CNI News

၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၃

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် သိန်း ၃၅၀၀ ခန့် အကုန်ကျခံကာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် သာသနာနွယ်ဖောင်ဒေးရှင်းမှ အရှင်စန္ဒဇောတိက စီစဉ်ဆောင်ရွက်လျှက်ရှိသည်။

သာသနာနွယ်ဖောင်ဒေးရှင်းအနေဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် ဇူလိုင် ၉ ရက်နေ့မှ စတင်ကာ ကိုဗစ် ကာကွယ်ဆေး ရန်ပုံငွေမှ သိန်း ၁၀၀ မတည်လျှက် အလှူရှင်စာရင်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ကိုဗစ် တတိယလှိုင်းမှာ အောက်ဆီဂျင်သည် အိမ်အတိုင်းလိုလို မရှိမဖြစ်ဆောင်ထားရမည့် ပစ္စည်းဖြစ်ပြီး လူနာများအတွက် အောက်ဆီဂျင် အခက်အခဲများ ရှိလာသည့်အတွက် ယခုလို စက်ရုံတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အရှင်စန္ဒဇောတိက မိန့်ကြားသည်။

အရှင်စန္ဒဇောတိက " အောက်ဆီဂျင်က အခုအခြေအနေက အိမ်တိုင်းမှာ လိုအပ်နေသလိုဖြစ်နေတယ်။ ကိုဗစ်ဖြစ်တဲ့ သူအတွက်လည်း လိုအပ်သလို ကိုဗစ် မဖြစ်သေးတဲ့ သူအတွက်ကလည်း ကြိုတင်စုဆောင်းဖို့အနေနဲ့ လိုအပ်နေတာမျိုး ရှိတာပေါ့။ အခု အောက်ဆီဂျင်စက်ကြီး မှာထားတယ်။ အခုကတော့ စက်ရုံဆောက်ဖို့အတွက် မြေပြင်ဆင်နေပြီးတော့ စက်ရုံအဆောက်အဦး ဆောက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကုန်ကျစရိတ်က သယ်ယူစရိတ်မပါ စက်ရုံက ဈေးကိုက သိန်း ၁၇၅၀ လောက်ကျပါတယ်" ဟု CNI သတင်းဌာနသို့ မိန့်သည်။

လက်ရှိအချိန်မှာ အောက်ဆီဂျင်စက်နှင့်ပတ်သက်သည့် ပစ္စည်းများမှာ ဝယ်ယူရ အခက်အခဲရှိသလို ထုတ်လုပ်သည့်စက်ရုံမှ မြန်မာနိုင်ငံသို့ ရောက်ရှိနိုင်မည့်အချိန်ကလည်း ၂ ပတ်မှ တစ်လအထိ ကြာနိုင်ကြောင်း၊ သယ်ယူပို့ဆောင်သည့် အပိုင်း အတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးပါက ခန့်မှန်းခြေ အောက်ဆီဂျင်အိုး တစ်နေ့ကို အလုံး ၅၀၀ မှ ၆၀၀ ကြား ရရှိနိုင်မည်ဖြစ်ကြောင်း အရှင်စန္ဒဇောတိမှ မိန့်ကြားသည်။

"အခုချိန်က သေချာပြောလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ပစ္စည်းကလည်း မှာချင်တိုင်းမှာလို့ မရဘူးဖြစ်နေလို့။ တချို့မှာ တဲ့ ပစ္စည်းလေးတွေက နည်းနည်း အခက်အခဲလေးတွေရှိနေလို့။ တကယ်လို့ အောက်ဆီဂျင် ထွက်မယ်ဆိုရင်တော့ LO2 ကွန်တိန်နာ တစ်စီးစာကို အိုး ၂၄၀၀ ထွက်မယ်ပေါ့။ တနေ့ကို အိုး ၅၀၀ နဲ့ ၆၀၀ ကြား ပျမ်းမျှထွက်နိုင်တယ်ပေါ့။ စက်ရုံကို ဦးဇင်းတို့ ပေ ၁၁၀/ ပေ ၁၀၅ ပေ မြေပေါ်မှာ စက်ရုံဆောက်ဖို့ ပြင်ဆင်နေပါတယ်။ စက်ကတော့ မှာထားတာ ရက် ၅၀ လောက်ဆို တရုတ်ပြည်မှာ စက်ကရပြီ။ ဒါပေမယ့် သယ်ယူမယ့် လမ်းကြောင်းပေါ် မူတည်ပြီးတော့ ၂ ပတ်ကနေ တစ်လ လောက်ကြာနိုင်တယ်။ ရက် ၅၀ အတွင်းကို စက်ရုံကတော့ အပြီးဆောက်ထားမှာ ဖြစ်ပါတယ်။ သယ်ယူဖို့အပိုင်း အခက် အခဲ ကတော့ မသိနိုင်သေးဘူးပေါ့။ ဒါပေမယ့်လည်း သက်ဆိုင်ရာဌာနဆိုင်ရာတွေကတော့ ဝိုင်းဝန်းကူညီဖို့ ပြောထားပါ တယ်" ဟု ဆက်လက် မိန့်သည်။

သာသနာနွယ်ဖောင်ဒေးရှင်းမှ မှာယူထားသော အောက်ဆီဂျင်စက်မှာ စက်တန်ဖိုး သိန်း ၇၅၀ ကျပ်နှင့် Tank တန်ဖိုးမှာ သိန်း ၁၀၀၀ ကျပ် စုစုပေါင်း တန်ဖိုး သိန်း ၁၇၅၀ ကျပ် ကုန်ကျနိုင်ပြီး မှာယူသည်နှင့် စရံ သိန်း ၅၀၀ ခန့် လွှဲရကာ စက် ရသည်နှင့် ကျန်ငွေ အကုန်ရှင်းပြီးမှသာ စက်ရုံမှ သယ်ယူရတာဖြစ်သည်။

မြန်မာနိုင်ငံသို့ရောက်ရှိရန် သယ်ယူစရိတ်နှင့် အခွန် ခန့်မှန်း သိန်း ၃၀၀ လောက် ကုန်ကျမည်ဖြစ်ပြီး စက်ထားရှိရန်စက်ရုံမှာ သိန်း ၂၀၀ လောက် ကုန်ကျမည်ဖြစ်သည်။

ထို့ကြောင့် စုစုပေါင်း အောက်ဆီဂျင်စက်ရုံ အပြီးအစီး တည်ဆောက်နိုင်ရန် ခန့်မှန်းခြေ သိန်း ၃၅၀၀ ခန့် ကုန်ကျနိုင်ကြောင်း၊ ကုန်ကြမ်း Liquid မှာလည်း ရန်ကုန်နှင့် မြဝတီတွင်သာရှိ၍ အကန့်အသတ်ဖြင့်သာ ရရှိနိုင်ကြောင်း၊ Liquid Tank ကို ဝယ်ယူ သယ်ယူရန် တွဲကားလိုအပ်ကြောင်း ဆရာတော် အရှင်စန္ဒဇောတိမှ တွက်ချက်ပြသည်။

အလှူရှင်များအနေဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာနွယ်ဖောင်ဒေးရှင်း ဇေတဝန်ကျောင်းတိုက်မှာ သွားရောက် လှူဒါန်းနိုင်သလို ဖုန်းနံပတ် 09 532 3404, 09 532 0103 သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ဇူလိုင် ၁၂ ရက်နေ့မှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူပေါင်း ၅၀၁၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၈၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မွန်ပြည်နယ်အတွင်း သံဖြူဇရပ်၊ မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ်များတွင်း ကိုဗစ်ကူးစက်မှုများပြားနေပြီး မော်လမြိုင် မြို့နယ် သံဖြူဇရပ်မြို့နယ်ကတော့ Stay At Home အစီအစဉ်ထဲတွင် အကျုံးဝင်ကြောင်း ဇူလိုင်လ ၈ ရက်နေ့က ကြေညာ ထားပြီးဖြစ်သည်။

#အရှင်စန္ဒဇောတိ
#သာသနာနွယ်ဖောင်ဒေးရှင်း
#ဇေတဝန်ကျောင်းတိုက်
#အောက်ဆီဂျင်စက်ရုံ
#မွန်ပြည်နယ်
#မော်လမြိုင်
#ကိုဗစ်-၁၉
#ကျန်းမာရေး