- By CNI
- Category: ရာသီဉတု
- Hits: 1234
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
မြန်မာနိုင်ငံ ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အမေရိကန် အစိုးရက ထိန်းသိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံအား ပြန်လည်ထုတ်ပေးရန် အမေရိကန်သံရုံးအား စာပေး ပို့ထားကြောင်း FUA အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့နိုင်ငံရေး ပြဿနာကြောင့် အမေရိကန်အစိုးရမှ ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံအစိုးရပိုင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအား မြန်မာပြည်သူလူထု၏ ပြည်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် ပြန်လည်ထုတ်ပေးပါရန် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ဖက်ဒရယ် ပြည်ထောင်စုမဟာမိတ် (FUA)အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြည်သူလူထု လိုအပ်နေသည့် အချိန်ဖြစ်၍ တောင်းဆိုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ အမေရိကန် အစိုးရ အနေဖြင့်လည်း လူသားချင်းစာနာသည့် တောင်းဆိုမှု ဖြစ်သည့်အတွက် မငြင်းလောက်ကြောင်း FUA အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

FUA ၏ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “NLD အစိုးရလက်ထပ်မှာ အမေရိကန်ကို ပို့ထားတယ်လို့ ပြောတာပေါ့၊ ဘယ်အတွက်ကြောင့် ပို့ထားလဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ ရန်ပုံငွေသဘောနဲ့ ထားတာလား ဘာလားတော့ တိတိကျကျတော့ မသိဘူးပေါ့၊ NUG ကလည်း အဲဒီဟာကို ထုတ်ခွင့်ရဖို့အတွက် တောင်းဆိုတာတွေဘာတွေ ရှိတယ်ဆိုတော့ အဲအချိန်ကျမှ ကျနော် တို့လည်း သိရတာကိုး၊ ဒီဟာ ၁ ဘီလီယံ ဒီမှာရောက်နေပါလားဆိုတဲ့ဟာ သိရတယ်၊ ဒါပေမယ့် အမေရိကန်အစိုးရ ကလည်း ဘယ်သူ့ကိုမှ မပေးပဲနဲ့ အကုန်လုံး Freeze လုပ်ထားတယ်ဆိုတော့ ဒီဟာ ဒီအချိန်ဆိုရင်တော့ လူထု လည်း တအားလိုအပ်နေတဲ့ အချိန်ဆိုတော့လေ၊ တောင်းဆိုရင်တော့ ကောင်းမှာပဲဆိုပြီးတော့မှ အဲလိုလေး ဆုံးဖြတ်ချက်ချပြီး လုပ်လိုက်တာပါ။ အမေရိကန် အနေနဲ့လည်း ဒါမျိုးဆိုတဲ့ အခါကျတော့ လူသားချင်းစာနာတဲ့ ဟာမျိုး ဆိုတဲ့ခါကျတော့ သူလည်း မငြင်းလောက်ဘူး ထင်တယ်ပေါ့၊ အဲဒီအတွက်ကြောင့်မို့လို့ ဒီဟာလေး ထုတ်ပြန် ထုတ်ပြန်ပြီးတော့မှ အမေရိကန် သံရုံးကိုလည်း ပို့ပေါ့” ဟု ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု မဟာမိတ်အဖွဲ့ (FUA) အား အနာဂတ်မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံရေးပါတီ ၅ ပါတီဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၊ နာဂအမျိုးသားပါတီ (NNP)၊ ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့ဖြင့် ဖွဲ့စည်းထားသည်။
ထိုအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP)၊ နာဂအမျိုးသားပါတီ (NNP)၊ ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့ဖြင့် ဖွဲ့စည်းထားသည်။
နိုင်ငံပိုင်သည့် ပိုက်ဆံဖြစ်သောကြောင့် ပြည်သူအနေဖြင့် လက်ခံသင့်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ငလျင်ကြောင့် ပြိုကျပျက်စီးနေမှုကို တွေ့ရစဉ်
၎င်းက “ဒါကနိုင်ငံပိုင်တဲ့ ပိုက်ဆံပဲ အချိန်မရွေး ထုတ်ပေးတဲ့ဥစ္စာကို လက်ခံရပါမယ်၊ အခုလိုဆိုရင် ပိုပြီးတော့ လက်ခံသင့်တယ်လို့ ကျနော်တို့ မြင်တာပေါ့နော်၊ ပြန်လည်တည်ထောင်ရေးကိစ္စ ဘယ်လောက် ကုန်ကျဦးမယ် တော့ မပြောတတ်ဘူး၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ငံပိုင်တဲ့ ပိုက်ဆံတွေ ဖြစ်ပါတယ်၊ ဒါက နိုင်ငံပိုင်တဲ့ ငွေတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထုတ်ပေးဖို့ပဲ လိုအပ်တာပါ။ ပြည်သူအနေနဲ့ လက်ခံသင့်ပါတယ် ဒီကိစ္စကလေ၊ ဘာလို့ ဆိုတော့ ဟိုတုန်းကလည်း လက်မခံတာ မဟုတ်ပါဘူး၊ ပြည်သူအနေနဲ့ လက်ခံတယ်၊ ဒါပေမယ့် မထုတ်ပေးဖို့ တားတဲ့လူတွေ ရှိထားလို့ ဟိုဖက်ကလည်း မထုတ်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ထိန်းသိမ်းထားသည့် ငွေအား ပြန်လည်ထုတ်ပေးမည်ဆိုပါက ပြည်သူလူထုထံ ရောက်/မရောက်ကို လက်ရှိအစိုးရသည် တာဝန်ခံရမည်ဖြစ်ကြောင်း ဦးစိုင်းဋ္ဌေးအောင်က ဆက်ပြောသည်။
၎င်းက “ဒါက လက်ရှိအစိုးရ တာဝန်ခံရမယ်လေ၊ ဒါကနိုင်ငံတော်နဲ့ ဆိုင်တဲ့ကိစ္စကိုး၊ ပြည်သူတွေထဲ မရောက်ပါဘူး ပြောရအောင်က အမေရိကန် ထုတ်ပေးတယ်ဆိုတဲ့ အကြောင်းကိုတော့ သူတို့က ကြေညာပေးခဲ့ရင်တော့ ပြည်သူ လည်း သိရတာပေါ့နော်၊ ဒီဖက်ကလည်း လက်ခံရရှိတဲ့ အကြောင်းကိုတော့ ပြည်သူကို ပြောရမှာပေါ့၊ ဒါကတော့ နိုင်ငံပိုင်တဲ့ ငွေရေးကြေးရေး စီးဆင်းမှု သူ့ဥပဒေတိုင်းကိုသူ ဆောင်ရွက်သွားကြရမယ်လို့ ကျနော့်အနေနဲ့ မြင်တာ ပေါ့နော်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်ကြီး တစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်များအတွင်း လူပေါင်း ၃၀၈၅ ဦးသေဆုံးပြီး ၄၇၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၃၄၁ ဦးပျောက်ဆုံးနေကြောင်း ဧပြီ ၃ ရက် နံနက် ၈ နာရီအထိ နောက်ဆုံးရစာရင်းကို နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 769
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်များအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ၊ ပျောက်ဆုံးစာရင်းကို ဧပြီ ၃ ရက် နံနက် ၈ နာရီအထိ နောက်ဆုံးရစာရင်းကို နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1109
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂
ငလျင်ဘေးသင့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက အမေရိကန် ဒေါ်လာ ၃ သန်းနှင့်ညီမျှသော အကူအညီများ ပေးအပ်မည်ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်က ဆာဆာကာဝါသည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ ငလျင် ဘေးသင့် အခြေအနေများကို ဆွေးနွေးကာ အထက်ပါအတိုင်း ထောက်ပံ့ကူညီမှုများ ပေးအပ်မည်ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။
နစကဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ်မှာ ဆာဆာကာဝါက ငလျင်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း ၁၄ မျိုးပါ ကျောပိုး အိတ် ၅၀ လုံး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းဦးထုပ် ၆၀ လုံးနှင့် လက်အိတ် ၁ ဖာတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် နိပွန်ဖောင်ဒေးရှင်း အနေဖြင့် အမေရိကန် ဒေါ်လာ ၃ သန်းနှင့်ညီမျှသည့် စားနပ်ရိက္ခာများ အပါအဝင် အခြားလိုအပ်သော ထောက်ပံ့ပစ္စည်းများအား ငလျင်ဒဏ်ခံစားနေရသည့် ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ် သည်။
မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှု ကြောင့် မြန်မာနိုင်ငံတွင် ဧပြီ ၂ ရက်နေ့ နံနက် ၈ နာရီအထိ လူပေါင်း ၂၈၆၆ ဦးသေဆုံးပြီး ၄၆၃၉ ဦး ထိခိုက်ဒဏ် ရာရရှိကာ ၃၇၃ ဦး ပျောက်ဆုံးနေကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ငလျင်ဒဏ် ခံစားနေရသော ပြည်သူများအတွက် ဂျပန်ကူညီကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
- By CNI
- Category: ရာသီဉတု
- Hits: 602
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်များအတွင်း သေဆုံးသူ၊ ထိခိုက် ဒဏ်ရာရရှိသူနှင့် ပျောက်ဆုံးသူများ ထောင်ချီရှိနေသည်။

ထို့နောက် ရုရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့သည် မန္တလေးမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသလို ဆေးရုံတစ်ရုံကိုလည်း ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်။
ထိုဆေးရုံကို မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၁၀၇ လမ်းထောင့်ရှိ မန္တလာသီရိဘောလုံးကွင်းတွင်ဖွင့်လှစ်ထားသည်။
- By CNI
- Category: ရာသီဉတု
- Hits: 675
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည်။
ထိုဒေသများမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်တို့မှ ပြည်သူများဖြစ်သည်။
အဆိုပါ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပြည်သူလူထုများက အလှူခံလျက်ရှိသည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အဘွားအိုတစ်ဦးသည် ငလျင်ဘေးသင့် ပြည်သူများ ကူညီရေး အလှူခံဖလားထဲသို့ သူ၏ ချွေးနည်းစာထဲက တက်နိုင်သမျှ ဒါနတရားကို လှူဒါန်းခဲ့သည်။
ထို့ကြောင့် အဘွားအိုတစ်ဦး၏ ဒါနတရားကို မှတ်တမ်းတင်ထားသော ပုံလေးတစ်ပုံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီး အားလုံးက လေးစားချီးကျူးမှုများဖြင့် ပြန်လည်မျှဝေကာ ဂုဏ်ပြုခဲ့ကြသည်။
- By CNI
- Category: ရာသီဉတု
- Hits: 712
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်များအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ၊ ပျောက်ဆုံးစာရင်းကို ဧပြီ ၂ ရက် နံနက် ၈ နာရီအထိ နောက်ဆုံးရစာရင်းကို နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 687
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂
ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်ဖွယ်ရှိသော်လည်း မိုးရေချိန် အများအပြား ရွာသွန်းမည်မဟုတ်ဘဲ အနည်းငယ်သာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။
တိုင်းထွာချက်များအရ ဧပြီလ ၅ ရက်၊ ၆ ရက်လောက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းဖြစ်မည့် အနေအထားကိုတော့ လက်ရှိတွင် မတွေ့ရသေးကြောင်း၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီးမှသာ ခန့်မှန်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဓိကရွာနိုင်တဲ့နေရာတွေကတော့ တောင်ပိုင်းတို့၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၊ မွန်၊ တနင်္သာရီ၊ ရှမ်းဘက်ရွာနိုင်တယ်။ မြန်မာပြည်အထက်ပိုင်းဆို ကချင်တို့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့ မိုးရွာသွန်း တာတွေရှိနိုင်တယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ မိုးကတော့ ရွာနိုင်တယ်လို့တော့ လက်ရှိတွက်ချက်မှုတွေ အရ ပြန်ကျမိုးတွေရွာတာပေါ့။ အပူပြန်တဲ့တိမ်တွေကြောင့် အဲဒါမျိုးတွေ ရှိနိုင်တယ်။ သိပ်ပြီးတော့ များများ စားစား ရွာမယ့်အနေအထားမျိုးတော့ မတွေ့ရဘူး။ တကယ်တမ်း များများစားစား ရွာနိုင်တာက မုန်တိုင်းဝင်ရင် တော့ ရွာနိုင်တယ်။ ဒါပေမယ့် မုန်တိုင်းကလည်း ဖြစ်နိုင်ဖို့လည်း ကြိမ်းသေ ကံသေကံမ ပြောလို့မရပါဘူး။ လောလောဆယ်အရကတော့ မုန်တိုင်းဖြစ်မယ့်အလားအလာလည်း မတွေ့ရဘူး။ အဓိကကတော့ မိုးရွာတဲ့အခါ များများရွာရင် အန္တရာယ်ရှိတာပေါ့။ ပြိုနေတဲ့ အဆောက်အအုံတွေ မိုးရေကြောင့် ပိသွားတာတို့ ဘာတို့ ဒါမျိုး တွေပေါ့။ အောက်ခံမြေသား အိပြီး ပြိုပြီးတော့ ပျက်စီးမှုတွေ ရှိနိုင်တယ်။ လက်ရှိအနေအထားကတော့ ငလျင် ဒဏ်သင့်ဒေသတွေမှာ အဲဒီလောက်ထိတော့ များများစားစား ရွာမယ့် အနေအထားမတွေ့ရဘူး။ ဘာပဲပြောပြော မိုးရွာရင်တော့ အမိုးအကာ လိုတာပေါ့” ဟု ၎င်းက ပြောသည်။

ငလျင်ကြောင့် သေဆုံးခဲ့ရသည့် ရုပ်အလောင်းများကို လမ်းပေါ်တွင် ချထားစဉ်
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် နေအိမ်၊ အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ရသော်လည်း ဧပြီလ ၁ ရက်အနေ့အထိ ငလျင်ငယ်လေးများ ဆက်လက် လှုပ်ခတ်နေဆဲဖြစ်သည်။
ထို့ကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် နေအိမ်များတွင် မနေထိုင်ရဲကြသဖြင့် လမ်းမများပေါ်သို့ ထွက်ကာ နေထိုင်အိပ်စက်မှုများပြုလုပ်နေရခြင်းဖြစ်သည်။
ထို့ပြင် ရာသီဥတုပူပြင်းမှုနှင့်အတူ ပြိုကျအဆောက်အအုံများကြား သေဆုံးရုပ်အလောင်းများကိုလည်း အလုံးစုံ မထုတ်နိုင်သေးသည့်အတွက် ပုပ်နံ့များ ထွက်ပေါ်နေကြောင်း ကူညီကယ်ဆယ်ရေး အသင်းများထံက သိရသည်။

အဆောက်အအုံအောက်ခြေ၌ ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန် ကယ်ဆယ်ရေးများ ကြိုးစားလုပ်ဆောင်နေစဉ်
ထိုအခြေအနေမျိုး၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်ဆိုပါက ပြိုကျပျက်စီးသည့် အဆောက်အအုံများအတွက် ပိုအန္တရာယ်ရှိနိုင်သည့်အပြင် ဒေသခံလူထုအနေဖြင့် ကျန်းမာရေးကိုလည်း သတိပြုရမည်ဖြစ်ကြောင်း ပုဂံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာ တင်မောင်ချိုက CNI သတင်းဌာနသို့ ပြောသည်။
“ရေကောင်းရေသန့် ရရှိဖို့လိုအပ်သလို ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း အရေးကြီးတာကို။ ရေကတော့ ဦးစားပေးပြီး လုပ်ပေးရမှာပေါ့။ ရေက အဓိကပဲလေ။ လူမှာအလိုအပ်ဆုံးက ရေပဲ။ ရေမရှိရင်တော့ အဆင်မပြေ နိုင်ဘူး။ heat stroke တွေ ဖြစ်နိုင်တာပေါ့။ အရေပြားနဲ့ပတ်သက်တဲ့ဟာတွေ Personal Hygiene နည်းတော့ ကြတော့ အဲဒါတွေရှိနိုင်တယ်။ နောက် လူစု လူဝေးနဲ့ နေကြရတော့ လေကောင်းလေသန့် မရရှိဘူးဆိုရင် ဝမ်းလျှော ဝမ်းပျက်တွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိသည့် ငလျင်လှုပ်ခတ်သွားမှုကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၂၀၀၀ ကျော် သေဆုံးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေမှာ ၄၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
- By CNI
- Category: ရာသီဉတု
- Hits: 662
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂
အဆောက်အဦများ ဆောက်လုပ်ရာတွင် လာဘ်စားမှုများ လျော့နည်းစေရန်နှင့် အရည်အသွေးထိန်းချုပ်မှုအား ဖိဖိစီးစီးလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ (PP) မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ချပေးထားသည့် ဘတ်ဂျက်၏ မည်မျှ ရာခိုင်နှုန်းခန့်အား လက်တွေ့မှာ အကောင်အထည်ဖော် လုပ်ဆောင် သလဲဆိုသည့်အပေါ် စစ်မေးစရာ ရှိလာပြီး အဓိကအသုံးပြုနေသည့် ဘိလပ်မြေ၊ သံချောင်း စသည့်တို့၏ အရည်အသွေးနှင့် Quality control (အရည်အသွေးထိန်းချုပ်မှုအား)ကို ဖိဖိစီးစီး လုပ်ဆောင်ရမည်ဟု ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “ကျနော်တို့ အရပ်ထဲမှာကိုက တော်တော်များများ ပြောဆိုနေကြတာတွေ ရှိပါတယ်၊ အဲ့ဒီဟာ ဘာလဲဆိုတော့ လမ်းတံတားတွေမှာလည်း တင်ဒါတစ်ခု ကျဖို့အတွက်ကို အဆင့်လိုက်အဆင့်လိုက်ကို ဂါရဝကြေး ဆိုပြီးတော့ ပေးနေရတဲ့ ကိစ္စတွေက မြေပြင်ပေါ်မှာ တကယ်အလုပ်လုပ်တဲ့ အခါလည်းကျရော ချပေးတဲ့ ဘတ်ဂျက်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းလောက်က လက်တွေ့ အလုပ်လုပ်သလဲဆိုတာ စစ်စရာ စစ်မေးစရာတွေ ပေါ်လာတာပေါ့။ နောက်တစ်ခုက ကျနော်တို့က နိုင်ငံတကာမှာဆိုရင် Quality control ပေါ့၊ ဒီ Third party ကနေပြီးတော့ စစ်တာပေါ့၊ Third party ကော်မတီတွေက အရည်အသွေးစစ်ပြီးတော့မှ ကျနော်တို့က အတည်ပြုတာ၊ အခု ဒီနိုင်ငံမှာက Third party အယူအဆကို သေသေချာချာ ကျင့်သုံးဖို့လိုတယ်၊ အဲဒီတော့ အင်ဂျင်နီယာတွေ အနေနဲ့ကလည်း တချို့ တော်တော်များများကတော့ ဗိသုကာ ဒီဇိုင်းတွေမှာ ရစ်ချ်တာစကေး ၇ လောက်အထိကို သူတို့ တွက်ချက်ပြီးတော့ ဆောက်ကြတာရှိတယ်၊ အဲဒီတော့ အခုကတော့ ၇ ဒသမ ၇ ဆိုတာ ကျတော့လည်း တော်ရုံတန်ရုံ ခံနိုင်ရည် ရှိဖို့တော့ ခက်တယ်ပေါ့၊ အဓိက ဒီသုံးတဲ့ ဘိလပ်မြေတို့ သံချောင်းတို့ စတဲ့ အရည်အသွေးတွေ၊ ခုနကပြောတဲ့ Quality control လုပ်တဲ့ ကိစ္စကိုတော့ ဖိဖိစီးစီး လုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ကယ်ဆယ်ရေးအဖွဲများ ကြည့်ရှုစစ်ဆေးနေစဉ်
ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာ ယူ၍ လမ်းတံတားနှင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်စံနှုန်းများကို စနစ်တကျ တွက်ချက်ဆောက်လုပ်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ဆိုင်ရာ အချက်အလက်နှင့် ဖြစ်ပေါ်မှုများကိုလည်း စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်နှင့် ထုတ်ပြန်မှုများ ဆောင်ရွက်ပေးသွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အဆောက်အဦများအား စစ်ဆေးရန် နည်းဥပဒေများ၊ အင်ဂျင်နီယာအဖွဲ့များ ရှိသော်လည်း လာဘ်စားမှုများ ရှိနေသောကြောင့် နောက်ဆက်တွဲအကျိုးဆက်များ ခံစားနေရခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဟာကြီးကို စစ်ဆေးဖို့အတွက်ကိုက အင်ဂျင်နီယာအဖွဲ့တွေ ဘာတွေညာတွေက ရှိပြီးသား၊ ကျနော်တို့ ဆီမှာ ဥပဒေ၊ နည်းဥပဒေတွေ အကုန်လုံးက ရှိပြီးသားပဲ၊ ဒါပေမယ့် ဒီအပေါ်မှာ လာဘ်စားမှုတွေနဲ့ ဒါလေး မသိချင် ယောင်ဆောင်ပြီးတော့မှ အိတ်ကပ်ထဲ ဘယ်လောက်ထည့်လိုက်ရင် ဘယ်လိုပေးလိုက်ရင် ဘယ်လိုပြီးသွားတယ် ဆိုတဲ့ ဟာတွေကြောင့်မို့လို့ ဒါကိစ္စတွေ ဖြစ်တာကိုး၊ ဒီအတွက်ကြောင့်မို့လို့လည်း ဆောက်တဲ့လူတွေ ကိုယ်တိုင်က လည်း ဒီလိုပေးပြီး လုပ်လို့ရတယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ လွယ်လွယ်ကူကူ လျှောက်လုပ်ကြတာ ဖြစ်တဲ့ အတွက်ကြောင့် အခုမလိုလားအပ်တဲ့ အမှန်တကယ်ဆိုရင် ၁၀ ပုံ ၁ ပုံပေါ့၊ ဒီလောက် မြေငလျင်လှုပ်တဲ့အပေါ်မှာ ကျနော်တို့ ခံစားရမယ့် အတိုင်းအတာက ၁၀၀ ဖိုးခံစားရမယ့်ဟာက အခု ၁၀၀၀ ဖိုးလောက်ခံစားရတယ် ဆိုတဲ့ အပိုင်းတွေ ဖြစ်ကုန်တာပေါ့၊ ဘာမှမဖြစ်လောက်ပါဘူး ဒီလိုလည်း ရနေတာပဲ ဆိုတဲ့ ခပ်ပေါ့ပေါ့ အတွေးတွေနဲ့ လုပ်ခဲ့တဲ့ဟာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပေါ့လေ အခုခံစားရတာ။ ဥပဒေမရှိတာမဟုတ်ဘူး၊ အဲဒီ ရှိတဲ့ဥပဒေကို သေသေချာချာ မှန်မှန်တိတိကျကျ ကိုင်တွယ် ကျင့်သုံးတာ လျော့နည်းနေတာပေါ့နော်၊ ခုန လာဘ်စားမှုတွေနဲ့ ဘာတွေနဲ့ညာတွေနဲ့ အကုန်လုံး အဲ့ဟာတွေ ဖြစ်နေတာကို၊ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒါတွေသည် နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာတာ။ ဒီဟာကို တကယ့်ကို ဖိဖိစီးစီး တိတိကျကျ ကိုင်တွယ် ရမယ်” ဟု ပြောသည်။

ငလျင်ကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အအုံတစ်ခုမြင်ကွင်း
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော်(လက်ရှိအချိန်) သေဆုံးပြီး ၄၀၀၀ ဝန်းကျင်(လက်ရှိအချိန်) ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့ပြင် ဟိုတယ်များ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်း၊ ပြိုကျပျက်စီးနေဆဲအဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်း အပိုင်း၊ ပြန်လည်တည်ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
