
- By CNI
- Category: အားကစား
- Hits: 311
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄
ယူနိုက်တက်အသင်းရဲ့အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲ(ACL)ဒဏ်ရာကြောင့် ၈ လကြာ အနားယူရဖွယ်ရှိနေပါတယ်။
အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိခဲ့ပြီး နောက် ငိုကြွေးကာ ထမ်းစင်နဲ့ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။
TyC Sports လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒူး အရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ခွဲစိတ်မှုခံယူရမှာဖြစ်တဲ့အတွက် ၈ လကြာ အနားယူရမယ်လို့ ဖော်ပြထားပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတွေကလည်း ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် အသင်းရဲ့ပွဲအများအပြားကို လွဲချော်ခဲ့ဖူးတာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ သူ့ရဲ့ယူနိုက်တက်အသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ ဒဏ်ရာကြောင့် နောက်ဆုံး ၉ ပတ်ခန့်လွဲချော်ခဲ့ပြီး မနှစ်ကရာသီမှာလည်း ဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ပါဝင်ကစား နိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားထားပြီး အားထားနေရတဲ့ လီဆန် ဒရိုမာတီနက်ဇ်ကို ဆုံးရှုံးရမှာက ရလဒ်ဆိုးနေတဲ့ အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရပ်တည်နေကာ တန်းဆင်းဇုန်နေရာနဲ့ ၁၂ မှတ်ကွာဟနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် မှာ FA ဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းကိုင်တွယ်နေတဲ့ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄
မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စပိန်ကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်ကို ပေါ်တိုအသင်း ကနေ ခေါ်ယူပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများကြီးသုံးစွဲတဲ့အသင်းအဖြစ် ထိပ်ဆုံး ရပ်တည်ခဲ့ပါတယ်။
Transfermarkt က မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူမှုအတွက် ပေါင်သန်း ၁၈၀ အထိအသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ရလဒ်ဆိုးတွေကြောင့် ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်ဖို့ ကစားသမားသစ်တွေအားဖြည့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့အသုံးစရိတ်သုံးစွဲမှုဟာ ကျန်တဲ့ပရီးမီးယားလိဂ် ၁၉ သင်းပေါင်းရဲ့ အသုံးစရိတ်ထက် ပမာဏပိုပြီးများခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ စံချိန်တင် အသုံးစရိတ်သုံးစွဲတဲ့အသင်းအဖြစ် ချယ်လ်ဆီးအသင်းက ထိပ်ဆုံးရပ်တည်နေပြီး ၂၀၂၃ ခုနှစ်မှာ ပေါင် ၂၇၄ သန်း သုံးစွဲခဲ့တာပါ။
မန်စီးတီးအသင်းရဲ့ ဒီ ဇန်နဝါရီအသုံးစရိတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၃ ခုနှစ်ကအသုံးစရိတ်ပြီးရင် ဒုတိယ မြောက်အများဆုံးအဖြစ်ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နီကိုဂွန်ဇာလက်ဇ်အပြင် ခူဆာနော့ဗ်၊အိုမာမာမော့ရှ်၊ဗစ်တာရိုက်စ်နဲ့ ဂျူမာဘာတို့ကို ခေါ်ယူထားပြီး ဂျူမာဘာကိုတော့ လန်းစ်အသင်းထံ အငှားပြန်ချခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲခဲ့ပေမယ့် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းဟာ လူသစ်ခေါ်ယူခဲ့ခြင်းမရှိသလို အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်း ကိုအားဖြည့်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ကစားသမားအများအပြားကို အငှားချခဲ့ပြီး ယူနိုက်တက်အသင်းက လက်ချီအသင်း နောက်ခံလူ ဒေါဂူနဲ့ အာဆင်နယ်အသင်းလူငယ် ဟီဗန်တို့ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။
ဒဏ်ရာထိုးနှက်ချက်တွေ ရှိနေတဲ့ စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းက မာသီးတဲလ်ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး ရက်ရှ်ဖိုဒ့်ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ပီအက်စ်ဂျီအသင်းက အဆန်စီယိုနဲ့ ချယ်လ်ဆီးအသင်းက ဒီဆာဆီတို့ကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရန်ကို ပေါင် ၆၄ သန်းပေးပြီးခေါ်ယူခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ မန်စီးတီးအသင်းပြီးရင် ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများဆုံးသုံးစွဲတဲ့အသင်းအဖြစ် ဒုတိယနေရာ မှာရပ်တည်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 312
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနောက်ကနေ လိုက်ကစားကာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြမာရက်စ်ကာက အသင်းရဲ့ကြီးမားတဲ့ နိုင်ပွဲလို့ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကြီးမားတဲ့နိုင်ပွဲပါ။ စိတ်ပိုင်းဆိုင်ရာ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ခံစစ်ကိုအထိုင်ချကာ စောင့်ဆိုင်းနေတဲ့ အသင်းတွေနဲ့ ကစားရတာဟာ ဘယ်တော့မှ မလွယ်ကူပါဘူး။ စိတ်ရှည်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပြန်လာနိုင်ခဲ့ပြီး ပွဲကိုခြုံပြီးပြောရရင် ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ အမှားတွေကို စောင့်ဆိုင်းနေခဲ့ကြတာပါ။ ကျနော်တို့ဟာ ရခဲ့တဲ့ အခွင့်အရေးတွေကို ပိုပြီးအသုံးချနိုင်ဖို့ လိုအပ်ပါ တယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဘိုဝင်ရဲ့ သွင်းဂိုးနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် လူစားဝင် လာတဲ့ နက်တိုက ချေပဂိုး သွင်းယူပေးခဲ့ပြီး ဝမ်ဘစ်ဆာကာက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ဒီနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်တက်နိုင် ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အဆင့် ၄ နေရာကို ပြန်ရောက်ရှိခဲ့ပေမယ့် အနောက်မှာ ရပ်တည်နေတဲ့ မန်စီးတီး၊ နယူးကာဆယ်၊ ဘုန်းမောက်အသင်းတို့နဲ့ ရမှတ်ကွာဟမှု နည်းပါးနေတာပါ။
အဲဒါကြောင့် ဒီနေရာမှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ဆိုရင် လာမယ့်ပွဲတွေမှာလည်း နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြမာရက်စ်ကာက သူတို့ဟာ ရာသီအကုန်ထိ ထိပ်ဆုံး ၄ သင်းထဲမှာ ဆက်ပြီးရှိနေနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်မှာ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 388
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့ကလပ် ကစားသမားဘဝ ပွဲပေါင်း ၇၀၀ ပြည့် နိုင်ပွဲဖြစ်ခဲ့တဲ့ အယ်လ်နာဆာအသင်းက အယ်လ်ဝါဆယ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်မှာ အသက် ၄၀ နှစ်ပြည့်မယ့် ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ နောက်ထပ် သမိုင်း မှတ်တိုင်တစ်ခုကို ထပ်ပြီးစိုက်ထူနိုင်ခဲ့တာပါ။
အယ်လ်ဝါဆယ်အသင်းကို အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ဟာ ရော်နယ်ဒိုအတွက် အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက ဆော်ဒီကလပ်နဲ့အတူ ရယူနိုင်ခဲ့တဲ့ ၆၆ ပွဲမြောက်နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီအသင်းနဲ့နိုင်ပွဲ ၁၃ ပွဲရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ နှစ်ကြိမ်ကစားခဲ့တဲ့ ယူနိုက်တက်အသင်းမှာ နိုင်ပွဲ ၂၁၄ ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းမှာတော့ ရော်နယ်ဒိုဟာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို နိုင်ပွဲလည်း အများကြီး ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ ခုအထိ ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းမှာ ရော်နယ်ဒို ဟာ နိုင်ပွဲ ၃၁၅ ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းထံ မပြန်ခင် ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့တဲ့ ၃ ရာသီမှာ ရော်နယ်ဒိုဟာ နိုင်ပွဲ ၉၂ ပွဲ ရယူနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဘာစီလိုနာအသင်းမှာ ရယူနိုင်ခဲ့တဲ့ နိုင်ပွဲ ၅၄၂ ပွဲ အပါအဝင် ကလပ်ကစားသမားဘဝမှာ နိုင်ပွဲပေါင်း ၆၁၃ ပွဲ ရရှိထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်ဝါဆယ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုးဟာ ၉၂၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်တာပါ။
ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းယူထားပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီး ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ဂါလာတာစာရေးအသင်းဟာ အေစိမီလန်အသင်း တိုက်စစ်မှူး မိုရာတာကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအထိ ယူရို ၆ သန်းနဲ့ အငှားခေါ်ယူခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ မိုရာတာကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိတယ်လို့ အေစီမီလန်အသင်း က သူတို့ရဲ့တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
မိုရာတာဟာ ဂါလာတာစာရေးအသင်းကနေ ဒီရာသီရဲ့ ဒုတိယရာသီဝက်အတွက် လုပ်ခလစာ ယူရို ၃ သန်းနဲ့ လာမယ့်ရာသီ ပထမရာသီဝက်အတွက် ယူရို ၃ သန်းရရှိမှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ မိုရာတာဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသလက်တီကိုအသင်းကနေ အေစီမီလန်အသင်းထံ ယူရို ၁၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာပါ။
မိုရာတာဟာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မိုရာတာကို တွေ့ရစဉ်
ဂါလာတာစာရေးအသင်းအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိုရာတာကို အပြီးသတ် ဝယ်ယူဖို့ အေစီမီလန်အသင်းထံ အကြောင်းကြားခဲ့ရင် ယူရို ၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိတယ်လို့ တူရကီ ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဂါလာတာစာရေးအသင်း အနေနဲ့ မိုရာတာကို အပြီးသတ် မဝယ်ယူဘူးဆိုရင်လည်း အငှားကာလကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးခွင့် ရှိနေပါတယ်။
ဒါအပြင် ဂါလာတာစာရေးအသင်းဟာ နောက်ထပ် သက်တမ်းတိုးမယ့် အငှားကာလ မကုန်ခင်မှာ မိုရာတာကို ဝယ်ယူမယ်ဆိုရင် ယူရို ၉ သန်းပေးချေကာ အပြီးသတ်ခေါ်ယူနိုင်မယ့် ဒုတိယရွေးချယ်ခွင့်ရှိနေတာပါ။
ဂါလာတာစာရေးအသင်း အနေနဲ့ ဒီပမာဏကို ၆ လ အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မိုရာတာဟာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အသလက်တီကိုနဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့တာပါ။
ဂါလာတာစာရေးအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 372
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ရီးရယ်လ်အသင်းနောက်ခံလူ ရူဒီဂါဟာ အက်စပန်ညိုအသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် အသလက်တီကိုအသင်းနဲ့ လာလီဂါ၊ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ရူဒီဂါဟာ ရီးရယ်လ်အသင်းက အက်စပန်ညိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ ရူဒီဂါရဲ့ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
COPE သတင်းက ရူဒီဂါဟာ ဒဏ်ရာကြောင့် ရက်ပေါင်း ၂၀ ကြာ အနားယူရမယ်လို့ ဖော်ပြထားတာပါ။
ရူဒီဂါအနေနဲ့ ဒဏ်ရာကနေ အချိန်မီ ပြန်မလာနိုင်ခဲ့ရင် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုပါ လွဲချော်နိုင်တာ ဖြစ်ပါတယ်။
ရူဒီဂါဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ကစားထားပြီး အားထားရတဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ဒဏ်ရာ အခြေအနေဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ရူဒီဂါကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ခံစစ်ပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝတဲ့ ဗဟိုခံစစ် ကစားသမားတစ်ဦးမှ မရှိတာဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ လာမယ့်ပွဲတွေမှာ လူငယ်ကစားသမား အဆန်စီယိုနဲ့ ကွင်းလယ်လူ ချူအာမန်နီတို့ကို ဗဟိုခံစစ်မှာ တွဲဖက်ပြီး အသုံးပြုသွားဖို့ ရှိနေတာပါ။
ချူအာမန်နီဟာ အသင်းဖော်တွေရဲ့ ဒဏ်ရာတွေကြောင့် မကြာခဏဆိုသလို ဗဟိုခံစစ်မှာ ကစားနေရတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ ကိုပါဒယ်ရေးဖလား ပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အသလက်တီကိုအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အသလက်တီကို အသင်းကို ၁ မှတ်သာ အသာရပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 362
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းထံ ရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
အငှားစာချုပ်ထဲမှာ အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ချိန်မှာ ပေါင်သန်း ၄၀ နဲ့ ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် ပါဝင်တာပါ။
အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာ ၇၅ ရာခိုင်နှုန်းကို ပေးချေရမှာ ဖြစ်ပေမယ့် ယူနိုက်တက် အသင်းထံ အငှားခေါ်ယူကြေး ပေးခဲ့ရခြင်း မရှိဘူးလို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ ဥရောပထိပ်တန်း ကလပ်တွေနဲ့ သတင်းတွေ ထွက်ခဲ့ပြီး နောက်ဆုံးမှာ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်က “ဒီအငှား အပြောင်းအရွှေ့ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာ အသင်းတို့ကို ကျနော် ကျေးဇူးတင်ပါတယ်။ အသင်းအနည်းငယ်ရဲ့ ချဉ်းကပ်မှုကိုရတာ ကံကောင်းပေမယ့် အက်စတွန်ဗီလာက လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ အက်စတွန်ဗီလာအသင်းရဲ့ ဒီရာသီကစားပုံနဲ့ နည်းပြရဲ့ ရည်မှန်းချက်ကို ကျနော် နှစ်သက်ပါတယ်။ ကျနော်ဟာ ဘောလုံးကစားချင်ပြီး စတင်နိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ယူနိုက်တက်မှာရှိတဲ့ လူတိုင်းအတွက် ဒီလက်ကျန်ရာသီမှာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုကြောင်း”သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါ တယ်။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာ ၁၂ ရက်က ဗစ်တိုးရီးယားပါလ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံး ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် စိန်ခေါ်မှု အသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။
၂၀၀၅ ခုနှစ်ကတည်းက ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို အက်စတွန်ဗီလာအသင်းက အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သူ့ရဲ့မန်ချက်စတာကလပ် ကစားသမားဘဝဟာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ စပိန်ကွင်းလယ်တောင်ပံ ကစားသမား အဆန်စီယိုကို ပီအက်စ်ဂျီအသင်းကနေ အငှားနဲ့ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၈ နေရာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ FA ဖလားစတုတ္ထအဆင့် ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 302
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က အသင်းဟာ ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းကို ဆက်တွန်းအား ပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “လီဗာပူးလ်အသင်းနဲ့ ဝေးကွာနေသေးပြီး သူတို့ဟာ ပွဲကျန်ကစားဖို့ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ပွဲမှာ သူတို့နိုင်ပွဲ ရခဲ့တဲ့အတွက် ကျနော်တို့လည်း အနိုင်ရယူရမယ်ဆိုတာ သိပါတယ်။ ကျနော်တို့ဟာ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းတို့လိုပွဲတွေမှာ ရမှတ်တွေ ပြန်လျော့ခဲ့တာက စိတ်ပျက်စရာ ကောင်းပါ တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ လီဗာပူးလ်အသင်းနဲ့ ပိုနီးကပ်နိုင်လို့ပါ။ ကျနော်တို့ဟာ ဒီနေရာမှာ ဆက်ရှိနေမှာ ဖြစ်သလို ဆက်ပြီးလည်း တွန်းအားပေးသွားမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို အိုဒီဂတ်၊ ပါတေး၊ စကယ်လီ၊ ဟာဗက်ဇ်နဲ့ ဝမ်နရီတို့က သွင်းယူခဲ့ပြီး မန်စီးတီးအသင်းအတွက် ချေပဂိုးကို ဟာလန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၆ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ဒီကလန်ရိုက်စ်ကတော့ သူတို့ဟာ ချန်ပီယံဆုအတွက် ဆက်တွန်းအားပေးနေမှာဖြစ်သလို လီဗာပူးလ်အသင်းကို ဖိအားပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်း နည်းပြအာတီတာက သူတို့အတွက် ကြီးကျယ်တဲ့နေ့ဖြစ်ခဲ့ပြီး ပွဲကိုအနိုင်ရဖို့ လိုအပ်သလို ဒီပွဲမှာလုပ်ခဲ့တဲ့ အရာတွေအတွက် ကျေနပ်တယ်လို့ ပွဲအပြီး မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ဒါအပြင် နည်းပြအာတီတာက မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်း ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက် စကယ်လီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးအသင်း နောက်ခံလူ ဂျွန်စတုန်းစ်က ဒီပွဲစဉ်ရဲ့ နောက်ဆုံးမိနစ် ၃၀ မှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ခဲ့ပြီး အသင်းပရိသတ်တွေကို တောင်းပန်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၁၅ မှတ်အထိကွာဟပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 361
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အာဆင်နယ်အသင်း နည်းပြအာတီတာက မန်စီးတီးအသင်းနဲ့ပွဲမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့ရင် သူတို့ရဲ့ ပရီးမီးယားလိဂ် ဆုဖလား မျှော်လင့်ချက် ပိုပြီးအားကောင်းလာမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “မန်စီးတီးအသင်းကို အနိုင်ရယူနိုင်တာက ကျနော်တို့အတွက် ဆုဖလား ပြေးလမ်းကြောင်းမှာ ကြီးမားတဲ့ အားကောင်းမှုကို ဖြစ်မှာပါ။ ပွဲကြီးပွဲကောင်းတွေကို အနိုင်ရတာက အမြဲတမ်း ထူးခြားတဲ့အရာပါ။ ကျနော်တို့ဟာ ပြိုင်ဘက်အသင်းတွေနဲ့ ပွဲကြီးပွဲကောင်း ကစားတဲ့အချိန်တိုင်း အပိုတစ်ခုခုကို ယူဆောင်လာပါ တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ၂ မှတ်သာကွာဟပြီး ပရီးမီးယားလိဂ် ဆုဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခက်ခဲသွားပြီး အာဆင်နယ်အသင်းက အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်ကာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်း ကို ဖိအားပေးနိုင်ဖို့ ကြိုးစားနေတာပါ။
မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တွေ့ဆုံခဲ့တုန်းက အာဆင်နယ်အသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရပြီး မိနစ် ၉၀ အထိ အနိုင်ရနေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ သွင်းဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲစလုံး ရှုံးပွဲမရှိခဲ့သလို မန်စီးတီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ ဒေးဗစ်ရာယာဟာ ကြံ့ခိုင်မှုပိုင်းကြောင့် ပြီးခဲ့တဲ့ ဂျီရိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့သလို မန်စီးတီးအသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖို့မသေချာဘူးလို့ နည်းပြအာတီတာက ပြောထားပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် အခုအချိန်ထိ အဆင်ပြေမှု မရှိသေးတာဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 358
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အင်္ဂလန်နောက်ခံလူ လုပ်ခ်ရှောဟာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်ပါဝင်နေပေမယ့် အသင်းအတွက် ပါဝင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူနိုက်တက်အသင်း နည်းပြအာမိုရင်က အတည်ပြုခဲ့ပါ တယ်။
အာမိုရင်က “လုပ်ခ်ရှောဟာ အချိန်အနည်းငယ် ယူရဦးမှာပါ။ သူဟာ လေ့ကျင့်မှုတွေ ပိုပြီးပြုလုပ်ဖို့လိုသလို သူရဲ့ အသင်းဖော်တွေနဲ့လည်း အချိန်တွေ အများကြီးပေးရမှာပါ။ သူ့ကိုအသုံးပြုဖို့ မှန်ကန်တဲ့အချိန်လို့ ကျနော် ခံစားရရင်တော့ ပွဲတွေမှာ မိနစ်အနည်းငယ် အသုံးပြုပြီး စတင်သွားမယ်”လို့ ပြောခဲ့တာပါ။
ဒီဇင်ဘာလ အစောပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသင်းဖော်တွေနဲ့အတူ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ လုပ်ခ်ရှောဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားထား နိုင်တာပါ။
လုပ်ခ်ရှောကို တွေ့ရစဉ်
လုပ်ခ်ရှောရဲ့ဒဏ်ရာ မှတ်တမ်းဆိုးကြောင့် နည်းပြအာမိုရင်ဟာ သူပြန်လာချိန်မှာ သတိထားပြီး ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
နည်းပြအာမိုရင်ဟာ လုပ်ခ်ရှောကို ပွဲပြန်ပါဝင်နိုင်ဖို့ထက် လေ့ကျင့်ရေး အစီအစဉ် အများအပြားကို လုပ်ဆောင်နိုင် ဖို့ ဦးစားပေးဖို့ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှောရဲ့ အခြေအနေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လက်ချီအသင်း နောက်ခံ လူ ဒေါဂူကို ခေါ်ယူပြီး အားဖြည့်မှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ မာလာစီယာဟာ ကာလရှည်ကြာ အနားယူခဲ့ရတာကနေ အသင်းအတွက် ပြန်ပါဝင်ကစားနေပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေတာပါ။
မာလာစီယာဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေကို ခံနေရပါ တယ်။
ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: Metro