CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာနှင့် ကာကီကျေးရွာ၌ မေလ ၃၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီး၍ တိုက်ပွဲရှောင်များ၏ နေအိမ်များ ရေမြှုပ်ခြင်းနှင့် မျှောပါ ခြင်းများ ကြောင့် အကူအညီများ လိုအပ်နေကြောင်း Paletwa IDPs and Humanitarian supporting အဖွဲ့မှ ထုတ်ပြန်ခဲ့ သည်။
တွီဒင်းကျေးရွာရှိ မြန်မာတိုက်ပွဲရှောင်စခန်းတွင် အိမ် ၂၇၀ ရှိသည့်အနက် အိမ်ခြေ ၁၈ လုံး လုံးဝပျက်စီးသွားပြီး အိမ်ခြေ ၄၅ လုံး အနည်းငယ် ပျက်စီးခဲ့ကြောင်း၊ ထို့နောက် အိမ်သာ ၇၅ လုံး လုံးဝ ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ကာကီတိုက်ပွဲရှောင်စခန်းတွင် အိမ်ခြေ ၁၄၁ လုံးရှိရာ အိမ်ခြေ ၆၉ လုံးနှင့် အိမ်သာ ၃၅ လုံး လုံးဝ ပျက်စီးသွားကြောင်း Paletwa IDPs and Humanitarian supporting က ထုတ်ပြန်ခဲ့သည်။
၎င်းအဖွဲ့က “စစ်ရှောင်အိမ်များ တည်ဆောက်ရာတွင် နေအိမ်(၁)လုံး ရူပီ-၃၀၀၀၀ ခန့် ကုန်ကျခဲ့သည်။ ယခုအခါ ပြန်လည်တည်ဆောက်နိုင်ရန် အမိုး၊အကာပစ္စည်းများကို အရေးပေါ် လိုအပ်နေပြီး အခြေခံ စားနပ်ရိက္ခာများ အပြင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများလည်း လိုအပ်နေပါသည်”ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် မည်သည့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းမှ မရောက်ရှိသေးကြောင်း Paletwa IDPs and Humanitarian supporting အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းမှာ ရောက်ရှိနေသော တိုက်ပွဲရှောင်များသည် ချင်းပြည်နယ်အတွင်းမှ ဖြစ်ကြ သည်။
ချင်းပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦး(CNF)ကြားလည်းကောင်း၊ မြန်မာ့ တပ်မတော်နှင့် အာရက္ခတပ်တော်(AA)ကြားလည်းကောင်း၊ CNF နှင့် Chin Borther(CB) ကြားလည်းကောင်း၊ CNF နှင့် ဇိုမီးအမျိုးသားတော်လှန်ရေးတပ်မတော်(ZRA/ZRO)ကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် ချင်းပြည်နယ်အတွင်းနေ ပြည်သူများသည် အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်း ရှောင်နေကြသည်။