- By CNI
- Category: အားကစား
- Hits: 414
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့ မေဂျာလိဂ် ALL-Star ရဲ့ပွဲစဉ်ကို ပါဝင်ခဲ့ခြင်း မရှိတာ ကြောင့် လာမယ့် မေဂျာလိဂ် ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတဲ့အတွက် အလွန်စိတ်ပျက်နေတယ်လို့ အသင်းပိုင်ရှင် ဂျော့ချ်မက်စ်က ပြောခဲ့ပါတယ်။
မက်ဆီနဲ့အတူ အသင်းဖော် အယ်လ်ဘာတို့ဟာ မက္ကဆီကိုလိဂ် ALL-Stars အသင်းနဲ့ပွဲစဉ်မှာ မေဂျာလိဂ် ALL-Star အသင်းအတွက် ပါဝင်ကစားခဲ့ခြင်း မရှိတာပါ။
မေဂျာလိဂ်ရဲ့ စည်းမျဉ်းအရ ALL-Star အသင်းရဲ့ ပွဲစဉ်ကို ပါဝင်ကစားခြင်းမရှိတဲ့ ကစားသမားတိုင်းဟာ သူတို့ ကလပ်ရဲ့ နောက်လာမယ့် ပွဲစဉ်ကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် မက်ဆီနဲ့ အယ်လ်ဘာတို့ဟာ လာမယ့် စင်စင်နာတီအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
မေဂျာလိဂ် အကြီးအကဲ ဒွန်ဂါဘာက မက်ဆီကို ပွဲပယ်ရတာဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် သူတို့မှာ ကာလရှည်ကြာရှိနေတဲ့ မူဝါဒအရ ဒီလိုမျိုးလုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်း ပိုင်ရှင် ဂျော့ချ်မက်စ်က စင်စင်နာတီအသင်းနဲ့ပွဲမှာ မပါဝင်နိုင်မယ့်အပေါ် မက်ဆီရော၊ အသင်းပါ အလွန်စိတ်ပျက်နေပြီး အရေးယူမှုက ပြင်းထန်လွန်းတယ်လို့ ထင်ကြောင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲစဉ် ၁၈ ပွဲ ပါဝင် ကစားထားပြီး ၁၈ ဂိုး သွင်းယူထားကာ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၂၄ ဂိုး သွင်းယူထားတာပါ။
မက်ဆီဟာ ဒီလထဲ ကစားခဲ့တဲ့ မေဂျာလိဂ် ၅ ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၈ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ၂၁ ပွဲ ကစားထားပြီး အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 408
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အပယ်ခံ ကစားသမားတွေကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ မရောင်းချ နိုင်ရင် သူတို့ကို အသင်းလူစာရင်းထဲ ပြန်ခေါ်ဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “နည်းစနစ်ဒါရိုက်တာ ဂျေဆန်နဲ့အမှုဆောင်ချုပ် အိုမာတို့က ဒီကစားသမားတွေအတွက် သတ်မှတ် ထားတဲ့ တန်ကြေးရှိပါတယ်။ ဒီတန်ကြေးကိုမရရင် သူတို့ဟာ ယူနိုက်တက် ကစားသမားတွေအဖြစ် ဆက်ရှိနေ မှာပါ။ ကျနော်တို့ဟာ ဒီကစားသမားတွေကို စဉ်းစားဆုံးဖြတ်ဖို့ အချိန်ပေးထားတာပါ။ ကလပ်အသင်းတွေက နောက်ဆုံး မိနစ်အထိ စောင့်နေကြတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း အံ့အားသင့် စရာတွေ ရှိနိုင်ပါတယ်။ ကျနော်ကတော့ ကစားသမားတွေကို လက်ခံဖို့အဆင်သင့်ပါပဲ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ ဂါနာချို၊ ဆန်ချို၊ အန်တိုနီ နဲ့ မာလာစီယာတို့ကို အသင်းသစ်ရှာဖွေဖို့ အချိန်ပေးထားပြီး အမေရိကန် ရာသီကြို ခရီးစဉ်မှာ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ ဘာစီလိုနာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ကစားသမားသစ် တွေ ဝယ်ယူနိုင်ဖို့အတွက် ဂါနာချို၊ အန်တိုနီ၊ ဆန်ချိုနဲ့ မာလာစီယာတို့ကို ရောင်းချနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါ တယ်။

အာမိုရင်ကို တွေ့ရစဉ်
နည်းပြအာမိုရင်က ဒီကစားသမားတွေကို အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး မရရင် ရောင်းချမှာ မဟုတ်ဘဲ အသင်းရဲ့ လူစာရင်းထဲ ပြန်လည်ပူးပေါင်းရမယ်လို့ ပြောခဲ့တာပါ။
ဂါနာချို၊ ဆန်ချိုနဲ့ အန်တိုနီတို့ဟာ အသင်း အများအပြားရဲ့ ချိတ်ဆက်မှုတွေ ခံနေရပေမယ့် အခုအချိန်ထိ အပြောင်းအရွှေ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကွန်ညာ၊ အမ်ဘူမိုနဲ့ ဒီယေဂိုလီယွန်တို့ကို အားဖြည့်ထား တာပါ။
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးသစ် တစ်ဦးကို အားဖြည့်ဖို့ ကြိုးပမ်းနေပေမယ့် နည်းပြအာမိုရင်က သူ့မှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတွေ အများကြီးရှိကြောင်းနဲ့ ဒီလူစာရင်းနဲ့ ရာသီစတင် ရမယ်ဆိုရင်လည်း ပျော်ရွှင်မယ်လို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 448
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
မေဂျာလိဂ်ကလပ် LAFC အသင်းဟာ စပါးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
စပါးအသင်းဟာ ဆွန်ဟောင်မင်ကို အသင်းမှာ ၂၀၂၆ ခုနှစ် ရာသီကုန်အထိ ရှိနေမယ့် စာချုပ် သက်တမ်း တိုးခွင့်ကို ရွေးချယ်ထားတာပါ။
စပါးအသင်း နည်းပြသစ် သောမတ်စ်ဖရန့်ခ်ဟာ အသင်းမှာ ဆယ်စုနှစ်ကြာ ပံ့ပိုးပေးမှုတွေ ပြုလုပ်ထားတဲ့ ဆွန်ဟောင်မင်ကို ချီးကျူးထားပေမယ့် လာမယ့်ရာသီ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိမလား ဆိုတာကို အတည်ပြုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆွန်ဟောင်မင် အနေနဲ့ ဒီနွေရာသီမှာ စပါး အသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိပြီး အသင်းဘက်ကလည်း သူ့ကိုထွက်ခွာခွင့် ပေးမယ်ဆိုရင် LAFC အသင်းက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။
စပါးအသင်းဟာ ဟောင်ကောင်နဲ့ ဆိုးလ်ထံကို ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် ထွက်ခွာမှာဖြစ်ပြီး ဒီခရီးစဉ် အပြီးမှသာ ဆွန်ဟောင်မင်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
The Telegraph က ဆွန်ဟောင်မင်အနေနဲ့ တောင်ကိုရီးယားမှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိဘူးဆိုရင် စပါးအသင်းဟာ ဒီပွဲကနေ ရရှိမယ့်ဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးရနိုင်တယ်လို့ ဖော်ပြထားတာပါ။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ အာရှခရီးစဉ်တစ်လျှောက် စပါးအသင်းမှာ ဆက်ပြီးရှိနေမှာဖြစ်ပါတယ်။
မေဂျာလိဂ်ပြိုင်ပွဲရဲ့ နွေရာသီ အပြောင်းအရွှေ့ဟာ သြဂုတ် ၂၁ ရက်အထိ ဖွင့်ထားတဲ့အတွက် ဆွန်ဟောင်မင်ရဲ့ LAFC အသင်းထံ အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်တာပါ။
စပါးအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ လန်ဒန်ကလပ် အတွက် ၄၅၄ ပွဲ ကစားထားပြီး ၁၇၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 378
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်သွားဖို့ ဆန္ဒပြင်းပြနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့က အေစီမီလန်အသင်းထံ အငှားသွားရောက် ကစားခဲ့ရပြီး ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
အဲဒါကြောင့် ဂျာအိုဖီးလစ်ဟာ သူ့ကို ပုံမှန်ပွဲကစားခွင့် ပေးနိုင်မယ့် အသင်းသစ်ကို ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ အသင်းဟောင်း ဘင်ဖီကာအသင်းဟာ ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းအနေနဲ့ ရှိနေတာပါ။
ဖာဘရီဇီယိုရိုမာနိုက ဘင်ဖီကာအသင်းဟာ အပြောင်းအရွှေ့အတွက် ဂျာအိုဖီးလစ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဂျာအိုဖီးလစ်ကို တွေ့ရစဉ်
ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ တောင်းဆိုမှုအပေါ် သဘောတူညီမှု ရရှိဖို့လို အပ်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ်ကို ယူရို ၅၂ သန်းနဲ့ ဝယ်ယူထားပြီး ၇ နှစ် စာချုပ်ချုပ်ဆိုထားတာကြောင့် သူ့ရဲ့စာချုပ်ဟာ ၆ နှစ် ကျန်ရှိနေသေးပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဂျာအိုဖီးလစ်အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း ၃၀ လိုချင်နေတယ်လို့ သိရပါတယ်။
ဘင်ဖီကာအသင်းဟာ ဂျာအိုဖီးလစ်ကို အသင်းထံ ပြန်လည်ခေါ်ယူ ချင်နေသလို ကစားသမားကလည်း ပြောင်းရွှေ့ ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဖြစ်ဖို့ မျှော်လင့်နေပါတယ်။
ဂျာအိုဖီးလစ်ဟာ ဘင်ဖီကာအသင်းကနေ ထွက်ခွာပြီးကတည်းက အငှားအပြောင်းအရွှေ့တွေ ပြုလုပ်နေရလို့ စိတ်ပျက်နေပြီး အသင်းတစ်သင်းထဲမှာ အခြေချကစားဖို့ ဆန္ဒရှိနေတာပါ။
ဘင်ဖီကာအသင်းဟာ ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်ကာ အသင်းရဲ့ရာသီကြို ပြင်ဆင်မှု တွေမှာ သူ့ကိုပါဝင်စေချင်နေတယ်လို့ သိရပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 381
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
ယူနိုက်တက်အသင်းရဲ့ ဒီရာသီ အာရုံစိုက်မှုက ဥရောပပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြန်လည်ရရှိဖို့ ဖြစ်တယ်လို့ ကွင်းလယ်လူ မေဆန်မောင့်က အမေရိကန်ရာသီကြို ခရီးစဉ်မှာ ပြောခဲ့ပါတယ်။
မေဆန်မောင့်က “ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့က ကျနော်တို့အတွက် ကြီးမားတဲ့အရာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲက ကျနော်တို့အတွက် အံ့သြစရာဖြစ်သလို ဒီပြိုင်ပွဲမှာ ကျနော်တို့ ပါဝင်ကစားချင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဥရောပပြိုင်ပွဲလို့ပဲ ပြောချင်ပါတယ်။ ဒါကို ကျနော်တို့အာရုံစိုက်ရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပါးအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ၂၀၁၄-၁၅ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာပါ။
မေဆန်မောင့်က ယူနိုက်တက်အသင်းအတွက် ဥရောပဝင်ခွင့်ရဖို့ အရေးကြီးသလို သူကလည်း အသင်းမှာ နေရာရဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။

မေဆန်မောင့်ကို တွေ့ရစဉ်
ဥရောပဝင်ခွင့် မရရှိတာဟာ ယူနိုက်တက်အသင်းအတွက် ဘဏ္ဍာရေး အခြေအနေ အပါအဝင် ကစားသမား သစ်တွေ ခေါ်ယူတာမှာ အခက်အခဲရှိစေခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဝုလ်ဗ်စ်အသင်းက ကွန်ညာနဲ့ ဘရန်ဖို့ဒ်အသင်းက အမ်ဘူမိုတို့ ခေါ်ယူထားပြီး သူတို့နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၂၀ ကျော် သုံးစွဲထားရပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် သူတို့ကို ခေါ်ယူဖို့အတွက်ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းချနိုင်ဖို့လည်း လိုအပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ အမေရိကန်မှာ Premier League Summer Series ပြိုင်ပွဲအဖြစ် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 324
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အများအပြားသုံးစွဲပြီး အားဖြည့်ထားတဲ့ လီဗာပူးလ် အသင်းဆီကို ကစားသမားသစ်တွေ ရောက်ရှိလာနိုင်သေးတယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က အရိပ်အမြွက် ပြောခဲ့ပါ တယ်။
ဗန်ဒိုက်က “ကျန်ရှိနေတဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ကျနော်တို့ဟာ အခုချိန်ထိ အသင်းအတွက် အလွန်ကောင်းမွန်တဲ့ အားဖြည့်မှုတွေ လုပ်ထားတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ တွေဟာ လီဗာပူးလ်အသင်းအတွက် ကစားပေးနိုင်တဲ့ အရည်အသွေးတွေ ရှိတယ်လို့လည်း ကျနော်ထင်ကြောင်း”ဟောင်ကောင်ရာသီကြို လေ့ကျင့်မှုအပြီးမှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်အသင်းက ဖလော်ရီယန်ဗစ်ဇ်နဲ့ ဖရင်ပေါင်၊ ဘုန်းမောက်အသင်းက ကာကတ်ဇ်၊ ဖရန့်ဖတ်အသင်းက အီကီတိုက်နဲ့ ဂိုးသမားတွေကို ခေါ်ယူထားတာ ဖြစ်ပါ တယ်။
လီဗာပူးလ်အသင်းဟာ ဒီကစားသမားတွေ အားလုံးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀၀ နီးပါး သုံးစွဲထား တာပါ။

ဗန်ဒိုက်ကို တွေ့ရစဉ်
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ နယူးကာဆယ်အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပါတယ်။
အစ်ဆက်ဟာ ဒီနွေရာသီ ပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ နယူးကာဆယ်အသင်းကို တောင်းဆိုထားပြီး အသင်းရဲ့ အာရှရာသီကြို ခရီးစဉ်ကိုလည်း လိုက်ပါခဲ့ခြင်း မရှိတာပါ။
လီဗာပူးလ်အသင်းဟာ အစ်ဆက်နဲ့ နယူးကာဆယ်အသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး နယူးကာဆယ် အသင်းကသာ ရောင်းချဖို့ လမ်းဖွင့်မယ်ဆိုရင် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ရှိနေပါတယ်။
ဒီအချိန်မှာ ဗန်ဒိုက်ကလည်း လီဗာပူးလ်အသင်းဆီကို ကစားသမားသစ်တွေ ရောက်ရှိလာနိုင်သေးတယ်လို့ ပြောလာခဲ့တာပါ။
လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က ကစားသမားသစ်တွေ အပါအဝင် လူတိုင်း အလုပ်ကြိုးစားရမှာဖြစ်ပြီး အတူတူ လက်တွဲလုပ်ဆောင်ရမှာက အဓိကအချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖရန့်ဖတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးသစ် အီကီတိုက်ဟာ ဟောင်ကောင်မှာ လီဗာပူးလ်အသင်းဖော်တွေနဲ့ သွားရောက် ပူးပေါင်းခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဇူလိုင် ၂၆ ရက် ဟောင်ကောင်မှာ အေစီမီလန်အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 398
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဖာမီနိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းကနေ ထွက်ခွာပြီး ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဖာမီနိုက “အယ်လ်အာလီအသင်းမှာ ကစားခဲ့တဲ့ ၂ နှစ်အတွင်း ကလပ်ရဲ့ သမိုင်းကြောင်းကို အတူတူ ဖန်တီးနိုင် ခဲ့တဲ့အတွက် ကျနော် ပျော်ရွှင်ပါတယ်။ အကောင်းဆုံး အခိုက်အတန့်ကတော့ အာရှချန်ပီယံဖြစ်ခဲ့တာပါ။ ဒီအတွက်လည်း ကျနော် အလွန်ကျေးဇူးတင်တယ်”လို့ ဆော်ဒီကလပ်က ထုတ်ပြန်တဲ့ နှုတ်ဆက်ဗွီဒီယိုမှာ ပြောခဲ့တာပါ။
၂၀၂၃ ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဖာမီနိုဟာ ပြီးခဲ့တဲ့ရာသီက အသင်း အာရှချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဖာမီနိုဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အယ်လ်အာလီအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ကာ ကာဝါဆာကီအသင်းနဲ့ ဗိုလ်လုပွဲမှာ အသင်းရရှိတဲ့ သွင်းဂိုးတွေကို ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာပါ။

ဖာမီနိုကို တွေ့ရစဉ်
ဖာမီနိုဟာ အယ်လ်အာလီအသင်းကို အာရှချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အသင်းဖော် တွေဖြစ်တဲ့ မာရက်ဇ်၊ မန်ဒီတို့နဲ့အတူ အာရှနဲ့ ဥရောပ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖာမီနိုဟာ ပြီးခဲ့တဲ့ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
ဖာမီနိုဟာ အယ်လ်အာလီအသင်းအတွက် ၆၅ ပွဲ ကစားခဲ့ပြီး ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဖာမီနိုပြောင်းရွှေ့မယ့် အယ်လ်ဆတ်ဒ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကာတာလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့အတွက် လာမယ့်ရာသီ အာရှချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 373
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
ယူနိုက်တက်အသင်း နည်းပြဟောင်း အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းဟာ ချယ်လ်ဆီး အသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ အာဆင်နယ်အသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ စတာလင်ဟာ ချယ်လ်ဆီးအသင်းထံ ပြန်လည်ရောက်ရှိနေပြီ ဖြစ်တာပါ။
အသက် ၃၀ နှစ်အရွယ်ရှိ စတာလင်ဟာ ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် ဥရောပထိပ်သီး ကလပ်အချို့ရဲ့ ပစ်မှတ်အဖြစ် ရှိနေပါတယ်။
အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းဟာ ဒီနွေရာသီမှာ အဓိက ကစားသမား အများအပြားကို ဆုံးရှုံးခဲ့ပြီးနောက် အတွေ့အကြုံ အများအပြားရှိတဲ့ စတာလင်ကို ခေါ်ယူအားဖြည့်ချင်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ နည်းပြမာရက်စ်ကာရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ စတာလင် အပါအဝင် ကစားသမား အများအပြားကို အရောင်းစာရင်းထဲ ထည့်သွင်းထားပါတယ်။

စတာလင်ကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေတဲ့ စတာလင်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်း ကျင်ရရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားတာပါ။
စတာလင် အနေနဲ့ လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို သက်သေပြသနိုင်မယ့် အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
စတာလင်ကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါ တယ်။
ချယ်လ်ဆီးအသင်းကတော့ စတာလင်ကို အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် အငှားကမ်းလှမ်းမှုတွေကိုလည်း လမ်းဖွင်ထားတာပါ။
စတာလင်အနေနဲ့ လာမယ့်ရာသီမှာ ကစားမယ့် အသင်းကို မကြာမီမှာ ဆုံးဖြတ်ချက် ချရဖို့ရှိနေပါတယ်။
၂၀၂၂ ခုနှစ်က မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ စတာလင်ဟာ ခြေစွမ်း ပုံမှန် ပြသနိုင်ခြင်း မရှိတာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခြင်း မရှိတော့တာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 397
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
လီဗာပူးလ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူး အီကီတိုက်ကို ဖရန့်ဖတ်အသင်းကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်း၊ add-ons ပေါင် ၁၀ သန်းနဲ့ ခေါ်ယူပြီး ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အီကီတိုက်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးလ်အသင်းက ခေါ်ယူနိုင်ခဲ့တာပါ။
အီကီတိုက်ဟာ အာရှရာသီကြို ခရီးစဉ်အဖြစ် ဟောင်ကောင်ကို ရောက်ရှိနေတဲ့ လီဗာပူးလ်အသင်းနဲ့ ဒီရက် သတ္တပတ်ထဲမှာ သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
အီကီတိုက် မတိုင်မီ ဖလော်ရီယန်ဗစ်ဇ်၊ ဖရင်ပေါင်၊ ကာကတ်ဇ်နဲ့ ဂိုးသမားတွေ ခေါ်ယူထားတဲ့ လီဗာပူးလ်အသင်း ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၅၀ ကျော် သုံးစွဲထားတာပါ။
အီကီတိုက်ဟာ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒက်လီဂါ ၃၃ ပွဲမှာ ၁၅ ဂိုးသွင်းပြီး ၈ ဂိုးဖန်တီးကာ အသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

အီကီတိုက်ကို တွေ့ရစဉ်
ဖရန့်ဖတ်အသင်းက အီကီတိုက်ဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေ၊ အခွင့်အလမ်းတွေအတွက် ဥရောပရဲ့ ထိပ်တန်း အသင်းကို ပြောင်းရွှေ့ခဲ့ပြီး သူတို့ဟာ ကစားသမားတွေကို ကောင်းမွန်တဲ့ အလားအလာတွေ ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဖရန့်ဖတ်အသင်းဟာ အီကီတိုက်ကို PSG အသင်းကနေ အပြီးသတ် ဝယ်ယူခဲ့တုန်းက စာချုပ်ထဲမှာ ထည့်သွင်း ထားတဲ့ အချက်ကြောင့် လီဗာပူးလ်အသင်းကို ရောင်းချခဲ့တဲ့ ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ပြင်သစ်ကလပ် ကို ပေးချေရမှာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ အီကီတိုက်ဟာ ဖရန့်ဖတ်အသင်းအတွက် ၆၄ ပွဲ ကစားခဲ့ပြီး ၂၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဇူလိုင် ၂၆ ရက် ဟောင်ကောင်မှာ အေစီမီလန်၊ ဇူလိုင် ၃၀ ရက် ဂျပန်မှာ ယိုကိုဟားမား မာရီနို့စ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 384
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က သူဟာ အိမ်မှာရှိနေသလို ခံစားရပြီး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ကျနော် အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကြီးမားတဲ့ ဆုဖလားတွေရရှိပြီး ကလပ်ရဲ့ ရပ်တည်မှုက ကျနော့်အတွက် အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ အိမ်မှာရှိနေတယ်လို့ ခံစားရပြီး ဒီကိုလာဖို့ ကျနော့်ရဲ့ ရွေးချယ်မှုမှာ ကြီးမားတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘာစီလိုနာအသင်းဟာ မိသားစုကလပ်ဖြစ်ပြီး လူတွေက ဒီမှာအဆင်ပြေသလို သူတို့ရဲ့ အရည်အချင်းတွေကို ပြသဖို့နေရာကောင်း ဖြစ်လို့ပါ။ နောက်တစ်ချက်ကတော့ နည်းပြနဲ့ စကားပြောခဲ့ရာမှာ အပြုသဘောဆောင်ခဲ့လို့ပါ။ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့ ဆန္ဒပြင်းပြနေတယ်”လို့ Barca TV ကို ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီကုန်ချိန်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဂယ်ရီလိုင်နီကာနောက်ပိုင်း ဘာစီလိုနာအသင်းအတွက် ကစားမယ့် ပထမဆုံး အင်္ဂလန် ကစားသမားလည်း ဖြစ်လာတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့နိုင်ဖို့အတွက် လုပ်ခလစာ လျှော့ယူဖို့ သဘောတူခဲ့ပြီး စပိန် ကလပ်ဟာ သူ့ရဲ့ကျန်ရှိတဲ့ လုပ်ခလစာ အပြည့်အဝကို ပေးချေရမှာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်သွားမှာဖြစ်ပြီး အာရှကို ထွက်ခွာမယ့် အသင်းရဲ့ ရာသီကြိုခရီးစဉ်ကို လိုက်ပါသွားမှာပါ။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဦးစားပေး ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အက်စတွန်ဗီလာ အသင်းထံ အငှားသွားရောက် ကစားခဲ့ရပြီး ကောင်းမွန်တဲ့ အချိန်တွေ ရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်ကြယ်ပွင့် ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အကြောင်းအရာတွေ ပြောစရာမရှိဘဲ အနာဂတ်မှာ သူတို့အောင်မြင်မှုရရှိဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်ဖို့ရှိပြီး ဒီပွဲမှာ ယူနိုက်တက်အသင်း ဖော်ဟောင်း လင်ဂတ်နဲ့ ပြိုင်ဘက်အဖြစ် ပြန်လည် တွေ့ဆုံရမှာဖြစ်ပါတယ်။
Source:BBC
