CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး သဘော တူညီမှု ရရှိအောင် တွန်းအားပေး လုပ်ဆောင်နေချိန်တွင် ထိုင်းနိုင်ငံ၏ ပြည်ပဝင်ရောက် စွက်ဖက်မှုကို ကန့်သတ် ထားသည့် မူဝါဒနှင့် ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံသည် ယခင်ကတည်းက ကြားနေရပ်တည်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခများတွင် ပြည်ပကြားဝင်စွက်ဖက် မှုများကို ရှောင်ကြဉ်ခဲ့သည်။

ထို့ပြင် ထိုင်းသည် အမေရိကန်နှင့်သာမက တရုတ်နိုင်ငံနှင့်ပါ နီးစပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဖြစ်ပွားသည့် ပြဿနာများအား ဆွေးနွေးမှုများမှတဆင့် ဖြေရှင်းလေ့ရှိခဲ့သည်။

သို့သော် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်၌ ထိုင်းနိုင်ငံ ၏ နှစ်ရှည်လများ ကျင့်သုံးခဲ့သည့် ချဉ်းကပ်ဆောင်ရွက်ပုံသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထရမ့်ကမူ ထိုင်းနှင့် ကမ္ဘောဒီးယား အစိုးရများကို အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ခြင်း မပြုပါက ကုန်သွယ်ရေးအရ အခွန်များ တိုးမြှင့်ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းဝန်ကြီးချုပ်တို့ အပစ်ရပ်ရေး နားလည်မှုရယူကြစဉ်

ထိုဖိအားများကြောင့် ထိုင်းသည် ကမ္ဘောဒီးယားနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ပြီး ထရမ့်ကမူ ၎င်း၏ သံတမန်ရေးရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုင်းသည် ပြည်ပ၏ ကြားဝင်မှုကို မဖြစ်စေရန် အားထုတ်ကြိုးပမ်းခဲ့သည့်တိုင် ကမ္ဘောဒီးယားနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အရ ပြည်ပအင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်သည် ဒေသတွင်း ပဋိပက္ခများကို ပုံဖော်နိုင်စွမ်း ရှိနေဆဲဖြစ်သည်ကို ပြသရာ ရောက်ခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားနှင့် အငြင်းပွားမှုသည် ထိုင်းအစိုးရအတွက် ပကတိ အမှန်တရားကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အာရှတွင် အမေရိကန်၏ သက်တမ်းအကြာဆုံး မဟာမိတ်များထဲတွင် ပါဝင်နေပြီး တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်း မှီခိုနေရသည်။

ထိုအချိန်တွင် ထရမ့်၏ ကြားဝင်လာမှုသည် ထိုင်းနိုင်ငံ၏ ကြားနေမဟာဗျူဟာကို မေးခွန်းထုတ်ရာ ရောက်ခဲ့ သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“အင်အားကြီးနိုင်ငံတွေနဲ့ အခင်အမင် မပျက် ဆက်ဆံတဲ့ သံတမန်ပရိယာယ်က အတိုင်းအတာ တစ်ခုအထိပဲ အလုပ် ဖြစ်ပါလိမ့်မယ်။ တစ်ဖက်ဖက်က ဖိအားပေးလာခဲ့မယ်ဆိုရင်တော့ အဲဒီချဉ်ကပ်မှုဟာ အလုပ်မဖြစ်တော့ ပါဘူး”ဟု အမည်မဖော်လိုသည့် ထိုင်းသံတမန်တစ်ဦးက ပြောကြားခဲ့သည်။

Source: Nikkei Asia