ဖို့ အတွက်ကတော့ ဝတ်စုံတွေ ဘာတွေတော့ လိုအပ်မှုတွေတော့ ရှိတယ်ဗျ၊ ကျနော်တို့ကတော့ အသင်းရုံးတွေက ထုတ်ပေးထားတဲ့ ယူနီဖောင်းတို့ ဒါတွေပဲဝတ်ပြီးတော့ ကယ်ဆယ်ပေးနေ ရတဲ့ အနေအထား ရှိတဲ့အတွက် အန္တရာယ်တွေကတော့ ရှိတယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ အထိ နောက်ဆုံးရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လူပေါင်း ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၈ ဦး ဒဏ်ရာရရှိကာ ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့နောက် အသေးစိတ် စာရင်းများအား ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 387
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
ငလျင်ဘေးကြောင့် အကူအညီလိုအပ်နေသော မြန်မာပြည်သူများကို ကူညီကယ်ဆယ်ရန်အတွက် ဗီယက်နမ်နိုင်ငံ သည် စစ်တပ်နှင့်ရဲ ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၆ ဦးကို စေလွှတ်ခဲ့ရာ မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်မှာ ရောက်ရှိခဲ့သည်။
ဗီယက်နမ် ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သည့် ငလျင်ဘေးကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးခွေးများနှင့်အတူ ရန်ကုန်မြို့သို့ မတ်လ ၃၀ ရက်က ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ဆေးနှင့် ဆေးပစ္စည်းများ၊ ရိက္ခာများ အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းသုံး ကုန်တန်ချိန် (၆၀)ကျော်တို့ကို တစ်ပါတည်း သယ်ဆောင်လာခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှား၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေသည်။

- By CNI
- Category: ရာသီဉတု
- Hits: 460
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
ငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေမှုကို အမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်နေစဉ် တညောင်ဓာတ်အားခွဲရုံ ကို PDF အဖွဲ့က မတ်လ ၃၁ ရက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
စလင်းမြို့အခြေပြု PDF များသည် မတ်လ ၃၁ ရက် နံနက် ၆ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အနီးရှိ တညောင်ဓာတ်အားခွဲရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်အား ၇ ဒသမ ၇ အဆင့် ရှိ အလွန်အားပြင်းသော ငလျင်လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်မီးများ၊ အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ပြတ် တောက်သွားခဲ့သည်။
ထို့ပြင် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တွင် မတ်လ ၂၉ ရက်နေ့ စာရင်းအရ သေဆုံးသူ ၁၆၄၄ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၄၀၀ ကျော်ရှိသည်။
လက်ရှိမှာလည်း အိန္ဒိယ၊ တရုတ်၊ ရုရှား၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင် စသည့် နိုင်ငံတကာမှ ကူညီကယ် ဆယ်ရေးအဖွဲ့များ လာရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။

- By CNI
- Category: ရာသီဉတု
- Hits: 475
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်နေစဉ် ကာလအတွင်း နစကဘက်မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် လိုကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် နေအိမ် အဆောက်အအုံ ပြိုကျမှုများကြောင့် လက်ရှိအချိန်အထိ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေရဆဲဖြစ်သည်။
လက်ရှိကာလတွင် အပစ်ခတ်ရပ်စဲရေး အမှန်တကယ် လိုအပ်နေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း မည်သူကမျှ မနှောင့်ယှက်ရန် အဓိကလိုအပ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ ရှိတဲ့ပုံမပေါ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့တွေကို သူတို့ control ရနေတဲ့ သဘောလို့ စိတ်ထဲမှာ ထင်နေတာ။ တိုင်းပြည်ရဲ့ control ရနေတယ်ဆိုရင် သူတို့ကတော့ ရပ်မှာမဟုတ်ဘူး။ မရပ်ဘဲနဲ့ ဘာလုပ်မလဲဆိုတော့ နိုင်ငံတကာ အကူအညီတွေကို တစ်နိုင်တစ်ပိုင် ကိုယ့်လူနဲ့ကိုယ် သယ်မယ့် သဘောရှိတာပေါ့။ အပစ်အခတ်ရပ်စဲရေးကတော့ တကယ်လိုတာပါ။ ဒါကတော့ ဒီလိုအခြေအနေမျိုးမှာ အပစ်အခတ်ရပ်စဲရေးက တကယ်လိုတာ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့အတွက် အဓိကကျတဲ့ နိုင်ငံတော် အဖွဲ့အစည်းကနေ စပြီးတော့ ကြေညာပေးရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆိုရင်တော့ နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့တွေ လွတ်လပ်စွာ သွားလာကူညီနိုင်အောင် အမြန်ဆုံးလုပ်ပေးဖို့ လိုတာပေါ့။ အပစ်အခတ်ရပ်စဲရေး ကတော့ အကောင်းဆုံး အစီအစဉ်ပဲ ၆ လ၊ တစ်နှစ် ဒီအစီအစဉ် မပြီးမချင်းရပ်ဖို့ လိုပါတယ်။ အခု EAO တွေက ပိုက်ဆံရှိတဲ့ အဖွဲ့တွေကတော့ ပေးနေပြီလေ။ ကိုးကန့်တို့၊ “ဝ” တို့ သူ့အဖွဲ့နဲ့သူတော့ ကူကြတာရှိပါတယ်။ မကူ နိုင်တဲ့ အဖွဲ့လည်း မကူဘူးပေါ့။ ဒါပေမယ့် မနှောင့်ယှက်ဘူးပေါ့။ အဓိက,ကတော့ ဘယ်သူမှ မနှောင့်ယှက်ဖို့ပဲ လိုတယ်။ တကယ်ပစ်နေတာက စစ်ကောင်စီဖြစ်နေတော့ စစ်ကောင်စီဘက်က ပြောဖို့လိုတာပေါ့” ဟု ပြောသည်။
ငလျင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို နစကဥက္ကဋ္ဌ ညွန်ကြားနေစဉ်
ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သည့် ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်း ၂ ပတ်ကြာ ရပ်ဆိုင်းရန်နှင့် လိုအပ်သည်များကို ကူညီရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာသည် ငလျင်ဒဏ်ကြောင့် သေရေးရှင်ရေးကာလ ရောက်နေသည့်အတွက် ထိထိရောက်ရောက် အပစ်အခတ်ရပ်စဲပြီး အသက်များကယ်ရန်နှင့် လိုအပ်သူများအား ကူညီရန် အလုံးစုံ အာရုံစိုက်သင့်ကြောင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောထားသည်။
အခြားနိုင်ငံများမှ အပစ်ရပ်ရေး ပြောဆိုနေမှုများကို နစကအနေဖြင့် လိုက်နာမည်မဟုတ်ဘဲ တရုတ်ဘက်မှ အပစ်ရပ်ရန် ပြောဆိုလာပါက အတိုင်းအတာတစ်ခုအထိ ရပ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အပစ်ရပ်နိုင်လောက်အောင် အင်အား ဘယ်လောက်အထိ သူတို့အပေါ်မှာ ဖိအားပေးနိုင်လဲဆိုတဲ့ အပေါ် မှာပဲ မူတည်တယ်။ တရုတ်ကြီးကနေ ရပ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိတော့ ရပ်မှာပေါ့။ ဒါပေမယ့် ရှေ့ဆက်သွားဖို့အတွက် အပေးအယူ ညှိနှိုင်းတဲ့အခါကြတော့ မရတော့ပြန်ဘူး။ အဲဒီတော့ စင်္ကာပူကရပ်ဖို့အတွက် ပြောတယ်။ ပြီးတော့ တခြားတခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ပြောတာတွေ ကြားရပါတယ်။ ဒါပေမယ့် သူတို့လိုက်နာမှာ မဟုတ်ပါဘူး။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ကတော့ နိုင်ငံတကာက အခု အကူ အညီ ပေးလာတဲ့ဟာတွေတောင်မှ အဟန့်အတားဖြစ်အောင် တချို့ဟာတွေ တွေ့နေကြားနေရတယ် သတင်းမှာ။ နိုင်ငံတကာကိုရော ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းကိုရော ဒီအချိန်မှာ ပြည်သူတွေအတွက် လမ်းဖွင့် ပေးတာ အကောင်းဆုံး လက္ခဏာဆိုပေမယ့် SAC က လုပ်လိမ့်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
အိန္ဒိယက မြန်မာငလျင် ကူညီကယ်ဆယ်ရေးလုပ်နေစဉ်
မတ်လ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့များအနီးကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်တစ်ခု စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးတွင် မတ်လ ၃၀ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှုများ ရှိနေသေးသည်။
ထိုငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့ရှိ နေအိမ် အဆောက်အအုံ အများအပြား ပြိုကျ ပျက်စီးခဲ့ရပြီး အထဲတွင် ပိတ်မိနေသူများရှိနေသးကာ အသက်ဆုံးရှုံးသွားသူ ဦးရေမှာလည်း ထောင်နှင့်ချီရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် နေအိမ် အဆောက်အအုံ ပြိုကျမှုများကြောင့် ပိတ်မိနေသည့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အိန္ဒိယ၊ ရုရှား၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံ များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း လာရောက်ကူညီပေးလျက်ရှိသည်။

- By CNI
- Category: ရာသီဉတု
- Hits: 502
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှု များပြားသည့် မန္တလေးမြို့သို့ အိန္ဒိယနိုင်ငံသည် ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စတင်နေပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အမျိုးသား သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးတပ်ဖွဲ့ဝင်(NDRF) ၇၁ ဦးနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့ ၁၀ ဖွဲ့ကို မန္တလေးမြို့သို့ မတ်လ ၃၀ ရက်က စေလွှတ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီးဖြစ်သည်။
ထို့နောက် အိန္ဒိယ၏ NDRF သည် မန္တလေးမြို့ မစိုးရိမ်တိုက်၊ ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင် ပြိုကျမှုတွင် ပိတ်မိနေသော စာဖြေသံဃာများ ကယ်ဆယ်ရေးနှင့် Sky Villa ကွန်ဒို ပြိုကျမှု၌ ပိတ်မိနေသော ပြည်သူများ ကယ်ဆယ်ရေးကို စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း အိန္ဒိယသံရုံးက ပြောသည်။
ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင်တွင် သံဃာ ၁၇၀ ဝန်းကျင် ပိတ်မိနေပြီး ပျံလွန်တော်မူသည့် သံဃာ ၉၀ ဝန်းကျင် ရှိကြောင်း သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 520
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
အိန္ဒိယနိုင်ငံ၏ အမျိုးသား သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးတပ်ဖွဲ့(NDRF) အဖွဲ့သည် သံဃာ ၁၇၀ ဝန်းကျင် ပိတ်မိနေသည့် မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင်၌ ကယ်ဆယ်ရေး လုပ်ငန်းများ ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင်တွင် စာဖြေသံဃာတော် ရာနှင့်ချီရှိပြီး စာဖြေနေစဉ် မတ်လ ၂၈ ရက်က ငလျင် လှုပ်ခတ်၍ ကျောင်းဆောင် ပြိုကျ၍ ပိတ်မိခဲ့သည်။
အိန္ဒိယဘက်က “၎င်းတို့သည် ခွေးနဲ့ ရှာဖွေမှုကို လုပ်ဆောင်ခဲ့ပါတယ်။ အခု ဘုန်းကြီးကျောင်းမှာ အရိပ်အယောင် မတွေ့ရပေ။ သေဆုံး ရုပ်အလောင်းတွေကိုပဲ ပြန်လည်တွေ့ရှိခဲ့တယ်” ဟု ပြောသည်။
ထို့နောက် စာဖြေသံဃာတော် ၉၀ ဝန်းကျင် ပျံလွန်တော်မူခဲ့ပြီး ကျန်ပိတ်မိနေသော သံဃာတော်များကို အိန္ဒိယ၏ NDRF တပ်ဖွဲ့က မတ်လ ၃၁ ရက်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို အိန္ဒိယက ဗြဟ္မာစစ်ဆင်ရေးဟု အမည်ပေးထားသည်။