- By CNI
- Category: ရာသီဉတု
- Hits: 809
CNI International News
ဟနွိုင်း၊ စက်တငဘာ ၁၀
ယခုနှစ်အတွင်း အာရှတိုက်တွင် အင်အားအပြင်းထန်ဆုံး မုန်တိုင်းဖြစ်သည့် တိုင်ဖွန်းယာဂီသည် ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဝင်ရောက်တိုက်ခတ်သွားခဲ့သဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တိုင်ဖွန်းယာဂီသည် ဗီယက်နမ်နိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး စက်တင်ဘာ ၇ ရက်က ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ လေတိုက်နှုန်း တစ်နာရီလျင် ၁၄၉ ကီလိုမီတာ (၉၂ မိုင်) ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုမုန်တိုင်း တိုက်ခတ်မှုကြောင့် ဟနွိုင်း (Hanoi) မြို့တော်တွင် လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ကာ ရေလွှမ်းမိုးမှုများ၊ သစ်ပင်များလဲပြိုမှုများ၊ လူနေအိမ်များ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
တိုင်ဖွန်းယာဂီ မုန်တိုင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံကို စတင်ဝင်ရောက်ခဲ့သဖြင့် လူ ၂၀ ခန့် သေဆုံးကာ ၂၂ ဦး ပျောက်ဆုံးခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်းကို ဝင်ရောက်ခဲ့သဖြင့် လူ ၄ ဦး သေဆုံးခဲ့သည်။
တိုင်ဖွန်းယာဂီမုန်တိုင်း တိုက်ခိုက်ခဲ့စဉ်
တရုတ်ကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ဗီယက်နမ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုများ၊ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများဖြစ်ပွားကာ သေဆုံးသူ ၅၉ ဦးအထိရှိခဲ့ကြောင်း နောက်ဆုံး ရရှိသည့် သတင်းများတွင် ဖော်ပြထားသည်။
ထိုမုန်တိုင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာ ၉ ရက်က ဗီယက်နမ်နိုင်ငံ၊ ဖူသို ( Phu Tho) ခရိုင်ရှိ မြစ်နီ (Red River) ပေါ်တွင် ဖြတ်သန်းဖောက်လုပ်ထာသည့် ဖွန်ချာအူ (Phong Chau) တံတားတစ်စင်း ကျိုးကျခဲ့သည်။
အဆိုပါ မုန်တိုင်းသည် စူပါတိုင်ဖွန်း မုန်တိုင်းအဖြစ်မှ အားလျော့လာခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့ပြီး အနောက်ဘက်သို့ ဦးတည်ရွေ့လျားသွားခဲ့သည်။
မုန်တိုင်း အားလျော့သွားသည့်တိုင် နိုင်ငံအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု၊ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ဗီယက်နမ် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ရာသီဉတု
- Hits: 1600
CNI News
၂၀၂၄ခုနှစ်၊ ဇူလိုင် ၃၁
တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၄ ပေခန့် ရောက်ရှိလာ၍ မြိတ်- မောတောင်ကုန်သွယ်ရေးလမ်း သွားလာမရတော့သည့်အတွက် ပိတ်ထားရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံ ဆင်းခွန်နယ်စပ် ကုန်သွယ်ရေးလမ်းတွင် တနင်္သာရီ မြစ်ရေကြီးမှုကြောင့် ကုန်သွယ်မှု လမ်းကြောင်း ယာယီ ပြတ်တောက်နေသည်။
ဇူလိုင် ၂၉ ရက် မနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် ၂၇ ပေ ၇ လက်မအထိ ကျော်လာခဲ့သည်။
တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၀ ရွာ ရေနစ်မြုပ်နေသလို တနင်္သာရီမြို့နေရာ အများစုလည်း ရေနစ်မြုပ် နေကြောင်း သိရသည်။
အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော မြိတ်-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းသည် ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းက စတင်ပြီး ကုန်ကားကြီးများ သွားလာ၍ မရတော့ခြင်းဖြစ်သည်။
တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ကားလမ်းရေကျော်နေသည်ကို တွေ့ရစဥ်
လက်ရှိတွင် မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုသွားလာနိုင်သော်လည်း မြိတ်-တနင်္သာရီ-မောတောင်၊ မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးမှာ အသုံးပြု၍ မရတော့ပဲ ပိတ်ဆို့နေ သည်။
မြိတ်-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းသည် မြိတ်-ပရာကျွတ်ခီရီခံ(မြန်မာ - ထိုင်း) ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။
ထိုလမ်းကြောင်းသည် မြိတ်ခရိုင်အတွက် အဓိကအားထားရသည့် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံသို့ မြိတ်ခရိုင်ဘက်မှ တင်ပို့နေသည့် ကုန်ပစ္စည်းအများစုမှာ ပင်လယ်စာပစ္စည်းများဖြစ်သည်။
တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ကာ ယခု တနင်္သာရီ မြစ်ရေမှာ ၂၇ ပေ ၇ လက်မကျော် ရှိနေကြောင်း သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 2878
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅
ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝင်းများအတွင်း ရေဝင်ရောက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် တွင် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၂ ရက်က စတင်ပြီး ယာယီပိတ်ထားကြောင်း သိရသည်။
သာပေါင်းမြို့နယ်၏ အထက်ပိုင်းနှင့် အရှေ့ဘက်အခြမ်းများရှိ ရွာပေါင်း ၁၀၀ နီးပါးမှာ ရေနစ်မြုပ်နေပြီး စာသင်ကျောင်းများလည်း ပိတ်ထားကြရသည်ဟု ဒေသခံများက ပြောသည်။
ငဝန်မြစ်ရေသည် ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်များတွင် စိုးရိမ်ရေမှတ်အထက် တစ်ပေကျော် မြင့်တက် နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
သာပေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းကို တွေ့ရစဥ်
ငဝန်မြစ်ရေ မြင့်တက်ပြီး ရေကြီးမှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ပိတ်ထား သည်။
ထို့နောက် ဇူလိုင် ၂၃ ရက်မှာ အခြေခံပညာမူလတန်းကျောင်း(သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလ တန်းကျောင်း (သရက်ကုန်း)၊ အခြေခံပညာ မူလတန်းကျောင်း(သာယာကုန်း)၊ အခြေခံပညာ မူလတန်းကျောင်းခွဲ(သောင်ရွာ) ကျောင်းတို့ကို ထပ်မံပိတ်ခဲ့ရသည်။
ထို့ကြောင့် သာပေါင်းမြို့နယ်တွင် စုစုပေါင်း ကျောင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ယာယီပိတ်ထားရကြောင်း၊ သို့သော် ကျောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 2352
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဒေသတွင်းနေ ပြည်သူများ ရေဘေးသင့်ခဲ့ခြင်းကြောင့် ဒေသခံကြက်ခြေနီအသင်းများက ထောက်ပံ့ကူညီမှုများ ပေးလျက်ရှိကြောင်း သိရ သည်။
စေတနာရှင် အလှူရှင်များ၏ ထောက်ပံ့ကူညီပေးသော ဆန်၊ ကြက်ဥ၊ သောက်ရေသန့်နှင့် ဆေးဝါးများကို အလှူရှင်များနှင့်အတူ ဒေသခံကြက်ခြေနီအသင်းများက ပြည်မြို့နယ်၊ ဇလုံကျေးရွာအုပ်စုမှ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီပေးခဲ့သည်။
ထို့နောက် မိုးညိုမြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အားပေး ခြင်း၊ ထိခိုက်ဒဏ်ရာ ရသူများအား ရှေးဦးသူနာပြု နည်းလမ်းများဖြင့် ပြုစုပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ အသိပညာပေးခြင်း၊ အလှူရှင်များ လှူဒါန်းသော ထမင်းဘူးများကို ကူညီဝေငှပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အလားတူ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ များအတွက်လည်း အလှူရှင်များ လှူဒါန်းထားသည့် ထမင်းဘူးများကို ကူညီဝေငှပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အချိန်များတွင် ထိခိုက်ခံစားရသူများကို ကူညီခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီး အချိန်များတွင် တုန့်ပြန်ဆောင်ရွက်ခြင်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ရွာလူထုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 3173
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ဇူလိုင် ၈ ရက်နေ့က ပြောင်းရွှေ့ပေးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ကလေးဝမြို့၏ ချင်းတွင်းမြစ် စိုးရိမ်ရေအမှတ်မှာ ၁၅၅၀ စင်တီမီတာရှိရာ ယခုအခါမှာတော့ ၁၇၃၁ စင်တီမီတာသို့ ရောက်ရှိနေသည်။
ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေစဥ်
ထို့ကြောင့် မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဒေသများဖြစ်သည့် ရပ်ကွက်(၁)၊ ရပ်ကွက်(၂) အပါအဝင် ကျော်ဇင်၊ ယောစု၊ ကိုင်း၊ တုန်နန်း၊ ရွာသာ၊ နန်းဇလိန်၊ မစိန်ကျေးရွာများမှ ရေဘေးသင့် ပြည်သူများကို ရေဘေးကယ်ဆယ်ရေး စခန်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများက ရွှေ့ပြောင်းပေးခဲ့သည်။
လက်ရှိတွင် ကလေးဝမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၁၅၄ ဦးအား ပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 2372
CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃
ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဧရာဝတီမြစ်၊ မေခမြစ်နှင့် ချောင်းအချို့ ရေကြီးရေလျှံမှု ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများရှိနေကြောင်း လူမှုကူညီကယ်ဆယ် ရေး အသင်းအဖွဲ့များမှ CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် အချို့နေရာများမှာ ရေကျသွားပြီဖြစ်သော်လည်း အချို့နေရာများမှာမူ ရေများရှိနေသေးသဖြင့် ရေဘေးဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်နေဆဲဖြစ်သလို ကူညီရေးလုပ်ငန်း ဆောင်ရွက်ရန် လှေနှင့်စက်သုံးဆီများ လိုအပ်နေကြောင်း လူမှုကူညီရေး ရွှေမေတ္တာ ရွှေစက်မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြစ်ကြီးနားမှာ အဲဒါအခက်တွေ့နေတာ စက်သုံးဆီက။ လမ်းဘေးဆိုင်တွေက ရေကြီးတဲ့ ဧရိယာတွေမှာ ပါသွား ကြတာလေ။ အဲဒါကြောင့် မရောင်းကြတာ။ ပန့်ဆိုင်တွေကလည်း လိုသလောက်မရဘူး။ သူတို့ဆိုင်ကို မဝင်ပေမယ့်လည်း သူတို့ဆိုင်ရဲ့ အဝင်အထွက် လမ်းကြောင်းတွေမှာ ရေကျော်သွားတယ်ဆိုတော့ သူတို့လည်း ဆိုင်တွေ ပိတ်ထားရတာပေါ့။ လိုသလောက်မရဘူး စက်သုံးဆီ။ အခုတချို့ဆိုရင် ၁ လီတာတောင် ၁ သောင်း ကျော်လောက် ဝယ်နေရတယ် ပြောကြတယ်။ ဒါတောင်မှ မရမက လိုက်ရှာ။ တချို့ဆို ၁ သောင်းခွဲတဲ့ အဲဒီလို ဖြစ်တယ်။ ကယ်ဆယ်ရေးအတွက်လည်း အဲဒီစက်သုံးဆီက အခက်အခဲဖြစ်တယ်။ ကားသွားလို့မရတဲ့ နေရာတွေ ကြတော့ လှေတွေဘာတွေ၊ စက်သုံးဆီတွေ လိုတာပေါ့။ လှေတွေရှိရင်လည်း စက်သုံးဆီ လိုအပ်တာပေါ့။ တချို့ တွေကြ ကိုယ်ထူကိုယ်ထလေးတွေနဲ့ ကော်ပုံးလေးတွေကို ဖောင်ဖွဲ့ပြီးမှ လုပ်ကြတာ အဲဒီလိုမျိုးလေးတွေတော့ ရှိတာပေါ့” ဟု ပြောသည်။
ရေကြီးရေလျှံမှုများ နေအိမ်အများအပြား ရေနစ်မြှုပ်သွားသဖြင့် တစ်မြို့နယ်လျှင် လူဦးရေ ထောင်ကျော် ပြောင်း ရွှေ့ပေးထားရသဖြင့် ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာအရ လူဦးရေ ၁၀၀,၀၀၀ (တစ်သောင်း)ကျော်အား ဘေးလွတ်ရာ ကုန်းအမြင့်တွင်ရှိသည့် ဘုန်းကြီးကျောင်းများနှင့် လူစုလူဝေးဖြင့် နေထိုင်နိုင်သော အဆောက်အအုံ များသို့ ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ် ရေကြီးရေလျှံမှု ကူညီကယ်ဆယ်နေကြစဉ်
လက်ရှိတွင် ရေဘေးသင့်ပြည်သူများမှာ စားနပ်ရိက္ခာနှင့် အဝတ်အစားများ လိုအပ်နေပြီး အချို့မှာ ရေစီးဖြင့် အိမ်များမျောပါသွား၍ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များထံက သိရသည်။
လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်တွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ဖူး သော်လည်း ယခုနှစ် ရေကြီးရေလျှံမှုမှာ ပို၍များပြားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ် ရုံးမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၄ ကထက်စာရင်တော့ များတာပေါ့။ ကျနော်တို့ကကြတော့ လုံးဝရေကြီးရေလျှံမှုဆိုတော့ ရပ်ကွက် အလိုက် လိုက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်တဲ့အခါမှာ လှေမလောက်တာပေါ့။ လှေမလောက်တာရယ် ပြီးတော့ ဆီမရတာရယ်ပေါ့ အဲဒါအခက်အခဲပေါ့။ အခုလက်ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေး တိုင်းရုံးကို ခေါ်ထားတယ်။ ပြီးတော့ ကချင်ပြည်နယ်မှာရှိတဲ့ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးအသင်းအဖွဲ့ အကုန်လုံး စုပြီးမှ လုပ်ဆောင်နေတာ။ အခုမန္တလေးကနေ ၄ စီးပြန်မှာထားတာ အဲဒါကတော့ ဒီနေ့ ညနေပိုင်းလောက် ရောက် မယ်။ လိုတာကတော့ လိုတာပေါ့။ ပြန်လို့တော့ မရသေးဘူး။ ရေကျတယ်ဆိုပေမယ့် လုံးဝ ကျသွားတာ မဟုတ် ဘူး။ ခါးလောက်ကျတဲ့ နေရာရှိတယ်။ ရင်ဘတ်လောက်ရှိတဲ့ နေရာရှိတယ်။ ကြက်ပေါင်ခြံတို့ဆိုလည်း ရေက လုံးဝ မကျသေးဘူး။ အဲဒီဘက် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်ဆောင် နေရတယ်။ ကျောင်းတွေကတော့ ဖွင့်လို့ အဆင်မပြေသေးဘူး ဒီတစ်ပတ်၊ နှစ်ပတ်လောက်ကတော့။ လုံးဝရေနစ်ထားတာဆိုတော့” ဟု ပြောသည်။
မြစ်ကြီးနားမြို့ပေါ်က ရေဘေး ဒုက္ခကြုံတွေ့ကြ ရသူများကို တွေ့ရစဉ်
ဧရာဝတီမြစ်ရေသည် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ညအချိန် တိုင်းတာချက်အရ ၁၄၀၆ စင်တီမီတာအထိ အမြင့်ဆုံး မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ တနိုင်း၊ ဖားကန့် စသည့် အနိမ့်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက် ရာတွင် အချိန်ကြန့်ကြာမှုများ ရှိနိုင်ကြောင်း လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များက သုံးသပ်သည်။

- By CNI
- Category: ရာသီဉတု
- Hits: 941
CNI International News
၂၀၂၄ ခုနှစ်၊ မေလ ၃
ဗီယက်နမ်နိုင်ငံမှာ အပူရှိန်မြင့်မားသည့်အတွက် ငါးများ သောင်းချီ သေဆုံးမှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။
အာရှတိုက်သည် အပူရှိန်မြင့်မားစွာ ခံနေရကြောင်းလည်း ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)က ပြောကြားထားသည်။
WMO ၏ ဧပြီ ၂၃ ရက်က ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အတွင်း အာရှဒေသ၌ ရေနှင့်ဆက်စပ်သည့် မိုးလေဝသ ဖြစ်စဉ်ကြောင့် ဘေးအန္တရာယ် ၇၉ ခုရှိခဲ့ကြောင်း၊ ထိုဘေးအန္တရာယ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေလွှမ်းမိုးမှုများနှင့် မုန်တိုင်းများကြောင့်ဖြစ်ပြီး သေဆုံးသူ ၂၀၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
အာရှဒေသသည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ အခြေအနေအရ လျင်မြန်စွာ ပူနွေးလာကြောင်း၊ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းနှင့် ဂျပန်တို့အပြင် ဆိုက်ဘေးရီးယား (Siberia) အနောက်ပိုင်းမှ ဗဟိုအာရှဒေသ တစ် လျှောက် အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ကြောင်း WMO က ထုတ်ပြန်ခဲ့သည်။
အာရှတိုက်၏ မြင့်မားသည့် တောင်းတန်းဒေသတွင်ရှိသည့် ရေခဲမြစ်အများစုသည် စံချိန်တင် ပူပြင်းခြောက်သွေ့ သည့် အခြေအနေများကြောင့် အရည်ပျော်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

- By CNI
- Category: ရာသီဉတု
- Hits: 1195
CNI International News
ဂျီနီဗာ၊ ဧပြီ ၂၄
အာရှတိုက်သည် ပြီးခဲ့သည့်နှစ်က ရာသီဥတုနှင့်ဆက်နွှယ်သည့် ဘေးအန္တရာယ်များ အများဆုံး ဖြစ်ပွားခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က အာရှတိုက်သည် ရေလွှမ်းမိုးမှုများနှင့် မုန်တိုင်းများကြောင့် လူသေဆုံးမှု အများဆုံး ဒေသအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
WMO ၏ ဧပြီ ၂၃ ရက်က ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်အတွင်း အာရှဒေသ၌ ရေနှင့်ဆက်စပ်သည့် မိုးလေဝသ ဖြစ်စဉ်ကြောင့် ဘေးအန္တရာယ် ၇၉ ခုရှိခဲ့ကြောင်း၊ ထိုဘေးအန္တရာယ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်သည် ရေလွှမ်းမိုးမှုများနှင့် မုန်တိုင်းများကြောင့်ဖြစ်ပြီး သေဆုံးသူ ၂၀၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ဒေသ ပျက်စီးမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဆေးနေစဉ်
“၂၀၂၃ ခုနှစ်အတွင်း အာရှဒေသက နိုင်ငံအများစုဟာ စံချိန်တင် အပူဆုံးနှစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ မိုးခေါင်းမှု တွေ၊ အပူလှိုင်း ကျရောက်မှုတွေ၊ ရေလွှမ်းမိုးမှုတွေနဲ့ မုန်တိုင်းတွေလိုမျိုး ဆိုးရွားပြင်းထန်တဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်” ဟု WMO အတွင်းရေးမှူးချုပ် ဆယ်လက်စတီ ဆော်လို (Celeste Saulo) က ပြောကြားခဲ့ သည်။
ထို့ပြင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် ထိုကဲ့သို့ မိုးလေဝသဖြစ်စဉ်များ ပိုမိုဆိုးရွားပြီး မကြာခဏ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
အာရှဒေသသည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ အခြေအနေအရ လျင်မြန်စွာ ပူနွေးလာကြောင်း၊ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံအရှေ့ပိုင်းနှင့် ဂျပန်တို့အပြင် ဆိုက်ဘေးရီးယား (Siberia) အနောက်ပိုင်းမှ ဗဟိုအာရှဒေသ တစ် လျှောက် အပူချိန်များ စံချိန်တင် မြင့်တက်ခဲ့ကြောင်း WMO က ထုတ်ပြန်ခဲ့သည်။
အာရှတိုက်၏ မြင့်မားသည့် တောင်းတန်းဒေသတွင်ရှိသည့် ရေခဲမြစ်အများစုသည် စံချိန်တင် ပူပြင်းခြောက်သွေ့ သည့် အခြေအနေများကြောင့် အရည်ပျော်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်