CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာအုပ်စု၊ မာန်ဟုန်ကျေးရွာ အုပ်ချုပ်ရေး မှူးကို ဇူလိုင် ၂၉ ရက် ည ၈ နာရီခန့်က ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

မာန်ဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ယောက်မှ သေနတ်ဖြင့် လာရောက် ပစ်သတ် သွားခြင်းဖြစ်ကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
နားမော်ရွာသား စိုင်းခမ်းက “ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ယောက်က အိမ်ထဲဝင်ပြီး လာပစ်သတ်သွားတာ” ဟု ပြောသည်။

မာန်ဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၏ ရပ်ကျေးစည်းရုံးရေးမှူး တစ်ဦးလည်း ဖြစ်သည်။

အသတ်ခံရသည့် မာန်ဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သည် နိုင်ငံရေးကိစ္စ တစ်ခုတည်းကြောင့် မဟုတ်ဘဲ စီးပွားရေးကြောင့်လည်း ပါဝင်သည်ဟု စိုင်းခမ်းက ပြောသည်။

“သူက ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးမှူး၊ ဂိုဏ်းဆရာလည်း လုပ်တယ်။ မူးယစ်ဆေးဝါး ဖြတ်ပေးတာတွေ၊ ဆေးကုပေးတာတွေကိုလည်း လုပ်တယ်။ နိုင်ငံရေးတစ်ခုတည်း မကဘူး၊ စီးပွားရေး အရှုပ်အရှင်းတွေလည်း ပါတယ်လို့ ပြောကြတယ်။ လုပ်ငန်းကိုင်ငန်းနဲ့ ပတ်သက်လို့ ဟိုတုန်းက အထစ်အငေါ့တွေလည်း ရှိမှာပေါ့။ ဒီဘက်က အသတ်ခံရတဲ့ အုပ်ကြီးတွေက စီးပွားရေးနည်းနည်း ရှုပ်တဲ့ဟာလည်းပါတယ်၊ နိုင်ငံရေးတစ်ခုတည်း မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

မာန်ဟုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို မည်သည့် အဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်လိုက်သည်ကိုမူ အတိအကျ မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ် သဖန်းကုန်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး အသစ်ဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးဥက္ကာလည်း လူ ၄ ဦးက သေနတ်နှင့် ပစ်ခတ်၍ သေဆုံးခဲ့သေးသည်။

#ဦးကျော်မြင့်

#မာန်ဟုန်ကျေးရွာ

#အုပ်ချုပ်ရေးမှူး

#ဟုမ္မလင်းမြို့နယ်

#ပစ်သတ်ခံရ

#သေဆုံးသွား

#CNImyanmar

#cninews

#ChannelNewsIndependent