CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်း အပါအဝင် လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း နာဂအမျိုးသားပါတီ (NNP) မှ ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားပိုင်း ဒေသများတွင် ပြီးခဲ့သည့် ရက်ပိုင်းကစပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း လျက်ရှိခြင်းကြောင့် နာဂဒေသ အပါအဝင် ကချင်ပြည်နယ် (အထက်ပိုင်း) ဒေသများနှင့် ချင်းပြည်နယ်တို့တွင် ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေကြသည်။
ချင်းတွင်းမြစ်ကို အားထားနေရသော ဒေသဖြစ်သည့် နာဂဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ချင်းတွင်းမြစ်ရေ ကြီးလာပြီး လမ်းတံတားများ ပိတ်ဆို့၍ သွားလာရခက်ခဲနေသလို မြေပြိုမှုများကြောင့် နေအိမ်များ ပြိုကျမှုများ ဖြစ်ပေါ်နေသည်ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
နာဂဒေသ နန်းယွန်းမြို့ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနေစဉ်
၎င်းက “လေရှီုးဘက်ဆို အိမ်တွေဘာတွေထိတာပေါ့။ မိုးတွေကလည်း အဆက်မပြတ်။ လမ်းတွေကလည်း မြေပြို ဘာညာဆိုတဲ့ အခါကျတော့ အဓိက ဒီအောက်ပိုင်း မုံရွာဘက်ကနေ ကုန်စည်စည်းဆင်းမှုတွေက နဂိုထဲက ကြာပြီ ပေါ့ဗျာ။ နှစ်နဲ့ချီနေပြီဆိုတော့ ကုန်စည်စီးဆင်းမှုက စက်လှေတစ်ခုကိုဘဲ အားကိုးရတာဆိုတော့ အဲဒီဟာက လည်း သိပ်အဆင်မပြေဘူးဆိုတော့ ကျနော်တို့က ကုန်စည်စီးဆင်းမှုက အိန္ဒိယဘက်ကိုအားကိုးရတဲ့ အနေထား မှာ အဲလမ်းကြောင်းတွေက မိုးက အဆက်မပြတ် ဖြစ်နေတဲ့အခါကြတော့ လမ်းတွေ သွားရလာရ အဆင်မပြေဘူး။ ကားတွေသွားလာဖို့ကဆိုတော့ အခက်ခဲတွေ တော်တော်လေး ကျပ်တည်းနေတာပေါ့။ ကျနော်တို့ ဒေသကတော့ ခက်ခဲတဲ့ နယ်မြေတစ်ခုပါဘဲ နောက်ကြားထဲမှာ ဥပဒေအရ သိမ်းဆည်းတဲ့ အနေအထားမျိုးကြောင့် ဖြစ်တာတွေနဲ့ ဆိုတော့ ဒီစားဝတ်နေရေးနဲ့ လက်လုပ်လက်စား လုပ်တဲ့လူတွေ အခုချိန် တောင်ယာခုတ်နေပြီး စပါးစိုက်ရတော့ မယ် အဲလိုမျိုးတွေပေါ့နော်။ ဒီ ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ ဆိုတဲ့အခါကြတော့ သွားရေးလားရေးကိစ္စတွေ ခက်ခဲနေ ကြတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတို့ ဘာတို့ ဒါတွေကလည်းရှိတယ်။ အထူးသဖြင့်တော့ နန်းယွန်းဘက် မှာဆိုရင်လည်း ကလေးတွေ ကျောင်းဖွင့်ချိန်နဲ့လည်း တိုက်ဆိုက်နေပြီးဆိုတော့ အခုက သွားရေးလာရေးကိစ္စ ကတော့ တချို့မှာ တော်တော်လေး ဒီကလေးသူငယ် ကျောင်းတက်ဖို့ဘာညာ သွားလာဖို့တောင် တော်တော်လေး အခက်အခဲရှိတဲ့ နယ်မြေတွေလည်း ရှိပါတယ်”ဟု ပြောသည်။
လတ်တလော မိုးရွာသွန်းမှုကြောင့် လေရှီးမြို့နယ်အတွင်းက နေအိမ်ပျက်စီးသွားသူများသည် အိမ်၏ အရေးကြီး ပစ္စည်းများနှင့်အတူ လေရှီးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရိပ်သာ (၂)တွင် ပြောင်းရွှေ့ နေထိုင်နေကြ သည်။
နာဂဒေသ နန်းယွန်းမြို့ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနေစဉ်
ထို့ပြင် လေရှီးမြို့နယ်၊ မသော်ရီအုပ်စု၊ အမိမီကျေးရွာနှင့် အမှုထမ်း ရပ်ကွက်တို့တွင်လည်း မြေပြိုကျမှုများကြောင့် လူနေအိမ်များနှင့််စပါးကျီများ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လေရှီး၊ နန်းယွန်း၊ လဟယ် စသည့် မြို့နယ်များကို စုစည်းထားသည်။
ထိုဒေသသည် ဖွံ့ဖြိုးမှု နိမ့်ကျနေသော ဒေသဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးရာသီ ကာလများတွင် လမ်းပန်ဆက်သွယ်ရေး အလွန်ခက်ခဲပြီး ကုန်စည်းစီးဆင်းမှု အားနည်းခြင်း၊ ကလေးငယ်များ ပညာသင်ကြားရ ခက်ခဲခြင်း၊ မြေပြိုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်ရလေ့ရှိသည်။