CNI News

ဗြိတိန် ဇူလိုင် ၁၆

မကြာသေးမီရက်ပိုင်းအတွင်းက gazette-news.co.uk ဝက်ဘ်ဆိုက်တွင် ဗြိတိန်နိုင်ငံမှ ကာမခရီးသွားတစ်ဦးအကြောင်း မှုခင်းသတင်းထောက် တွမ်ဒဲဘီ (Tom Dalby) က ဖော်ထုတ်ဖွင့်ချခဲ့သည်။

အဆိုပါကာမခရီးသွားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်းပိုင်ဆိုင်သည့်ကင်မရာဖြင့် မြန်မာယောက်ျားလေး ၁၁ ဦးတို့ကို ငွေကြေးမက်လုံးအသုံးချလျက် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဓါတ်ပုံများရိုက်ကူး၍ ကျူးလွန်စော်ကားခဲ့ကြောင်း ဇူလိုင် ၈ ရက် နေ့စွဲဖြင့် တွမ်ဒဲဘီရေးသားသည့် သတင်းတွင် တွေ့ရသည်။ ၎င်းသည် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပေါ် (ပုံမှန်မဟုတ်သည့်) ကာမစိတ်တိမ်းညွှတ်မှုရှိသူအမျိုးအစားဖြစ်ပြီး အသက် ၆၆ နှစ်ရှိ အငြိမ်းစားအင်ဂျင်နီယာ ခရစ္စတိုဖာဘန်းဆိုသူဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံသို့ စက်ဘီးစီးသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ သို့ရာတွင် ဗြိတိန်နိုင်ငံရှိ ချန်းစ်ဖို့ဒ်တရားရုံးတွင် စစ်ဆေးကြားနာရာ၌ စင်စစ်အားဖြင့် ၎င်းသည် ကာမခရီးသွားဧည့်သည်တစ်ဦးဖြစ်နေပြီး အားနည်းချက်ရှိသည့် အရွယ်မရောက်သေးသည့်အမျိုးသားငယ်များကို အလွဲသုံးစားလုပ်၍ ငွေကြေးရှာဖွေလိုကြောင်း ပေါ်ပေါက်ခဲ့သည်။ ၎င်းအသုံးပြုပြီးသော ကင်မရာတစ်လုံး Ebay အွန်လိုင်းဈေးကွက်မှတစ်ဆင့် ရောင်းချခဲ့ပြီးနောက် ယင်းကင်မရာဖြင့် အမျိုးသားငယ်များ၏ မဖွယ်မရာဓါတ်ပုံပေါင်း ၂၆၅ ပုံ ရိုက်ကူးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်တွင် ရဲက ၎င်း၏အိတ်ဆောင်ကွန်ပျူတာ (laptop) ကို သိမ်းဆည်းခဲ့ပြီး စိစစ်ရှာဖွေရာ အသက် ၅ နှစ် ၉ နှစ်အတွင်းရှိ အမျိုးသားငယ် ၁၁ ဦး၏ဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ ယင်းဓါတ်ပုံများမှာ ၎င်းပစ်မှတ်ထားသည့် ကလေးငယ်တစ်ဦးချင်းစီကို ရှုထောင့်အမျိုးမျိုးမှ ချိန်ရွယ်ရိုက်ကူးထားခြင်းဖြစ်သည်။ တစ်ခုသော ဓါတ်ပုံတွင် ခရစ္စတိုဖာဘန်းက ၎င်း၏စက်ဘီးစီးလက်အိတ်ဖြင့် အရွယ်မရောက်သေးသည့် အမျိုးသားငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားနေကြောင်း ထင်ရှားစွာ တွေ့ရသည်။

သည့်မတိုင်မီ ၁၉၈၇ ခုနှစ်ကလည်း ဘန်းသည် အမျိုးသားငယ်လေးများကို တောအုပ်တစ်ခုထဲသို့ စုဝေးခေါ်ဆောင်သွားပြီး မဖွယ်မရာ ဓါတ်ပုံရိုက်ကူးမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခံခြင်းရပြီး ထောင်ဒဏ်ကျခဲ့ရဖူးသည်။

မျက်မှောက်ကာလတွင်လည်း အလားတူ ရုံးတင်စစ်ဆေးခြင်းခံရသော ဘန်းက ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်မှု၊ ကလေးငယ် ၈ ယောက်ကို လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုပါဝင်စေခြင်းနှင့် ကလေးများအပေါ် မဖွယ်မရာ ဓါတ်ပုံရိုက်ကူးမှုတစ်မှုဖြင့် စုစုပေါင်းအမှုနှစ်ခုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဘန်းသည် အန္တရာယ်ရှိသော ပြစ်မှုကို ကျူးလွန်ပြီး မိမိကိုယ်ကို အကာအကွယ်ပေးနိုင်သေးသော ကလေးသူငယ်များအပေါ် မလျော်မကန်ထိပါးစေကြောင်း ယူဆသည်ဟု တရားသူကြီး မော်ဂင်က စီရင်ချက်ချခဲ့ပြီး ထောင်ဒဏ် ၆ နှစ်ကျခံစေခဲ့ကြောင်း gazette-news က ဆက်လက်ဖော်ပြထားသည်။

Source: gaette-news.co.uk

#ကာမခရီးသွား #လိင်ပိုင်းဆိုင်ရာ #မဖွယ်ရာ #sex #tourist #ယောက်ျားလေး #အမျိုးသားငယ် #ကမ္ဘာလှည့်ခရီးသွား #တရားရုံး #court #Ebay #ကင်မရာ #ဓာတ်ပုံ #ChristopherBehn #PAEDOPHILE

https://www.gazette-news.co.uk/news/19430130.myanmar-sex-tourist-used-wealthy-status-abuse-11-young-boys/