CNI International News
တိုကျို၊ ဇူလိုင် ၃၁
ဂျပန်နိုင်ငံတွင် ဆူနာမီသတိပေးချက်ကြောင့် ကားနှင့် ရထားလမ်း အပါအဝင် လေကြောင်းခရီးစဉ်များ၊ စက်ရုံများ ပိတ်ခဲ့ရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဇူလိုင် ၃၀ ရက်က ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ် (Kamchatka Peninsula) ၏ ကမ်းလွန်တွင် လှုပ်ခတ် ခဲ့သည့် ရစ်ချ်တာစကေး ၈ ဒသမ ၇ ပြင်းအားရှိ မြေငလျင်ကြောင့် ဆူနာမီလှိုင်းလုံးများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ဂျပန်နိုင်ငံရှိ ကားလမ်းများ၊ ရထားလမ်းများ၊ လေကြောင်းခရီးစဉ်များနှင့် စက်ရုံများ ပိတ်ခဲ့ရသည်။
ဂျပန်နိုင်ငံ၏ အဓိကကျွန်းဖြစ်သည့် ဟွန်ရှူး (Honshu) ကျွန်းနှင့် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုး (Hokkaido) ကျွန်းတို့၏ ပစိဖိတ်ကမ်းခြေများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ကားများပိတ်နေစဉ်
ဂျပန်၏ မြောက်ပိုင်း အီဝါတီ (Iwate) စီရင်စုနယ်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်က ၁ ဒသမ ၄ မီတာ (၄ ပေ) အမြင့်ရှိ ဆူနာမီလှိုင်းလုံးတစ်ခု ရောက်ရှိခဲ့သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ထုတ်ပြန် ခဲ့သည်။
ထို့ပြင် ဂျပန်၏ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် ၃ မီတာ (၉ ဒသမ ၈ ပေ) အမြင့်ရှိ ဆူနာမီ လှိုင်းလုံးများ၏ အန္တရာယ်ကို သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
အစောပိုင်းက ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ဟာမာနာကာမြို့သို့ ၆၀ စင်တီမီတာ (၁ ဒသမ ၉) ပေအမြင့် လှိုင်းလုံး တစ်ခု ရောက်ရှိလာခဲ့ပြီး တိုကျိုပင်လယ်ကွေ့ (Tokyo Bay) တွင်လည်း ၂၀ စင်တီမီတာ (၆ လက်မ) ခန့်ရှိ အသေးစား ဆူနာမီလှိုင်းလုံးတစ်ခု ရောက်ရှိခဲ့သည်။
နောက်ထပ် ဆူနာမီလှိုင်း ဒုတိယလှိုင်း သို့မဟုတ် တတိယလှိုင်းများ ရောက်ရှိခဲ့သည်ဟု JMA ၏ ငလျင်နှင့် ဆူနာမီ တုံ့ပြန်ဆောင်ရွက်ရေးအရာရှိ ရှီဂျီ ကီယိုမိုတို (Shiji Kiyomoto) က ပြောကြားခဲ့သည်။
ဂျပန်တွင် လူ ၂ သန်းနီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အကြံပြုထားပြီး အများစုသည် ကုန်းမြင့်ပိုင်း ဒေသများကို ရွှေ့ပြောင်းခဲ့ကြသည်။
ရုရှား၏ ကမ်ချက်ကာဒေသရှိ အချို့နေရာများတွင် ၅ မီတာ (၁၆ ဒဿမ ၄ ပေ) အမြင့်ရှိသည့် ဆူနာမီ လှိုင်းလုံး တစ်ခုကို စံချိန်တင် တွေ့ရှိခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြကာ အဆောက်အအုံများ ပျက်စီးခဲ့ သည်ဟု အရာရှိများက ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီ (Hawaii ) နှင့် ကယ်လီဖိုးနီးယား (California) ၏ ကမ်းရိုးတန်းများကိုလည်း ဆူနာမီလှိုင်းလုံးများ ရောက်ရှိခဲ့သဖြင့် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
Source: Nikkei Asia