CNI News

၂၀၂၃ ခုနှစ်၊ မေ ၁၁

ရခိုင်ပြည်နယ်ဘက်သို့ ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်နိုင်ခြေ ရှိသောကြောင့် တောင်သူများ၊ ကုန်သည်များနှင့် တိုက်ပွဲရှောင်များသည် ကြိုတင်ပြင်ဆင်နေကြကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ စပါးစိုက် တောင်သူများထဲတွင် နွေစပါးများ အကုန် မရိတ်သိမ်း ရသေးသူများရှိသဖြင့် မုန်တိုင်း ဝင်ရောက်ပါက ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမည်ဖြစ်သောကြောင့် ကျန်ရှိသည့် နွေစပါးများအား နေ့/ည မပြတ် ရိတ်သိမ်းနေရကြောင်း ကျောက်တော်မြို့မှ တောင်သူ ဦးမောင်ထွီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုတော့ နွေစပါးတွေကို အခုကျနော်တို့က စက်ကနေ ရိတ်ပြီးတော့ ဈေးကွက် အရောက်ပို့နေရတယ်။ နေ့လည်း ရိတ်တယ်။ ညလည်း ရိတ်တယ်။ အမြန်ဆုံး လုပ်နေရတယ်။ နောက်တစ်ခုက မုန်တိုင်းဝင်ခဲ့လို့ ရှိရင် မြေနိမ့်ဘက်တွေ ရေမြုပ်မယ်ဆိုတော့ မျိုးစပါး လိုအပ်ချက်တွေ ရှိလာနိုင်ပါတယ်။ လာမယ့် မိုးရာသီမှာ မျိုးစပါး အတွက် ထားတာတွေ အကုန်ရေထဲ ပါသွားနိုင်ပါတယ်။ ဒါကြောင့် မျိုးစပါးတွေ အခက်အခဲ ဖြစ်သွားနိုင် ပါတယ်။ ဒီစိုက်ခင်းတွေကတော့ ရေကြီးလာရင်တော့ ပျက်စီးသွားနိုင်ပါတယ်။ အခုတော့ နေပူနေပါတယ်။ အခုအချိန်မှာ အခုရိတ် ရိတ်ခြွေစက်တွေနဲ့။ ဒါပေမယ့် အခုခေတ်က စက်ကိရိယာကို သုံးတယ်ဆိုတော့ စက်နဲ့ ချက်ချင်း ရိတ်ပြီး တော့ ဈေးကွက် အရောက်ကို ၂၄ နာရီအတွင်း ပို့နေရတယ်။ အဲဒီလို ဖြစ်နေပါတယ်။ အရင်က ကျတော့ လယ်တစ် ဧကကို လူနဲ့ရိတ်တယ် ပုံထားတယ်ဆိုတော့ တစ်ပတ်လောက် ကြတယ်လေ။ အခုကတော့ ၂၄ နာရီအတွင်းမှာ စပါးက ဈေးကွက်ကို ရောက်သွားတဲ့ နည်းကို သုံးနေရတာပေါ့။ ကုန်သွားလမ်းရှိတဲ့ နေရာတွေမှာလေ။ ကုန်သွား လမ်း မရှိတဲ့ နေရာတွေမှာဆိုတော့ နည်းနည်း ခက်တာပေါ့” ဟု ပြောသည်။

ရခိုင်ဒေသခံများကိုတွေ့ရစဉ်

လာမည့် ဇွန်လ၊ ဇူလိုင်လတို့တွင် စိုက်ပျိုးမည့် မိုးစပါးများအတွက် မျိုးစပါးများအား လက်ရှိ မုန်တိုင်း အခြေအနေ ကြောင့် တောင်သူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် သိုလှောင်ထားကြကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့၌ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် အမြန်ရေယာဉ်များသည် မုန်တိုင်း ဝင်ရောက်နိုင်မည့် အနေအထားကြောင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် မေလ ၁၀ ရက်နေ့ ကတည်းက ပြေးဆွဲမှုများ ရပ်နားထား ကြကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ကမ်းရိုးတန်းသွား သင်္ဘောများ အနေဖြင့်လည်း ဆိပ်ကမ်း ကပ်ထားပြီးသားများ ရှိသကဲ့သို့ လက်ရှိ အချိန် အထိ ကုန်တင်၊ ကုန်ချ ပြုလုပ်နေကြဆဲ သင်္ဘောများလည်းရှိကြောင်း ၎င်းက ပြောသည်။

ရခိုင်ဒေသခံများကိုတွေ့ရစဉ်

ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “သူတို့ကတော့ အခြေအနေ စောင့်ကြည့်ပြီးတော့ လေတအားထန်လာပြီ။ လေတအား ပြင်းလာပြီဆိုတော့မှပဲ သူတို့ကမ်းခေါ်ပြီးတော့ သူတို့လည်း သူတို့ အကာအကွယ်ရမယ့် နေရာကို ရွှေ့ဖို့တွေ အတွက်တော့ အစီအမံ လုပ်ထားတယ်လို့ ကြားသိထားပါတယ်။ ကုန်သွယ်မှုကတော့ လုံးလုံးကြီး ရပ်ထားလောက် တဲ့ အနေအထားမျိုး မရှိသေးဘူး။ အဓိကကတော့ မုန်တိုင်းကတော့ စစ်တွေဘက်ကို မရောက်တာ တော်တော် လေး ကြာနေတဲ့ အနေအထားရှိပါတယ်။ အဲဒါကြောင့် ဒီဟာကတော့ မုန်တိုင်းက ဒီတစ်ခေါက်တော့ စစ်တွေ အနားကနေ ဖြတ်မယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိထားတယ်။ မုန်တိုင်း ပြီးသွားရင် အဓိကကတော့ အခြေခံ စားသောက်ကုန်ပေါ့။ ပြတ်လပ်မှုမရှိအောင် ဒါ အရေးကြီးဆုံးပါပဲ။ အဓိက စားသောက်ကုန်ဆိုတဲ့ နေရာမှာ ဆန်၊ ဆီ၊ ဆားပေါ့လေ။ အဲဒီ အခြေခံကျတဲ့ စားသောက်ကုန်တွေကိုတော့ မပြတ်လပ်အောင်တော့ အသင်းအနေနဲ့ သက်ဆိုင်ရာ ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေရော၊ သယ်ယူ logistic မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေရောက ကျနော်တို့ တော်တော်လေး ညှိနှိုင်းထားတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မုန်တိုင်း ဝင်ရောက်ခဲ့သည်ရှိသော် မုန်တိုင်းအလွန် ကာလတွင် အခြေခံ စားသောက်ကုန်များ ပြတ်တောက် သွားနိုင်ဖွယ်မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သို့သော်လည်း ရခိုင်ပြည်နယ်၌ တိုက်ပွဲရှောင်ဒေသခံ အများအပြားရှိကာ တိုက်ပွဲရှောင်စခန်းများမှ ၎င်းတို့၏ နေအိမ် များသည် လေပြင်းတိုက်ခိုက်ပါက ပြိုလဲပျက်စီးသွားနိုင်သည့်အတွက် စိုးရိမ်မှုများရှိနေကြောင်း ရသေ့တောင်မြို့နယ် စေတီပြင် ပရဟိတ လူငယ်များအသင်းမှ ဒုတိယခေါင်းဆောင် ကိုအောင်မင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ဒေသခံများကိုတွေ့ရစဉ်

၎င်းက “၂၀၁၅ တုန်းက ခံခဲ့တာတွေရှိတယ်။ အခုတော့ စစ်ဘေးရှောင် စခန်းတွေမှာ အဆောင်တွေက လုံးဝ ပျက်ဆီးနေတဲ့ အနေအထားဖြစ်တယ်။ သူတို့ကိုယ်တိုင် နည်းနည်း ပြုပြင် ဖာထေးပြီးတော့ နေနေရတဲ့ အနေ အထား ရှိတယ်။ မိုင် ၈၀ အတိုင်း တိုက်မယ်ဆိုရင်တော့ စစ်ဘေးရှောင် စခန်းတွေက အကုန်လုံး လဲပြိုပြီးတော့ သူတို့နေတဲ့ နေရာတွေလည်း အကုန်လုံး ပျက်စီးသွားမယ့် အနေအထားမှာ ရှိတယ်။ ကျနော်တို ကတော့ အခု စစ်ဘေးရှောင်တွေကို မုန်တိုင်းတိုက်မယ့် ရက် မတိုင်ခင် တစ်ရက် စောပြီးတော့ ဘုန်းကြီးကျောင်း တို့၊ စာသင် ကျောင်းတို့ကို ရွှေ့ပြောင်းထားဖို့ အစီအစဉ် လုပ်ထားတာတော့ ရှိပါတယ်။ လူကယ်ပြန်တို့၊ ICRC တို့က ဆန်ရိက္ခာ မလာလို့ တော်တော်လေး အခက်အခဲ ဖြစ်နေကြတာ။ နောက်ပြီးတော့ သူတို့နေတဲ့ တန်းလျား အဆောင်တွေက လည်း ၂၀၂၀ ကတည်းက ဆောက်ထားတာဆိုတော့ အခုက အကုန်လုံး ပျက်စီးနေတယ်။ အဲဒါ တွေကို သူတို့ကိုယ် တိုင် သူတို့ရဲ့ လုပ်အားခတွေနဲ့ နေ့တိုင်းဖာထေးပြီးတော့ တစ်မိုးလောက် နေလို့ရအောင် စီစဉ်ထားတဲ့ နေရာမှာ ဒီမုန်တိုင်းတိုက်လို့ ပျက်စီးသွားမယ်ဆိုရင်တော့ သူတို့တော်တော်လေးကို အခက်အခဲ ရောက်သွားနိုင်တယ်” ဟု ပြောသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းအား မိုခါ(MOCHA) ဟု အမည်ပေးထားပြီး မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ကော့ဘဇားမြို့နှင့် ကျောက်ဖြူမြို့ တို့ကြား မှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မေလ ၁၁ ရက်နေ့တွင် ခန့်မှန်းထားသည်။

ထိုဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့ နံနက်မှစ၍ မေလ ၁၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကာ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။