- By CNI
- Category: အားကစား
- Hits: 1077
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက သူဟာ ပြိုင်ပွဲတိုင်းကို ပါဝင်ကစားနိုင်တဲ့ အသက်အရွယ် မဟုတ်တာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်ဘူးလို့ ပြောခဲ့ပါတယ်။
မက်ဆီက “ကျနော်ဟာ မာရှေယာနိုနဲ့ စကားပြောခဲ့ပြီး အမှန်တရားက ကျနော်တို့ ၂ ဦးစလုံးဟာ အခြေအနေကို နားလည်ပါတယ်။ အိုလံပစ်ပြိုင်ပွဲအကြောင်း စဉ်းစားဖို့က ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရှိနေလို့ပါ။ ပြိုင်ပွဲ ၂ ခုကို ဆက်တိုက် ကစားဖို့ဆိုတာ အလွန်များလွန်းပါတယ်။ ကျနော်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ကစားရတာက အလွန်ကံကောင်းခဲ့ပြီး မာရှေယာနိုနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အိုလံပစ်၊ ယူ-၂၀ အမှတ်တရတွေကို ကျနော်ဘယ်တော့မှ မမေ့နိုင်ပါဘူး”လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုဟာ မက်ဆီကို အိုလံပစ်ပြိုင်ပွဲ လူစာရင်း မှာ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီနဲ့ မာရှေယာနိုတို့ဟာ လက်ရွေးစင်အသင်းကြီး၊ ဘာစီလိုနာအသင်းတွေမှာ အတူတွဲကစားခဲ့သလို ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ရယူနိုင်ခဲ့ကြတာပါ။
မက်ဆီနဲ့ မာရှေယာနိုကိုတွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲ ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဟာ ယူ-၂၃ ကစားသမားတွေသာ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် ပြိုင်ပွဲဝင်နိုင်ငံတိုင်းကို အသက်ကျော် ကစားသမား ၃ ဦးအထိ ခေါ်ဆောင်ခွင့်ပြုတာပါ။
အဲဒါကြောင့် အာဂျင်တီးနား အိုလံပစ်အသင်းဟာ မက်ဆီကို ခေါ်ယူချင်ပေမယ့် အင်တာမိုင်ယာမီအသင်းက စေလွှတ်ဖို့မရှိသလို ကစားသမားကလည်း ပါဝင်မှာမဟုတ်ဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ မော်ရိုကို၊ အီရတ်၊ ယူကရိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 2055
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဘူလင်ဂမ်က အခုနွေရာသီမှာ နည်းပြ ဆောက်ဂိတ် အင်္ဂလန်အသင်းက ထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့ အစီအစဉ် လုပ်ဆောင်ထားတယ်လို့ ပြောခဲ့ပါတယ်။
မာခ့်ဘူလင်ဂမ်က “ဆောက်ဂိတ်အတွက် ချဉ်းကပ်မှု မရှိသေးပါဘူး။ သူဟာ ယူရိုပြိုင်ပွဲအပြီးမှာ ဆွေးနွေးမှုတွေ ပြုလုပ်ချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ သူနဲ့အသင်းအတွက် အနှောင့်အယှက်ဖြစ်မယ့် အရာတွေ မပြုလုပ်ချင်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခု လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဘယ် အဖွဲ့အစည်းမဆို သူတို့ရဲ့ထိပ်တန်း ဝန်ထမ်းတွေအတွက် ဆက်ခံမယ့် အစီအစဉ်ရှိတယ်ဆိုတာ ကျနော်အရင်က ပြောခဲ့ဖူးပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ မကြာသေးခင်က ဂျာမန်သတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ခဲ့ရင် သူထွက်ခွာနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာရောက်ရင် ကုန်ဆုံးမှာဖြစ်ပြီး သူကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားတာပါ။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကိုတွေ့ရစဉ်
၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ယူနိုက်တက်အသင်း ဟာ နည်းပြ အဲရစ်တန်ဟတ်ကိုပဲ လာမယ့်ရာသီဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆောက်ဂိတ်ဟာ သူကိုင်တွယ်နေတဲ့ ကာလအတွင်းမှာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1319
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီက သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝကို ပြီးပြည့်စုံစေဖို့အတွက် ယူရိုပြိုင်ပွဲ မှာ ချန်ပီယံဆု ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော် ယူရိုဖလားကို ရယူချင်ပါတယ်။ ကျနော်ဟာ ကမ္ဘာ့ဖလားကိုရော နေးရှင်းလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပြီးပါပြီ။ ယူရိုဖလားဟာ နိုင်ငံအသင်းနဲ့ ကျနော် မရရှိသေးတဲ့ တစ်ခုတည်းသော ဆုဖလားပါ။ အဲဒါ ကြောင့် ကျနော် ဒီဆုဖလားကို ရယူချင်ပါတယ်။ ယူရိုပြိုင်ပွဲဟာ အသင်းခေါင်းဆောင်အဖြစ်နဲ့ ကျနော့်ရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်တာကြောင့် ကျနော့်အတွက်အလွန်အရေးကြီးသလို နိုင်ငံအတွက်လည်း အလွန်အရေးကြီးပါတယ်”လို့ CNN Sport ကို ပြောခဲ့တာပါ။
ဘတ်ပီဟာ ပြင်သစ်အသင်း ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကအရေးပါတဲ့သူ ဖြစ်ခဲ့ပြီး သူဟာ နောက်ထပ် ၃ နှစ်အကြာမှာ နိုင်ငံအသင်းနဲ့ နေးရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘတ်ပီဟာ လာမယ့်ယူရိုပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ချန်ပီယံဆုရယူပြီး သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝကို ပြီးပြည့်စုံစေဖို့ ပစ်မှတ်ထားနေတာပါ။
ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပြီး နောက်ဆုံး ရရှိခဲ့တာက ယူရို ၂၀၀၀ ပြိုင်ပွဲမှာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကို တွေ့ရစဉ်
ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ဂျာမနီအသင်းကိုသာ အရေးနိမ့်ထားပါတယ်။
ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုတွင်းမှာ သြစတြီးယား၊ နယ်သာလန်၊ ပိုလန်အသင်းတို့နဲ့ ကျရောက် နေတာဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၇ ရက်မှာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပြင်သစ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၁ ရက်မှာ နယ်သာလန်၊ တတိယပွဲစဉ်အဖြစ် ဇွန်လ ၂၅ ရက်မှာ ပိုလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 910
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ စီစဉ်ထားပေမယ့် အခုအချိန်မှာ အနားယူဖို့ မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။
မက်ဆီက “အင်တာမိုင်ယာမီက ကျနော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်မယ်ထင်ပါတယ်။ အခုအချိန်မှာတော့ ဘောလုံးလောက ကနေထွက်ခွာဖို့ ကျနော်အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်ဟာ ဘောလုံးကစားရတာကို နှစ်သက်ပါတယ်။ အရာအားလုံးပြီးဆုံးသွားမှာကိုတော့ ကျနော် အနည်းငယ်ကြောက်မိပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။
ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နွေရာသီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့အတွက်လည်း ရွေးချယ်ခွင့်ရှိနေတာပါ။
အဲဒါကြောင့်လည်း မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
မက်ဆီကို တွေ့ရစဉ်
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီ မေဂျာလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အင်တာမိုင်ယာမီ အသင်းအတွက် ၁၂ ပွဲ ကစားထားအပြီးမှာ ၁၂ ဂိုးသွင်းယူကာ ၁၃ ဂိုးဖန်တီးထားတာပါ။
မက်ဆီဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်ဖို့အတွက် လေ့ကျင့် ပြင်ဆင်နေပြီး ၂၀၂၁ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလားကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတွေမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ အီကွေဒေါအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာတော့ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။
ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အာဂျင်တီးနား အသင်းဟာ ဇွန်လ ၂၀ ရက်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 598
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က စပိန်အသင်းအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားရင်း အိမ်စာတွေ လုပ်ဖို့ ယူခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
ယာမဲလ်က “ကျနော်ဟာ ယူရိုပြိုင်ပွဲကစားရင်း အိမ်စာတွေလုပ်ဖို့ ယူလာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ESO မှာ စတုတ္ထနှစ်ကျောင်းသား ဖြစ်နေလို့ပါ။ ကျနော်ဟာ အွန်လိုင်းသင်တန်းတွေလည်း တက်ဖို့ ရှိနေပြီး ဒါတွေကတော့ အဆင်ပြေပါတယ်။ ဆရာတွေ ကျနော့်ကို မရှာဖို့ပဲ မျှော်လင့်ပါတယ်”လို့ AS နဲ့ ပြုလုပ်ခဲ့ တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၁၆ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပြီး စပိန်လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျော်ဂျီယာအသင်းနဲ့ပွဲမှာ စပိန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ စပိန် လက်ရွေးစင်အသင်းတို့ရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာပါ။
ယာမဲလ်ကိုတွေ့ရစဉ်
စပိန်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားခွင့်ရထားတဲ့ ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရဖို့ ရှိနေတာဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက်မှာ အသက် ၁၇ နှစ်ပြည့်တော့မယ့် ယာမဲလ်ဟာ ဘောလုံးတစ်ခုတည်းကိုပဲ အာရုံစိုက်နေတာ မဟုတ်ဘဲ ပညာရေးကိုလည်း အာရုံစိုက်နေတယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ESO ဟာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်ကြားအရွယ်ရှိ ကျောင်းသားတွေအတွက် မသင်မနေရဖြစ်ပြီး စပိန်ပညာ ရေးစနစ်ရဲ့ တတိယအဆင့်ကို ရည်ညွှန်းတာဖြစ်ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ၁၀ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။
ယာမဲလ်ဟာ စပိန်အသင်းအတွက် ပါဝင်ကစားထားတဲ့ ၇ ပွဲမှာ ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 1568
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ပိုလန်ဘောလုံးအဖွဲ့ချုပ်က တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒဏ်ရာကြောင့် နယ်သာလန်အသင်းနဲ့ ကစားမယ့် ပိုလန်အသင်းရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ပိုလန်နဲ့ တူရကီအသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၃၀ ကျော်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် လူစားလဲခံခဲ့ရတာပါ။
အဲဒါကြောင့် လီဝန်ဒေါစကီးဟာ ယူရိုပြိုင်ပွဲ တစ်ခုလုံးကို လွဲချော်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပိုလန်ဘောလုံးအဖွဲ့ချုပ်က လီဝန်ဒေါစကီးဟာ အုပ်စုပထမပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒုတိယပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်နေတယ်လို့ နိုင်ငံအသင်းဆရာဝန်က ပြောခဲ့ကြောင်း ကြေညာချက်ထဲမှာ ထုတ်ပြန်ထားတာပါ။
အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ပွဲပေါင်း ၁၅၀ ပါဝင်ကစားထားပြီး ၈၂ ဂိုး သွင်းယူ ကာ နိုင်ငံအသင်းသမိုင်းမှာ ပွဲအရေအတွက် အများဆုံးနဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကို တွေ့ရစဉ်
လီဝန်ဒေါစကီးအပြင် ဒဏ်ရာရရှိနေတဲ့ ပါဝဲလ်နဲ့ကာရိုလ်တို့ကတော့ ၃ ရက်ကနေ ၄ ရက်အတွင်း အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်မှာ ဖြစ်တာကြောင့် ပိုလန်အသင်းအတွက် သတင်းကောင်းဖြစ်ခဲ့တာပါ။
ပိုလန်အသင်းဟာ ယူရို ၂၀၂၄ အုပ်စု ပွဲစဉ်တွေအဖြစ် ဇွန်လ ၁၆ ရက်မှာ နယ်သာလန်အသင်း၊ ဇွန်လ ၂၁ ရက်မှာ သြစတြီးယားအသင်း၊ ဇွန်လ ၂၅ ရက်မှာ ပြင်သစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပိုလန်အသင်းဟာ ယူရိုပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အရင်ယှဉ်ပြိုင်ခဲ့တဲ့ ၄ ကြိမ်မှာ ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာက သူတို့အတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့တာပါ။
ပိုလန်အသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 904
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ရာသီကို သုံးသပ်မှုတွေပြုလုပ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ် ကို အသင်းမှာဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့ အနာဂတ်ဟာ မရေရာမှုတွေဖြစ်ခဲ့တာပါ။
ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို FA ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ပြန် သုံးသပ်ခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်ကို ဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက် အသင်း ဟာ ၂၀၂၅ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် နည်းပြ အဲရစ်တန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ ပထမရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ကာရာဘောင်းဖလားရယူပေးနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းဟာ လိဂ်ပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် FA ဖလားရယူနိုင်ခဲ့တာက အဲရစ်တန်ဟတ်ရဲ့ ဒုတိယရာသီ ကို ကယ်တင်မှုဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဖို့ တူချယ်လ်၊ ပိုချက်တီနို၊ဒီဇာဘီ၊သောမက်စ်ဖရန့်ခ်၊မက်ကန်နာ၊ဂရေဟမ်ပေါ်တာတို့အပြင် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်တို့နဲ့ သတင်းတွေ ထွက်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲအပြီးမှာ သူ့ကို ယူနိုက်တက် အသင်း ပိုင်ရှင်တွေက အလိုမရှိတော့ဘူးဆိုရင် ဆုဖလားတွေရယူဖို့ အခြားအသင်းတွေဆီ သွားရောက်မယ်လို့ ပြောထား တာဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ လက်ရှိအချိန်မှာတော့ အိုင်ဘစ်ဇာမှာ အနားယူအပန်းဖြေနေပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ရှိမယ်လို့ အတည်ပြုချက်ရရှိအပြီးမှာ ရာသီကြို လေ့ကျင့်မှုတွေစတင်မယ့် ဇူလိုင်မှာ ကာရင်တန်ထံပြန်လည် ရောက်ရှိလာတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ဇူလိုင် ၁၅ ရက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ရိုဆင်ဘော့အသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ် ထားတာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 1886
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသကာ ၂ ဂိုးသွင်းယူခဲ့တာပါ။
ပေါ်တူဂီအသင်းအတွက် နောက်ထပ်သွင်းဂိုးကို ဂျာအိုဖီးလစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီကစားသမားဘဝ ၂၀၇ ပွဲမှာ ၁၃၀ ဂိုးအထိ သွင်းယူထားတာပါ။
ယူရို ၂၀၀၄ ပြိုင်ပွဲကတည်းက ပေါ်တူဂီအသင်းအတွက် ပါဝင်ခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်ဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းဖော် ရူဘင်နာဗက်စ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နိုင်ငံအသင်းကို ၂၀၀ ရာခိုင်နှုန်း ကူညီပေးမယ်ဆိုတာကို သိတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ရူဘင်နာဗက်စ်က “သူနဲ့ ကစားရတာက ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြဖို့ ကျနော့်မှာ စကားလုံးမရှိပါဘူး။ သူဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲမတိုင်ခင် ကောင်းမွန်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ မျှော်လင့်ချက်တွေ အလွန်မြင့်မားပြီး နိုင်ငံအသင်းကို ၂၀၀ ရာခိုင်နှုန်း ကူညီပေးမယ်ဆိုတာ ကျနော်တို့သိပါတယ်”လို့ RTE ကို ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တူရကီ၊ ချက်၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1867
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁
မေဂျာလိဂ်ဟာ သူတို့ရဲ့ ရောင်းအားအကောင်းဆုံး အင်္ကျီစာရင်းကို ထုတ်ပြန်ခဲ့တာမှာ အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီရဲ့အင်္ကျီဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မေဂျာလိဂ် စတိုးတွေကလာတဲ့ အချက်အလက်တွေအရ မက်ဆီရဲ့အင်္ကျီဟာ ရောင်းအား အကောင်းဆုံးအဖြစ် ထိပ်ဆုံးနေရာက ရပ်တည်နေပြီး သူ့ရဲ့အနောက်မှာ အင်တာမိုင်ယာမီအသင်းဖော် ဆွာရက်ဇ်ရဲ့အင်္ကျီက ရောင်းအား အကောင်းဆုံး ဒုတိယနေရာမှာ ရှိနေတာပါ။
စင်စင်နာတီအသင်းက အေကိုစတာ၊ ကိုလံဘတ်စ်အသင်းက ကူချိုဟာနန်ဒက်ဇ်၊ အယ်လ်အေဂလက်ဇီအသင်းက ရီကွီတို့က ထိပ်ဆုံး ၅ ဦးစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
သူတို့တွေနဲ့အတူ အင်တာမိုင်ယာမီအသင်း ကစားသမားတွေဖြစ်တဲ့ ဘတ်စ်ကွက်၊ အယ်လ်ဘာနဲ့ ဘန်ဂျမင်တို့ဟာ ထိပ်ဆုံး ၂၅ ဦးစာရင်းထဲ ဝင်ရောက်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာကြောင့် သူတို့ရဲ့ ရလဒ်တွေအပြင် အခြားနေရာ အများအပြားမှာ တိုးတက်မှုတွေ အများကြီး ရှိခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ် အရှေ့ပိုင်းဇုန်မှာ အဆင့် ၂ နေရာက စင်စင်နာတီအသင်းထက် ၂ ပွဲ ပိုကစားထားပြီး ရမှတ် ၂ မှတ်အသာရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။
အင်တာမိုင်ယာမီအသင်းရဲ့ အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ အာဂျင်တီးနား၊ ဥရုဂွေးအသင်းတို့နဲ့ သွားရောက် ပူးပေါင်းနေတာကြောင့် အသင်းအနေနဲ့ သူတို့ မရှိတဲ့အချိန်မှာ ရလဒ်ကောင်းရယူဖို့ ခက်ခဲနိုင်တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်နေတာကြောင့် မေဂျာလိဂ်ပြိုင်ပွဲကို အနားပေးထားပေမယ့် ဇွန်လ ၁၆ ရက်မှာ ပြန်လည်စတင်သွားမှာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဇွန်လ ၁၆ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် ဖီလာဒယ်လ်ဖီးယားအသင်းနဲ့ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 640
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အနာဂတ်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ တံခါးပိတ် လိုက်ပြီလို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဘာစီလိုနာကို ပြန်လာဖို့ တံခါးတွေက ပိတ်လိုက်ပါပြီ။ ဘာစီလိုနာ အရန်ခုံတန်းဟာ အရှုပ်ထွေး ဆုံးတွေထဲက တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် ခင်ဗျားဟာ အရာအားလုံးကို စီမံခန့်ခွဲနေရလို့ပါ။ မန်ချက်စတာမှာ ကျနော်လုပ်ခဲ့တဲ့ အရာတွေအားလုံးက အတွင်းထဲမှာရှိနေပြီး ဘာစီလိုနာမှာဆိုရင် အရာအားလုံးထွက်လာမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ စာချုပ်ကုန်ဆုံးမယ့် ဂွာဒီယိုလာက သူဟာ လာမယ့်ရာသီအကုန်မှာ အီးတီဟတ်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။
အဲဒါကြောင့် ဂွာဒီယိုလာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ မေးမြန်းခံခဲ့ရတာပါ။
ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကို ၄ ရာသီကြာ ကိုင်တွယ်ခဲ့ပြီး လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၄ ခုအထိ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာနဲ့ ဆေးဗားကိုတွေ့ရစဉ်
ဂွာဒီယိုလာဟာ လက်ရှိကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကို သမိုင်းဝင် ဆုဖလား ၃ လုံး ရယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်း ဇာဗီရဲ့ နေရာ မှာ ဂျာမနီအသင်း နည်းပြဟောင်း ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။
ဂွာဒီယိုလာက နည်းပြသစ် ဟန်ဆီဖလစ်ဟာ ထူးခြားတဲ့သူဖြစ်ပြီး အနိုင်ယူချင်တဲ့ ဆန္ဒတွေ အများကြီးရှိပေမယ့် သူ့အတွက် အချိန်လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ဟန်ဆီဖလစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ၂၀၂၀ ခုနှစ်မှာ အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၃ လုံးရယူပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူခဲ့တဲ့ ပြိုင်ဘက် ရီးရယ်လ်အသင်းဟာ ဘတ်ပီ ရှိရှိ/မရှိရှိ သူတို့ဟာ အမြဲတမ်း သန်မာနေတဲ့ အသင်းဖြစ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့တာ ဖြစ်ပါတယ်။
Source: ESPN