CNI News

ကွာလာလမ်ပူ ဇူလိုင် ၁၆

မလေးရှားနိုင်ငံ၌ Covid-19 အသစ်ဖြစ်ပွားသူ အရေအတွက်မှာ တစ်ရက်တည်း အတွင်း ၁၃,၂၁၅ ဦးအထိ စံချိန်တင် တိုးပွား လာကြောင်း ဇူလိုင်လ ၁၅ ရက်၊ ယနေ့မွန်းလွဲပိုင်း သည်စထရိတ်တိုင်းမ် သတင်းစာဝက်ဘ်ဆိုက်၏ ဖော်ပြချက် အရ သိရသည်။

အဆိုပါ အရေအတွက်သည် မလေးရှားနိုင်ငံအတွက် တတိယအကြိမ်မြောက် စံချိန်တင် ကူးစက်ဖြစ်ပွားမှု တိုးလာခြင်း ဖြစ်ကြောင်း သည်စထရိတ်တိုင်းမ်က ဆက်လက်ဖော်ပြသည်။

မလေးရှားပြည်တွင်း ကူးစက်ဖြစ်ပွားသူ စုစုပေါင်း ၈၈၀,၇၈၂ ဦးရှိနေကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက တွတ်စ်တာလူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်သည်။ ပြည်တွင်းရှိ ကိုရိုနာဗိုင်းရပ်စ် ကုသရေးဆေးရုံများတွင် လူနာအရေအတွက် နေ့စဉ်တိုးလာနေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားရုန်းကန်နေရကြောင်း၊ ဇူလိုင်လ ၁၃ ရက်က COVID-19 လူနာဦးရေမှာ သိန်းဂဏန်းအထိ ခုန်တက် သွားကြောင်း သည်စထရိတ်တိုင်းမ်သတင်းက ဆိုသည်။

Klang Valley တောင်ကြားဒေသရှိ ဟိုတယ်အများစုကို ရောဂါစောင့်ကြည့် ဌာန(Quarantine Centres) များအဖြစ် ပြောင်းလဲဖွင့်ထားရာ Saujan Subang နှင့် Royale Chulan Kuala Lumpur ဟိုတယ်တို့လည်း ပါဝင်သည်။

ဆလန်းဂေါပြည်နယ်ရှိ ကာကွယ်ဆေးဌာနတစ်ခုတွင် အလုပ်သမား ၂၀၄ ဦးကို Covid-19 positive စစ်ဆေးတွေ့ရှိခဲ့ ပြီးနောက် ပိုးတွေ့လူနာ အရေအတွက် မှာ မကြာသေးမီကပင် တရှိန်တည်း ထိုးတက်သွားခဲ့သည်။

ရှားအလန်ဒေသရှိ အိုင်ဒီယယ်ကွန်ဗင်းရှင်းစင်တာ (IDCC) တွင် ဇူလိုင်လ ၁၀ ရက်က အလုပ်သမား ၄၅၃ ဦးနှင့် ပရဟိတ စေတနာ့ ဝန်ထမ်းများတို့ကို စုဝေး စစ်ဆေးပြီးနောက် COVID-19 ပိုးတွေ့လူနာ အများအပြား ထပ်မံထွက်ပေါ် လာခဲ့ကြောင်း သည်စထရိတ်တိုင်းမ် သတင်းစာက ရေးသားထားသည်။

Source: The Straits Times

#မလေးရှား #ကိုဗစ် #Malaysia #Covid19 #KualaLumpur #CNImyanmar #cninews