CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဥာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် “လူငယ်နှင့်အနာဂတ်မြန်မာ- သိပ္ပံ နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဥာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဥာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်”ဟု ပြောသည်။
ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိစွာ အသုံးချရေး၊ ခိုင်မာသော ဉာဏ်ရည် တုနည်းပညာဂေဟစနစ်ကို တည် ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ ဆောင်ရွက်သွား ရမည်ဟု ၎င်းက ပြောသည်။
နျူကလီးယား စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် မိမိတို့နိုင်ငံ၏ နျူကလီးယားအခြေခံ အဆောက်အအုံ တည်ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရောက်ရှိနေကြောင်း၊ ထိုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄)ကြိမ်မြောက်ဖြစ်သည်။
ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် ပထမဆုံးအကြိမ် အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယအကြိမ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အလားတူ တတိယအကြိမ်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ သမ္မတပူတင်နှင့်တွေ့ဆုံခဲ့သည်။