- By CNI
- Category: အားကစား
- Hits: 509
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
ရီးရယ်လ်အသင်းမှာ ၁၃ နှစ်ကြာ ကစားပြီး ထွက်ခွာခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းထံ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ကို စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် တစ်နှစ် သက်တမ်း တိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။
မိုဒရစ်ဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် ထွက်ခွာကာ အေစီမီလန်အသင်းနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ အေစီမီလန်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီးနောက် သူ့ရဲ့ကစားသမားဘဝမှာ နောက်ထပ် အခန်းကဏ္ဍသစ် တစ်ခု စတင်ရတော့မှာဖြစ်လို့ အလွန်ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းနည်းပြ အယ်လီဂရီက မိုဒရစ်ဟာ အလွန်ထူးခြားတဲ့ ကစားသမား ဖြစ်တယ်လို့ သူ့ကို ခေါ်ယူမယ်လို့ အတည်ပြုချိန်မှာ ပြောခဲ့တာပါ။

မိုဒရစ်ကို တွေ့ရစဉ်
မိုဒရစ်ဟာ အေစီမီလန်အသင်းမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ ၁၃ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခု ရယူနိုင်ခဲ့တာပါ။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ၅၉၇ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုးသွင်းယူကာ PSG အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
မိုဒရစ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှား လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ပြီး ရာသီသစ်မှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 348
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အာဆင်နယ်အသင်းထံ အပြောင်းအရွှေ့ဟာ ပျက်ပြယ် သွားနိုင်တယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြထားပါတယ်။
ပေါ်တူဂီသတင်း Record က ကစားသမားကို အပိုဆုကြေး ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဖော်ပြထားတာပါ။
စပို့တင်းလစ္စဘွန်းအသင်းဟာ အပိုဆုကြေးယူရို ၁၀ သန်း တောင်းဆိုထားပေမယ့် အာဆင်နယ်အသင်းဟာ ဒီပမာဏကိုပေးချေဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အခြေအနေ အားလုံးကို ဖွင့်ထားပေမယ့် ဆွေးနွေးမှုတွေ လုံးဝပျက်ပြယ်သွားနိုင်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ Record ရဲ့သတင်းမှာ ဖော်ပြထားတာပါ။

ယိုကီရက်စ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ခေါ်ယူဖို့ နီးစပ်ပြီးနောက် နောက်ထပ် သတင်း ထပ်ပြီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်က အာဆင်နယ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ ယိုကီရက်စ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း၊ add-ons ပေါင် ၇.၄ သန်းနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်ခဲ့ပြီး ကစားသမားဟာ အာဆင်နယ် အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုမှာပါ။
အာဆင်နယ်အသင်းဟာ ယိုကီရက်စ်ကို ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ဖို့ အာရှကို ထွက်ခွာမယ့် အသင်းလူ စာရင်းထဲမှာ ခေါ်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်နဲ့ ယိုကီရက်စ်ရဲ့ အေးဂျင့်တို့ဟာ စပို့တင်းလစ္စဘွန်းအသင်း နောက်ဆုံး မီးစိမ်းပြသနိုင်ဖို့အတွက် လန်ဒန်မှာ ဆွေးနွေးမှုတွေ ထပ်ပြီး ပြုလုပ်နေကြပါတယ်။
ယိုကီရက်စ်ကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး စပို့တင်းလစ္စဘွန်းအသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို သွားရောက် ပူးပေါင်းခြင်း မရှိပါဘူး။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား မာဒူကီနဲ့ ဗလင်စီယာအသင်း နောက်ခံလူ မိုစကွီယာရဲ့ အပြောင်းအရွှေ့တွေကိုလည်း ကြေညာဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ကစားသမား အများအပြား ဖြည့်တင်း မှုတွေ ပြုလုပ်နေပြီး ဇူဘီမန်ဒီ၊ ကယ်ပါနဲ့ နော်ဂတ်တို့ကို ခေါ်ယူထားသလို ခရစ္စတယ်ပဲလေ့စ်အသင်း ကြယ်ပွင့် အီဇီကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 386
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
ရီးရယ်လ်အသင်းဟာ ပရီးမီးယားလိဂ် အသင်းတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ သတ်မှတ်ခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရိုဒရီဂိုဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အသင်းကို လာလီဂါဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရယ်လ်အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာမယ့် သတင်းတွေ ထွက်ပေါ်နေတာပါ။

ရိုဒရီဂိုကို တွေ့ရစဉ်
ရီးရယ်လ်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ဇာဘီအလွန်ဆို ရောက်ရှိလာအပြီးမှာ ရိုဒရီဂိုဟာအသင်းမှာ ဆက်နေဖို့ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၆ ပွဲမှာ ၅ ပွဲကို အရန်ခုံ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရိုဒရီဂိုရဲ့ ရီးရယ်လ်အသင်း အနာဂတ်ဟာ မရေမရာ ဖြစ်လာသလို အသင်းကလည်းသူ့ကို ရောင်းချဖို့ လမ်းဖွင့်ထားခဲ့တာပါ။
ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေ ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ သတ်မှတ်ခဲ့တာကြောင့် သူတို့အတွက် ခေါ်ယူဖို့ အခက်အခဲ ရှိနိုင်တာပါ။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူပြီး အသင်းရဲ့လူစာရင်း အင်အားကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်နေတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ဆန်းတို့စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းအတွက် ၂၇၀ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူကာ ဆုဖလားပေါင်း ၁၃ ခု ရရှိထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 363
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း အူဘာမီယန်းဟာ ပြင်သစ်လိဂ်ကို ပြန်လာပြီး အသင်းဟောင်း မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက မာဆေးလ်အသင်းကနေ ထွက်ခွာပြီး အယ်လ်ကတ်ဆီယာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အူဘာမီယန်းဟာ တစ်ရာသီအကြာမှာ ဆော်ဒီပရိုလိဂ် ကလပ်ကနေ ပြန်လည်ထွက်ခွာတော့မှာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်ကတ်ဆီယာ အသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူကာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။
အယ်လ်ကတ်ဆီယာအသင်းဟာ တိုက်စစ်မှူး နေရာအတွက် ငယ်ရွယ်တဲ့ ကစားသမားတွေကိုသာ အသုံးပြု ချင်နေတာကြောင့် အူဘာမီယန်းကို ထွက်ခွာခွင့်ပေးဖို့ ရှိနေတာပါ။
ဖာဘရီဇီယိုရိုမာနိုက မာဆေးလ်အသင်းဟာ အူဘာမီယန်းနဲ့ ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။
အယ်လ်ကတ်ဆီအသင်းဟာ ဒီနွေရာသီမှာ အူဘာမီယန်းကို ထွက်ခွာခွင့်ပေးဖို့ မီးစိမ်းပြထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အူဘာမီယန်းကို တွေ့ရစဉ်
မာဆေးလ်အသင်းနည်းပြ ဒီဇာဘီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့အတွက် အူဘာမီယန်းကို လူစာရင်းထဲ ထည့်သွင်းဖို့ ဆန္ဒရှိနေတာပါ။
အီတလီလူမျိုးနည်းပြ ဒီဇာဘီဟာ အူဘာမီယန်းရဲ့ အတွေ့အကြုံနဲ့ ဂိုးသွင်းစွမ်းရည်ကို သိရှိထားပြီး လူငယ် တိုက်စစ်မှူးတွေကို မှီခိုနေရတဲ့ အသင်းအတွက် ဝါရင့်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
အပြောင်းအရွှေ့ဖြစ်ခဲ့ရင် အူဘာမီယန်းဟာ မာဆေးလ်အသင်းရဲ့တိုက်စစ်မှာ ဂရင်းဝုဒ်နဲ့ တွဲဖက်ပြီးကစားရမှာပါ။
မာဆေးလ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းအပြင် လိုအပ်နေတဲ့ နေရာအချို့ကိုလည်း အားဖြည့်ဖို့ရှိနေပါတယ်။
အူဘာမီယန်းဟာ မာဆေးလ်အသင်းအတွက် ကစားခဲ့တဲ့ တစ်ရာသီမှာ ပွဲပေါင်း ၅၁ ပွဲ ကစားခဲ့ပြီး ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 370
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူးဂျိုတာနဲ့ သူ့ရဲ့ညီ အန်ဒရီ ကွယ်လွန်ပြီးနောက် ပထမဆုံး ကစားခဲ့တဲ့ ပရက်စတန်အသင်းနဲ့ ခြေစမ်းပွဲမှာ ဝမ်းနည်းအောက်မေ့ဖွယ် အမှတ်တရတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဂျိုတာနဲ့ သူ့ရဲ့ညီ အန်ဒရီတို့ဟာ ဇူလိုင် ၃ ရက်က စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ကြတာပါ။
ခြေစမ်းပွဲ မစတင်မီမှာ အယ်လ်ဗစ်ပရက်စလေရဲ့ Can't Help Falling in Love နဲ့ လီဗာပူးလ်အသင်းရဲ့ သီချင်း ဖြစ်တဲ့ You'll Never Walk Alone တို့ကို ဖွင့်ခဲ့ပါတယ်။
ဒီနောက်မှာ ပရက်စတန်အသင်း ခေါင်းဆောင်က အဝေးကွင်းကို လာရောက်အားပေးတဲ့ လီဗာပူးလ်အသင်း ပရိသတ်တွေ အရှေ့မှာ လွမ်းသူပန်းခွေချခဲ့တာပါ။
ပရိသတ်တွေဟာ ဂျိုတာနဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကို ကွင်းအတွင်း သယ်ဆောင်လာခဲ့ကြသလို ဂျိုတာအတွက် ရည်ရွယ်တဲ့ သီချင်းကို ကျယ်လောင်စွာ သီဆိုခဲ့ကြပါတယ်။

ဂျိုတာ အောက်မေ့ဖွယ် အခမ်းအနား လီဗာပူးလ်အသင်းလုပ်စဉ်
လီဗာပူးလ်နဲ့ ပရက်စတန်အသင်း ကစားသမားတွေဟာ ပွဲမစမီမှာ တစ်မိနစ်ခန့် ငြိမ်သက်မှုပြုလုပ်ခဲ့ပြီး ဒီခြေစမ်း ပွဲမှာ လီဗာပူးလ်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဘရက်ဒလေဟာ အောင်ပွဲခံခဲ့ခြင်းမရှိပေမယ့် ဒုတိယဂိုးနဲ့ တတိယဂိုးသွင်းယူခဲ့တဲ့ ဒါဝင်နူနက်ဇ်နဲ့ ဂတ်ပိုတို့ကတော့ ဂျိုတာရဲ့အောင်ပွဲခံတဲ့ ပုံစံအတိုင်း ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဂျိုတာ ကွယ်လွန်ပြီးနောက် အသင်းနဲ့ ပတ်သက်တဲ့ အသင်းတွေမှာ ကျောနံပါတ် ၂၀ ကို အပြီးတိုင်အနားပေးဖို့ သူ့ရဲ့မိသားစုနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဂျိုတာဟာ သူတို့ဘယ်ကို သွားသွား သူတို့နဲ့အတူ ရှိနေမှာလို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
၂၀၂၀ ခုနှစ်က ဝုလ်ဗ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျိုတာဟာ လီဗာပူးလ်အသင်းအတွက် ၁၈၂ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၅ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား အပါအဝင် FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 410
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄
ချယ်လ်ဆီးအသင်းဟာ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ PSG အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ သွင်းဂိုး ၃ ဂိုးစလုံးကို ပထမပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး ကိုးလ်ပါမားက ၂ ဂိုးနဲ့ ဂျာအိုပက် ဒရိုက ၁ ဂိုးသွင်းယူခဲ့တာပါ။
PSG အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့ကို အကောင်း ဆုံး တုံ့ပြန်နိုင်ခဲ့တာကြောင့် အခက်တွေ့ပြီး ဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့သလို ကမ္ဘာ့ချန်ပီယံ တံဆိပ်ကို ၄ နှစ်ကြာအထိ တပ်ဆင်ခွင့်ရရှိခဲ့တာပါ။
ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ဆုဖလားပေးအပ်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ဆုဖလားနဲ့ အောင်ပွဲခံချိန်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူတို့နဲ့အတူ စင်မြင့်ပေါ်မှာရှိကာ အောင်ပွဲခံခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ချယ်လ်ဆီးအသင်းက ကိုးလ်ပါမား၊ အကောင်းဆုံး ဂိုးသမားဆုကို ချယ်လ်ဆီးအသင်းက ရော်ဘတ်ဆန်းချက်ဇ်နဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို PSG အသင်းက ဒူအီတို့က ရရှိခဲ့တာပါ။
ကိုးလ်ပါမားက “ဗိုလ်လုပွဲတွေကို ကျနော်ကြိုက်ပြီး အောင်မြင်မှု ထပ်ရပြန်ပါပြီ။ ဒါက အလွန်ကောင်းမွန်တဲ့ ခံစားမှုပါ။ ပွဲမတိုင်မီမှာ လူတိုင်းက ကျနော်တို့ကို သံသယရှိတာက ပိုပြီးကောင်းဖို့ ဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ လုပ်ခဲ့သလိုမျိုး တိုက်ပွဲဝင်ရတာက ကောင်းပါတယ်”လို့ DAZN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူတို့အတွက် ပြီးပြည့်စုံတဲ့ အရာဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပုံစံဟောင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ပုံစံအသစ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 379
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂
ချယ်လ်ဆီးအသင်း နောက်ခံလူ ကိုဝဲလ်က သူတို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ PSG အသင်းကို အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါတယ်။
ကိုဝဲလ်က “PSG အသင်းက အံ့မခန်းဖွယ်ကောင်းတဲ့ အသင်းဖြစ်ပေမယ့် ကျနော်တို့ဟာ အင်တာမီလန်နဲ့ ရီးရယ်လ်အသင်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ မတူညီတဲ့ အရာတွေကို ယူဆောင်လာမှာဖြစ်ပြီး ပွဲကိုကြိုးစားကာ အနိုင်ယူနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ လူအများအပြားက PSG အသင်း အနိုင်ရမယ်လို့ ထင်နေ ပေမယ့် ကျနော်တို့ကတော့ ဒီလိုမထင်ထားပါဘူး။ ယုံကြည်မှုရှိရှိနဲ့ လူတိုင်းကို အံ့အားသင့်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း”သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
PSG အသင်းဟာ လက်ရှိအချိန်မှာ အလွန်ကောင်းမွန်တဲ့ပုံစံကို ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာမီလန် အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိကာ ချန်ပီယံဆုကို ရရှိထားသလို ဖီဖာကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် PSG အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် အများအပြားက သတ်မှတ်ထားကြတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်း နောက်ခံလူ ကိုဝဲလ်က သူတို့ဟာ အင်တာမီလန်နဲ့ ရီးရယ်လ်အသင်း မဟုတ်တဲ့ အတွက် PSG အသင်းကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း ခေါင်းဆောင် ရီစီဂျိမ်းစ်ကလည်း ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ PSG အသင်း ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတာကို သူတို့ဂရုစိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ PSG အသင်းရဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 398
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃
ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့တဲ့ မူလာကိုခေါ်ယူဖို့ မေဂျာလိဂ် ကလပ်အသင်းတွေက ဦးဆောင် နေပေမယ့် သြစတြီးယားကလပ် ရက်ပစ်ဗီယန်နာအသင်းက အံ့အားသင့်ဖွယ် ချဉ်းကပ်မှု ပြုလုပ်လာခဲ့ပါတယ်။
ရက်ပစ်ဗီယန်နာအသင်းဟာ မူလာကို မေဂျာလိဂ် ကလပ်အသင်းတွေကပေးတဲ့ လစာထက် ပိုများပြားတဲ့ လစာနဲ့ ချဉ်းကပ်ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။
သြစတြီးယား သတင်းရင်းမြစ်တွေက ရက်ပစ်ဗီယန်နာအသင်းဟာ ဂျာမန်လက်ရွေးစင်ဟောင်း မူလာကို တစ်နှစ် ယူရို ၃ သန်းအထိပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
မေဂျာလိဂ် ကလပ်အသင်းတွေက မူလာကို တစ်နှစ် ယူရို ၁.၇ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။

မူလာကို တွေ့ရစဉ်
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်အသင်းမှာ ဖြတ်သန်းခဲ့တဲ့ မူလာဟာ လက်ရှိအချိန်ထိ သူ့ရဲ့အနာဂတ်ကို အတည်ပြုထားခြင်း မရှိသေးပါဘူး။
မူလာနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်ဟာ ဒီလကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး သူ့ကိုခေါ်ယူမယ့် အသင်းတွေဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမှာပါ။
သတင်းတွေမှာ မူလာဟာ မေဂျာလိဂ်ကလပ် အသင်းတွေထံ ပြောင်းရွှေ့ဖို့ ပိုပြီးများတယ်လို့ ဖော်ပြထားပါတယ်။
မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် ပွဲပေါင်း ၇၅၆ ပွဲ ပါဝင်ကစားထားပြီး ၂၅၀ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၃ ခုရယူနိုင်ခဲ့တာပါ။
မူလာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ၈ ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ်အနည်းငယ်သာ ပါဝင်ခဲ့ရပါတယ်။
မူလာဟာ PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် နောက်ဆုံးပွဲစဉ် ပါဝင်ကစားခဲ့တာပါ။
လက်ရှိအချိန်မှာ အနားယူမှု ပြုလုပ်နေတဲ့ မူလာဟာ လာမယ့် ရက်ပိုင်းအတွင်း သူ့ရဲ့အသင်းသစ်ကို ရွေးချယ်ပြီး ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 499
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်က ဒါဟာဘောလုံးသမိုင်းမှာ အကြီးမားဆုံးမတရားမှုလို့ ပြောခဲ့ပါတယ်။
စတိဗ်ပါရစ်က “ကျနော်တို့ အလွန်ဝမ်းနည်းရပါတယ်။ ဒါဟာ ဘောလုံးအတွက် ဆိုးရွားတဲ့နေ့နဲ့ ဆိုးရွားလွန်းတဲ့ မတရားမှုပါ။ ဒါကိုဘယ်သူမှ မမြင်ချင်ဘူးဆိုတာ ကျနော်ယုံကြည်ပါတယ်။ UEFA ကတော့ ဒါကိုမြင်တယ်လို့ ကျနော် မထင်ပါဘူး။ ကလပ်အသင်းတွေ အားလုံးရဲ့ ပရိသတ်တွေဟာ ကျနော်တို့အတွက် ဝမ်းနည်းသင့်ပါတယ်။ ဂျွန်တက်စ်တာဟာ ကျနော်တို့ရဲ့ ကလပ်အပေါ်မှာ လွှမ်းမိုးမှု မရှိဘူးဆိုတာ ကျနော်တို့ ပြသပြီးပါပြီ။ ဒါကို နားထောင်ပေးဖို့ အယူခံတရားရုံးကို တောင်းဆိုသွားမယ်”လို့ ပြောခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပိုင်ရှင်တစ်ဦးတည်းက ကလပ်အသင်း ပေါင်းများစွာကို ပိုင်ဆိုင်တဲ့ စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး UEFA က သူတို့ကို ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုဘဲ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကို တွေ့ရစဉ်
အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျွန်တက်စ်တာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ရှယ်ယာပိုင်ဆိုင်ထားသလို ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ လိုင်ယွန်အသင်းမှာလည်း ရှယ်ယာအများစု ပိုင်ဆိုင်ထားတာပါ။
အဲဒါကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ရမှာဖြစ်ကာ သူ့ရဲ့နေရာမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းက အစားထိုး ဝင်ရောက်မှာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် အသင်းအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာ ခုံရုံးကနေ အယူခံဝင်နိုင်တယ်လို့ UEFA က ပြောထားပြီး အသင်းဘက်ကလည်း အယူခံဝင်ဖို့ လုပ်ဆောင်သွားမှာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လိုင်ယွန်အသင်းရဲ့ တန်းဆင်းတဲ့ ပြစ်ဒဏ်ကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ သေချာ နေခဲ့ပေမယ့် လိုင်ယွန်အသင်း အယူခံအောင်မြင်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 420
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂
လီဗာပူးလ်အသင်းဟာ ကွယ်လွန်သွားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် ဂျိုတာအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အမှတ်တရအဖြစ် ကျောနံပါတ် ၂၀ ကို သူတို့ရဲ့ အသင်းတွေ အားလုံးမှာ အပြီးတိုင်အနားပေးဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ပါတယ်။
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရီတို့ဟာ ပြီးခဲ့အပတ်က စပိန်နိုင်ငံမှာ ယာဉ်မတော် တဆမှုကြောင့် ကွယ်လွန်သွားခဲ့တာပါ။
ဂျိုတာရဲ့ ဇနီးဖြစ်သူနဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ အန်ဖီးလ်ကို လာရောက်ပြီး လီဗာပူးလ် အသင်းသားတွေနဲ့အတူ ဂျိုတာအတွက် ပြုလုပ်ထားတဲ့ ဝမ်းနည်းအောက်မေ့ဖွယ် ပန်းစည်းတွေ ချထားတဲ့နေရာကို သွားရောက်ခဲ့ ကြပါတယ်။
လီဗာပူးလ်အသင်းဟာ ကျောနံပါတ် ၂၀ ကို အနားပေးဖို့အတွက် ဂျိုတာရဲ့ဇနီးဖြစ်သူ ကာဒိုဇိုနဲ့ သူ့ရဲ့မိသားစုကို တိုင်ပင်ပြီးမှသာ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

ဂျိုတာ ပန်းသူလွမ်းခွေကို မိသားစုတွေ ချနေစဉ်
လီဗာပူးလ်အသင်းဟာ ဇူလိုင် ၁၃ ရက်မှာ ရာသီကြို ခြေစမ်းပွဲအဖြစ် ပရက်စတန်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ကွယ်လွန်သွားခဲ့တဲ့ ဂျိုတာအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်တွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ အနက်ရောင် လက်ပတ်တွေ ဝတ်ဆင်မှာဖြစ်ပြီး ပွဲမစမီမှာ တစ်မိနစ် ငြိမ်သက်မှုပြုလုပ်မှာပါ။
ပရက်စတန်အသင်းဟာ အဝေးကွင်းအရှေ့မှာ လွမ်းသူပန်းခွေ ချသွားမှာလည်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က ဝုလ်ဗ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျိုတာဟာ လီဗာပူးလ်အသင်းအတွက် ၁၈၂ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၅ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ကာရာဘောင်းဖလား ၂ ကြိမ်ရယူနိုင်ခဲ့တာပါ။
ဂျိုတာဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ နေးရှင်းလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
